လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, January 8, 2013

ဝိနည်းပါဠိတော်လာခိုးနည်း ၂၅ မျိုး။



မြတ်စွာဘုရားဟောသောတရားတော်များမှာ နှစ်ပေါင်း ၂၆၀၀ နီးပါးရှိနေ၍ ခေတ်မမှီတော့ ဟု ယူဆကြသော၊ မြတ်ဘုရား၏ တရားတော်များအား မိမိလိုသလိုပြောင်းလဲ ချင်ကြသော မဟာယာနများအောက်ပါအချက်များကိုလေ့လာသင့်ပါသည်။

အဒိန္နာဒါနကို ဝိနည်းပါဠိတော်နှင့်အဋ္ဌကထာကျမ်းများ၌ခိုးယူသည့်ပစ္စည်း၊အချိန်ကာလ၊နေရာဒေသ၊အခြေအနေနှင့်ခိုးပုံခိုးနည်းအရခိုးခြင်း၂၅မျိုးခွဲခြားဖေါ်ပြထားသည်။

၁။ မတရားအမှုဆင်၍ရယူခြင်း။ တရားရုံးကပိုင်ရှင်မဟုတ်သူကိုပိုင်ရှင်အဖြစ်အနိုင်ပေး ၍ဆုံးဖြတ်သောအခါပိုင်ရှင်ကလက်လျော့လျှင်ခိုးမှုမြောက်သည်။ပိုင်ရှင်ကလက်မ လျော့ သေးပဲအယူခံတက်နေလျှင်ခိုးမှုမမြောက်သေး(အာဒိယန)။

၂။ ကိုယ်တိုင်သယ်ယူနေစဉ်ခိုးခြင်း။ ခိုးလိုသောစိတ်ဖြင့်မိမိသယ်ဆောင်လာသောပစ္စည်းကို နေရာရွှေ့ပြောင်းလျှင်၊ဥပမာ၊ ခေါင်းဖြင့်ရွက်လာသောပစ္စည်းကိုခိုးလိုသောစိတ်ဖြင့် ပုခုံးပေါ်သို့ပြောင်းရွှေ့လျှင်သို့မဟုတ်အမှန်သွားရမည့်လမ်းမှဘေးဖဲ့၍လမ်းကြောင်း ပြောင်းသွားခဲ့လျှင်ဒုတိယခြေလှမ်း၌ခိုးမှုမြောက်သည်(ဟရဏ)

၃။ ငြင်းကွယ်၍ခိုးခြင်း။ မိမိအားအပ်ထားသော(ဝါ)မိမိအားချေးငှါးထားသောသက်မဲ့ ပစ္စည်းအားပိုင်ရှင်ကပြန်တောင်းသည့်အခါပြန်မပေးလိုသဖြင့်ညင်းကွယ်ခြင်း။ပိုင်ရှင်ကမိမိပစ္စည်းဆုံးပြီးဟုလက်လျော့သည့်အခါခိုးမှုမြောက်သည် (အဝဟရဏ)။

၎။ သယ်ဆောင်သူကိုလမ်းကြာင်းပြောင်းစေခြင်း။ ဖြားယောင်သွေးဆောင်၍ဖြစ်စေ၊ ချိန်းခြောက်၍ဖြစ်တစ်ခြားနည်းဖြင့်ဖြစ်စေသက်မဲ့ပစ္စည်းသယ်လာသူအားပိုင်ရှင်ထံသို့ မပို့စေပဲအခြားတစ်နေရာသို့ ပို့ခိုင်းလျှင်ပစ္စည်းသယ်လာသူအခြားလမ်းကြောင်းသို့ ပြောင်းသွားခဲ့လျှင်ဒုတိယခြေလှမ်း၌ခိုးမှုမြောက်သည် (ဣရိယာပထဝိကောပဏ)။

၅။ နေရာရွှေ့ပြောင်း၍ခိုးခြင်း။ ခိုးလိုသောစိတ်ဖြင့်သူတစ်ပါးပိုင်ပစ္စည်းတစ်စုံတစ်ခုကို ပိုင်ရှင်ထားသည့်နေရာမှတန်ချည်တစ်မျှင်စာမျှရွေ့ရှားအောင်ပြုလုပ်လျှင်ခိုးမှုမြောက်သည်။ထိုကြောင့်ရဟန်းတော်များအားသူတစ်ပါးပိုင်ပစ္စည်းတစ်စုံတစ်ခုကိုအမှတ်တမဲ့ကိုင်တွယ်ကြည့်ရှုခြင်း
မပြုလုပ်ရန်ဝိနယဂရုကဆရာတော်ကြီးများကဆုံးမကြသည်။ မူလက ရိုးသားသော စိတ်ဖြင့်ကိုင်တွယ်
ကြည့်ရှုနေစဉ်လိုချင်တပ်မက်သောစိတ်ဖြစ်ပေါ် လာ၍ပစ္စည်းကိုင်ထားသောနေရာမှလှုပ်ရှားရွှေ့ပြောင်းမိပါကထိုရဟန်းကိုယ်တိုင်မသိရပဲပါရာဇီကကျသွားတတ်သည်။ထိုကြောင့်ဒုတိယပါရာဇီကသိက္ခပုဒ်တော်သည်အလွန်နူးညံ့သိမ်မွေ့ကြောင်း ပါရာဇီကျမှန်းမသိကျတတ်ကြောင်းအဆိုအမိန့်ရှိသည် (ဌာနာစာဝန)။

နံပတ် ၁ မှ ၅အထိခိုးခြင်းငါးပါးနှင့် ၆ မှ ၁၀ တူသည်။ သက်မဲ့နှင့်သက်ရှိသာ ကွာ၏

၁၁။ ကိုယ်တိုင်ခိုးခြင်း။ ပစ္စည်းကိုယူရန်လှမ်းကိုင်လျှင်ထိုပစ္စည်းမူလနေရာမှရွှေ့လျှင်ခိုးမှုမြောက်သည်။(သာဟတ္ထိက)

၁၂။ သူတပါးအားအခိုးခိုင်းခြင်း။ သူတပါးအားအခိုးခိုင်းခြင်း။ ခိုးရာပါပစ္စည်းမှန်းသိ လျှက်လက်ခံခြင်း၊သူခိုးများသိလျှက်သဘောတူလက်ခံထားခြင်း၊သူတပါးအားအခိုး ခိုင်းရာ၌ အခိုင်းခံရသော ပုဂ္ဂိုလ်က ခိုးလျှင်နှစ်ဦးလုံးခိုးရာမြောက်သည် (အာဏာတ္ထိက)။

၁၃။ ကိုယ်လွတ်လက်လွတ်ခိုးခြင်း(ကိုယ်နှင့်ကင်းကွာအောင်ပြု၍ခိုးခြင်း။) ဥပမာ၊အဆောင့်များ မသိအောင်ခိုးလိုသောပစ္စည်းကိုအပြင်သို့ပစ်ထားခြင်း။ ပစ္စည်း ကိုပစ်လိုက်ရာတွင် လက်မှ လွတ်လျှင်ခိုးမှုမြောက်သည်။(ဝါ) တခြားတစ်ဦး မသိပဲ၊ တိရစ္ဆန်တစ်ကောင်ဖွက်၍ အကောက်ခွန်ကိုကျော်ဖြတ်စေလျှင်ထိုလူ(ဝါ) တိရစ္ဆန် အ ကောက်ခွန်ဌာနကို ကျော်ဖြတ်ကျော သည့်ခဏ၌ခိုးမှုမြောက်သည်။ တရားဝင်သယ် ဆောင်ခွင့်နှင့် လက်ဝယ်ထားရှိခွင့် မရှိသော တရားမဝင်ပစ္စည်းများကိုသယ်ဆောင်ရာ၌စီးပွါးရေးလောဘဖြင့်မူလရှိနေရာမှပြောင်းရွှေ့(ဝါ)လက်ခံသိမ်း ဆည်းထားလျှင်ခိုး မှု မြောက်သည်။( နိဿဂ္ဂယ)။

၁၄။ ခိုးရန်အချိန်နှင့်နည်းမသတ်မှတ်ပဲခိုးခိုင်းခြင်း။သင့်လျောသည့်အချိန်၊ဖြစ်နိုင်သည့် နည်းဖြင့်အခိုးခိုင်းလျှင်အခိုင်းခံရသူတစ်ချိန်ချိန်တွင်အမှန်တကယ်ခိုးပါကခိုင်းသည့် ပုဂ္ဂိုလ်သည်ခိုင်းသည့်အချိန်မှာပင်ခိုးမှုမြောက်သည်။(အတ္ထသာဓက)။

၁၅။ ပိုင်ရှင်လက်လျော့အောင်ပြု၍ခိုးခြင်း။ အပ်ထားသောပစ္စည်း၊ငှါးရမ်းထားသော ပစ္စည်း ပြန်မပေးခြင်းသူတစ်ပါးပစ္စည်းထိခိုက်နစ်နာမှုအတွက်အလျော်မပေးခြင်း၊ လောင်းကစား လျော်ကြေးမပေးခြင်း၊ပိုင်ရှင်ရှာမတွေအောင်ဖွက်ထားခြင်း၊မတရားအမှု စဉ်ပြီးတရားနိုင်ခြင်း၊တို့တွင် ပိုင်ရှင်ကရတော့မည်မဟုတ်ဟုစိတ်ဒုံး ဒုံးချသည့်အ ချိန် ခိုးမှုမြောက်သည်။(ဓုရနိက္ခေပ)။
ဤခိုးခြင်းမှာ ၁၊၃၊၆၊၈၊၂၄ တို့နှင့်တူညီသည်။ ၎င်း တို့ မှာခိုးသူဘက်မှခိုးနည်းကိုဖော်ပြထားပြီး၊ ၁၅ မှာ ပိုင်ရှင်ဘက်မှစိတ်နေစိတ်ထား ကို ဖေါ်ပြခြင်းဖြစ်သည်။

၁၆။ မခိုးမီကခိုးမှုအထမြောက်ခြင်း။ သူတပါးအားအခိုးခိုင်းရာ၌အခိုင်းခံရသူက ဧကန် ခိုးပါက ခိုင်းသောခဏ၌ခိုးမှုမြောက်သည်။ အခိုင်းခံရသူကမခိုးလျှင်မူခိုးမှုမမြောက်။(ပုဗ္ဗပယောဂ)

၁၇။ ချက်ချင်းခိုးမှုမြောက်ခြင်း။ ရွှေ့ပြောင်းနိုင်သောပစ္စည်းများခိုးယူရာ၌နေရာရွေ့သည် နှင့်ခိုးမှုမြောက်သည်။ မရွေ့ပြောင်းနိုင်သောမြေစသည်ခိုးလျှင်ခြံစည်းရိုးတိုင်သူတပါး မြေပေါ်စိုက်လျှင်တိုင်မြေသို့ထိသည်နှင့်တပြိုင်နက်ခိုးမှုမြောက်သည်။(သဟပယောဂ)

၁၈။ တိုင်ပင်ညှိနှိုင်း၍ခိုးခြင်း။(ကြံရာပါ)။ အခွင့်သာသူကခိုးစတမ်းဟုတိုင်ပင်ထားလျှင်။ တိုင်ပင်ထားသူထဲမှတဦးဦးခိုးလျှင်တိုင်ပင်ထာသူအားလုံးခိုးမှုမြောက်သည်။(သံဝိဓာဝဟာရ)

၁၉။ သတ်မှတ်၍အခိုးခိုင်းခြင်း။ အချိန်ကာလကိုလည်းကောင်း၊ခိုးပုံခိုးနည်းကိုလည်း ကောင်း၊ခိုးရမည့်ပစ္စည်းကိုလည်းကောင်းသတ်မှတ်၍အခိုးခိုင်းခြင်းဖြစ်သည်။ယနေ့အခိုး ခိုင်း သည်ကို မနက်ဖန်မှခိုးလျှင်ခိုးခိုင်းသူမှာအပြစ်မရှိ။ တဖန်ခိုးခိုင်းသည့်ပစ္စည်းကိုမ ခိုးပဲအခြားပစ္စည်းကို ခိုးလာလျှင်ခိုင်းသူမှာအပြစ်မရှိ။သို့ရာတွင်ဝိနည်းရှောင်သည့်အ နေဖြင့်ဥာဏ်နီဥာဏ်နက် သုံး၍ အချိန်နှင့်ပစ္စည်းကိုသတ်မှတ်အခိုးခိုင်းရာ၌အခိုးခိုင်းသူ မှာအပြစ်မှမလွတ်ခြေ။(သင်္ကေတကမ္မ)။

၂၀။ အချက်ပြ၍အခိုးခိုင်းခြင်း။တနည်းနည်းဖြင့်အချက်ပြ၍ခိုးခိုင်း၊လုယက်ခိုင်းခြင်း၌ အချက်ပြသည့်အချိန်၌ခိုးမှုမြောက်သည်။(နိမိတ္တကမ္မ)။
နံပါတ် ၁၆ မှ၂၀ သည်ခိုးမှု မြောက်သည့်အချိန်ကိုဖေါ်ပြသည်။

၂၁။ မသိအောင်ခိုးခြင်း။ ပစ္စည်းရှင်မသိအောင်အလစ်သုတ်ခြင်း။ အတုပြုလုပ်ခြင်း၊အမြတ်တော်ကြေး မပေးရအောင်ဝင်ငွေလိမ်ပြခြင်း၊အလေးတင်းတောင်လိမ်ခြင်းများ။မသိနားမလည်သူများအား ဈေးတင်ရောင်းခြင်းများလည်းခိုးမှုမြောက်သည်။

၂၂။ အနိုင်အထက်လုယူခြင်း။ လက်နက်စသည်ဖြင့်ချိန်းခြောက်တောင်းခြင်း၊ငွေညှစ်ခြင်း၊လပ်တောင်းခြင်း၊လပ်စားခြင်းများလည်းပစ္စည်းရှင်ကမကျေနပ်ပဲပေးရသော ကြောင့်ခိုးခြင်းမည်သည်။

၂၃။ ရည်ရွယ်သတ်မှတ်၍ခိုးခြင်း(သံသယစိတ်ဖြင့်ခိုးခြင်း)။ ပစ္စည်းတစ်ခုကိုစတင်ယူစဉ်က ခိုးမည်ဟုဆုံးဖြတ်ချက်မချပဲ၊ အခွင့်သာလျှင်ခိုးမည်၊ အခွင့်မသာလျှင်ပြန်ပေးမည်။မိမိအလိုရှိသောပစ္စည်းဖြစ်ကခိုးမည်၊အလိုမရှိသော ပစ္စည်းဖြစ်ကပြန်ထားမည်ဟုရည်ရွယ် သတ်မှတ်ချက်ဖြင့်ခိုးခြင်း။ လူတစ်ယောက်သည် လူပြတ်လတ်သောအိမ်သို့ဝင်ပြီးပစ္စည်း တစ်ခုကိုယူဆောင်ခဲ့သည်။ ပိုင်ရှင်မြင်လျှင်ပြန်ထားမည် မမြင်လျှင်ခိုးမည် ဟူကြံပြီး ယူလာခဲ့လျှင် အိမ်တံခါးအပြင်သို့ရောက်သည်နှင့်ခိုးမှုမြောက်သည်။ အကဲ၍ထို ပစ္စည်းကိုအစကထဲက ဖွက်ယူလာလျှင်ထိုအိမ်အ တွင်းမှာပင်ပစ္စည်းကိုကိုင်သောခဏ၌ခိုးမှု မြောက်သည်။အကယ်၍မှောင်ထဲတွင်အဝတ် တစ်ခုခိုး ယူလာရာစိတ်ထဲ၌ပုဆိုးဖြစ်လျှင်ဟူမည်။ ထမီဖြစ်လျှင်ပြန် ထားမည်ဟူရည် ရွယ် ထားသည်။ အပြင်ရောက်၍ထမီဖြစ်နေ၍မယူပဲပြန်ထားခဲ့လျှင်ခိုးမှုမမြောက်။ ပုဆိုး ဖြစ်ပါကရည်ရွယ်သည့်အတိုင်းဖြစ်၍စယူစဉ်ကပင်ခိုးမှုမြောက်သည်။(ပရိကပ္ပဝါဟာရ)

၂၄။ ဖုံးဖိဝှက်ထား၍ခိုးခြင်း။ ရေချိုးဆိပ်တွင်ချထားသောပစ္စည်းကိုခိုးလိုသူကဖွက်ထားသည်။ပိုင်ရှင်ကမိမိပစ္စည်းမတွေ့တော့ဟုလက်လျော့သည့်အချိန်တွင်ခိုးမှုမြောက်သည်။
ပိုင်ရှင်မတွေ့စေရန်နေရာပြောင်းထားလျှင်နေရာပြောင်းသည့်အခိုက်အတန့်မှာပင်ခိုးမှု မြောက်သည်။(ပဋိဆစ္ဆန္နဝဟာရ)

၂၅။ စာအမှတ်တံဆိပ်ပြောင်းလဲခိုးခြင်း။ မိမိမဲလိပ်နှင့်သူတစ်ပါးမဲလိပ်ပြောင်းခြင်း၊ကြို တင်၍ ပေါက်မဲယူထားခြင်း၊နံမည်အတု၊တံဆိပ်အတုပြုလုပ်ရောင်းချခြင်း။သူတစ်ပါး စာမေးပွဲ အောင်လက်မှတ်ဖြင့်ရာထူးရအောင်လုပ်ခြင်း။(ကုသဝဟာရ)။

မှတ်ချက်။ မည်သည့်စာအုပ်မှကူးယူထားသည်ကိုမမှတ်မိတော့ပါ။

No comments:

Post a Comment