လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, January 15, 2013

ပြုစားခံရတာလား။

 

ကျမတို့ငယ်စဉ်က စုံးမတွေ အကြောင်း၊ ကြောက်ကြောက်နဲ့နားထောင်ခဲ့ကြပါတယ်။ စုံးမတွေက စိတ်ဆိုးရင် ပြုစားတတ်ကြောင်း၊ သူတို့ပြုစားလို့ ဗိုလ်ထဲမှာအလုံးတွေရောက်ကုန်တာတွေ၊ တချို့ အလုံးတွေမှာ ဆံပင်မွေး တွေတောင်ပါတယ်လို့လဲသိရလို့ အလွန်ကြောက်ခဲ့မိပါတယ်။ စုံးမ ဆိုသူတွေက အရုပ်ဆိုးဆိုး ခါးကုန်းကုန်း နဲ့လို့လဲဆိုကြပါတယ်။ အသက်နည်းနည်းရလာလို့ စာတွေ ဘာတွေဖတ်တတ် လာတော့ (မရှိ ခိုးနိုးနိုး၊ မလှ စုံး ဆိုရိုး) ဆိုတာဖတ်မိတော့ စုံးမ ရှိတယ်ဆိုတာကို နည်းနည်း သံသယ ဖြစ်လာပါတယ်။

ဆေးကျောင်းရောက်လို့ အဖု၊အကြိတ်ရောဂါတွေ၊ကင်ဆာရောဂါတွေ အကြောင်းသင်ကြားရတော့မှ ဗိုလ်ထဲမှာ ဘာကြောင့် အလုံးတွေ ဖြစ်တယ်၊ တချို့အလုံးတွေမှာ ဆံပင်မွေးမက၊သွားတွေကအစ ပါ       နိုင်တာကိုလည်း သိလာရပါတယ်။ အဲ့ဒီဗိုလ်ထဲကအလုံးတွေအကြောင်း ဖေါက်သည်ချလိုက်ပါတယ်။

လူတိုင်းရဲ့ဗိုလ်ထဲမှာ အဆီတွေ၊အသားတွေ၊အရိုးတွေ၊၀မ်းတွင်းကလီစာတွေရှိတာမို့ အဲ့ဒီ အစိတ်အပိုင်းတွေကနေ ကင်ဆာတွေ၊ ကင်ဆာမဟုတ်တဲ့ အဖုတွေ အကြီးအသေး၊အရွယ်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သာမန်အားဖြင့် အဆီတွေကနေဖြစ်တဲ့ အဖုအကြိတ်တွေမှာ အဆီတွေပါပြီး၊ အရိုးတွေကဖြစ်တဲ့ အဖုအကြိတ်တွေမှာ အရိုးတွေပါ ပါတယ်။

ဒါပေမဲ့ တချို့ အဖုအကြိတ်တွေ အထူးသဖြင့် အမျိုးသမီးသားမျိုးအိမ်(ovary) ကဖြစ်တဲ့ (teratoma) ခေါ်တဲ့ အဖုအကြိတ်မှာ ဆံပင်တွေ၊သွားတွေ၊အရိုးတွေပါနိုင်ပြီး၊ တခါတရံ မျက်စေ့၊ လက်တွေ၊ခြေထောက်တွေ အထိ ပါနိုင် ပါတယ်။ များသောအားဖြင့် teratoma တွေဟာ အမျိုးသမီးတွေမှာ အဖြစ်များပြီး အလုံးကိုခွဲထုတ်ကုသခြင်းဖြင့် ရောဂါရှင်းရှင်းပျောက်ကင်းစေပါတယ်။ ရှားရှားပါးပါး တချို့ teratoma များဟာ အမျိုးသားများရဲ့ မျိုးပွါးအင်္ဂါဖြစ်တဲ့ ဂွေးစေ့မှာဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကပ်ပယ်အိပ်ထဲသို့ဆင်းမလာပဲ ၀မ်းတွင်း၌ကျန်နေသော ဂွေးစေ့များမှာအဖြစ်များပါတယ်။ အဲ့ဒီ့ teratoma များကနေလည်း တခါတရံ ကင်ဆာအဖြစ်သို့ပြောင်းသွားနိုင်ပါတယ်။

အဖြစ်မှန်သိခြင်းဖြင့် မရှိတဲ့အရာကို တွေးကြောက်ခြင်းမှကင်းဝေးကြပါစေ။

No comments:

Post a Comment