ယခုခေတ်မှာ ရောဂါတွေကိုဆေးနဲ့ဖြစ်ဖြစ်၊ခွဲစိပ်လို့ပဲဖြစ်ဖြစ် ပျောက်အောင်လုပ်နိုင်လာတယ်။ ဆံပင်ဖြူတာဆေးဆိုးလို့၊ ကျိုးတဲ့သွားကို အသစ်ပြန်စိုက်လို့၊ မှုန်တဲ့မျက်စိကို မျက်မှန်တပ်ပြီး၊ မမြင်တော့တဲ့ တိမ်မျက်လုံးကိုလည်း ခွဲစိပ်ပြီး မြင်အောင် လုပ်နိုင်တယ်။ တွန့်နေတဲ့ အရေတွေကိုလည်း ဆေးထိုးလို့ဖြစ်ဖြစ်၊ခွဲစိပ်လို့ဖြစ်ဖြစ် ပျိုရွယ်လာအောင်ကုသနိုင်ရုံမက အသဲတွေ၊နှလုံးတွေပါ အစားထိုး ခွဲစိပ်ကုသ နိုင်လာတဲ့အတွက် မြတ်ဘုရားဟောတဲ့ ကိုယ့်ကိုယ်ကို မပိုင်ဘူး၊ အစိုးမရဘူး ဆိုတဲ့ အနတ္တတရား ဆိုတာ ကိုတောင် မယုံသလိုဖြစ်နေကြပါတယ်။
တကယ်က မြတ်ဘုရား ဟောတဲ့ ဒုက္ခဆိုတာကို သေသေချာချာ မသိကြလို့ပါ။ ဒုက္ခ ၃မျိုး ရှိပါတယ်-
၁။ ဒုက္ခဒုက္ခ။ ကြာကြာဖိထိုင်လို့နာတာ၊ရောဂါကြောင့်နာတာမျိုးဟာ ခန္ဓာဒုက္ခ ပေါ်ထပ်ဆင့်ပြီး ဒုက္ခဖြစ် တာမို့ ဒုက္ခဒုက္ခ လို့ခေါ်ပါတယ်။
၂။ ၀ိပရိဏာမဒုက္ခ။ အသက်အရွယ်ရလာလို့ ဆံဖြူ၊သွားကျိုး စသည့်ငယ်ရုပ်အမူအရာမှ ကြီးရုပ်အမူအရာ သို့ပြောင်းခြင်းကိုခေါ်ပါတယ်။
အထက်မှာဖေါ်ပြခဲ့တဲ့ ဒုက္ခ နှစ်မျိုးလုံးကို ပညတ်ဒုက္ခလို့ခေါ်ပါတယ်။
၃။ သင်္ခါရဒုက္ခ။ သင်္ခါရဒုက္ခက ပရမတ်ဒုက္ခဖြစ်ပါတယ်။ ပညတ်ဒုက္ခကို ပြုပြင်၊ပြောင်းလဲ၊ရုပ်တန့်အောင် လုပ်နိုင်ပေမဲ့ သင်္ခါရဒုက္ခ ကိုတော့ ပြုပြင်လို့လဲမရ၊ပြောင်းလဲလို့လဲမရ၊ရုပ်တန့်အောင်လည်းလုပ်လို့မရပါဘူး။ သင်္ခါရဒုက္ခဆိုတာ ပရမတ် တရားတွေဖြစ်တဲ့ စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန်တွေစက္ကန့်နဲ့အမျှဖြစ်နေ၊ပျက်နေ တာကိုပြောတာပါ။
သင်္ခါရဒုက္ခဆိုတာကို ဘုရားတည်းဟူသောနေမင်းကြီးပေါ်ထွန်းလာမှသိရတာပါ။ ပထမ ဒုက္ခ ၂မျိုးက သာမန်လူများသိနိုင်တာမို့ ဘုရားမပွင့်ရာ ကာလမှာလည်းသိနိုင်ပါတယ်။ အဲ့ဒီဒုက္ခတွေမြင်ခြင်းဖြင့် သမထသာဖြစ်တဲ့အတွက် သံဝေဂဥာဏ်ကိုသာရနိုင်ပါတယ်။ ၀ိပဿနာဥာဏ်တောင်မဖြစ်ပါဘူး။
သင်္ခါရဒုက္ခ ကိုမြင်မှသာ ၀ိပဿနာဥာဏ်ဖြစ်ပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ်အထိပေါက်ရောက်နိုင်ပါတယ်။
အထက်ကကာတွန်းလေးမှာ ဆရာဝန်က အနာတွေကျက်လို့ ပတ်တီးတွေဖြေလိုက်ရင် မင်း တော်တော်ကြည့်ကောင်းသွားမယ်။ ဒါပေမဲ့ မင်း ၀က်ကတော့ ၀က်ပဲတဲ့။
ခေတ်ဆေးပညာတွေနဲ့ အပေါ်ရံပညတ်ရုပ် တွေကိုဘယ်လိုပဲ ပြောင်းနိုင်ပေမဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေကြတဲ့ ပရမတ်တရားတွေကတော့ မမြင်ရပေမဲ့ သူတို့ရဲ့ သင်္ခါရသဘောအတိုင်း ဖြစ် ပျက် နေကြမှာပါ။ သင်္ခါရဒုက္ခ ကိုဘယ်လိုမှပြောင်းလဲ၊ပြုပြင်လို့မရတာကြောင့်တကယ့် ဒုက္ခအစစ်ပါ။
ကျမ်းကိုး။
မေတ္တာရှင်(ရွှေပြည်သာ)၏ သညာသိနှင့်ပညာသိ။
No comments:
Post a Comment