လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Wednesday, November 28, 2012
ကော်ဖီပန်းပွင့်ဟာအသက်ရှည်ကျန်းမာစွာ ကိုယ်အလေးချိန်ချ လိုသူများအတွက်အကောင်းဆုံးအစာဆိုတာ သိပါသလား။
ကော်ဖီပန်းပွင့် ၁၀၀ ဂရမ် (၃.၅ အောင်စ) တွင်ပါဝင်သောအာဟာရဓါတ်များ။
အင်နာဂျီ (Energy) = 103 Kl
ကဆီဓါတ် (Carbohydrate) = 5 g
သကြား Sugar = 1.9 g
အမျှင် (Fibre) = 2 g
အဆီ (Fat) = 0.3 g
အသား (Protein) = 2 g
Vit B1 = .05 mg (4%)
Vit B2 = .06 mg (5%)
Vit B3 = .507 mg (3%)
Vit B5 = .667 mg (13%)
Vit B6 = .184 mg (14%)
Vit B9 = 57 micro g (14%)
Vit C = 48 mg (58%)
Vit K = 15.5 micro g (15%)
Calcium = 22 mg (2%)
Iron = 0.42 mg (3%)
Magnesium = mg (4%)
Phosphorus = 44 mg (6%)
Potassium = 299 mg (6%)
Sodium = 30 mg (2%)
Zinc = 0.27mg (3%)
ကော်ဖီပန်းပွင့် မှာ အဆီ (Fat) နဲ့ ကဆီဓါတ် (Carbohydrate) နည်းပြီး၊ အမျှင် (Fibre) ၊ ရေ နဲ့ ဗီတာမင် စီ တို့များစွာပါဝင်ပါတယ်။ အဲ့ဒီလိုအစာမျိုးကို high nutritional density လို့ခေါ်ပါတယ်။ အဲ့ဒီလိုအစာမျိုးမှာ အာဟာရဓါတ်များစွာပါဝင်ပေမဲ့ အင်နာဂျီ (Energy) အများကြီးမထွက်ပါဘူး။ ဆိုလိုတာက high nutritional density အစာစားခြင်းဖြင် လိုအပ်သော ဗီတာမင်နဲ့သတ္ထုဓါတ်တွေကို လုံလောက်စွာရရှိစေပြီး၊ ကိုယ်အလေးချိန်မတိုးစေတဲ့အတွက် ကျန်းမာရေးအတွက် အထူးသဖြင့် ကိုယ်အလေးချိန်ချ လိုသူများစားသင့်သောအစာများဖြစ်ပါတယ်။ များသောအားဖြင့် အသီးအနှံ့များဟာ high nutritional density အစာများဖြစ်ပါတယ်။ ဒါပေမဲ့ သကြားများထပ်ထဲ့ထားသော စက်ရုံထွက် ပစ္စည်းများ၊ အရက်သေစာများကတော့ low nutritional density အစာများဖြစ်တဲ့အတွက် ကျန်းမာရေးအတွက်မသင့်တော်ပါဘူး။
ကော်ဖီပန်းပွင့်မှာ  phytochemicals,  ခေါ်တဲ့  ဓါတ်ပစ္စည်းများလည်းပါရှိပါတယ်။ phytochemicals, တွေက ကင်ဆာ (cancer), လေဖြတ်ခြင်း (stroke), ဇီဝဖြစ်စဉ် ကြောင့်ဖြစ်သော ရောဂါ (metabolic syndrome) များဖြစ်ပွါးမှုကို လျော့နည်းစေပါတယ်။ ကော်ဖီပန်းပွင့် များမျာစားခြင်းဖြင့် ဆိုးဝါးသော ယောက်ျားများတွင်ဖြစ်သော ပရောစိတ်ကျိတ်ကင်ဆာ (prostate cancer) ကိုသက်သာ စေပါတယ်။ ၎င်းအပြင် ကော်ဖီပန်းပွင့် ကိုခုတ်ထစ်ခြင်း (၀ါ) ၀ါးခြင်းဖြင့် Sulforaphane, ဆိုတဲ့ ဓါတ်လည်း ထွက်လာပါတယ်။ Sulforaphane, က ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လို့ယူဆကြပါတယ်။
ကော်ဖီပန်းပွင့် မှာ  Indole-3-carbinol,  ခေါ်တဲ့  ဓါတ်ပစ္စည်း လည်းပါရှိပါတယ်။ ဒီဓါတ်က ပျက်စီးတဲ့ဗီဇ (DNA) များပြန်လည်ပြုပြင်ခြင်းကိုအားပေးပါတယ်။ ဒီသတ္တိကြောင့် ဗီဇများပျက်ဆီးခြင်း ကြောင့်ဖြစ်တဲ့ ကင်ဆာများကိုကာကွယ်နိုင်ပါတယ်။  ၎င်းအပြင် Indole-3-carbinol မှာ မိန်းမဟောမုန်း estrogen ကိုဆန့်ကျင်တဲ့အတွက် estrogen အားပေးတဲ့ prostate cancer ကိုသက်သာစေတာ ဖြစ်ပါ တယ်။
         ကော်ဖီပန်းပွင့်ကို ရေဆူမှတ်အထိအပူပေးရင်အထက်ပါဓါတ်တွေရဲ့ပါဝင်မှုကို ၅ မိနစ်မှာ ၂၀-၃၀ % ကျဆင်းပြီး၊ ၁၀ မိနစ်မှာ ၄၀-၅၀% ၊ ၃၀ မိနစ်မှာ ၇၅%အထိကျ စေ ပါတယ်။ ဒါပေမဲ့ ရေနွေးငွေ့ဖြင့် ချက်ခြင်း၊ microwave နှင့်ချက်ခြင်း၊ ကြော်ခြင်းတို့ကြောင့် သိသိသာသာကျဆင်းခြင်းမဖြစ်စေပါဘူး။
         ကော်ဖီပန်းပွင့်ရဲ့သဘာဝအရောင်များက တွေ့နေကျ အဖြူရောင်အပြင်၊ အစိမ်း၊အ၀ါ၊ ခရမ်းရောင် များလည်းရှိပါတယ်။ အဲ့ဒီအရောင်တွေက ရှေးကစိုက်ပျိုးသော အရောင် များဖြစ်ပြီး အဖြူရောင်ထက် ပိုမို နုညံ့ပြီး ဈေးပိုကြီးပါတယ်။
Ref
http://en.wikipedia.org/wiki/Cauliflower
Thursday, November 22, 2012
ကျမ မာနအိုး။
ကျမက ဇတ်လမ်းတို့ဇတ်ကွက်တို့ဆို မှတ်မိတယ်။ နံပါတ်တို့ နံမည်တို့ဆို မှတ်လို့မရဘူး။ ကုန်ကုန်ပြောရရင် ကျမ မွေးနေ့သက္ကရစ်တောင် မမှတ်မိဘူး။ မွေးနေ့လည်း လုပ်လေ့ မရှိဘူး။ ကျမသူငယ်ချင်း ဒေါ်တင်မြတ်က ကျမနဲ့ပြောင်းပြန် မှတ် ဉာဏ်ကောင်းတယ်။ နံပါတ်တို့ နံမည်တို့ မှတ်မိတယ်။ ကျမ မွေးနေ့အကြိုညမှာ သူက မြန်မာ့အသံမှာ သီချင်း တောင်းထားတယ်။ သီးချင်းကိုကြိုတင်ပြီးတောင်းရတယ်ပြောတယ်။ တောင်းတိုင်းလဲမရဘူးတဲ့။ ကျမ တစ်ခါမှမတောင်းဘူးလို့ မသိပါဘူး။ နောက်နေ့မနက် ကျမရဲ့မွေးနေ့(ကျမ ကတော့ သတိမရဘူး) ဒေါ်တင်မြတ်အစောကြီး အိမ်ကိုရောက် လာတယ်။ သူ့လက်ထဲမှာလည်း ကျမအတွက် မွေးနေ့လက်ဆောင်ဓါတ်ပုံ album ကိုင်လာတယ်။ ဒါပေမဲ့ သူ ပင်ပင်ပန်းပန်း တောင်ထားတဲ့ သီးချင်း ကျမနားမထောင်ဖြစ်ဘူးဆိုတာသိရလို့ သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်။ အဲ့ဒီနေ့ကစပြီးကျမရဲ့ မွေးနေ့သက္ကရစ်ကိုကျမ မှတ်မိ သွားပါတယ် ဆိုရင် ယုံပါ့မလား။
နံပါတ်မမှတ်မိလို့ ဒုက္ခဖြစ်ရတဲ့နောက်တစ်ကြောင်းက ကျမမောင်းနေတဲ့ကားနံပါတ်ကိုမမှတ်မိတာ။ အဲ့ဒီအချိန်က ကားဓါတ်ဆီထဲ့ရင် ကားနံပါတ်ရေးပေးရတယ်။ ကျမ နံပါတ် မမှတ်မိ တာကြောင့် ကားနံပါတ်ကို ပြန်ပြန်ကြည့်ရတယ်။ ကျမကို မေမေက နဲနဲကြိုးစားမှတ်ပါလားတဲ့။ သူများတွေက ကားငှါးစီးလာတယ်ထင်မှာပေါ့တဲ့။ ဒါပေမဲ့ ကျမ မှတ်လို့မရပါဘူး။ ကျမရဲ့ပြဿနာကိုသိသွား တဲ့ သူငယ်ချင်းတစ်ယောက်က နင့်ကားနံပါတ်က အလွယ်လေး ဒီလိုမှတ်လို့သင်ပေးတာနဲ့ အခုထက်ထိကျမ မှတ်မိနေပါတယ်။ အဲ့ဒါက ငါလိုက်ရှိတ်တယ် တဲ့။ ကားနံပါတ်က ၅၄၈၁ ပါ။
တစ်နေ့ ကျမ စကော့ဈေးကို လိုင်းကားနဲ့သွားပါတယ်။ စကော့ဈေးကအထွက်မှာ အဖေ့ကားလိုမျိုး morris minor တစ်စီးရပ်ထားတာတွေ့ပါတယ်။ ဒါပေမဲ့ ကျမအဖေရဲ့ ကားနံပါတ်ကိုမမှတ်မိတာကြောင့် ၀င်မထိုင်ရဲပဲ ကားအပြင်က အဖေပြန်လာတဲ့ အထိစောင့်နေရတယ်။ (အဖေက ကားနားက ကားပစ္စည်းတွေရောင်းတဲ့ ဈေးတန်းမှာ လျောက်ကြည့် နေတာမို့ ကားတံခါးကိုသော့ပိတ်မထားပါဘူး။ ကားထဲမှာ အလှအပ ပစ္စည်းတွေချိတ်တာလည်းမကြိုက်လို့ အဖေ့ကားလို့ သေချာမပြောနိုင်ပါဘူး။ အဖေက သမီးက စာမတတ်တဲ့သူလိုပဲ လို့ သြဘာ ပေးပါတယ်)။
နံမည် မမှတ်မိတဲ့အကြောင်းပြောရရင်။ ၁၉၈၈ ခုနှစ် ကျမ ဂျပန်ရောက်နေတုံး ကျမညီမအငယ်ဆုံးရဲ့အမျိုးသားရဲ့သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပါတယ်။ သူက မတ်ရဲ့ နံမည် ပြောပြီး ကျနော်နဲ့သိပ်ခင်တဲ့အထက်တန်းကျောင်းတုန်းကသူငယ်ချင်းပါ။ ဆေး (၁) ကအောင်တာပါပဲ။ အမ သိလားလို့ မေးပါတယ်။ ကျမအသိထဲမှာတော့ ဒီနံမည် မရှိဘူး။ အောင်တဲ့ နှစ်ကွာရင် လူများတော့ မသိနိုင်ဘူးလို့ဖြေလိုက်ပါတယ်။ ဒါပေမဲ့ ည အိပ်တော့ နံမည်က ကျမနဲ့ရင်းနှီးနေသလိုပါပဲ။ မနက်အိပ်ယာထမှ မတ်တော်မောင်ရဲ့ နံမည်မှန်း သတိရပါတယ်။ (ကျမတို့မှာညီအမ လေးယောက်ရှိပါတယ်။ ညီမ အငယ်ဆုံးကလွဲရင်အားလုံး အပျိုကြီးတွေပါ။ ရှားရှားပါးပါးတစ်ဦးတည်းသော မတ်ရဲ့နံမည်ကိုကျမ မမှတ်မိတာပါ)။
နံမည်မမှတ်မိတဲ့ အကျင့်ဆိုးကြောင့် မိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ရင် ကျမတော်တော်ဒုက္ခရောက်ပါတယ်။ အထူးသဖြင့်ကျမ နံမည်ကိုသူတို့ကမှတ်မိနေရင်ကျမ ဘာပြော ရမှန်းမသိဘူး။ ကိုယ့်နံမည်ထဲ့ပြောတတ်တဲ့သူနဲ့တွေ့ရင်တော့ တော်သေးတယ်။
ကျမငယ်ငယ်လေးထဲက သိပ်မာနကြီးတယ်။ အဖေ အမေရိုက်လို့ကတော့ ဘယ်တော့မှ မငိုဘူး။ ငိုတာ အရှုံး ပေးတာလို့ ကျမက ခံယူတယ်။ ကျမ မကြေနပ်ရင် ကိုယ့်ခေါင်းနဲ့ ကြမ်းနဲ့စောင့်လေ့ရှိတယ်။ အဲ့ဒါကြောင့်များမှတ် ဉာဏ်တွေပျောက်ကုန်လားမသိပါဘူး။ တော်သေးတယ် ကျမ ငယ်ငယ်က မေမေတို့ဆင်းရဲပြီး တဲအိမ်နဲ့ပြင်ခင်းနဲ့နေရလို့။ ချမ်းသာပြီး အုပ်တိုက်နဲ့သာဆို မတွေးဝံ့စရာပဲ။
ကျမ ၁၀ တန်းတုန်းက အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းစာအုပ်က Who did it first နဲ့ Anapuna ဆိုတဲ့တောင်တက်တဲ့အကြောင်းတွေပါ။ Who did it first မှာဘယ်သူက ဘယ်နှစ်မှာ မွေးပြီး၊ဘယ်နှစ်မှာ ဘာတွေတီထွင်တယ်ဆိုတာတွေသင်ရတာပါ။ ကျမ စာမေးပွဲဖြေကာနီးမှာWho did it first ထဲက သက္ကရစ်တွေ၊ Anapuna ထဲက ဘယ်နေ့မှာ ဘယ်နေရာမှာ စခမ်းချတယ်ဆိုတဲ့ ရက်ဆွဲတွေကို ကျောင်းခန်းထဲက Black Board နဲ့အပြည့် အလွတ်ရေးမှတ်ခဲ့တာ အမှတ်ရနေပါတယ်။ ကျမရဲ့မှတ် ဉာဏ်က နောက်မှ တစ်ဖြည်းဖြည်း ပိုပိုဆိုး လာတာပါ။ ဆေးကျောင်း တတိယနှစ် နောက်ဆုံးစာမေးပွဲ ဆေးဝါးဘာသာရပ်(Pharmacology) မှာ ကျမ သွေးကျဆေးနံမည်နဲ့ ဆီးချိုဆေးမှားဖြေခဲ့ပါ တယ်။ တော်သေးတယ် ၁၀ မှတ်တန်မို့ နို့မို့ဆိုစာမေးပွဲကျနိုင်တယ်။ အသေကျက်မှတ်ရတဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံ(anatomy) ဘာသာရပ်သင်ရတဲ့ ဒုတိယနှစ်မှာ ကျမ မှတ် ဉာဏ် သိပ်မဆိုးသေးဘူး။ ဒါပေမဲ့ ဘွဲ့လွန်တက်မယ်ဆိုတော့ Pharmacology နဲ့anatomy ပြန်ဖြေရမဲ့ ဘာသာရပ်တွေကိုကျမ ရွေးလို့ မဖြစ်တော့ဘူး။
ဘယ်အချိန်ကျရင် ကျမရဲ့မှတ် ဉာဏ်တွေလုံးဝ ပျက်ကုန်မလဲတော့ မသိဘူး။ ဒါကြောင့် မမေ့ခင် သတိရတာလေးတွေရေးထားတာပါ။ မာနတရားက ဒီဘ၀မှာတင်ဆိုးကျိုး ပေးတာပါလားလို့ သံဝေဂ ရမိပါတယ်။
Friday, November 16, 2012
ညာလက်တစ်ဘက်ဘာကြောင့်ထုတ်ထားသလဲ
ပညာရှိအမတ်ကြီး ဦးပေါ်ဦးသည် မင်းသုံးဆက်တိုင်တိုင် ထင်ရှားခဲ့သူဖြစ်သည်။
(၎င်းသည် အောင်မြေလောကစေတီတော်ဒါယကာ အမရပူယ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီးရဲ့ ရွှေလက်ထက်တော်၊ မဟာဝိယရံသီ စေတီတော်ကြီးဒါယကာ၊ ဘကြီးတော် မင်းတရားကြီးရဲ့ ရွှေလက်ထက်တော်၊ လောကမဏိစူဋ္ဌာဇောင်းကလောကန်ဦးစေတီတော်ကြီးဒါယကာ၊ ရွှေဘိုမင်းတရားကြီးရဲ့ ရွှေလက်ထက်တော်၊ ဆိုပြီးသုံးဆက်မီခဲ့သူဖြစ်တယ်။)
သူသည် ဦးဗုဓ်အား လွန်စွာ ကြည်ညိုလေးစားသူ ဖြစ်၏။
ဦးပေါ်ဦး ကွယ်လွန်သည့်အခါ အများတကာကဲ့သို့ မဟုတ်ဘဲ ညာဘက်လက်ဖ၀ါးကို ခေါင်းတလား(သေတ္တာ)၏ အပြင်ဘက်သို့ထုတ်ထားရမည်ဟု မကွယ်လွန်မီက မှာကြားထားခဲ့သည့်အတိုင်း ၎င်း၏ ညာဘက်လက်ထုတ်ကာ သဂြုင်္ိဟ်ရလေသည်။ ဤကဲ့သို့ ထူးခြား ထူးထူးဆန်းဆန်းအဖြစ်ကို ကုန်းဘောင်မင်းတရားကြီးသည် လွန်စွာမှ သိလိုလှတော့၏။ သည့်အတွက် ဆရာတော်များကိုပင့်ပြီး ဆွမ်းလုပ် ကျွေးသည့်သကာလ လျှောက်ထားတော်မူလေ၏။ “အရှင်ဘုရားတို့... ဘယ်အတွက်ရယ်ကြောင့်များ ပညာရှိအမတ်ကြီး ဦးပေါ်ဦးဟာ ခေါင်းတလားအပြင်ဘက်သို့                 လူ့လက်ဖ၀ါးထုတ်ထားဖို့ မှာခဲ့ပါသလဲ ဘုရား၊ တပည့်တော်ကို ရှင်းလင်း မိန့်ကြားပေးတော်မူပါ” သည်လျှောက်ထားချက်အပေါ် သာသနာပိုင်ဆရာတော်မှစ၍ သုဓမ္မာဆရာတော်ကြီးများအဆုံး ပညာရှိအမတ်ကြီး ဦးပေါ်ဦး၏ မှာ ကြားချက်သဘောကို ပြောမပြတတ်ကြပေ။ နောက်ဆုံး သည်ပြဿနာသည် ညောင်ကန်ဆရာတော် ဦးဗုဓ်ထံ ရောက်ရှိလာခဲ့တော့သည်။ ဆရာတော် ဦးဗုဓ်လည်း ကုန်းဘောင်မင်းနှင့်တကွ တရားနာ ပရိသတ်အပေါင်း သဘောပေါက် နားလည်စေရန် မိန့်ကြားရတော့၏။ “ဒကာတော်မင်းကြီးနဲ့တကွ ပရိသတ်အပေါင်းတို့၊ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပညာရှိအမတ်ကြီး ဦးပေါ်ဦးဟာ စာပေကျမ်းဂန်တွေ လွန်စွာ တတ်မြောက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လောကီရေးရာမှာလည်း လွန်စွာမှ လိမ္မာကျွမ်းကျင်လှတဲ့သူ၊ စိတ်နှလုံးလည်း လွန်စွာနူးညံ့တဲ့သူ။ အရှင့်အရေး ပြည်အရေးကိုလည်း ထောက်တွေး ရှုမျှော်လေ့ရှိသူ။ အတ္တဟိတ၊ ပရဟိတအရာမှာလည်း ကွယ်လွန်တဲ့ အထိ မျှတလေ့ရှိတဲ့သူ ဖြစ်ပါတယ်။ သူ အခု ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်တဲ့အခါ သူ့ရဲ့ ညာဘက်လက်တစ်ဖက်ကို ခေါင်းတလားအပြင်ဘက် ထုတ်သွားစေခဲ့တာ ဟာ ဘယ်လောက်ပဲ ပညာတွေ ကြီးရင့် တတ်မြောက်နေပါစေ၊ ဘယ်လောက်ပဲ လောကီရေးရာ အမှုကိစ္စတွေ ကျွမ်းကျင်တတ် မြောက်နေပါစေ ဘ၀တစ်ပါးကို ကူးပြောင်းသွားရတဲ့အခါ အနုမြူလောက်သေးငယ်တာလေးကိုမျှ ယူဆောင်သွားနိုင်စွမ်း မရှိတော့ ပါဘူး။ လက်ချည်းသာ သွားရတယ်ဆိုတဲ့အကြောင်း နေပြည်တော်ရှိ ရဟန်းရှင်လူအများ ပြည်သူအများ သတိသမ္ဗဇညတရားရှိရစ် ကြစေလိုတဲ့သဘောပဲ ဖြစ်ပါတယ်” ဟူ၍ ရှင်းလင်းမိန့်ကြားလေသောအခါ မင်းတရားကြီးနှင့်တကွ တရားနာပရိတ်သတ်အပေါင်းတို့လည်း တရားသံဝေဂရကြ၍ သာဓုခေါ်ဆိုကြ ပေတော့သည်။
http://moesetmin.blogspot.fr/2012/08/blog-post_15.html မှကူးယူတင်ပြသည်။
Wednesday, November 14, 2012
စကားကြီး ၁၀ မျိုး၊
(၁) ရေကူး ညာတင်၊ကျွန်းထိုးသင် စကား - လိုရာဆိပ်ကမ်းကို ရေညာက တင်ကြို၍ ကူးမှ ရောက်သကဲ့သို့ မိမိ လိုရာ ရောက်အောင် ကြိုတင်၍ စကားပို့ဖြင့် ပြောဆိုခြင်း။
မြန်မာစကားတွင် အညာ၊အကြေ ဟူ၍ရှိသည်။ အညာ ဆိုသည်မှာ အထက်အရပ်ဖြစ်၍၊ အကြေ ဆိုသည်မှာအောက်အရပ်ဖြစ်သည်။ မြန်မာပြည် အထက်ဘက်ပိုင်းကို                အထက် အညာ ဟုလည်း သုံးဆွဲသည်။ မြစ်များချောင်းများ အထက်မှအောက်သို့စီးဆင်းသဖြင့် မြစ်ချောင်းတစ်ဘက်ကမ်းမှ အခြားတစ်ဘက်ကမ်းသို့ ကူးခတ်လိုသူသည် မိမိရောက်လိုသောတစ်ဘက်ကမ်းသို့တဲ့တဲ့ကူးသွား၍မရ၊ရေစီးဖြင့်မျောပြီး မိမိရောက်လိုသောနေရာထက်အောက်ကျသောနေရာသို့ရောက်သွားသည်။ ထို့ကြောင့်မိမိ ရောက် လိုသောနေရာရဲ့အထက်ကမှန်းဆ၍ကူးရသည်။ ကျွန်းထိုးရာ ၌လည်း အကျ မနာအောင် ကြိုတင်မှန်းဆ ရသည်။                                                                              
 (၂) ကောက်ပင်ရိတ်လှီး၊ဥဗျိုင်း စကား - ကောက်ပင်ကို လက်တစ်ဖက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့် အရင်းက ရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှ စပါးကို ရသကဲ့သို့ တစ်ပါးသူ ဆိုသော စကားကို မိအောင် ဖမ်းကိုင်ပြီးမှ ပြတ်စဲ အောင် ပြောဆိုခြင်း။
တစ်နေ့တွင်ဗျိုင်းကိုလေးနှင့်ပစ်သတ်သောသူဌေးသားအား ပစ္စည်းပြိုင်ဘက်သူကြွယ်သားက အလျော်ရရန် ထိုဗျိုင်းမှာ တစ်နေ့ရွှေတစ်ကျပ်သား အံပေးသော ၏ ဗျိုင်း ဖြစ်သည်ဟုဆို၏။ ထိုအခါသူဌေးသားက ထိုဗျိုင်းရွှေအံ ပေးသည်မှာ ဘယ်လောက်ကြာပြီး လဲဟု မေးရာ၊ ဗျိုင်းရှင် ဟန်ဆောင်သူ သူကြွယ်သားက လျော်ကြေးများများရရန် တစ်နှစ်  ရှိပြီ ဟုဖြေရာ။ ဒီဗျိုင်း ငါ့ ရွှေစင်ပုံက တစ်နေ့ရွှေတစ်ကျပ်သားခိုးခိုးသွားတာ။ အခုမှ မိတယ်။ မင်းဆီက ရွှေ တွေဟာ ငါ့ဆီ ကခိုးသွားတဲ့ရွှေတွေမို့ ပြန်ပေးဟုတောင်းဆိုလေသည်။
(၃) ရေစီးဖောင်ဆန်၊ အမတ်ဉာဏ် စကား - လိုအင်ဆန္ဒ ရှိသမျှသော အရာဝတ္ထုတို့ကို ဖောင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် လိုရာကိစ္စ ပြီးသကဲ့သို့ ခြေသိမ်း၊ ခေါင်းပိုက်၊ ပမာပမည်း ဟပ်စပ်၍ ပြီးပြတ်အောင် ပြောခြင်း။
         မိတ္ထိလာကန်နှင့်မနီးမဝေးတွင်နေသောဝင်ဇင်းရွာသားငညို (အမတ်ကြီး ၀င်ဇင်းမင်းရာဇာ အလောင်း) သည် လယ်ယာလုပ်ရင်းစာပေနှင့်မွေ့လျောသည်။ မိတ္ထိလာကန်ပေါက်၍ ပြင်ဆင်ရန် အင်းဝဘုရင် မင်းကြီးစွာစောကဲရောက်လာရာ ကန်ရိုးပေါ်က လှပသောမင်းသမီးရုပ်နှင့်စင်အား တွေ့၍မေးရာ။ စာပေလေ့လာထားသောငညိုက နတ်စင် မဟုတ်ကြောင်း အနော်ရထားမင်းစော်သည် ကမ္ဘာဇမင်းသမီးအားချစ်မြတ်နိုးလှသဖြင့်ကန်ဆယ်ရာသို့ခေါ်လာခဲ့ကြောင်း၊ မင်းသမီး ရုတ်တရက်သေဆုံးသွားရာ၊ မင်းကြီးမပစ်ရက်ဘဲပူဆွေးနေသဖြင့် မင်းသမီးနှင့်တူသော ရွှေစင်ရုပ်ထု လုပ်ပေးကြောင်း။ မင်းကြီး ရွှေစင်ရုပ်ကို ဆွဲလမ်းနေပြန်သဖြင့် သစ်သားရုပ် လုပ်ခါနန်းပြဿနှင့် ထားခဲ့ပြီး၊ ရွှေရုပ်ကိုမြုပ်ခဲ့ကြောင်း၊ အကြောင်းစုံ လျောက်ထားနိုင်သည်။ မြေတွင်ထူးကြည့်ရာ ပြောသည့် အတိုင်းရွှေရုပ်ကို တွေ့ရှိသဖြင့်အမတ်အဖြစ်မြှောက်စားခံရသည်။
(၄) အိုးတန်ဆန်ခပ်၊ သုဝဏ္ဏလျှံဇတ် စကား - အိုးနှင့်ဆန် တန်ရုံထည့်၍ ချက်လျှင် ကောင်းစွာ ကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင် တန်ရုံ မယုတ်မလွန် ပြောဆိုခြင်း။    
သုဝဏ္ဏလျှံဇတ်တွင် ဆုတစ်ခုတောင်းခွင့်ရှိရာ သားရွှေအိုးထမ်းလာတာမြင်လိုသည် ဆိုသော ဆုကြောင့် ဆု ၃ မျိုး လုံးရရှိသည်။ သားလည်း အသက်ရှင်၊ ၎င်းတို့လည်း မျက်စိပြန်မြင်ပြီးရွှေအိုးလည်းရသည်။
(၅) ဆန်ပွတ်ကျည်ပွေ့၊ပိန္နဲတွေ့ စကား - ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ် ဆီပွတ်လျှင် ဆီထွက်သကဲ့သို့ လိုရာကိစ္စ ပြီးစေခြင်းငှာ ထိုစကားကိုပင် အထပ်ထပ် ပြောဆိုခြင်း။ 
          ဘကြီးတော်မင်းတရားကြီးသည်ဘုရားတည်ရန် ပိန္နဲတိုင် အတွက် ကောင်းမည်ထင်သည့် သစ်များ တစ်မျိုးပြီးတစ်မျိုးပြောရာ ပညာရှိအမတ်ဦးပေါ်ဦးက ဘုရင် တင်ပြသော အသားလည်း ကောင်းကြောင်းကျွန်သားလည်း ကောင်းကြောင်း ထပ်ခါတစ်လဲလဲပြောကြားသဖြင့် နောက်ဆုံးအမတ်ကြီး ပြောသောကျွန်းသားဖြင့်ဘုရား တည်ဖြစ် လေသည်။
(၆) ဆင်ဝှေ့ရန်ရှောင်၊ရွှေကျောင်းဆောင် စကား - ဆင်ကတိုးဝှေ့ဖို့လိုက်လျှင် တိမ်ရှောင် နေရ သကဲ့သို့ ကိုယ့်ထံသို့ ရောက်လာမည့် စကားကို ရှောင်လွှဲ၍ ပြော ဆိုခြင်း။
        အိမ်ရှေ့မင်းသားက ၎င်းလှူဒါန်းသောကျောင်း၏တိုင်များကိုမြေသို့ရောက်သည်အထိ ရွှေချနေသည် ကိုမြင်သောမြို့ဝန်မင်းကတိုင်တစ်ဝက်သာချရန်တားမြစ်လေသည်။
       အိမ်ရှေ့မင်းသားသိ၍၎င်းအမိန့်ကိုဖီဆန်သည်ဟုအမြတ်တော်ရှကာသတ်စေသည်။ မြို့ဝန်မင်းက အိမ်ရှေ့မင်းဟာတစ်နေ့မှာ ဧကရာဇ်မင်းဧကန်ဖြစ်မှာမို့ ယခုထဲက တိုင် အပြည့်ရွှေချထားလျှင် ဧကရာဇ်မင်းလက်ထက်နှင့်အိမ်ရှေ့မင်းလက်ထက်ထူးခြားစေရန်တားမြစ်ရခြင်းဖြစ်ကြောင်း၊ လျောက်ထားသဖြင့် အသက်ဘေးမှကင်းလွတ်စေသည်။
(၇) တောင်သူယာခုတ်၊ ဓါးမခုတ် စကား - တောင်သူလယ်သမား တို့သည် မိမိတို့ လုပ်မည့် လယ်ယာမြေကွက်တွင် ရှေးဦးစွာ ချုံနွယ်ပိတ်ပေါင်းတို့ကို ခုတ်ထွင် ရှင်းလင်းပြီးမှ သစ်ပင်ကြီး တို့ကို ခုတ်ထွင် ဖိလှဲသကဲ့သို့ စကားငယ်ကို ပြောပြီးမှ စကားကြီးကို ဖိစီး၍ ပြောဆိုခြင်း။
သိန်းအမတ်က သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား နိုင်ဆိုသကဲ့သို့ ဥစ္စာရှိသူကို လူအများမှီခိုရသဖြင့် ဥစ္စာ မြတ်သည်ဟု ရှင်းပြသည်။
မဟောသဓာက ဥစ္စာရှိပြီးပညာမရှိသူသည် ကုသိုလ် အကုသိုလ်မသိ၊ ထမင်းကျုရာ၌အုံသေယကျီးငတ် ခွေးငတ်ကဲ့သို့တစ်ခဏတာ ချမ်းသာရေးကိုသာမြင်သည်ဟု ခြေပသည်။
သိန်းအမတ်က ဥစ္စာများစွာရှိသော ဘုရင်ထံ ကျွန်ပ်တို့ပညာရှိများခစားရသည်ဟု ဘုရင်နှင့် လှည့် တိုက်သည်။
မဟောသဓာက မြတ်စွာဘုရားသည် ဥစ္စာရတနာကို မမက်မော။ပညာတည်းဟူသော တရားတော်ကို သာနှလုံးသွင်းတော်မူသည်တို့ကြောင့်အပြည်ပြည်မင်းများသာမက လူနတ်ဗြဟ္မာ တို့၏ပူဇော်ခြင်း ကိုခံရသည်ဟု အတုမရှိသောမြတ်ဘုရားနှင့်ဥပမာတင်ပြောဆိုနိုင်သဖြင့် ပညာသာပိုမြတ်သည်ဆိုသော မဟောသဓာ၏စကားအနိုင်ရရှိသည်။
(၈) ကြက်ဆုတ်ခွပ်ပစ်၊အမတ်နှစ် စကား -  ကြက်ခွပ်ရာ၌ နောက်ဆုပ်ဟန်ပြု၍ ခွပ်သာမှ ပြန် ခွပ် သကဲ့သို့ သူ့ စကားအလိုသို့ လိုက်တန်က လိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင် ပြောဆိုခြင်း။
         မွန်မင်းရာဇဓရာဇ်နှင့်မြန်မာမင်း မင်းခေါင်တို့မြန်မာ၊မွန်ချစ်ကြည်ရေးပြုပြီးနောက် မြန်မာအမတ်ကြီး မင်းရာဇာနှင့်မွန်သီဟပတေ့တို့တွေ့ဆုံရာ အမတ်ကြီ်းသီဟပတေ့က အမတ်ကြီး မင်းရာဇာအား ကြံတစ်ချောင်းပေးရာ အမတ်ကြီး မင်းရာဇာကကြံကိုအဖျားမှစ စားသည်ကိုတွေ့၍မေးရာ။ အရသာကို တိုးတိုးခံစားလို၍ဟုဖြေသည်။ အမတ်ကြီ်းသီဟပတေ့က အမတ်ကြီး မင်းရာဇာသည် ငယ်ရာကကြီးလာသူဖြစ်၍အတွေ့အကြံများလှသည်။ ကြံကိုအဖျားမှ စ စားမှ အရသာတစ်ဆစ်ပြီးတစ်ဆစ် ပိုမြပေမည်။
သို့သော် စကားကိုခေတ္တနားထားသည်။ အမတ်ကြီးသည် ပညာရှိသတိဖြစ်ခဲ ဆိုသလို အနိစ္စတရားကိုမေ့နေလေပြီ။ ဘုရားတရားတော်အရ ကွေးသောလက်မဆန့်မီ၊ ဆန့်သော လက် မကွေးမီ အရသာအကောင်းဆုံးမခံစားရမီ အနိစ္စဖြစ်နိုင်ကြောင်းပါဟု ပြောလေသည်။
(၉) ရေစစ်ကရား၊ယုံတမ်း စကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကို ရေတွင်နှစ်ခါ ရေပြည့်မှ အပေါက်ကို ပိတ်၍ ဆွဲယူ လိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတပါး ပြောဆိုခွင့် မရအောင် ပိတ်ဆို့၍ ပြောဆိုခြင်း။
         လမ်းတွင်တွေ့ကြသော လူငယ်လေးယောက်နှင့် အဖိုးအိုတစ်ယောက်တို့ ယုံတမ်းစကား အပြော ပြိုင်ကြသည်။ မယုံသူကကျွန်ခံတမ်းဟုအလောင်းအစားလုပ်ကြသည်။ မယုံဖွယ်ရာ မဖြစ်နိုင်တာများကို လူငယ်လေးယောက်က အမျိုးမျိုးပြောဆိုကြသော်လည်းအားလုံးကယုံသည်ဟုပြောကြသည်။ နောက်ဆုံးအဖိုးအိုအလှည့်တွင် မိမိတွင် ၀ါးပင်တစ်ပင်မှ
ယောကျာ်းလေး လေးယောက်မွေးဖွါးကြောင်း၊ထိုခလေးငယ်လေးယောက်ကိုကျွန်အဖြစ်အသုံးပြုရန်ကျွေးမွေးခဲ့ကြောင်း။ တစ်နေ့တွင်ထိုလူလေးယောက်ထွက်ပြေးသွား၍ လိုက်ရှာရာက ယခုနေရာရောက်လာကြောင်း။ထိုယောက်ျာ။လေးယောက်မှာ မင်းတို့လေးယောက်ဖြစ်သည်ဟုပြောရာ။ မယုံရင်လည်းအလောင်းအားကြေယင့်ကျွန်ဖြစ်ရမည်၊ ယုံလျှင်လည်း ကျွန်ဖြစ်ရလေသည်။
(၁၀) ခက်တင် မောင်းနင်း၊ရဟန်းမင်း စကား - မောင်းနင်းသော သူသည် တစ်ဖက်လိုက်ပါ တိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်း နင်းရသကဲ့သို့ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မတင်မကျ ပြောဆိုခြင်း။
         ခက် ဆိုသည်မှာ ပုခက်ကဲ့သို့ အခက်အလက်အပြားအချပ်ကိုဆိုလိုသည်။  တို့ကိုအထက်သို့တင်ရာတွင်ကြိုးဖြင့်ဆွဲငင်ရသည်။ လမ်းခုလတ်တွင်ရှိနေစဉ် အပေါ်တက်မည်၊အောက်ဆင်းမည်ကိုမပြောနိုင်။ ကြိုးဆွဲသူပေါ်မူတည်သည်။
         မောင်း ဆိုသည်မှာဆန်ဖွတ်သည့်မောင်း၊ရေငင်သည့်မောင်းဟူ၍ရှိသည်။ မောင်းအတက်အကျကိုလည်း မောင်းလမ်းလယ်ေ၇ာက်နေစဉ်မပြောနိုင်းမောင်းနင်းသူ ပေါ် မူတယ်သည်။ ထိုနည်းအတူစကားပြောရာတွင် တစ်ဖက်သားပြောသည့်စကားကို ဟုတ်သည်ဟုလည်း မပြော။မဟုတ်ဘူးဟုလည်းမပြောပဲ မတင်မကျပြောခြင်းဖြစ်သည်။
         လူဆိုးတစ်ယောက်ကို မင်းချင်းများလိုက်ဖမ်းရာ၊ ထိုလူဆိုးသည် ဘုရင်ကိုးကွယ်သည့်ဘုန်းကြီးကျောင်းအတွင်းဝင်ပြေးပြီး ဆရာတော်၏ တူဟူဆိုရာ။ မင်းချင်းတို့လည်း
ဆရာတော်အားဟုတ်မဟုတ်လျောက်ရာ။ ဆရာတော်အနေနှင့် မဟုတ်ဟုဖြေလျှင် လူဆိုးအသတ်ခံရမည်။ ဟုတ်ပါသည်ဟုဖြေလဆင် မုသားသုံးဂာဂောက်မည် ထို ၂မျိုးမှလွတ်  အောင် ဆရာတော်က ငါ့တူ မဟုတ်ဖူးလို့ ဘယ်သူပြောသလဲဟု ပြောခြင်း။
ကျမ်းကိုး။
၁။ စကားကြီး ဆယ်မျိုး။ http://momeiktharr.wordpress.com/
၂။ ကာတွန်းဖေသိန်း ၏စကားကြီး ၁၀ မျိုး။
Friday, November 9, 2012
သက်သတ်လွတ်စားသူများ သတိထားရမဲ့ ဓာတ်မြေသြဇာဖြင့် ကြီးပြင်းသော ဟင်းရွက်စိမ်းများ၏ အန္တရာယ်။
      ဟင်းသီးဟင်းရွက်များကို စားခြင်းဟာ ဥပုသ်သီလမစောင့်နိုင်တဲ့ မြန်မာဗုဒ္ဓဘာသာအချို့ရဲ့ ကုသိုလ်စုတဲ့ အလုပ်ဖြစ်ပေမဲ့ ယခုခေတ်မှာ စိုက်ပျိုးရေးမှာအလွန်အကျွံအသုံးပြုတဲ့ ဓါတ်မြေသြဇာများနဲ့ ပိုးသတ်ဆေးတွေကြောင့် ဟင်းသီးဟင်းရွက် စိမ်းများက ကျန်းမာရေးနှင့် ညီညွတ် သော စားသောက်မှု ဖြစ်သော်လည်း ၄င်းတို့ဟာ ဆိုးဝါးပြင်းထန်သည့် သွေးရောဂါဖြစ်နိုင်ခြေ အခွင့်အလမ်းကိုများစေ ကြောင်း ထိုင်ဝမ်ဆရာဝန် တစ်ဦးက သတိပေးပြောဆိုလိုက်ပါ တယ်။
         ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ဖြစ်သော ထိုသူ၏ ပြောဆိုချက်အရ မကြာသေးခင်က ဆေးရုံ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ Acute Methemoglobinaemia လို့ခေါ်တဲ့ သွေးအား နည်းရောဂါ တစ်ခုကို ခံစားခဲ့ရပါတယ်။ ဒီရောဂါမှာ သွေးနီဥများအတွင်း အောက်စီဂျင်သယ်ယူနိုင်သောမော်လီကျူးများ မထုတ်လုပ် နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။
         သူမ စားသောက်သော ဟင်းသီးဟင်းရွက်များဟာ ဓာတ်မြေဩဇာတစ်ခုဖြစ်သည့် (Nitrites) နိုက်ထရိုက်များကို လွန်လွန်ကဲကဲ သုံးစွဲကာ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါရောဂါကို ဖြစ်စေသော အများဆုံးအကြောင်းရင်းကတော့ နိုက်ထရိတ်အများအပြား ပါဝင်သော စားစရာများဖြစ်သည့် ထပ်ဖြည့်ပစ္စည်း (Additives) များ ဖြစ်ပါတယ်။
         ခေါင်းမူးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှုတ်ခမ်းများပြာလာခြင်း၊ အသက်ရှူရခက်ခြင်း၊ နှလုံး ခုန်မြန်ခြင်း စသည်တို့ကို ခံစားခဲ့ရပါတယ်။ အောက်စီဂျင်ကုထုံး ပေးပြီးနောက်မှ ပြန်ကောင်း လာခဲ့ရပါ တယ်။
 စံချိန်စံညွှန်းများအရ အစားအသောက်များတွင် နိုက်ထရိုက် အများဆုံးပါဝင်ခွင့်ပြုသည့် ပမာဏ ဟာ     ၂၀ဝ၀ ppm ဖြစ်သော်လည်းစစ်တမ်းကောက် ယူခဲ့သော ဟင်းသီးဟင်းရွက်များတွင်  ၂၀ဝ၀ဝ ppm အထိပါဝင်နေကြောင်း သိရပါတယ်။
         FDA ရဲ့ သတိပေးချက်အရ အသက် ၆ လအောက် ကလေးငယ် များဟာ သွေးရောဂါများ ဖြစ်ပွား လွယ်ကြောင်း၊ ထို့ကြောင့် နိုက်ထရိတ် ပမာဏများစွာပါဝင်နေသည့် ဟင်းသီး ဟင်းရွက်များ လုံးဝ မကျွေး သင့် ကြောင်း ထုတ်ပြန်ထားပါတယ်။
Source...http://yoyarlay.com/health/health-article/30726-2012-09-20-06-55-46
Tuesday, November 6, 2012
သင်္ဂဇာဆရာတော်ဟောသော သီလရှင် ၄ မျိုး။
၁။ မယ်သီလ = အဋ္ဌင်္ဂသီလ၊ ၀ိပဿနာနှင့်မေတ္တာကမ္မဋ္ဌာန်းကို ကြိုးစားအားကုတ် လုံ့လစိုက် သောသီလရှင်။
၂။ မယ်သီလေ = အရပ်ရပ်သို့လှည့်ပြီးအသပြာဆွမ်းဆန်အလှူခံသောကြောင့်ကျောင်းတွင်အမြဲမရှိသော သီလရှင်။
၃။ မယ်သီလံ = ဘယ်ဇရပ်နဲ့မှမတဲ့၍အနေမမှန်သောသီလရှင်။
၎။ မယ်သီလော = အဖေါ်များမရှိခိုက် ဆန်လိုက်၍ခိုး မိမိအိုးသို့ မရိုးသည့်သဘောဆန်ကို ရောသော သီလရှင်။
ပထမတစ်မျိုးသာချီးမွမ်းထိုက်သည်။ မမိုက်ကြနဲ့ဟု သီလရှင်များအားဟောတော်မူပါသည်။
ကျမ်းကိုး။
ဥပမာသမူဟဂီရက္ကမ၊သင်္ဂဇာ၊စကားပုံပေါင်းချုပ်။
Sunday, November 4, 2012
ပန်းသီးစေ့တွေရဲ့ အန္တရာယ်။
တစ်နေ့ပန်းသီးတစ်လုံးစားခြင်းဖြင့် ဆရာဝန်နဲ့တွေ့ဖို့မလိုဘူးဆိုတာ ပန်းသီးအသား
အတွက်မှန်နိုင်ပေမဲ့ ပန်းသီးစေ့အတွက်တော့ မမှန်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပန်းသီး စေ့တွေမှာ
cyanogenic glycosides ခေါ်တဲ့ အဆိပ်တွေ ပါရှိနေတဲ့အတွက်ပါ။ လုံလောက်တဲ့ ပန်းသီးစေ့တွေ
စားမိရင်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ တကယ်လို့ ခလေးတွေကိုပန်းသီးကျွေး မယ်ဆိုရင်
အစေ့တွေထုတ်ပြစ်ဖို့လိုပါမယ်။ ဒါမှမဟုတ် အူတိုင်အထိကိုက်စားမယ်ဆိုရင်လည်း အစေ့ တွေထုတ်ထားဖို့
လိုပါလိမ့်မယ်။
         ဟိုတလောက မိခင်ဖြစ်သူက သနပ်ခါးပေနေတဲ့လက်နဲ့ခလေးကိုပန်းသီးကျွေးရာ ခလေး
သေဆုံးသွားကြောင်း၊ ဖခင်ဖြစ်သူက သနပ်ခါးနဲ့ ပန်းသီးမတဲ့လို့ ခလေးအဆိပ်ဖြစ်တယ်လို့ မသင်္ကာတဲ့
အတွက် သနပ်ခါးနဲ့ ပန်းသီးတွဲစားကြည့်ရာ ဖခင်ပါသေဆုံးသွားတယ်ဆိုတဲ့ ကြေကွဲ ဖွယ်သတင်းတစ်ခုကို
ဘလောက်တစ်ခုမှာဖတ်လိုက်ရပါတယ်။ အဲ့ဒီဘလောက်ကိုပြန်ရှာတာမတွေ့ တော့ပါဘူး။ ကျမ
အထင်တော့ ပန်းသီးစေ့တွေစားမိလို့ လို့ ထင်ပါတယ်။
            ပန်းသီးအပြင် ချယ်ရီသီး၊မက်မွန်သီး၊သစ်တော်သီး၊မက်မန်း၊တရုပ်ဆီးသီးစေ့များမှာလည်း
cyanogenic glycosides အဆိပ် ပါရှိပါတယ်။
ကျမ်းကိုး။
Thursday, November 1, 2012
အမတ်ကြီး ဦးပေါ်ဦး၏ ယမမင်းထံ အစစ်ခံ သံပေါက်။
၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။
၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။
၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။
၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။
၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။
၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။
၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။
၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။
၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။
၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။
၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။
၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။
၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။
၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။
၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။
၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။
၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။
၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။
၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။
၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။
၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။
၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။
၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။
၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။
၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။
၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။
၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။
၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။
၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။
၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။
၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။
၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။
ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။
(ဘုန်းဘုန်းဦးလောကနာထ ဘလော့မှကူးယူဖေါ်ပြပါသည်။)
လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။
၆ - ဒေဝဒူတသုတ် မှ၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။
(အမတ်ကြီး ဦးပေါ်ဦး၏ ယမမင်းထံ အစစ်ခံ သံပေါက်) by U Paw Oo (အမတ်ကြီး ဦးပေါ်ဦး)
http://www.ayeyarwaddylibrary.co.cc/search/label/%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8