လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, April 20, 2018


ကျမနဲ့ ဆေးဆွဲသူများ။

၁၉၇၆ ခုနှစ် တစ်ည တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံ အရေးပေါ်ဌာနမှာတာဝန်ကျနေစဉ် (ဆေးရုံမှာ ဆရာဝန် တွေနည်းလို့ အရေးပေါ်ဌာနမှာ ဆရာဝန်တစ်ဦးနဲ့ သူနာပြု ဆရာမတစ်ဦး သာ ရှိပါတယ်) အသက် ၁၈ နှစ်ခန့် သန်သန်မာမာ လူငယ် တစ်ယောက်ကို လူရွယ်နှစ်ဦးက သယ်လာ ကြပါတယ်။ လူငယ်ကိုစမ်းသပ်ကြည့်တော့ နံပါတ် ၄ ခေါ်တဲ့ ဟီအိုရင်းဆေးလွန်လို့ (heroin overdose) သတိမေ့နေ တာတွေ့ရပါတယ်။ ဒါနဲ့ ဖြေဆေးထိုး၊ ဆေးရည် (Drip) တစ်ပုလင်းသွင်းထားပြီး ၊လူနာသယ်လာတဲ့ လူငယ်များအား မေးမြန်းတဲ့အခါ လမ်းမှာသတိမေ့နေတာ တွေ့လို့သယ်လာတာဖြစ် ကြောင်း၊ ၎င်းတို့မသိပါဟုဖြေကြပါတယ်။ အဲ့ဒီအချိန်မှာ နောက်ထပ်လူနာတစ်ယောက် ရောက်လာတာနဲ့ နောက် ရောက်တဲ့လူနာကို သွားကြည့်ရပါတယ်။ နောက်ရောက်တဲ့လူနာကိုစမ်းသပ်ပြီး ဆေးရုံတင်လိုက် ပါတယ်။ ပြီးတာနဲ့ ဆေးသမားကိုသယ်လာတဲ့လူငယ်တွေရှာတော့ မရှိတော့ ပါဘူး။ လှစ်သွားကြပါပြီ။ မသိဘူးလို့ပြောပေမဲ့ သူငယ်ချင်း တွေဖြစ်ပြီး ဆေးလွန်သွားလို့သယ်လာကြတာဖြစ်ဖို့များပါတယ်။

ဆေးရည်သွင်းထားတဲ့လူနာကိုစစ်ဆေးတဲ့အခါ သက်သာလာတာတွေ့ရပါတယ်။ နံပါတ် ၄ ဆေးလွန်ရင် သူငယ်အိမ် (pupil) က အပ်ပေါက်နီးပါးကျဉ်သွားပါတယ်။ ဖြေဆေး ကြောင့်လူနာရဲ့ သူငယ်အိမ် ရောက်စ ထက် ပိုကျယ်လာတာတွေ့ရပါတယ်။ ဆေးလွန်တဲ့ လူနာရောက်ရင် ပုလိပ်ဌာန ကိုအကြောင်းကြားရပါတယ်။ လူနာကို စိတ်ချရပြီမို့ ကျမ လည်းပုလိပ်ဌာနကိုဖုန်းဆက်ပါတယ်။ အဲ့ဒီ အချိန်မှာ လူနာပြန်သတိရလာပြီး ရှပ်ရှင်ထဲကဇတ်ဆောင်တွေလို သွင်းထားတဲ့ ဆေးပိုက်ကိုဖြုတ်ပြီး ဆေးခန်းကမှန်ကိုဖေါက်ပြီးထွက်ပြေးသွားပါတယ်။ ကျမရော၊ဆရာမရော ပါးစပ်အဟောင်းသားနဲ့ကျန်ရစ်ပါတော့တယ်။ စပ်စံထွန်းဆေးရုံက ရှရှား (Russia) တွေဆောက်တာ လို့ပြောပါတယ်။ မှန်တွေ အများအပြားသုံးထားပြီး၊ ဆေးခန်းမျက်နှာစာက လူတစ်ရပ်စာ မှန်တွေနဲ့ကာထားပါတယ်။ တောင်ကြီးက ဆေးသမားတွေက ဘိန်းစားတွေလို ပိန်ပိန်ညောင်နာနာတွေမဟုတ်ပါဘူး။ မပြောရင် ဆေးသမား မှန်း တောင် မသိနိုင်ပါဘူး။ နံပါတ် ၄ ဆွဲတဲ့သူတွေကများသောအားဖြင့် ပိုက်ဆံချမ်းသာတဲ့ သူတွေဖြစ်ပြီး ကျန်းမာရေးဗဟုသုတလည်းရှိကြတာမို့  နံပါတ် ၄ ကိုဆေးလိပ်လိုရူကြပြီး၊ အာဟာရဖြစ် အောင်စားတဲ့ အပြင်၊ အားဆေးပုလင်းတောင်သွင်းကြပါတယ်။ နံပါတ် ၄ ရောင်းသူတွေကပိုက်ဆံထွက်နိုင်မဲ့ ချမ်းသာတဲ့ သားသမီးတွေကို ဆွဲအောင် နည်းအမျိုးမျိုးနဲ့ လုပ်ကြတယ်လို့သိရပါတယ်။

သိပ်မတတ်နိုင်တဲ့သူတွေ (ဆေးဆွဲလို့မွဲသွားတဲ့သူတွေ) က အကြောထဲသွင်းပါတယ်။ အကြောထဲ သွင်းရင်ဆေးနည်းနည်းပဲလိုတာမို့ အကုန်သက်သာပါတယ်။ ဆေးထိုး အပ်ဝယ်နိုင်ရင်ဆေးထိုးအပ်နဲ့ထိုးပြီး၊ ဆေးထိုးအပ်မ၀ယ်နိုင်ရင် နားထင်ကို မုတ်ဆိတ်ရိတ်ဓါးနဲ့လှီးပြီး၊သွေးထွက်တဲ့နေရာမှာဆေးသိပ်ပါတယ်။ ပြီးတော့ဒါဏ်ရာကို ပလပ်စတာ ကပ်ထားပါတယ်။ မသိရင်ခေါင်းကိုက်လို့ ပလပ်စတာကပ်တဲ့ သဘောမျိုး ပေါ့။

စပ်စံထွန်းဆေးရုံမှာ ဆေးသမားတွေအတွက် နံပါတ် ၄ ဆောင်ဆိုပြီးသတ်သတ် အဆောက်အဦး ရှိပါတယ်။ ဆေးသမားတွေကိုဆေးဖြတ်ပေးရာ နေရာဖြစ်ပါတယ်။ အဲ့ဒီ အဆောက်အဦးက မုန့်လက် ကောက် သဏ္ဍန်ဆောက်ထား ပါတယ်။ အလယ်ကအပေါက်နေရာကို ကွင်းပြင်လိုလုပ်ထားပါတယ်။ ဆေးသမားတွေကိုယ်လက်လှုပ်ရှားနိုင်အောင်လို့ပါ။ အဲ့ဒီဆေးရုံထဲကို ဘာပစ္စည်းမှပေးမယူပါဘူး၊ အ၀င် မှာစစ်ဆေးပါတယ်။

    ညဘက်တွေမှာ ဆေးသမားတွေရဲ့ အပေါင်းဖေါ်တွေက အဝေးကနေ ဆေးပါတဲ့ဆေးလိပ်တွေကို ခဲနဲ့ချည်ပြီး အလယ်ကအပေါက်နေရာကိုပစ်သွင်းကြလို့ အဆောင့်ထားရပါတယ်။ တစ်နေ့မှာ ဆေးသမား တစ်ယောက် ခြုံဖို့ပေးထားတဲ့ အညာဆောင်နဲ့ ထမင်းစားချိန်၊ ၀န်ထမ်းတွေအလုပ်ရှုပ်နေချိန်မှာ ကြိုးဆွဲချ သေသွားပါတယ်။ အဲ့ဒီနောက်ပိုင်း ဆေးသမားများ ကြိုးဆွဲချဖို့ထပ်ကြိုးစားကြပါတယ်။ ၀န်ထမ်းတွေ အချိန်မှီ သိလို့ဆုံးရှုံးမှုတော့မရှိပါဘူး။  ကြိုးဆွဲချဖို့ကြိုးစားကြတဲ့သူတွေကိုမေးတော့ သူတို့နားထဲမှာ တစ်ယောက်ယောက်က ကြိုးဆွဲချဖို့ဆက်တိုက်ပြောနေတာကြားရလို့လုပ်ကြောင်းပြောပါတယ်။ ဒါနဲ့        တာဝန်ခံဆရာဝန်ကြီး (သူက ခရစ်ယံပါ) ကို ရဟန်းတော်တွေပင့်ပြီး၊ ပရိတ်ရွတ်ချင်ကြောင်းပြောတော့ သဘောတူပါတယ်။ ပရိတ်ရွတ်ပြီးနောက်ပိုင်း ဆေးသမားတွေလဲ ကြိုးဆွဲချဖို့မကြိုးစားတော့ပါဘူး။ သူတို့ကြားတဲ့အသံလည်းမကြားတော့ဘူးလို့ပြောပါတယ်။ အညာဆောင်ကိုလည်း ကြိုးဆွဲချလို့မရတဲ့ ဂွမ်းဆောင်တွေနဲ့ပြောင်းလိုက်ပါတယ်။

တစ်ချို့ ဆေးသမားတွေကတည်ထွင်ဥာဏ်ကောင်းကြပါတယ်။ ဘော်ပင် (refill) ရီဖီးတွေနဲ့ ဆေးထိုးအပ်တည်ထွင်ကြပါတယ်။ အဲ့ဒီအချိန်က ဘော်ပင်က ရီဖီးတွေက တစ်ချို့က ပလပ်စတစ်နဲ့ လုပ်ထားပြီး၊ တစ်ချို့က သံထည် (metal) ပါ။ refill တွေရဲ့ အရွယ်ကလည်းမတူပါဘူး။ များသောအားဖြင့် ပလပ်စတစ် refill တွေက metal refill ထက်ပိုကြီး ပါတယ်။ ပိုကြီးတဲ့ ပလပ်စတစ် refill ကိုဆေးထိုးအပ်ရဲ့ အပြင်ခွံအဖြစ်သုံးပြီး၊ သေးတဲ့ metal refill ကိုအထွင်း ပြွန်ချောင်းအဖြစ်အသုံးပြုပြီး နံပါတ် ၄ ထိုးကြတယ် လို့ သိရပါတယ်။

         ဆေးသမားတွေက ရောင်းစားလို့ရတာမှန်သမျှ အကုန်ခိုးပါတယ်။ ဂျစ်ကားလိုတံခါးမရှိတဲ့ကား အပြင်မှာရပ်ထားရင် ကားထဲက ဆိုဖါတွေခိုးပါတယ်။ အပြင်မှာခိုးလို့မရရင်အိမ်ထဲကရတာ အကုန် ခိုးပါတယ်။ တစ်နေ့မှာ ဆေးခန်းကို ရင်ကျပ်ရောဂါလာပြနေကျ လူနာအဒေါ်ကြီး ရင်အရမ်းကျပ်လို့ ရောက်လာပါတယ်။ သူဆွမ်းတော်တင်တဲ့ ဆွမ်းတော်ခွက်တွေ သူ့သား ဆေးမားခိုးသွားလို့ ရောဂါသဲပြီး ရောက်လာတာပါ။ သူ့အိမ်မှာလည်း ခိုးစရာဘာမှ မရှိတော့လို့နောက်ဆုံး ဘုရားဆွမ်းတော်ခွက်တွေ ခိုးသွား တာပါ။ တောင်ကြီးက ရှမ်း၊ ပအို့တွေက အလွန်ဘာသာတရားကိုင်းရှိုင်းကြပါတယ်။ ဆွမ်းတော်ခွက်တွေကို ငွေထည်တွေနဲ့ လုပ်ထားပါတယ်။

         သွေးတိုးရောဂါရှိတဲ့ဦးကြီးတစ်ယောက်လည်း ဒေါသထွက်ပြီးသွေးပေါင်ချိန်ထက်လို့ဆေးခန်း          ရောက်လာပါတယ်။ သူ့ကျတော့ သူသားဆေးသမားက သူရထားတဲ့ တံဆိပ်တွေ ခိုးသွားလို့ပါ။ အဲ့ဒီလို အဖြစ်အပျက်တွေက တစ်ပတ်ကိုအနည်းဆုံး တစ်ကြိမ်လောက်တော့ကြုံရလေ့ရှိပါတယ်။ ဆေးဆွဲပြီဆိုရင် ဘာဆင်ခြင်နိုင်မှုမှ မရှိတော့ပါဘူး။ ဆေးရဖို့သာ သိပါတော့တယ်။ ဆေးသမားတွေရဲ့မိဘတွေကို သနား မိတာကလွဲပြီးကျမလည်းဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ပါဘူး။ မိဘတွေက သမီးထက် သားကိုပို စိတ်ပူကြရပါတယ်။ သားတော်တော်များများဆေးဆွဲကြလို့ပါ။ ကျမတို့ငယ်ငယ်ကတော့ မေမေတို့က သားထက်သမီးကိုပို ပူရတယ်တဲ့ ဘာဖြစ်လို့ လဲ ဆိုတော့ သားဆိုရင် ထောင်အပြင် တန်းမရှိဘူးတဲ့။ ဆိုလိုတာက သားယောက်ျားလေးဆိုရင်တောင်ကျရုံပဲရှိမယ်။ မိန်းခလေးတွေလို အတန်းထဲ (ပြည့်တန်ဆာ) မရောက်နိုင်ဘူးလို့ဆိုလိုတာပါ။ အခုတော့ ဆေးဆွဲတဲ့ သားရှိလို့ကတော့ တစ်မိသားလုံး ဒုက္ခရောက်တော့တာပါပဲ။

         တစ်ခါတော့ အသက် ၁၀ နှစ်ခန့်ဆင်းဆင်းရဲရဲလူငယ်လေးတစ်ယောက် ဆေးဆွဲပြီးရောက်လာ ပါတယ်။ သူခမြာ ငွေကြေးလည်းမတတ်နိုင်ပဲဘာလို့ဆေးဆွဲရတာလဲဆိုတော့။ သူက ဆေးဆွဲတဲ့သူတွေ ဆေးထိုးတဲ့ နေရာမှာသွားကြည့်တယ်။ လိုအပ်တာတွေလည်း ကူညီလုပ်ပေးတယ်တဲ့။ လူငယ်ဘာဝ စူးစမ်းတဲ့သဘောပါ။ သူ့ကိုဆေးသမားတွေက ချစ်ကြလို့ သူတို့ဆေးထိုးပြီး၊ ဆေးထိုးအပ်ကိုရေနဲ့ကျင်းပြီး ထိုးပေးရာက ဆေးဆွဲ သွားတာတဲ့။ နံပါတ် ၄ ကဒီပြင်ဆေးတွေထက် ပိုပြီးဆေးဆွဲလွယ်တယ် (drug  dependence) ဖြတ်ရတာလဲအလွန်ခက်ပါတယ်။ အရက်တို့၊ ဘိန်းတို့ ကစိတ်ဓါတ်ကြံခိုင်ရင် မဆွဲအောင် နေနိုင်တယ်တဲ့။  ဒါကြောင့် နံပါတ် ၄ ဆိုရင် နည်းနည်းလေးမှ လက်တဲ့မစမ်းပါနဲ့။ ငါးပါးတင်မက သံဃာစင်ပါမှောက်ပါလိမ့်မယ်။
         ရေးရင်းနဲ့ နောက်ထပ်တစ်ခုသတိရလာပြန်တယ်။ အဲ့ဒါကတော့ တောင်ကြီးကော်လိပ်က အိမ်သားထဲမှာ လူသေအလောင်းတွေ့လို့ ဆေးရုံကိုသယ်လာတာပါ။ အလောင်းဆိုပေမဲ့အရိုးနဲ့ ဆံပင်တွေရယ်၊၀တ်ထားတဲ့ အ၀တ်တွေပဲရှိပါတယ်။ အသားတွေ၊အင်္ဂါတွေ ဘာမှမရှိတော့ပါဘူး။ ဖြစ်ပုံက အိမ်သာတစ်လုံးကအမြဲပိတ်နေတာနဲ့ စပ်စုတဲ့ကျောင်းသားတစ်ယောက်က အထဲမှာအတွဲရှိတယ်ထင်ပြီး အပေါ်တက်ချောင်းကြည့်လို့တွေ့တာပါ။ အိမ်သာမှာ သတင်းစာစက္ကူတွေခင်းထားပြီး အလောင်းဘေးမှာ လည်း ၊ဆေးထိုးအပ် တစ်ခု ကျနေပါတယ်။  ကော်လိပ် မပိတ်ခင် ဆေးသမားအိမ်သားထဲဝင်ပြီးဆေးထိုး ရာကသေဆုံးသွားပြီး၊ အလောင်းပုပ်တဲ့အချိန်မှာ ကျောင်းပိတ်လိုက်လို့ ဘယ်သူမှအပုပ်နံ့မရကြ တာဖြစ်ပါ တယ်။
         နောက်မှတ်မိတဲ့အကြောင်းကတော့ သမားတော်တွေရဲ့ ကွန်ဖရက် (Physician Conference) ကိုတောင်ကြီးမှာလုပ်ပါတယ်။ မြန်မာတစ်ပြည်လုံးကသမားတော်တွေရော၊ စိတ်ဝင်စား တဲ့ဆရာဝန်တွေပါ တက် ရောက်ကြပါတယ်။ အဲ့ဒီမှာ နံပါတ် ၄ နဲ့ပတ်သက်တဲ့ စာတမ်းတစ်ခုဖတ်ပါတယ်။ ကျမမှတ်မိ သလောက်ကတော့ နံပါတ် ၄ ဆိုတာ ဘိန်းမဲခေါ်တဲ့ Morphine ကိုပိုမိုသန့်စင်အောင်လုပ်လို့ရတာဖြစ် ကြောင်း၊ နံပါတ် ၄ ကို ပိုမိုသန့်စင်လိုက်တဲ့အခါ နံပါတ် ၅၊ နံပါတ် ၆ တွေရကြောင်း။ အဲ့ဒီ နံပါတ် ၄၊ နံပါတ် ၅၊ နံပါတ် ၆ တွေကိုမြင်ဖူးရအောင် နမူနာလေးတွေကို ပလပ်စတစ်အိပ်ကလေးတွေနဲ့ ထုပ်ပြီး Conference တက်ရောက်သူတွေကို တစ်ယောက်မှတစ်ယောက်လက်ကမ်းပြီးပြပါတယ်။ နောက်ဆုံးတန်းက ဆေးထုပ် တွေကိုပြန်သိမ်းတဲ့အခါမှာတော့ နံပါတ် ၄၊ တစ်ထုပ်ပျောက်နေပါတယ်။ Conference တက်ရောက် သူတွေ ထဲက တစ်ယောက်ယောက်က ယူထားလိုက်ပါပြီ။ သတင်း ထောက်တွေလဲ သတင်းယူဖို့ရှိနေတာမို့ တစ်နိုငံလုံး သတင်းမပြန့်ရအောင် ပြန်တွေ့ပြီဆိုပြီး သတင်းပိတ်လိုက်ရပါတယ်။ ဆရာဝန်လည်း သွေးနဲ့ကိုယ်၊သားနဲ့ကိုယ်၊ လောဘ၊ ဒေါသ၊  မောဟ တွေဗလ၀နဲ့ ပုထုဇဉ်တွေပါပဲ။ အသိဥာဏ်နဲ့မထိန်းလို့က ဆေးသမားဖြစ်တာပါပဲ။ တောင်ကြီးမှာတင် အထူးကုသဆရာဝန်ကြီးတစ်ယောက်ဆေးဆွဲနေပါတယ်။ သူ့နဲ့တွဲလုပ်တဲ့သူနာပြုကလည်း ဆေးဆွဲနေပါတယ်။ တစ်နေ့ ဆေးခန်းပိတ်ချိန်မှာ ၂ ယောက်ထိုင်ဆိုဖာပေါ်မှာ ဆေးရူပြီးဇိမ်ရစ်နေကြတာ ဆိုဖါကြီးဆေးလိပ်က မီးဖွါးကျပြီးမီးလောင်နေတာ ကိုယ်ကို စလောင်မှသိကြ တယ်တဲ့။ တော်သေးတယ် အရှင်လတ်လတ် မီးလောင်မသေကြလို့။

ဆရာဝန်ဆိုလို့ သူနာပြုဆရာမလေး တစ်ယောက်အကြောင်းပါသတိရမိပြန်ပါတယ်။ သူမက မြန်မာတစ်နိုင်ငံလုံးမှာပထမဆွဲခဲ့တဲ့သူပါ။ ဒါပေမဲ့အခုတော့ အိမ်ထောင်ကျ၊ခလေးတစ်ယောက်ရနေပေမဲ့ သူမရော၊ သူမခင်ပွန်းပါဆေးဆွဲနေကြတယ်လို့ဆိုပါတယ်။ တစ်နေ့ညမှာသူမနဲ့ကျမအတူတူ အရေးပေါ် ဌာနမှာတာဝန်ကျပါတယ်။ ကျမလည်း သူမ အကြောင်း သိထားတာမို့သူ့မကို မသိမသာ သတိထား ကြည့် နေရပါတယ်။ လူနာ တွေဆေးမှားထိုးမှာကြောက်လို့ပါ။ အရေးပေါ်ဌာနက Morphine ထားတဲ့ ဗီဒိုသော့ ကတော့ ကျမဆီမှာပဲရှိပါတယ်။ အဲဒီညက အေးချမ်းပါတယ်။ လူနာ တစ်ယောက်မှ မလာပါဘူး။ အဲ့ဒီ အချိန်က တောင်ကြီးမှာ ည ၁၀ နာရီဆို မီးမလာတော့ပါဘူး။ ဆေးရုံက generator နဲ့သုံးရပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လျှပ်စစ်အပို မသုံးပါဘူး။ ဆေးထိုးအပ်တွေလည်းလိုမှ ပြုပ်ပါတယ်။ ည ၁၁ နာရီ လောက်မှာ သူမက ကျမအိမ်သာသွားလိုက်အုံး မယ်ဆိုပြီး ထွက်သွားပါတယ်။ အိမ်သာက ဆေးခန်းရှေ့မှာတင်ရှိပါတယ်။ ၅ မိနစ်လောက်ကြာတော့ပြန်လာပါတယ်။ သူမဆေးခန်းထဲဝင်လာပြီ နောက် ရေထဲ တစ်ခုခုကျသံလိုကို ကြားလိုက်ပါတယ်။ ညက တိတ်ဆိတ်နေ လို့ ကြားရတာပါ။ ဆေးခန်းက အေးနေ တဲ့ ဆေးထိုးအပ်ကိုယူပြီး အိမ်သာထဲမှာဆေးသွားထိုးပြီး၊ ဆေးထိုးအပ်ကို ပြန်ထဲ့လိုက်လို့ကြားရတဲ့အသံပါ။ ဆေးထိုးအပ်မှာ ရောဂါပိုးတွေပါသွားရင် ရောဂါအမျိုးမျိုးဖြစ်နိုင်ရုံသာမက ရှော့ (shock) ရပြီး ချက်ချင်း သေနိုင်တယ်ဆိုတာ သူမလည်းသိမှာပါ။ ဒါပေမဲ့ ဆေးဆွဲနေတာမို့ ဘာအန္တရာယ်ကိုမှ ဂရုမစိုက်နိုင်တော့ ပါဘူး။

         နောက်ထပ်သတိရမိတာက လင်းမယားနှစ်ယောက်နဲ့ ယောက်ျားရဲ့မိခင် ၊မိသားစုသုံး ယောက်လုံး ဆေးဆွဲနေကြတာပါ။ ဖြစ်ပုံက ပထမယောက်ျားကဆေးဆွဲတယ်။ အဲ့ဒီတော့မိန်းမဖြစ်သူနဲ့အမေက နေ့တိုင်း လိုလို ဆူကြတယ်၊ဖြတ်ဖို့ပြောကြတယ်။ သူ့အနေနဲ့ ဆေးကိုလည်းမဖြတ်နိုင်ဘူး၊ မိသားစုကိုလည်း မဖြတ်နိုင်ဘူး၊ဒီတော့ မိန်းမရော၊အမေကိုရောဆေးဆွဲအောင်လုပ်လိုက် တယ်တဲ့။ တကဲ့ဥာဏ်ကြီးရှင်ပါပဲ။

         ဆေးရုံမှာ ထောင်ကျနေတဲ့သူတွေထဲက ရောဂါဖြစ်တဲ့သူတွေကိုထားတဲ့ အချုပ်ခန်း ဆိုတာရှိပါ တယ်။ အချုပ်ခန်းကို ပုလိပ်အစောင့်ထားပါတယ်။ တစ်နေ့ အချုပ်ခန်းမှာရှိတဲ့လူနာတွေအားလုံး အသားေ တွဝါ နေကြပါတယ်။ အချုပ်ထဲမှာ နံပါတ် ၄ ကို ဆေးထိုးပြွန်တစ်ခုထဲနဲ့ထိုးကြတဲ့အတွက် အသားဝါ အသဲရောင်ဖြစ်နေတဲ့ လူနာတစ်ယောက်ကနေ အသားဝါအသဲရောင်ရောဂါ အားလုံးကိုကူးကုန်ကြတာပါ။ အဲ့ဒီအချိန်ကစပြီး အချုပ်ခန်းလည်းမထားတော့ပါဘူး။ အစောင့်တွေလည်းအရေးယူခံရတယ်လို့သိရ ပါတယ်။
         ကျမ ပြင်သစ်ရောက်ကာစက မြန်မာနိုင်ငံက ဆိုတော့ ရွှေတရိဂံ (Golden triangle) ကပဲ နင်တို့ဆီက နံပါတ် ၄ တစ်ကီလိုသာဒီကိုသယ်လာရင် နင် တစ်မီလီယံတော့ အသာလေးရမယ်တဲ့ ။ အောင်မလေး တစ်မီလီယံ မကလို ဘီလီယံ ပေါင်းများစွာရမယ်ဆိုလဲ နံပါတ် ၄ နဲ့တော့ မချမ်းသာ ချင်ပါ ဘူး၊ ဆေးဆွဲတဲ့သူနဲ့ သူတို့ရဲ့မိသားစုတွေရဲ့ဒုက္ခတွေကိုသိနေမြင်နေရတာမို့  ဆေးမဆွဲတဲ့နည်း သာရ ချင် ပါတယ်။
သတိရတာတွေရှိရင်ဆက်ရေးပါအုံးမယ်။

No comments:

Post a Comment