လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, April 17, 2018

သေကံမရောက်သေးလို့လား ?

တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံအပြင်လူနာဌာနမှာ လက်ထောက်ဆရာဝန် အဖြစ်နဲ့ တာဝန်ထမ်း ဆောင်တာ သုံးလလောက်အကြာမှာ ချမ်းတုန်ပြီးဖျားပါတယ်။ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှ မရှိတာမို့ ငှက်ဖျား ရောဂါလို့ ထင်ခဲ့ပါတယ်။ ငှက်ဖျားပိုး စစ်ဆေးပေးဖို့ ဓါတ်ခွဲခန်းကိုပို့လိုက်ပါတယ်။ ၃ ရက်ဆက်တိုက် စစ်ပေမဲ့လည်း ငှက်ဖျားပိုး မတွေ့ပါဘူး။ ဖျားနေတဲ့ အချိန်မှာယူတဲ့သွေးမှာလည်း မတွေ့ပါဘူး။ ဓါတ်ခွဲခန်းမှူး (medical technologist) ဒေါ်တင်မြတ်က ကျမကိုယ်တိုင်သေချာကြည့်ပါတယ်၊ ပိုးမတွေ့ပါဘူးတဲ့။ ဒေါ်တင်မြတ်က အလုပ် လုပ်တာ အလွန်သေချာစိစပ်ပါတယ်။ ငှက်ဖျားပိုးကို သူမ ရှာလို့မတွေ့ဘူးဆိုရင် ငှက်ဖျားရောဂါမဟုတ်တာသေချာပါတယ်။ ဒါနဲ့ ချမ်းတုန်ဖျား တတ်တဲ့ ဆီးပိုးဝင်တဲ့ ရောဂါ (urinary tract infection) များ ဖြစ်နေ မလားဆိုပြီး၊ ဆီးကို  ပိုးရှိမရှိ စစ်ဖို့ ဓါတ်ခွဲခန်း ပို့ရ ပြန် ပါတယ်။

ဆီးပိုးဝင်တဲ့ရောဂါက မသန့်တဲ့ရေကို သုံးမိရင်ဖြစ်နိုင်ပါတယ်။ အဲ့ဒီ အချိန်က  အပြင် လူနာဌာန (ရုံးဖွင့်ချိန်) အနေနဲ့ရော အရေးပေါ်ဌာန(ရုံးပိတ်ချိန်) အနေနဲ့ပါ အသုံးပြုတဲ့ နေရာမှာ အိမ်သာတစ်လုံးပဲ ရှိပါတယ်။ ဆေးဝန်ထမ်းတွေရော၊ လူနာတွေပါ အတူတူ သုံးရပါတယ်။ ရေကလည်း အမြဲမလာလို့ ပုံးတစ်ခု ထဲမှာထည့်ထားတဲ့ ရေကိုပဲ ခတ်သုံးရပါ တယ်။ ရောဂါရှိတဲ့ သူခတ်သုံးထားလို့ ရေထဲမှာပိုးတွေ ရောက် နေရင် နောက်သုံးတဲ့သူကို ကူးနိုင်ပါတယ်။ အထူးသဖြင့် တောင်ကြီးလို အေးတဲ့နေရာမှာ ပိုးတွေရေထဲမှာ ကြာကြာ ရှင်နေနိုင် ပါတယ်။ တစ်လလုံးလုံး အရေးပေါ် တာဝန်ယူရတဲ့ညတွေမှာ အဲ့ဒီရေအိမ်က ကျန်းမာရေးနဲ့ မညီတဲ့ရေကို သုံးခဲ့ရတာမို့ ဆီးပိုးဝင်တဲ့ရောဂါလည်း ဖြစ်နိုင်တယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ (၃)ရက် ဆက်တိုက် ပိုးမွေးခဲ့ပေမဲ့ ဘာပိုးမှမပေါက်ပါဘူး။ ဆိုလိုတာက ဆီးမှာ ဘာပိုးမှမရှိပါဘူး။ 

ဒါဆိုရင် တောင်ကြီးမြို့မှာ အဖြစ်များတဲ့ တိုက်ဖိုက်များဖြစ်မလားလို့၊ (တိုက်ဖိုက်ဖျားကာစမှာ၊ အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့သူတွေမှာ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှ မပြ တတ်ပါဘူး) ယူဆပြီး တိုက်ဖိုက်ဆေးတွေ စသောက်ရပါတော့တယ်။ တိုက်ဖိုက်ပိုးကို ကိုယ်ထဲမှာ ရှာလို့မတွေ့နိုင်ပါဘူး။ တိုက်ဖိုက်ပိုး ကိုယ်ထဲရောက်ဖူးတယ် ဆိုတာကို ပြောနိုင်တဲ့ အင်မူနိုဂလိုဘင် (immunoglobulins) ကို တော့ သွေးရည်ကြည်ထဲမှာ စစ်လို့ရပါတယ်။


ဒါပေမဲ့ မြန်မာပြည်မှာ လူတော်တော်များများရဲ့ ကိုယ်ထဲကို တိုက်ဖိုက်ပိုး တစ်ချိန်မဟုတ် တစ်ချိန်  ၀င်ခဲ့ တာ မို့ (တိုက်ဖိုက်ပိုးကိုယ်ထဲ ရောက်ပေမဲ့ ရောဂါမဖြစ်ခဲ့သူများ) တိုက်ဖိုက် အင်မူနိုဂလိုဘင်တွေ့ရုံနဲ့ တိုက်ဖိုက် ရောဂါလို့မပြောနိုင်ပါဘူး။ တိုက်ဖိုက်ရောဂါလို့ ပြောနိုင်အောင် တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေကို တစ်ပတ်ခြားပြီး စစ်ရပါတယ်၊ ဒုတိယ စစ်တဲ့သွေးမှာရှိတဲ့ တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေက ပထမစစ်တဲ့ သွေး ထက်အနည်းဆုံး လေးဆ ပိုများလာမှတိုက်ဖိုက် ရောဂါလို့ပြောနိုင်ပါတယ်။


ဟိုဟာစစ် ဒီဟာစစ်နဲ့ဖျားတာလဲ၊ နည်းနည်းကြာလာ၊ ဘာရောဂါမှန်းလည်း မသိသေးတာနဲ့       ဆိုးဝါးတဲ့ ရောဂါတွေ ဥပမာ ကင်ဆာများ ဖြစ်နေမလားလို့ တစ်ကိုယ်လုံး ကျန်းမာရေ စစ်ဆေးဖို့ ဆုံးဖြတ်ပြီး ရင်ပတ် ဓါတ်မှန် ရိုက်လိုက်တော့။ လုံးဝ မထင်ခဲ့တဲ့ အဆုတ်ထဲမှာ ရေ၀င်နေတာကိုတွေ့လိုက်ရပါတယ်။ များသော အားဖြင့် အဆုတ်ရေ၀င်ရင် ချောင်းဆိုး တာတို့၊ အသက်ရှုကျပ်တာတို့ ဖြစ်တတ်ပါတယ်။ ကျမမှာ အဲ့ဒီ လက္ခဏာတွေ လုံးဝမရှိပါဘူး။

အဆုတ်ရေ၀င်တယ် ဆိုတာတော့တွေ့ပါပြီး၊ နောက်သိဖို့လိုတာက ဘာကြောင့်ရေ၀င် ရတာလဲ။ အဲ့ဒါသိဖို့ အဆုတ်ထဲကအရည်ကို စုပ်ထုတ်ပြီးစစ်ဆေးရပါမယ်။ အဆုတ်က အရည်တွေထုတ်လိုက်တော့TB ကြောင့် အဆုတ်ရေ၀င်တာဖြစ်နေပါတော့တယ်။ တော်သေးတယ် ကင်ဆာမဟုတ်လို့။ 

အလုပ်မ၀င်ခင် ရင်ဘတ်ဓါတ်မှန်အပါအ၀င် ကျန်းမားရေးအတွက် (general medical chek-up) လုပ်ခဲ့ရတာမို့၊ စပ်စံထွန်းဆေးရုံ အပြင်လူနာဌာနမှာ ကူးဆက်ခံ ရတာ သေချာပါတယ်။ အပြင်လူနာဌာနမှာ လူနာတွေစမ်းသပ်နေတုံး၊ တစ်ချို့လူနာတွေ ချောင်းဆိုးလိုက်လို့ မျက်နှာ တည့်တည့်၊ တံတွေး စဉ် ပေါင်း လည်းမနည်းပါဘူး။ တစ်ချို့ လူနာများ ဆေးရုံရောက်မှ သလိပ်စစ်လိုက်တော့ သလိပ်ထဲမှာ TB ပိုးတွေ မြောက်မြား စွာရှိနေတာလည်းအခါခါပါ။

TB ရောဂါဆိုတော့  TB ဆေးဖြစ်တဲ့ streptomycin တစ်နေ့တစ်လုံးထိုးရပြီ၊ PAS ခေါ်တဲ့ ကြွက်ချီးလိုဆေးနဲ့  isoniazid ဆေး ၃ မျိုး သောက်ရပါတာ်။ TB ရောဂါ ဆေးက နှစ်နဲ့ချီသောက်ရတာမို့ ရောဂပိုးတွေဆေးယဉ် (drug resistance) တတ်လို့ ဆေး  မျိုးတွဲသောက်ရတာပါ။ ဆေးထိုး ဆေး သောက်တာ တစ်လ လောက်ရောက်တော့ ကျမ ခေါင်းတွေမူးပြီး ခေါင်းထောင်လို့မရတော့ပါဘူး။ ကြက် လည်လိမ်ထားသလို ခေါင်းကြိုးကျနေပါတယ်။ ကျမငယ်စဉ်ကထဲက ပင်ဆံပင်အရှည်ထားပြီး နောက်မှာ ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်လေ့ရှိပါတယ်။ ကျမအိပ်ရာထဲမှာပဲ လှဲနေရပါတယ်။ အိပ်ရာထဲမှာ လှဲ နေပေမဲ့ ခေါင်းလေးတဲ့ဝေဒနာကိုခံစားနေရတာနဲ့ အနားမှာရှိတဲ့ သူငယ်ချင်းကို ကပ်ကြီး ယူခိုင်းပြီး ကျမ ချစ်တဲ့ဆံပင်တွေကို ညှပ်ပစ်လိုက်ပါတယ်။ အဲ့ဒီအချိန်ကစပြီးယခုထက်တိုင် ကျမ ဆံပင်ကို အနောက်မှာ ချီထားလို့ မရတော့ပါဘူး။ မေ့ပြီးချီထားမိရင် ခေါင်းကိုက်လာ ပါတယ်။ ဒီလိုဖြစ်တာ streptomycin ရဲ့ ဘေးထွက်ဆိုးကျိုး (side effect) ကြောင့်ပါ။ ဒါကြောင့် streptomycin  ထိုးဆေးကိုရပ်လိုက်ရပါတယ်။ ထိုးဆေးရပ် လိုက်တော့ ဆေး ၂မျိုး သာရှိတော့လို့  isoniazid  အစား ပိုပျင်းတဲ့  rifampicin ဆေးကို ပြောင်းသောက်ရပါတယ်။ ဒီဆေးက ပေါ်ကာစမို့ တောင်ကြီးမှာ လူကြီးသောက် တဲ့ဆေးလုံး ၀ယ်မရ သေး တာနဲ့ ခလေးသောက်တဲ့ ဆေးရည်ကို သောက်ရပါတယ်။ rifampicin သောက်တာ တစ်ပတ်လောက် အကြာမှာတော့ ဆေးသောက်တိုင်း အံပါတော့တယ်။ အဲ့ဒါကလည်း rifampicin ရဲ့ဘေးထွက်ဆိုးကျိုးပါ။ ဘယ်လိုမှ သောက်လို့ မရတာကြောင့် PAS ဆေးပဲပြန်သောက်ပါတယ်။ ဒါပေမဲ့ ကျမကိုယ်က PAS  လည်း လက်မခံတော့ပါဘူး။ ပြန်အံထုတ်နေပါတယ်။ PAS ဆေးရဲ့ဘေးထွက်ဆိုးကျိုးကလည်း အံခြင်း ဖြစ်ပါ တယ်။ ဒါနဲ့ isoniazid ဆေး တစ်မျိုးပဲ သောက် နေရပါတယ်။ တောင်ကြီးက TB အထူးကုဆရာဝန်က နင်ကဆေးတွေ လက်မခံနိုင်တော့ ငါလည်းဘယ်လို ကုရမှန်း မသိဘူးတဲ့။ ဟုတ်ပါတယ်။ အားပျော့တဲ့ isoniazid ဆေးတစ်မျိုး တည်းသောက်ရင် ကိုယ်ထဲက ပိုးတွေ မကြာခင် ဆေးယဉ်သွားပါမယ်။

TB ရောဂါဆေး မပေါ်ခင်က TB ကြောင့် လူနာတွေ ကမ္ဘာနဲ့ အ၀ှမ်း သောက်သောက်လဲ  သေခဲ့ကြ ပါတယ်။ TB ရောဂါကကူးဆက်မြန်တဲ့အပြင် အသေလဲမြန်ပါတယ်။ ဆေးပညာမှာ TB ကြောင့် သေတာကို galloping consumption မြင်းပြေးသလိုသေတယ်လို့ ဥပမာပေးပါတယ်။ ကင်ဆာ မဟုတ်လို့ တော်သေး တယ် ဆိုပေမဲ့  TB ရောဂါ ဖြစ်ပြီး TB ဆေးမသုံးနိုင်ရင် ဘာထူးလဲ။ အသေတောင် ပိုမြန် ပါ အုံးမယ်။

rifampicin ဆေးအရှိန်နဲ့ အံတာကလည်းရှိ နေပါသေးတယ်။ အစာ မ၀င်တာရယ်၊ ရောဂါ ကြောင့် ရယ်၊ ကျမ သွေးအားနည်းလာပါတယ်။ ဒါနဲ့ အဆောင်မှာနေတဲ့ သူငယ်ချင်း သူနာပြု ဆရာမကို သွေး အား တိုးဆေး inferon drip သွင်းပေးဖို့ ပြောပါတယ်။ ဆရာမလေးလည်း inferon drip သွင်းဖို့ပြင်ဆင်ရင်း အမ inferon ထိုးဖူးလားလို့မေးပါတယ်။ ကျမလည်း မထိုးဖူးဘူး။ ဒါပေမဲ့ ငါဘယ်ဆေးမဆိုတဲ့ပါတယ်။ penicillin တောင် တဲ့တယ်လို့ ပြောလိုက်ပါတယ်။ လူတော်တော်များများ penicillin ကို allergy ဖြစ်ပါ တယ်။ ဆေးမတဲ့ ဘူးဆိုတာ allergy ဖြစ်တာပါ။  ဆရာမလေးက အမ သေချာအောင် အစမ်းထိုး ရအောင် ပါဆိုတာနဲ့ အေးအေးလို့ပြောပြီ သူ inferon drip ထဲကဆေးရည်နဲနဲစုပ်ပြီး ကျမလက်မောင်းက သွေးကြော ထဲကို ထိုး ပေးပါတယ်။ ဆေးထိုးနေရင်း အားလူးဖုတ်နေလို့လား မသိ ဆေးနဲနဲပဲ ၀င်သွားပြီး ဆေးထိုးအပ် သွေးကြော အပြင်ကိုရောက်သွားပါတယ်။ ဆရာမလေးလည်း။ အမ ဆေးထပ်ထိုးရမလားဆိုတော့။ ကျမ က တော်ပြီး မထိုးနဲ့တော့ဆိုပြီ ရပ်ခိုင်းလိုက် ပါတယ်။ ခဏ နေတော့ ကျမကြောထဲကယားလာပါတယ်။ ကျမထင်တာ က အိပ်ရာမှာဂျပိုးရှိနေတယ်ပေါ့။ ဆရာမလေးကိုတောင် ဂျပိုးရှိတယ်ဟ။ ငါ့ကိုကိုက်တယ်လို့ပြောလိုက် ပါတယ်။ ၅ မိနစ်လောက်ကြာတော့ ကျမ အသက်ရှုရကျပ်လာပါတယ်။ ကျမသိပါပြီ။ ဂျပိုး ကိုက်တာ မဟုတ်ပါဘူး။ Inferon allergy ဖြစ်တာပါ။ ဆရာမလေးကိုလည်း shock မှာထိုးရမဲ့ ဆေး တွေ ကို ထိုးဖို့ပြော လိုက်ပါတယ်။ သူမလည်းမျက်လုံးမျက်ဆံပြုးသွားပါတယ်။ ဖြေဆေးတွေဖြစ်တဲ့ Burmeton, adrenalin တွေကို တင်ပါးထဲထိုးထဲ့ပါတယ်။ ကျမ စကားမပြောနိုင် တော့ပါဘူး။ ကျမရင်ပတ်ပေါ်မှာ ကျောက်တုံးကြီး တစ်တုံးနဲ့ ဖိနေသလိုမျိုးခံစားရပါတယ်။ အသက်ရှု လို့လဲမရပါဘူး။ မျက်စိလည်းမမြင် တော့ပါဘူး။ ဒါပေမဲ့ နားကတော့ အားလုံး ကြားနေပါတယ်။

အဆောင်မှာနေတဲ့ ဒေါက်တာဒေါ်နှင်းကိုသွားပြေးခေါ်တာကျမကြားနေပါတယ်။ ဒေါ်နှင်း ရုပ်ရှင် သွားကြည့်တယ်လို့ပြောနေသံတွေ၊ အခြားခန်းကဆရာမတွေ ရောက်လာပြီး ကျမ သွေးကြောတွေ ထဲကို နောက်ဆုံးအသက်ကယ်ဆေးဖြစ်တဲ့ corticosteroide ကို အကြောကနေထိုးသွင်းဖို့ကြိုးစားကြပေမဲ့ သွေးကြောထဲ အပ်မ ရောက်ဖြစ်နေ ပါတယ်။ shock ဖြစ်ရင် ခြေလက်တွေက သွေးတွေ ဆုတ်လာတာမို့ သွေးကြောရှာမရဖြစ်တတ်ပါတယ်။

ကျမလည်းသေကာနီးပြီဆိုတာသိလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ အဖွါးပြောဖူးတဲ့ စကားသွား သတိရ ပါတယ်။ အဖွါးက သေခါနီးရင် ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု တွေပြန်စဉ်းစား ရတယ်တဲ့။ ကျမ စဉ်းစားတော့ ကျမမှာ ဘာကောင်းမှုမှမရှိပါဘူး။ မကောင်းမှုလဲ ဘာမှမရှိပါဘူး။ ကျမ တစ်သက်လုံး စာမေးပွဲကျမှာစိုးလို့ စာကုံးကျက်ခဲ့တာပဲရှိပါတယ်။ ဒါနဲ့ ကျမရတဲ့ သြကာသ ဘုရားရှစ်ခိုးကိုပဲ ဆိုနေပါတယ်။ ဘုရားရှစ်ခိုး နေ တုံးမှာပဲ။ ဒေါက်တာဒေါ်နှင်းရုပ်ရှင်လက်မှတ်မရလို့ အဆောင်ပြန်လာကြောင်း။ ကျမ အကြောင်း ကြားလို့ ကျမ အခန်းရောက်လာတာ ကျမကြားနေပါတယ်။ ဒေါက်တာဒေါ်နှင်းအေးရောက်လာပြီး အကြော ဆေး ထိုးဖို့ ဆရာမတွေဆီက အပ်ယူလိုက်တော့။ အပ်ထဲမှာ ဆို့ထားတဲ့ ဂွမ်းကိုမထုတ်ပဲဆေးထိုး နေကြ တာကြောင့် အသက်ကယ်ဆေး အကြောထဲ ထိုးမရဖြစ်နေတာပါ။ ကျမ အခန်းမှာ ဆေးထိုးအပ်တို့၊ အပ်ပြုပ်တဲ့ပစ္စည်းတွေမရှိပါဘူး။ အဲ့ဒီခေတ်က တစ်ခါသုံးဆေးထိုးအပ်တွေ မပေါ် သေးတာကြောင့်၊ ဆေးထိုးအပ်တွေကိုသုံးပြီးရင်ပြန်ပြုပ်ရပါတယ်။ shock ဖြစ်မယ်လို့ မထင်ထားတာကြောင့် အပ် အပို ယူမ ထားပါဘူး။ shock ဖြစ်တော့ ပိုးသတ်ထားတဲ့ အပ်အဖြစ် inferon drip မှာ လေ၀င်အောင်တပ်ထားတဲ့ အပ်ကိုယူထိုးကြတာပါ။ အဲ့ဒီအပ်မှာ ဆေးရည်တွေထွက်မကျအောင် ၀ါဂွမ်းထဲ့ထားပါတယ်။ ဆရာမတွေ ကြောက်ကြောက်လန့်လန့် နဲ့ ဆေးထိုးကြတော့ အပ်က ဂွမ်းထုတ်ဖို့မေ့သွားကြတာပါ။ ဒါတွေကတော့ လက်တွေ့ ဖြေးရှင်းလို့ရတဲ့ရုပ်ဝတ္ထုနဲ့ဆိုင်တဲ့အကြောင်းတွေပါ။

         ရှင်းပြလို့မရတဲ့စိတ်နဲ့ဆိုင်တဲ့အကြောင်းတွေရှိနေပါတယ်။ ဒေါ်နှင်းအေးကဘာလို့ ကျမဘုရားစာဆိုမှ ပြန်ရောက်လာတာလဲ။ တောင်ကြီးမှာအဲ့ဒီအချိန်က လူဦးရေ သိပ် မများ သေးပါဘူး။ ရုပ်ရှင်ရုံပြည့်တယ်၊လျှံတယ်ဆိုတာတခါမှမကြားဖူးပါဘူး။ ကျမ သေကံမရောက်သေးလို့လား။ ဘုရားအာရုံပြုမိလို့ ကျမရဲ့ ကုန်တော့မယ် လူဖြစ်စေတဲ့ ကံကို ဆက်ပေး လိုက်တာလား။ သာမန်တိုက်ဆိုင်မှုလား။ မဟုတ်ဘူးလို့တော့ ကျမသိနေတယ်။ ဒါပေမဲ့ မသေချာဘူး။ သေချာအောင် လက်တွေ့  စမ်းမယ်လို့တော့ တေးထား လိုက် ပါ တယ်။ 

ဖြေဆေး သွေးထဲဝင်သွားတာနဲ့ ကျမရင်ပတ်ပေါ်ကကျောက်တုံးကြီးကိုတစ်ဖြည်းဖြည်း မ လိုက် သလို အသက်ရှုရတာပိုချောင်လာပါတယ်။ ကျမ အံလည်းအံ၊ ၀မ်းလည်းသွားပြီး အိပ်ပျော်သွားပါတယ်။ နောက်နေ့မနက်မှာတော့ ကျမ အကောင်းပတိဖြစ်နေပါပြီး။ ကျမရဲ့အမအကြီးဆုံး ကျမကို ရန်ကုန်ပြန် ခေါ် ဆေးကုဖို့ ရန်ကုန်က ရောက်မှာမို့ ဟဲဟိုးလေယဉ်ကွင်းကို ကျမသူငယ်ချင်းနဲ့ ဆင်းသွားပါတယ်။ အမကြီးနဲ့တွေ့တော့ အမကြီးက မနေ့ကငါဘာဖြစ်လဲမသိဘူး။ အောက်မျက်ခန်းတွေသိပ်လှုပ်တာပဲတဲ့။ ကျမက ကံကောင်းလို့ နို့မို့ဆို ငါ့အလောင်းနင်သယ်ပြန်ရမှာလို့ အစချီပြီး ဖြစ်ပျက်သမျှတွေပြောပြပါတယ်။ အမကြီး ရောက်ပြီးတစ်ပတ်အကြာမှာ ကျမတို့ညီအမ ရန်ကုန်ကိုဆေးကုဖို့ ဆေးခွင့်တစ်လယူပြီး ပြန် လာကြ ပါ တယ်။


No comments:

Post a Comment