လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, April 20, 2018


ကျမနဲ့ ဆေးဆွဲသူများ။

၁၉၇၆ ခုနှစ် တစ်ည တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံ အရေးပေါ်ဌာနမှာတာဝန်ကျနေစဉ် (ဆေးရုံမှာ ဆရာဝန် တွေနည်းလို့ အရေးပေါ်ဌာနမှာ ဆရာဝန်တစ်ဦးနဲ့ သူနာပြု ဆရာမတစ်ဦး သာ ရှိပါတယ်) အသက် ၁၈ နှစ်ခန့် သန်သန်မာမာ လူငယ် တစ်ယောက်ကို လူရွယ်နှစ်ဦးက သယ်လာ ကြပါတယ်။ လူငယ်ကိုစမ်းသပ်ကြည့်တော့ နံပါတ် ၄ ခေါ်တဲ့ ဟီအိုရင်းဆေးလွန်လို့ (heroin overdose) သတိမေ့နေ တာတွေ့ရပါတယ်။ ဒါနဲ့ ဖြေဆေးထိုး၊ ဆေးရည် (Drip) တစ်ပုလင်းသွင်းထားပြီး ၊လူနာသယ်လာတဲ့ လူငယ်များအား မေးမြန်းတဲ့အခါ လမ်းမှာသတိမေ့နေတာ တွေ့လို့သယ်လာတာဖြစ် ကြောင်း၊ ၎င်းတို့မသိပါဟုဖြေကြပါတယ်။ အဲ့ဒီအချိန်မှာ နောက်ထပ်လူနာတစ်ယောက် ရောက်လာတာနဲ့ နောက် ရောက်တဲ့လူနာကို သွားကြည့်ရပါတယ်။ နောက်ရောက်တဲ့လူနာကိုစမ်းသပ်ပြီး ဆေးရုံတင်လိုက် ပါတယ်။ ပြီးတာနဲ့ ဆေးသမားကိုသယ်လာတဲ့လူငယ်တွေရှာတော့ မရှိတော့ ပါဘူး။ လှစ်သွားကြပါပြီ။ မသိဘူးလို့ပြောပေမဲ့ သူငယ်ချင်း တွေဖြစ်ပြီး ဆေးလွန်သွားလို့သယ်လာကြတာဖြစ်ဖို့များပါတယ်။

ဆေးရည်သွင်းထားတဲ့လူနာကိုစစ်ဆေးတဲ့အခါ သက်သာလာတာတွေ့ရပါတယ်။ နံပါတ် ၄ ဆေးလွန်ရင် သူငယ်အိမ် (pupil) က အပ်ပေါက်နီးပါးကျဉ်သွားပါတယ်။ ဖြေဆေး ကြောင့်လူနာရဲ့ သူငယ်အိမ် ရောက်စ ထက် ပိုကျယ်လာတာတွေ့ရပါတယ်။ ဆေးလွန်တဲ့ လူနာရောက်ရင် ပုလိပ်ဌာန ကိုအကြောင်းကြားရပါတယ်။ လူနာကို စိတ်ချရပြီမို့ ကျမ လည်းပုလိပ်ဌာနကိုဖုန်းဆက်ပါတယ်။ အဲ့ဒီ အချိန်မှာ လူနာပြန်သတိရလာပြီး ရှပ်ရှင်ထဲကဇတ်ဆောင်တွေလို သွင်းထားတဲ့ ဆေးပိုက်ကိုဖြုတ်ပြီး ဆေးခန်းကမှန်ကိုဖေါက်ပြီးထွက်ပြေးသွားပါတယ်။ ကျမရော၊ဆရာမရော ပါးစပ်အဟောင်းသားနဲ့ကျန်ရစ်ပါတော့တယ်။ စပ်စံထွန်းဆေးရုံက ရှရှား (Russia) တွေဆောက်တာ လို့ပြောပါတယ်။ မှန်တွေ အများအပြားသုံးထားပြီး၊ ဆေးခန်းမျက်နှာစာက လူတစ်ရပ်စာ မှန်တွေနဲ့ကာထားပါတယ်။ တောင်ကြီးက ဆေးသမားတွေက ဘိန်းစားတွေလို ပိန်ပိန်ညောင်နာနာတွေမဟုတ်ပါဘူး။ မပြောရင် ဆေးသမား မှန်း တောင် မသိနိုင်ပါဘူး။ နံပါတ် ၄ ဆွဲတဲ့သူတွေကများသောအားဖြင့် ပိုက်ဆံချမ်းသာတဲ့ သူတွေဖြစ်ပြီး ကျန်းမာရေးဗဟုသုတလည်းရှိကြတာမို့  နံပါတ် ၄ ကိုဆေးလိပ်လိုရူကြပြီး၊ အာဟာရဖြစ် အောင်စားတဲ့ အပြင်၊ အားဆေးပုလင်းတောင်သွင်းကြပါတယ်။ နံပါတ် ၄ ရောင်းသူတွေကပိုက်ဆံထွက်နိုင်မဲ့ ချမ်းသာတဲ့ သားသမီးတွေကို ဆွဲအောင် နည်းအမျိုးမျိုးနဲ့ လုပ်ကြတယ်လို့သိရပါတယ်။

သိပ်မတတ်နိုင်တဲ့သူတွေ (ဆေးဆွဲလို့မွဲသွားတဲ့သူတွေ) က အကြောထဲသွင်းပါတယ်။ အကြောထဲ သွင်းရင်ဆေးနည်းနည်းပဲလိုတာမို့ အကုန်သက်သာပါတယ်။ ဆေးထိုး အပ်ဝယ်နိုင်ရင်ဆေးထိုးအပ်နဲ့ထိုးပြီး၊ ဆေးထိုးအပ်မ၀ယ်နိုင်ရင် နားထင်ကို မုတ်ဆိတ်ရိတ်ဓါးနဲ့လှီးပြီး၊သွေးထွက်တဲ့နေရာမှာဆေးသိပ်ပါတယ်။ ပြီးတော့ဒါဏ်ရာကို ပလပ်စတာ ကပ်ထားပါတယ်။ မသိရင်ခေါင်းကိုက်လို့ ပလပ်စတာကပ်တဲ့ သဘောမျိုး ပေါ့။

စပ်စံထွန်းဆေးရုံမှာ ဆေးသမားတွေအတွက် နံပါတ် ၄ ဆောင်ဆိုပြီးသတ်သတ် အဆောက်အဦး ရှိပါတယ်။ ဆေးသမားတွေကိုဆေးဖြတ်ပေးရာ နေရာဖြစ်ပါတယ်။ အဲ့ဒီ အဆောက်အဦးက မုန့်လက် ကောက် သဏ္ဍန်ဆောက်ထား ပါတယ်။ အလယ်ကအပေါက်နေရာကို ကွင်းပြင်လိုလုပ်ထားပါတယ်။ ဆေးသမားတွေကိုယ်လက်လှုပ်ရှားနိုင်အောင်လို့ပါ။ အဲ့ဒီဆေးရုံထဲကို ဘာပစ္စည်းမှပေးမယူပါဘူး၊ အ၀င် မှာစစ်ဆေးပါတယ်။

    ညဘက်တွေမှာ ဆေးသမားတွေရဲ့ အပေါင်းဖေါ်တွေက အဝေးကနေ ဆေးပါတဲ့ဆေးလိပ်တွေကို ခဲနဲ့ချည်ပြီး အလယ်ကအပေါက်နေရာကိုပစ်သွင်းကြလို့ အဆောင့်ထားရပါတယ်။ တစ်နေ့မှာ ဆေးသမား တစ်ယောက် ခြုံဖို့ပေးထားတဲ့ အညာဆောင်နဲ့ ထမင်းစားချိန်၊ ၀န်ထမ်းတွေအလုပ်ရှုပ်နေချိန်မှာ ကြိုးဆွဲချ သေသွားပါတယ်။ အဲ့ဒီနောက်ပိုင်း ဆေးသမားများ ကြိုးဆွဲချဖို့ထပ်ကြိုးစားကြပါတယ်။ ၀န်ထမ်းတွေ အချိန်မှီ သိလို့ဆုံးရှုံးမှုတော့မရှိပါဘူး။  ကြိုးဆွဲချဖို့ကြိုးစားကြတဲ့သူတွေကိုမေးတော့ သူတို့နားထဲမှာ တစ်ယောက်ယောက်က ကြိုးဆွဲချဖို့ဆက်တိုက်ပြောနေတာကြားရလို့လုပ်ကြောင်းပြောပါတယ်။ ဒါနဲ့        တာဝန်ခံဆရာဝန်ကြီး (သူက ခရစ်ယံပါ) ကို ရဟန်းတော်တွေပင့်ပြီး၊ ပရိတ်ရွတ်ချင်ကြောင်းပြောတော့ သဘောတူပါတယ်။ ပရိတ်ရွတ်ပြီးနောက်ပိုင်း ဆေးသမားတွေလဲ ကြိုးဆွဲချဖို့မကြိုးစားတော့ပါဘူး။ သူတို့ကြားတဲ့အသံလည်းမကြားတော့ဘူးလို့ပြောပါတယ်။ အညာဆောင်ကိုလည်း ကြိုးဆွဲချလို့မရတဲ့ ဂွမ်းဆောင်တွေနဲ့ပြောင်းလိုက်ပါတယ်။

တစ်ချို့ ဆေးသမားတွေကတည်ထွင်ဥာဏ်ကောင်းကြပါတယ်။ ဘော်ပင် (refill) ရီဖီးတွေနဲ့ ဆေးထိုးအပ်တည်ထွင်ကြပါတယ်။ အဲ့ဒီအချိန်က ဘော်ပင်က ရီဖီးတွေက တစ်ချို့က ပလပ်စတစ်နဲ့ လုပ်ထားပြီး၊ တစ်ချို့က သံထည် (metal) ပါ။ refill တွေရဲ့ အရွယ်ကလည်းမတူပါဘူး။ များသောအားဖြင့် ပလပ်စတစ် refill တွေက metal refill ထက်ပိုကြီး ပါတယ်။ ပိုကြီးတဲ့ ပလပ်စတစ် refill ကိုဆေးထိုးအပ်ရဲ့ အပြင်ခွံအဖြစ်သုံးပြီး၊ သေးတဲ့ metal refill ကိုအထွင်း ပြွန်ချောင်းအဖြစ်အသုံးပြုပြီး နံပါတ် ၄ ထိုးကြတယ် လို့ သိရပါတယ်။

         ဆေးသမားတွေက ရောင်းစားလို့ရတာမှန်သမျှ အကုန်ခိုးပါတယ်။ ဂျစ်ကားလိုတံခါးမရှိတဲ့ကား အပြင်မှာရပ်ထားရင် ကားထဲက ဆိုဖါတွေခိုးပါတယ်။ အပြင်မှာခိုးလို့မရရင်အိမ်ထဲကရတာ အကုန် ခိုးပါတယ်။ တစ်နေ့မှာ ဆေးခန်းကို ရင်ကျပ်ရောဂါလာပြနေကျ လူနာအဒေါ်ကြီး ရင်အရမ်းကျပ်လို့ ရောက်လာပါတယ်။ သူဆွမ်းတော်တင်တဲ့ ဆွမ်းတော်ခွက်တွေ သူ့သား ဆေးမားခိုးသွားလို့ ရောဂါသဲပြီး ရောက်လာတာပါ။ သူ့အိမ်မှာလည်း ခိုးစရာဘာမှ မရှိတော့လို့နောက်ဆုံး ဘုရားဆွမ်းတော်ခွက်တွေ ခိုးသွား တာပါ။ တောင်ကြီးက ရှမ်း၊ ပအို့တွေက အလွန်ဘာသာတရားကိုင်းရှိုင်းကြပါတယ်။ ဆွမ်းတော်ခွက်တွေကို ငွေထည်တွေနဲ့ လုပ်ထားပါတယ်။

         သွေးတိုးရောဂါရှိတဲ့ဦးကြီးတစ်ယောက်လည်း ဒေါသထွက်ပြီးသွေးပေါင်ချိန်ထက်လို့ဆေးခန်း          ရောက်လာပါတယ်။ သူ့ကျတော့ သူသားဆေးသမားက သူရထားတဲ့ တံဆိပ်တွေ ခိုးသွားလို့ပါ။ အဲ့ဒီလို အဖြစ်အပျက်တွေက တစ်ပတ်ကိုအနည်းဆုံး တစ်ကြိမ်လောက်တော့ကြုံရလေ့ရှိပါတယ်။ ဆေးဆွဲပြီဆိုရင် ဘာဆင်ခြင်နိုင်မှုမှ မရှိတော့ပါဘူး။ ဆေးရဖို့သာ သိပါတော့တယ်။ ဆေးသမားတွေရဲ့မိဘတွေကို သနား မိတာကလွဲပြီးကျမလည်းဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ပါဘူး။ မိဘတွေက သမီးထက် သားကိုပို စိတ်ပူကြရပါတယ်။ သားတော်တော်များများဆေးဆွဲကြလို့ပါ။ ကျမတို့ငယ်ငယ်ကတော့ မေမေတို့က သားထက်သမီးကိုပို ပူရတယ်တဲ့ ဘာဖြစ်လို့ လဲ ဆိုတော့ သားဆိုရင် ထောင်အပြင် တန်းမရှိဘူးတဲ့။ ဆိုလိုတာက သားယောက်ျားလေးဆိုရင်တောင်ကျရုံပဲရှိမယ်။ မိန်းခလေးတွေလို အတန်းထဲ (ပြည့်တန်ဆာ) မရောက်နိုင်ဘူးလို့ဆိုလိုတာပါ။ အခုတော့ ဆေးဆွဲတဲ့ သားရှိလို့ကတော့ တစ်မိသားလုံး ဒုက္ခရောက်တော့တာပါပဲ။

         တစ်ခါတော့ အသက် ၁၀ နှစ်ခန့်ဆင်းဆင်းရဲရဲလူငယ်လေးတစ်ယောက် ဆေးဆွဲပြီးရောက်လာ ပါတယ်။ သူခမြာ ငွေကြေးလည်းမတတ်နိုင်ပဲဘာလို့ဆေးဆွဲရတာလဲဆိုတော့။ သူက ဆေးဆွဲတဲ့သူတွေ ဆေးထိုးတဲ့ နေရာမှာသွားကြည့်တယ်။ လိုအပ်တာတွေလည်း ကူညီလုပ်ပေးတယ်တဲ့။ လူငယ်ဘာဝ စူးစမ်းတဲ့သဘောပါ။ သူ့ကိုဆေးသမားတွေက ချစ်ကြလို့ သူတို့ဆေးထိုးပြီး၊ ဆေးထိုးအပ်ကိုရေနဲ့ကျင်းပြီး ထိုးပေးရာက ဆေးဆွဲ သွားတာတဲ့။ နံပါတ် ၄ ကဒီပြင်ဆေးတွေထက် ပိုပြီးဆေးဆွဲလွယ်တယ် (drug  dependence) ဖြတ်ရတာလဲအလွန်ခက်ပါတယ်။ အရက်တို့၊ ဘိန်းတို့ ကစိတ်ဓါတ်ကြံခိုင်ရင် မဆွဲအောင် နေနိုင်တယ်တဲ့။  ဒါကြောင့် နံပါတ် ၄ ဆိုရင် နည်းနည်းလေးမှ လက်တဲ့မစမ်းပါနဲ့။ ငါးပါးတင်မက သံဃာစင်ပါမှောက်ပါလိမ့်မယ်။
         ရေးရင်းနဲ့ နောက်ထပ်တစ်ခုသတိရလာပြန်တယ်။ အဲ့ဒါကတော့ တောင်ကြီးကော်လိပ်က အိမ်သားထဲမှာ လူသေအလောင်းတွေ့လို့ ဆေးရုံကိုသယ်လာတာပါ။ အလောင်းဆိုပေမဲ့အရိုးနဲ့ ဆံပင်တွေရယ်၊၀တ်ထားတဲ့ အ၀တ်တွေပဲရှိပါတယ်။ အသားတွေ၊အင်္ဂါတွေ ဘာမှမရှိတော့ပါဘူး။ ဖြစ်ပုံက အိမ်သာတစ်လုံးကအမြဲပိတ်နေတာနဲ့ စပ်စုတဲ့ကျောင်းသားတစ်ယောက်က အထဲမှာအတွဲရှိတယ်ထင်ပြီး အပေါ်တက်ချောင်းကြည့်လို့တွေ့တာပါ။ အိမ်သာမှာ သတင်းစာစက္ကူတွေခင်းထားပြီး အလောင်းဘေးမှာ လည်း ၊ဆေးထိုးအပ် တစ်ခု ကျနေပါတယ်။  ကော်လိပ် မပိတ်ခင် ဆေးသမားအိမ်သားထဲဝင်ပြီးဆေးထိုး ရာကသေဆုံးသွားပြီး၊ အလောင်းပုပ်တဲ့အချိန်မှာ ကျောင်းပိတ်လိုက်လို့ ဘယ်သူမှအပုပ်နံ့မရကြ တာဖြစ်ပါ တယ်။
         နောက်မှတ်မိတဲ့အကြောင်းကတော့ သမားတော်တွေရဲ့ ကွန်ဖရက် (Physician Conference) ကိုတောင်ကြီးမှာလုပ်ပါတယ်။ မြန်မာတစ်ပြည်လုံးကသမားတော်တွေရော၊ စိတ်ဝင်စား တဲ့ဆရာဝန်တွေပါ တက် ရောက်ကြပါတယ်။ အဲ့ဒီမှာ နံပါတ် ၄ နဲ့ပတ်သက်တဲ့ စာတမ်းတစ်ခုဖတ်ပါတယ်။ ကျမမှတ်မိ သလောက်ကတော့ နံပါတ် ၄ ဆိုတာ ဘိန်းမဲခေါ်တဲ့ Morphine ကိုပိုမိုသန့်စင်အောင်လုပ်လို့ရတာဖြစ် ကြောင်း၊ နံပါတ် ၄ ကို ပိုမိုသန့်စင်လိုက်တဲ့အခါ နံပါတ် ၅၊ နံပါတ် ၆ တွေရကြောင်း။ အဲ့ဒီ နံပါတ် ၄၊ နံပါတ် ၅၊ နံပါတ် ၆ တွေကိုမြင်ဖူးရအောင် နမူနာလေးတွေကို ပလပ်စတစ်အိပ်ကလေးတွေနဲ့ ထုပ်ပြီး Conference တက်ရောက်သူတွေကို တစ်ယောက်မှတစ်ယောက်လက်ကမ်းပြီးပြပါတယ်။ နောက်ဆုံးတန်းက ဆေးထုပ် တွေကိုပြန်သိမ်းတဲ့အခါမှာတော့ နံပါတ် ၄၊ တစ်ထုပ်ပျောက်နေပါတယ်။ Conference တက်ရောက် သူတွေ ထဲက တစ်ယောက်ယောက်က ယူထားလိုက်ပါပြီ။ သတင်း ထောက်တွေလဲ သတင်းယူဖို့ရှိနေတာမို့ တစ်နိုငံလုံး သတင်းမပြန့်ရအောင် ပြန်တွေ့ပြီဆိုပြီး သတင်းပိတ်လိုက်ရပါတယ်။ ဆရာဝန်လည်း သွေးနဲ့ကိုယ်၊သားနဲ့ကိုယ်၊ လောဘ၊ ဒေါသ၊  မောဟ တွေဗလ၀နဲ့ ပုထုဇဉ်တွေပါပဲ။ အသိဥာဏ်နဲ့မထိန်းလို့က ဆေးသမားဖြစ်တာပါပဲ။ တောင်ကြီးမှာတင် အထူးကုသဆရာဝန်ကြီးတစ်ယောက်ဆေးဆွဲနေပါတယ်။ သူ့နဲ့တွဲလုပ်တဲ့သူနာပြုကလည်း ဆေးဆွဲနေပါတယ်။ တစ်နေ့ ဆေးခန်းပိတ်ချိန်မှာ ၂ ယောက်ထိုင်ဆိုဖာပေါ်မှာ ဆေးရူပြီးဇိမ်ရစ်နေကြတာ ဆိုဖါကြီးဆေးလိပ်က မီးဖွါးကျပြီးမီးလောင်နေတာ ကိုယ်ကို စလောင်မှသိကြ တယ်တဲ့။ တော်သေးတယ် အရှင်လတ်လတ် မီးလောင်မသေကြလို့။

ဆရာဝန်ဆိုလို့ သူနာပြုဆရာမလေး တစ်ယောက်အကြောင်းပါသတိရမိပြန်ပါတယ်။ သူမက မြန်မာတစ်နိုင်ငံလုံးမှာပထမဆွဲခဲ့တဲ့သူပါ။ ဒါပေမဲ့အခုတော့ အိမ်ထောင်ကျ၊ခလေးတစ်ယောက်ရနေပေမဲ့ သူမရော၊ သူမခင်ပွန်းပါဆေးဆွဲနေကြတယ်လို့ဆိုပါတယ်။ တစ်နေ့ညမှာသူမနဲ့ကျမအတူတူ အရေးပေါ် ဌာနမှာတာဝန်ကျပါတယ်။ ကျမလည်း သူမ အကြောင်း သိထားတာမို့သူ့မကို မသိမသာ သတိထား ကြည့် နေရပါတယ်။ လူနာ တွေဆေးမှားထိုးမှာကြောက်လို့ပါ။ အရေးပေါ်ဌာနက Morphine ထားတဲ့ ဗီဒိုသော့ ကတော့ ကျမဆီမှာပဲရှိပါတယ်။ အဲဒီညက အေးချမ်းပါတယ်။ လူနာ တစ်ယောက်မှ မလာပါဘူး။ အဲ့ဒီ အချိန်က တောင်ကြီးမှာ ည ၁၀ နာရီဆို မီးမလာတော့ပါဘူး။ ဆေးရုံက generator နဲ့သုံးရပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လျှပ်စစ်အပို မသုံးပါဘူး။ ဆေးထိုးအပ်တွေလည်းလိုမှ ပြုပ်ပါတယ်။ ည ၁၁ နာရီ လောက်မှာ သူမက ကျမအိမ်သာသွားလိုက်အုံး မယ်ဆိုပြီး ထွက်သွားပါတယ်။ အိမ်သာက ဆေးခန်းရှေ့မှာတင်ရှိပါတယ်။ ၅ မိနစ်လောက်ကြာတော့ပြန်လာပါတယ်။ သူမဆေးခန်းထဲဝင်လာပြီ နောက် ရေထဲ တစ်ခုခုကျသံလိုကို ကြားလိုက်ပါတယ်။ ညက တိတ်ဆိတ်နေ လို့ ကြားရတာပါ။ ဆေးခန်းက အေးနေ တဲ့ ဆေးထိုးအပ်ကိုယူပြီး အိမ်သာထဲမှာဆေးသွားထိုးပြီး၊ ဆေးထိုးအပ်ကို ပြန်ထဲ့လိုက်လို့ကြားရတဲ့အသံပါ။ ဆေးထိုးအပ်မှာ ရောဂါပိုးတွေပါသွားရင် ရောဂါအမျိုးမျိုးဖြစ်နိုင်ရုံသာမက ရှော့ (shock) ရပြီး ချက်ချင်း သေနိုင်တယ်ဆိုတာ သူမလည်းသိမှာပါ။ ဒါပေမဲ့ ဆေးဆွဲနေတာမို့ ဘာအန္တရာယ်ကိုမှ ဂရုမစိုက်နိုင်တော့ ပါဘူး။

         နောက်ထပ်သတိရမိတာက လင်းမယားနှစ်ယောက်နဲ့ ယောက်ျားရဲ့မိခင် ၊မိသားစုသုံး ယောက်လုံး ဆေးဆွဲနေကြတာပါ။ ဖြစ်ပုံက ပထမယောက်ျားကဆေးဆွဲတယ်။ အဲ့ဒီတော့မိန်းမဖြစ်သူနဲ့အမေက နေ့တိုင်း လိုလို ဆူကြတယ်၊ဖြတ်ဖို့ပြောကြတယ်။ သူ့အနေနဲ့ ဆေးကိုလည်းမဖြတ်နိုင်ဘူး၊ မိသားစုကိုလည်း မဖြတ်နိုင်ဘူး၊ဒီတော့ မိန်းမရော၊အမေကိုရောဆေးဆွဲအောင်လုပ်လိုက် တယ်တဲ့။ တကဲ့ဥာဏ်ကြီးရှင်ပါပဲ။

         ဆေးရုံမှာ ထောင်ကျနေတဲ့သူတွေထဲက ရောဂါဖြစ်တဲ့သူတွေကိုထားတဲ့ အချုပ်ခန်း ဆိုတာရှိပါ တယ်။ အချုပ်ခန်းကို ပုလိပ်အစောင့်ထားပါတယ်။ တစ်နေ့ အချုပ်ခန်းမှာရှိတဲ့လူနာတွေအားလုံး အသားေ တွဝါ နေကြပါတယ်။ အချုပ်ထဲမှာ နံပါတ် ၄ ကို ဆေးထိုးပြွန်တစ်ခုထဲနဲ့ထိုးကြတဲ့အတွက် အသားဝါ အသဲရောင်ဖြစ်နေတဲ့ လူနာတစ်ယောက်ကနေ အသားဝါအသဲရောင်ရောဂါ အားလုံးကိုကူးကုန်ကြတာပါ။ အဲ့ဒီအချိန်ကစပြီး အချုပ်ခန်းလည်းမထားတော့ပါဘူး။ အစောင့်တွေလည်းအရေးယူခံရတယ်လို့သိရ ပါတယ်။
         ကျမ ပြင်သစ်ရောက်ကာစက မြန်မာနိုင်ငံက ဆိုတော့ ရွှေတရိဂံ (Golden triangle) ကပဲ နင်တို့ဆီက နံပါတ် ၄ တစ်ကီလိုသာဒီကိုသယ်လာရင် နင် တစ်မီလီယံတော့ အသာလေးရမယ်တဲ့ ။ အောင်မလေး တစ်မီလီယံ မကလို ဘီလီယံ ပေါင်းများစွာရမယ်ဆိုလဲ နံပါတ် ၄ နဲ့တော့ မချမ်းသာ ချင်ပါ ဘူး၊ ဆေးဆွဲတဲ့သူနဲ့ သူတို့ရဲ့မိသားစုတွေရဲ့ဒုက္ခတွေကိုသိနေမြင်နေရတာမို့  ဆေးမဆွဲတဲ့နည်း သာရ ချင် ပါတယ်။
သတိရတာတွေရှိရင်ဆက်ရေးပါအုံးမယ်။

ဟဲ. ပလုပ်တုတ် ဘာကြီးလဲ ?

ဒီတခါ ထမ်းစင်နဲ့အပြင်လူနာဌာန ရောက်လာတာက လူအလောင်းမဟုတ်ဘဲ ရှပ်အကျီ င်္ နဲ့ ပုဆိုးစွပ်ထားတဲ့ လူ့အရိုးစုတစ်ခုဖြစ်ပါတယ်၊ ဦးခေါင်းရိုးပေါ်မှာဆံပင် တစ်ထွေးကြီးရှိနေပါတယ်။
အဖြစ်က = တောင်ကြီးကော်လိပ်ဖွင့်ချိန်မှာ အိမ်သားခန်းတစ်ခုကအမြဲ ပိတ်နေတာနဲ့ စပ်စုတဲ့ ကျောင်းသားတစ်ယောက်က အထဲမှာအတွဲရှိတယ်ထင်ပြီးဘေးအခန်းကတက်ခြောင်းရာက တွေ့ခဲ့တာပါ။ အိမ်သားကြမ်းပြင်မှာသတင်းစားစက္ကူတွေခင်းထားပြီးအနားမှာလဲ ဆေးထိုးအပ်နဲ့ ဆေးပြွန်ရှိနေခဲ့ပါတယ်။ မနစ်ကော်လိပ်ဖွင့်ချိန်ဆေးသမားတစ်ယောက်အိမ်သားထဲ ၀င်ဆေးထိုးရင်းသေသွာပုံရပါတယ်။ အလောင်းပုပ်ချိန်နဲ့ ကော်လိပ် ပိတ်ချိန်တိုက်ဆိုင်တာမို့ အပုပ်နံ့မရကြပဲ အခုမှတွေ့ကြတာပါ။ မူးရစ်ဆေးများတော်တော်ကြောက်ဖို့ကောင်းပါလား။ ဒီပုံကို မနေ့ကလူငယ်ကိုပြချင်လိုက်တာ။ တိုက်တိုက်ဆိုင်ဆိုင် မနက်က လမ်းမှာမေ့နေလို့ဆိုပြီး အသက် ၂၀ ၀န်းကျင် သန်သန်မာမာလူငယ်တစ်ယောက်ကို အပြင်လူနားခန်းမှာလာပို့သွားပါတယ်။ လူငယ်ကိုစမ်းသပ်ကြည့်တော့ ဘာရောဂါလက္ခဏာနဲ့ ထိခိုက်ဒါဏ်ရာတွေမရှိပဲ သူငယ်အိမ်ကတော့ အလွန်သေးငယ် (Pinpoint pupil) နေပါတယ်။ ဒါက နံပါတ် ၄ ဆေးရဲ့ ထူးခြားတဲ့ သင်္ကေတပါ။ အမြန်ဆုံး ဖြေဆေး ( antidote) ထိုး ၊ drip ချိတ်၊ အောက်ဆီဂျင် ပိုက်တတ်ထားပြီး ၊ လူနာအခြေအနေစိတ်ချရချိန်မှာ ရဲစခမ်းကိုအကြောင်းကြားဖို့ ဖုန်းဆက်ပါတယ်။ အဲ့ဒီအခိုက် ၀ုန်းဆိုတဲ့ အသံနဲ့အတူ မှန်ဆတွေကွဲကျသံကြားလိုက်ရပါတယ်။ ဆေးဆွဲလူငယ်ကသတိပြန်ရလာပြီးကျမ ရဲစခန်းဖုန်းဆက်သံကြားလို့ သူ့မှာတက်ထားတဲ့ drip နဲ့၊ အောက်ဆီဂျင် ပိုက် တွေဆွဲဖြုတ်ပြီး အပြင်လူနာဌာနက မှန်ကိုဖေါက်ပြီးထွက်ပြေးသွားတာပါ။ ဆေးစထိုးချိန်မှာ ၊ အထူးသဖြင့် အစားအသောက်နဲ့အားဆေးစတာတွေ ပါစားသောက်နေရင် ဆေးသမားမှန်မသိသာပါဘူး။ အစမှာအကြောဆေးမထိုးပဲ ရူကြတာမို့ ဆေးထိုးရာလဲ မတွေ့ရပါဘူး။ နောက်ပိုင်းဆေးဆွဲလာတော့ ငွေကုန်သက်သာတဲ့ အကြောဆေးထိုးကြ၊ စားစရာလဲပြတ်လတ်လာပြီး၊ ဆေးသမားရုပ်ပေါက်လာတာပါ။ ဆေးဆွဲမိပြီဆိုရင်တော့ ဘာအသိတရားမှမျိတော့ပါဘူး။ ဒါကြောင့် ( addition) ဥပါဒါန် ဆိုတာ အလွန်ကြောက်ဖို့ကောင်းတယ်။ မြွေဟာသူအလွန်ကြိုက်တဲ့ဖါးကိုမိတဲ့အခါ ရိုက်သတ်မယ်ဆိုတာသိတာတောင် ဖါးကိုမလွှတ်ပဲ အသေခံတယ်လို့မြတ်စွာဘုရားဥပမာပေး ဟောတော်မူတာ သတိရပြီး သံဝေဂ ရမိပါတော့တယ်။

ကျမ အပြင်လူနာဌာနမှာ တာဝန်ကျနေစဉ် အလုပ်ဝင်ပြီး တစ်နှစ်မပြည့်ခင်မှာ တီဘီရောဂါ ကူး ဆက်ခံရပြီး အဆုတ်ထဲ ရေ၀င် တဲ့ရောဂါဖြစ် ပါတယ်။၊ တီဘီဆေးတွေရဲ့ဒါဏ် (ဘေးထွက်ဆိုးကျိုး side effects ) တွေ ကျမ မခံနိုင်တာကြောင့် ဆေးခွင့် (လုပ်သက်ခွင့်မရှိသေးတာကြောင့်) ယူပြီး မိဘ များရှိရာ ရန်ကုန်ကိုပြန်ခဲ့ ပါတယ်။ ခွင့်တစ်လပြည့်ချိန်မှာ အဆုတ်ထဲကအရည်တွေ ပျောက်သွား တာမို့ အလုပ်ပြန် ၀င်ဖို့ပြန် လာခဲ့ပါတယ်။ ကျမ ရဲ့ရောဂါ အခြေအနေကြောင့် အပြင်လူနာဌာနမှာ တာဝန်မချ ထားတော့ပဲ သွေးဘဏ်မှာ တာဝန်ချ ထားခြင်း ခံရပါတယ်။

သွေးဘဏ်က ရောဂါဗေဒဌာနရဲ့ လက်အောက်ကဌာနခွဲလေးပါ။ ကျန်တဲ့ဌာနခွဲတွေက ဓါတ်ခွဲခန်း ပါ။ ဓါတ်ခွဲခန်းမှာ သွေးဥနီ၊ သွေးဥဖြူနဲ့ သွေးဥမွှားတွေ စစ်ဆေးတဲ့ Hematology section,သွေး၊ဆီး၊စတဲ့ ကိုယ်ထဲက အရည်အမျိုးမျိုးထဲမှာရှိတဲ့ ဓါတ်တွေကို စစ်ဆေးတဲ့Biochemistry section, ကိုယ်ထဲက ထွက် လာတဲ့ ဆီး၊၀မ်း၊စတာတွေမှာရှိတဲ့ရောဂါပိုးတွေကိုစစ်ဆေးတဲ့Parasitology section, ကိုယ်ခန္ဓာထဲမှာ ကင်ဆာ စသည် ရောဂါများ ရှိမရှိစစ်ဆေးတဲ့Histopatholgy section ဆိုပြီး ခွဲခြား ထားပါတယ်။

ရောဂါဗေဒဌာနရဲ့ ဌာနမှူးက ရောဂါဗေဒဆရာဝန်မကြီးပါ။ သူ့အောက်မှာ ဓါတ်ခွဲခန်းမှူး ၂ ယောက် ရှိပါတယ်။ ဓါတ်ခွဲခန်းမှူးတွေက တက္ကသိုလ်က ဘွဲ့ရတွေပါ။ သူတို့အောက်မှာတော့ ဓါတ်ခွဲခန်း တက်နစ်ရှင် (technician) အဆင့် ၁၊ နောက် အဆင့်၂ ၊ အောက်ဆုံးမှာ ဓါတ်ခွဲခန်းအကူဆိုပြီးရှိပါတယ်။ ဓါတ်ခွဲခန်းမှူး ၂ ယောက်က ဓါတ်ခွဲခန်းတက်နစ်ရှင်တွေရဲ့ စစ်ဆေး မှုတွေကို လိုအပ်သလို ပြန်လည် စစ်ဆေးရတဲ့အပြင် ဓါတ်ခွဲခန်းတက်နစ်ရှင် (technician) အဆင့်၂ ကျောင်းသားတွေကို သင်ကြား ပို့ချရ ပါတယ်။ ဓါတ်ခွဲခန်း တက်နစ်ရှင် (technician) အဆင့်၂ က တစ်နှစ်သင်တန်းဖြစ်ပါတယ်။ တစ်နှစ်ကို သင်တန်းသား ၁၀ ယောက် သင်ကြားပို့ချပါတယ်။

ဓါတ်ခွဲခန်းမှူး ၂ ယောက်အနက်တစ်ဦးက လူပျိုဖြစ်ပြီး၊ ကျန်တစ်ဦးကအပျိုဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှူး ဒေါ်တင်မြတ်ဝင်းနဲ့ ကျမ တီဗီ မဖြစ်ခင်ကပင် ခင်မင်ကြပါတယ်။ ကျမ တောင်ကြီးပြန် ရောက်တော့ သူမရဲ့ အိမ်မှာ ကိုယ်ပိုင်ဓါတ်ခွဲခန်းဖွင့်ထားပြီးကျမကိုလည်း သူမ ဓါတ်ခွဲခန်းနဲ့တွဲပြီးဖွင့်ထားတဲ့ အပြင်ဆေးခန်းမှာ ဆရာဝန်အဖြစ်တာဝန်ယူဖို့ကမ်းလှမ်းလာပါတယ်။ တောင်ကြီးမြို့မှာ ညနေပိုင်းဆို လူ သိပ် မရှိတော့ပါဘူး။ မနက်ဖက်မှာသာ ဈေးလာရောင်းသူတွေ၊ အလုပ်အကိုင်နဲ့လာကြသူတွေနဲ့ စည်းကား တာပါ။ ဒါကြောင့် အပြင် ဆေးခန်းတွေမှာ လူနာသိပ်မရှိပါဘူး။ ဘဲဥမကွဲတဲ့ ရက်တွေသာများပါတယ်။ အဲ့ဒီအချိန်က လက်ထောက်ဆရာဝန် လစာ ၄၅၀ ကျပ်နဲ့ ဆို လူတစ်ယောက်စာ စားလောက်ပါတယ်။ ဒါကြောင့် စပ်စံထွန်းဆေးရုံက လူလွတ်ဆရာဝန်တွေ ဘယ်သူမှဆေးခန်းမဖွင့်ကြပါဘူး။ အိမ်ထောင်သယ် နှစ်ဦး သာ ဆေးခန်း ဖွင့်ပါတယ်။ ကျမအနေနဲ့လည်း စီးပွါးရေးကြောင့် မဟုတ်ပဲ သူမကိုလည်းကူညီရင်း၊ သူမအိမ်မှာ အပျင်းပြေ အားလူးဖုတ်ရ အောင် သဘောတူခဲ့ပါတယ်။ ကျမ တီဗီရောဂါရထားတာကြောင့် မေမေလည်း ကျမကို ချက်ပြုပ်ကျွေးမွေးဖို့ လိုက်လာပါတယ်။

ယခင်က ဆရာဝန်အိမ်ခန်းတွေမလုံလောက်လို့ ကျမနဲ့ ကျန်အပျိုဆရာဝန် ဒေါ်ခင်နှင်းကို  သူနာပြု ဆောင် မှာပဲနေစေပါတယ်။ အခု မေမေနဲ့အတူ ဆေးရုံဝင်းထဲက ဆရာဝန်အခန်းရလို့ အဲ့ဒီ မှာ ပြောင်းနေ ခဲ့ပါ တယ်။ အဖေကလည်း တောင်ကြီး မြို့ရဲ့အအေးထဲမှာ ဘက်စ်ကားစောင့်ရင်း အအေးမိမှာ စိုးလို့ သူ့ကားနဲ့ဆင်တူ (ကျမ ကားတစ်ခုခုဖြစ်ရင် သူ ရန်ကုန်က ကားအပိုပစ္စည်း ပို့ပေးနိုင်အောင်လို့) morris minor ကားတစ်စီး ၀ယ် ပေးလိုက် ပါတယ်။ ညနေဆေးရုံကပြန်လာပြီး ရေမိုးချိုး၊ထမင်းစား သောက်ပြီး မေမေနဲ့နှစ်ယောက်သား၊ဒေါ်တင်မြတ်ဝင်းရဲ့ အိမ်ကို (ဆေးခန်းက အိမ်အောက်ထပ်မှာ ဖွင့် ထားပါတယ်) ထွက်ခဲ့ကြပါတယ်။

သွေးဘဏ်မှာဘာမှ ထူးထူးထွေထွေ လုပ်စရာမရှိပါဘူး။ အဲ့ဒီအချိန်က လျှပ်စစ်မီးကလည်း ၂၄ နာရီ မရတာကြောင့် ဆေးရုံမှာ ရှိတဲ့ generater နဲ့ လယ်တဲ့ သွေးသိမ်းတဲ့ အထူးရေခဲသေတ္တာ(အမြဲတန်း ၄ ဒီဂရီ စင်တီဂရိတ်ရှိအောင်လုပ်ထားသော) ထဲမှာ ခွဲစိပ်မဲ့ လူနာနဲ့ သွေးလိုအပ်တဲ့ ရောဂါသယ်တွေ အတွက် လာလှူထားတဲ့ လူနာရှင်တွေရဲ့သွေးတွေကို သာထားနိုင်ပါတယ်။

ကျမအနေနဲ့ သွေးလှူရှင်တွေ သွေးလှူဖို့ သွေးပေါင်ချိန် ပြည့်မပြည့်စမ်းသပ်ခြင်း၊ အခြားသော သွေးမှတစ်ဆင့်ကူးဆက်နိုင်တဲ့ ရောဂါများရှိမရှိမေးမြန်းစစ်ဆေးခြင်း၊ လောက်သာလုပ်ပေးရတဲ့ အတွက် နလံထ အနားယူရာဌာနဖြစ်ပါတယ်။

ကျွန်ဇာတာပါတယ် လို့ပြောရမလား မသိ၊ ကျမက အားအား မနေတတ်ဘူး။ တစ်ခုခုလုပ်နေရမှ။ ဒေါ်တင်မြတ်ဝင်းကို ငါ့ကို နင်တို့ လုပ်တဲ့ သွေးစစ်တာတွေပြပေးပါလား။ ငါတို့ ဆေးကျောင်းမှာ အခြေခံ သွေးစစ် တာတွေသင်ခဲ့ရတယ်ဆိုတော့ ဒေါ်တင်မြတ်ဝင်းက အဆင်သင့်ပဲ။ အဆင့်၂ ကျောင်းသားတွေ သင်တန်းပြီးလို့ပြန်သွား ကြပြီ၊သူတို့ရဲ့ ဓါတ်ခွဲခန်းမှန်ဘီလူး (microscope) တွေတောင် မသိမ်းရသေးဘူး။ အမကို တစ်ခု ပေးထားမယ်။ အဲ့ဒါနဲ့ အမ လေ့လာ ပေါ့ဆိုပြီး၊ microscope ထည့်ထားတဲ့ သစ်သားဘူး တစ်ခုကို ဖွင့် လိုက်တော့ ဘူးထဲမှာ microscope မရှိပါဘူး။ microscope တစ်ခုချင်းကို ဘူးနဲ့ထဲ့ပြီး အပြင်ကဘူးကို သော့နဲ့ ပိတ်ထားပါတယ်။ ဒီဘူးက microscope ကိုယူသွားပြီး ပြန် သော့ပိတ်ထားလို့ အထဲမှာ ဘယ် အချိန်ထဲက microscope ပျောက်နေတယ်ဆိုတာ မသိပါဘူး။ ဒေါ်တင်မြတ်ဝင်းလည်း တော်တော်စိတ်ပူ သွား ပါတယ်။ microscope အားလုံးကို သူမကိုယ်တိုင် လက်မှတ်ထိုး ထုတ်ထားတာမို့ သူမ တာဝန်ပါ။



ကျမတို့လည်းရောဂါဗေဒဆရာဝန်မကြီးကိုအကျိုးအကြောင်းတိုင်တန်းဖို့သွားတော့ ဆရာမကြီး အိမ်ပြန် သွားပြီ ဖြစ်တာကြောင့် နောက်နေ့မှပဲ ကျမနဲ့ အတူတူ ဆရာမကြီးကိုသွားရောက်တိုင်ကြား ကြ ပါတယ်။ အံ့သြစွာ ဆရာမကြီးရဲ့ မျက်နှာက တစ်မျိုးပဲ၊ စိတ်မ၀င်စားသလိုလို၊ တကယ်ကသူ့မှာလည်း တာဝန်ရှိပါတယ်။

အဲ့ဒီအချိန်က ပုဒ်မ ၆၁ (ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု) နဲ့ လူတော်တော်များများထောင် ကျတာ ကြောင့် အလွန်ခေတ်စားနေတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ကျမလည်း စိတ်မပူနဲ့ ငါစဉ်းစားလိုက်အုံးမယ်လို့ အား ပေးပါတယ်။ ကျမ စဉ်းစားမိတာက microscope အသုံးပြုတတ် သူက ဓါတ်ခွဲခန်းကျွမ်းကျင် သူတွေပဲ ရှိ တယ်။ အဲ့ဒီသုံးတတ်သူတွေထဲမှာ ဒေါ်တင်မြတ်ဝင်းကလွဲရင် ဘယ်သူမှ ဓါတ်ခွဲခန်းမဖွင့်ဘူး၊ ဖွင့်မယ်လို့ ရည်ရွယ်တဲ့သူလည်းမရှိဘူး။ မသုံးရင် ဘာအတွက်ခိုးတာလဲ၊ ရောင်းစားဖို့ပဲဖြစ်မယ်။ ရောင်းစားရင် တောင်ကြီး၊ ဈေးကြီး တစ်ခု ပဲရှိတယ်။ ဈေးမှာတောင် ဆေးခန်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ အဆက်အသွယ်ရှိမဲ့ ဆေးရောင်း သူတွေပဲ ရှိတယ်လို့စဉ်းစားမိတာနဲ့ ကျမ ဆေးခန်း အတွက်ဆေး ၀ယ်နေကျ ကိုဟာရှင် ဆီ ပြေးရပါတယ်။(အဲ့ဒီအချိန်က အပြင်ဆေးခန်းတွေ ယိုးဒယားက မှောင်ခိုဝင်တဲ့ ဆေးကိုပဲ အသုံး ပြုရတာမို့ အတု မပါ စေ ရန် ဆေးရောင်းတဲ့သူကိုမိတ်ဖွဲ့ထားရပါတယ်)။ ကိုဟာရှင်ကို အကျိုးအကြောင်းပြောပြပြီး၊ ဆေးရုံက ပျောက်သွားတဲ့ microscope ပုံသဏ္ဍန်နဲ့ အမျိုးအစားပေးပြီး ၀ယ်ချင်လို့ စုံစမ်းတဲ့ အနေနဲ့ စုံစမ်း ခိုင်းပါတယ်။ ကံကောင်းချင်တော့ ကိုဟာရှင်က နောက်နေ့ မှာသတင်းလာပို့ပါတယ်။ သူတို့တောင်ကြီးဈေး ထဲက ဦး- ဆီမှာရှိကြောင်း ၀ယ်မယ်ဆိုရင်ပြ မယ်ဆိုတာ သိရတာနဲ့ နှစ်ယောက်သား ရောဂါဗေဒ ဆရာ ၀န် မကြီးရဲ့ အိမ်ကို အပြေးလေး သွားရောက်သတင်းပို့ကြပါတယ်။

ရောဂါဗေဒဆရာဝန်မကြီးက တောင်ကြီးရောက်တာကြာပါပြီး တောင်ကြီးစော်ဘွားသားနဲ့ အိမ် ထောင်ကျပြီးသားသမီးတွေတောင် ထွန်းကားနေပါပြီ။ ရောဂါဗေဒဆရာဝန်မကြီးရဲ့ အမျိုးသားလည်း ရဲအဖွဲ့နဲ့ ဈေးထဲက ဦး- ဆိုင်ကိုသွားရှာတော့ပျောက်နေတဲ့microscope ကို လက်ရဖမ်းဆီးမိပါတယ်။ ဆေးရုံက သန့်ရှင်းရေးအလုပ်သမား ဦးရခိုင်က ရောင်းဖို့ပေးထားတာလို့ ထွက်ဆိုပါတယ်။ ဦးရခိုင်ကို ဖမ်း တော့ သူ့ဖခင်ရခိုင်မှာအသဲအသန်နေမကောင်းနေကြောင်း သံကြိုးရတာကြောင့်အရေးပေါ်လိုက်သွားဖို့ စရိတ် လို လို့ ခိုးမိပါ တယ်လို့ အစစ်ခံပါတယ်။ ဒါပေမဲ့ ဦးရခိုင်အနေနဲ့ ဓါတ်ခွဲခန်းထဲမှာဘူးနဲ့သိမ်း ထားတဲ့ microscope ရှိတယ်ဆိုတာ၊ ရောင်းစားလို့ရတယ် ဆိုတာ၊ သော့ပိတ်ထားတဲ့ဘူးဖွင့်ဖို့ဆိုတာ မဖြစ်နိုင် ပါ ဘူး။ ဒါပေမဲ့ ဦးရခိုင်က သူ့ဘာသာ လုပ်တာပါလို့ ဖြောင့်ချက်ပေးပါတယ်။ ရောဂါဗေဒ ဆရာဝန်ကြီးကိုတွေ့ချင်ကြောင်းပြောပေမဲ့ ရောဂါဗေဒဆရာဝန်ကြီး လုံးဝသွား မတွေ့ပါဘူး။ ဦးရခိုင်ကို ရိုးသားလို့ ရောဂါဗေဒ ဆရာဝန်ကြီး က ဦးရခိုင်အားတဲ့အချိန် ဓါတ်ခွဲခန်းသန့်ရှင်းရေးလုပ်နိုင်အောင်လို့ သော့ အပို တစ်ချောင်း တောင် ပေးထားခဲ့တာတဲ့။ အခုလို ယုံကြည်မှု ကို အလွဲသုံးစား အလုပ်ခံရတာမို့ မတွေ့ချင် တော့လို့ သွားမတွေ့တာလို့ သိရပါတယ်။

          တကယ့်အဖြစ်က ဓါတ်ခွဲခန်းမှာ ဓါတ်ခွဲခန်းတက်နစ်ရှင် (technician) အဆင့်၁ လူပျိုသိုးကြီး တစ်ယောက်ရှိပါတယ်။ အသက်က ၄၀ ကျော်။ ဆွေမရှိမျိုးမရှိ တစ်ယောက်ထဲနေပါတယ်။ တခါတရံ ဓါတ်ခွဲခန်းကpressure cooker ထဲ ငါးတွေထဲ့ ပေါင်းစားလို့ ဓါတ်ခွဲခန်း တစ်ခုလုံးနံအောင် လုပ်တတ်ပါ တယ်။ ရောဂါဗေဒဆရာဝန်ကြီးက ဦးရခိုင်ကို ရိုးသားလို့ favour ပေးသလို လူပျိုသိုးကြီးကိုလည်း အသနား ပိုပြီး သူလုပ်တာတွေကို မသိချင်ရောင်ဆောင်နေပါတယ်။ လူပျိုသိုးကြီးက ကျမသူငယ်ချင်း ဒေါ်တင်မြတ် ၀င်းကို စိတ်ဝင်စားပါတယ်။ ဒေါ်တင်မြတ်ဝင်းက အထိုက်အလျောက်ချမ်းသာတယ်။ ဆေးပညာ ၀ါသနာ ပါတယ်။ အသက် ၃၀ ၀န်းကျင် ကိုယ်နေ ဟန်ထားရော၊ ရုပ်ရည်ပါချောမော လှပ တယ်။ လူပျိုသိုးကြီးက အို တဲ့အပြင် ချစ်ခင်စရာ ဘာတစ်ကွက်မှမရှိဘူး။ အရက်ကလည်း သောက်တတ် သေးတယ်။ ဒီတော့ ဒေါ်တင်မြတ် ၀င်းစိတ်မ၀င်စားတာမဆန်းပါဘူး။ ဒါကို သူကမကြေနပ်ဘူး။ ဦးရခိုင် ငွေရေး ကြေးရေး ပြဿနာဖြစ်တော့ လူပျိုသိုးကြီးကို တိုင်ပင် တယ်။ အဲ့ဒီမှာ သူက ဒေါ်တင်မြတ်ဝင်းဒုက္ခရောက်မဲ့ အကြံ အစည်ကို ဦးရခိုင်ကိုပေးတယ်။ သူ ည ဂျူတီကျတဲ့ညမှာ Microscope ဘူးသော့ ကို ဖွင့်ပြီး ဦးရခိုင်ကို ဈေးမှာရောင်းဖို့ပေးလိုက်ပြီး၊ ရောဂါဗေဒ ဆရာဝန်ကြီးကို ဒေါ်တင်မြတ်ဝင်းခိုးပြီး သူမအိမ်မှာ ကျမနဲ့အတူဆေးခန်းနဲ့ ဓါတ်ခွဲ ခန်းဖွင့် ထားတယ်လို့ တိုင်းထားကြတယ်။ ဒါကြောင့်ကျမတို့ Microscope ပျောက်ကြောင်း သွားတိုင်တော့ ရောဂါဗေဒဆရာဝန်ကြီး မျက်နှာ တစ်မျိုးဖြစ်နေတာကိုး။ သူ့ရင်ထဲမှာတော့ နင်တို့ ဘာသာခိုးပြီး၊ ငါ့လာတိုင်တယ်ပေါ့။

    ဦးရခိုင်ကတော့ ထောင်ကျသွားပါတယ်။ လူပျိုသိုးကြီးကတော့ အရင်အတိုင်း ဓါတ်ခွဲခန်းမှာပါပဲ။ ဒါပေမဲ့ ရောဂါဗေဒဆရာဝန်ကြီးရဲ့ favour ပေးမှုမရတော့တာကြောင့် ငါးပေါင်းတာတွေတော့ မလုပ် တော့ ပါဘူး။ နောက်၂ နှစ်လောက်မှာ သူ့ဇာတိရှိရာ အညာကို အပြန် ရထားပေါ် ကပြုတ်ကျသေဆုံးခဲ့ပါတယ်။


သူများကိုဒုက္ခရောက်အောင်ကြံစည်ခဲ့လို့ သူဒုက္ခရောက်တာလား?














အခုတ်ခံရတဲ့သူရဲ့စိတ်ကဓါးခုတ်ရာကိုဆွဲနေတယ်။ စိတ္တဇရုပ်ကဓါတ်ချင်းဆက်နေတယ်။ ဒီရုပ်တွေကို ဟိုဘက်ဘ၀ သယ်သွားတာတော့မဟုတ်ဘူး။ မဟုတ်ပေမယ့်လို့ ဓါတ်ချင်းက ဆက်နေတော့         ဟိုဘက်ဘ၀ရုပ်မှာ ဓါးခုတ်ရာ ပါနေတယ်။ ဒီဘက်ရုပ်တွေ ဟိုဘက်ကို တိုက်ရိုက်ကူးသွားတာတော့ မဟုတ်ဘူး။ ဟိုဘက်ဘ၀မပြောနဲ့ ဒီဘက်ဘ၀မှာတောင် မကူးဘူး။ ဥပမာ  ၁၀ နှစ်သားအရွယ်မှာ ရှိနေတဲ့ဓါးခုတ်ရာဟာ ၁၁ နှစ်သားကျတော့ မူလဓါးခုတ်ရာမပါတော့ဘူး။ မြင်နေရတဲ့ ဓါးခုတ်ရာက ရုပ်သစ်ပဲ။ အသစ်အသစ်ဖြစ်ပေါ် လာတဲ့ ဓါးခုတ်ရာပဲ။ ဓါတ်ဆက်နေတော့ ရုပ်ရုပ်ချင်း ကျေးဇူးပြု လိုက်တဲ့ အတွက် ဒီကအရာလေးနဲ့ ဆိုင်တဲ့ ရုပ်ကလေးတွေပဲ ဟိုမှာ သွားပြီးတော့ ဖြစ်တယ်။ အဲ့ဒီအတိုင်းပဲ ဟိုဘက်ဘ၀မှာ ဓါးခုတ်ရာထင်နေတာလဲ ရုပ်သစ်ပဲ။ စိတ်ဓါတ်က ဆက်ရက်ဖြစ်နေလို့ ဟိုဘက်မှာ ရုပ်သစ် သွားဖြစ်တာ။ ဒီနည်းတူကူးသွားတာပါ။  ဒီဘက်ဘ၀ကစိတ်တွေရုပ်တွေ ဟိုဘက်ဘ၀ကိုတိုက်ရိုက် ကူးသွားတာမဟုတ်ပါဘူး။



စိတ်သာရှင်စောဘုရားဟော ဆိုတာလို အရာရာကိုစိတ်ကဦးဆောင်ပါတယ်။ လူ၊တိရစ္တာန်၊နတ်၊ပုံသဏ္ဍန် အမျိုးမျိုး ဖြစ်အောင်လည်းစိတ်ကပဲလုပ်တာပါ။



 စိတ်သာပဓာန (တောင်တန်းသာသနာပြုဆရာတော်ကြီးဦးဥတ္တမသာရ)

လူ့ပြည်၊နတ်ပြည်၊ဗြဟ္မပြည်၊
ကျင်လည် စိတ်ကြောင့်သာ။
အပါယ်လေးပါးကျသူများ၊
မှတ်သား စိတ်ကြောင့်သာ။
ကောင်း၊ဆိုး၊ယုတ်၊မြတ်၊ဖြစ်လာတတ်၊
မှတ်ကြ စိတ်ကြောင့်သာ။
နိဗ္ဗာန်သာခေါင် ၊ဘေးမဲ့သောင်၊
စိတ်ဆောင် ရောက်မည်သာ။

ကျမ်းကိုး
ဆရာတော်အရှင်ဇနကာဘိဝံသ၏ သိပ္ပံအမြင်နှင့်ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ။


Tuesday, April 17, 2018

သေကံမရောက်သေးလို့လား ?

တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံအပြင်လူနာဌာနမှာ လက်ထောက်ဆရာဝန် အဖြစ်နဲ့ တာဝန်ထမ်း ဆောင်တာ သုံးလလောက်အကြာမှာ ချမ်းတုန်ပြီးဖျားပါတယ်။ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှ မရှိတာမို့ ငှက်ဖျား ရောဂါလို့ ထင်ခဲ့ပါတယ်။ ငှက်ဖျားပိုး စစ်ဆေးပေးဖို့ ဓါတ်ခွဲခန်းကိုပို့လိုက်ပါတယ်။ ၃ ရက်ဆက်တိုက် စစ်ပေမဲ့လည်း ငှက်ဖျားပိုး မတွေ့ပါဘူး။ ဖျားနေတဲ့ အချိန်မှာယူတဲ့သွေးမှာလည်း မတွေ့ပါဘူး။ ဓါတ်ခွဲခန်းမှူး (medical technologist) ဒေါ်တင်မြတ်က ကျမကိုယ်တိုင်သေချာကြည့်ပါတယ်၊ ပိုးမတွေ့ပါဘူးတဲ့။ ဒေါ်တင်မြတ်က အလုပ် လုပ်တာ အလွန်သေချာစိစပ်ပါတယ်။ ငှက်ဖျားပိုးကို သူမ ရှာလို့မတွေ့ဘူးဆိုရင် ငှက်ဖျားရောဂါမဟုတ်တာသေချာပါတယ်။ ဒါနဲ့ ချမ်းတုန်ဖျား တတ်တဲ့ ဆီးပိုးဝင်တဲ့ ရောဂါ (urinary tract infection) များ ဖြစ်နေ မလားဆိုပြီး၊ ဆီးကို  ပိုးရှိမရှိ စစ်ဖို့ ဓါတ်ခွဲခန်း ပို့ရ ပြန် ပါတယ်။

ဆီးပိုးဝင်တဲ့ရောဂါက မသန့်တဲ့ရေကို သုံးမိရင်ဖြစ်နိုင်ပါတယ်။ အဲ့ဒီ အချိန်က  အပြင် လူနာဌာန (ရုံးဖွင့်ချိန်) အနေနဲ့ရော အရေးပေါ်ဌာန(ရုံးပိတ်ချိန်) အနေနဲ့ပါ အသုံးပြုတဲ့ နေရာမှာ အိမ်သာတစ်လုံးပဲ ရှိပါတယ်။ ဆေးဝန်ထမ်းတွေရော၊ လူနာတွေပါ အတူတူ သုံးရပါတယ်။ ရေကလည်း အမြဲမလာလို့ ပုံးတစ်ခု ထဲမှာထည့်ထားတဲ့ ရေကိုပဲ ခတ်သုံးရပါ တယ်။ ရောဂါရှိတဲ့ သူခတ်သုံးထားလို့ ရေထဲမှာပိုးတွေ ရောက် နေရင် နောက်သုံးတဲ့သူကို ကူးနိုင်ပါတယ်။ အထူးသဖြင့် တောင်ကြီးလို အေးတဲ့နေရာမှာ ပိုးတွေရေထဲမှာ ကြာကြာ ရှင်နေနိုင် ပါတယ်။ တစ်လလုံးလုံး အရေးပေါ် တာဝန်ယူရတဲ့ညတွေမှာ အဲ့ဒီရေအိမ်က ကျန်းမာရေးနဲ့ မညီတဲ့ရေကို သုံးခဲ့ရတာမို့ ဆီးပိုးဝင်တဲ့ရောဂါလည်း ဖြစ်နိုင်တယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ (၃)ရက် ဆက်တိုက် ပိုးမွေးခဲ့ပေမဲ့ ဘာပိုးမှမပေါက်ပါဘူး။ ဆိုလိုတာက ဆီးမှာ ဘာပိုးမှမရှိပါဘူး။ 

ဒါဆိုရင် တောင်ကြီးမြို့မှာ အဖြစ်များတဲ့ တိုက်ဖိုက်များဖြစ်မလားလို့၊ (တိုက်ဖိုက်ဖျားကာစမှာ၊ အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့သူတွေမှာ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှ မပြ တတ်ပါဘူး) ယူဆပြီး တိုက်ဖိုက်ဆေးတွေ စသောက်ရပါတော့တယ်။ တိုက်ဖိုက်ပိုးကို ကိုယ်ထဲမှာ ရှာလို့မတွေ့နိုင်ပါဘူး။ တိုက်ဖိုက်ပိုး ကိုယ်ထဲရောက်ဖူးတယ် ဆိုတာကို ပြောနိုင်တဲ့ အင်မူနိုဂလိုဘင် (immunoglobulins) ကို တော့ သွေးရည်ကြည်ထဲမှာ စစ်လို့ရပါတယ်။


ဒါပေမဲ့ မြန်မာပြည်မှာ လူတော်တော်များများရဲ့ ကိုယ်ထဲကို တိုက်ဖိုက်ပိုး တစ်ချိန်မဟုတ် တစ်ချိန်  ၀င်ခဲ့ တာ မို့ (တိုက်ဖိုက်ပိုးကိုယ်ထဲ ရောက်ပေမဲ့ ရောဂါမဖြစ်ခဲ့သူများ) တိုက်ဖိုက် အင်မူနိုဂလိုဘင်တွေ့ရုံနဲ့ တိုက်ဖိုက် ရောဂါလို့မပြောနိုင်ပါဘူး။ တိုက်ဖိုက်ရောဂါလို့ ပြောနိုင်အောင် တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေကို တစ်ပတ်ခြားပြီး စစ်ရပါတယ်၊ ဒုတိယ စစ်တဲ့သွေးမှာရှိတဲ့ တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေက ပထမစစ်တဲ့ သွေး ထက်အနည်းဆုံး လေးဆ ပိုများလာမှတိုက်ဖိုက် ရောဂါလို့ပြောနိုင်ပါတယ်။


ဟိုဟာစစ် ဒီဟာစစ်နဲ့ဖျားတာလဲ၊ နည်းနည်းကြာလာ၊ ဘာရောဂါမှန်းလည်း မသိသေးတာနဲ့       ဆိုးဝါးတဲ့ ရောဂါတွေ ဥပမာ ကင်ဆာများ ဖြစ်နေမလားလို့ တစ်ကိုယ်လုံး ကျန်းမာရေ စစ်ဆေးဖို့ ဆုံးဖြတ်ပြီး ရင်ပတ် ဓါတ်မှန် ရိုက်လိုက်တော့။ လုံးဝ မထင်ခဲ့တဲ့ အဆုတ်ထဲမှာ ရေ၀င်နေတာကိုတွေ့လိုက်ရပါတယ်။ များသော အားဖြင့် အဆုတ်ရေ၀င်ရင် ချောင်းဆိုး တာတို့၊ အသက်ရှုကျပ်တာတို့ ဖြစ်တတ်ပါတယ်။ ကျမမှာ အဲ့ဒီ လက္ခဏာတွေ လုံးဝမရှိပါဘူး။

အဆုတ်ရေ၀င်တယ် ဆိုတာတော့တွေ့ပါပြီး၊ နောက်သိဖို့လိုတာက ဘာကြောင့်ရေ၀င် ရတာလဲ။ အဲ့ဒါသိဖို့ အဆုတ်ထဲကအရည်ကို စုပ်ထုတ်ပြီးစစ်ဆေးရပါမယ်။ အဆုတ်က အရည်တွေထုတ်လိုက်တော့TB ကြောင့် အဆုတ်ရေ၀င်တာဖြစ်နေပါတော့တယ်။ တော်သေးတယ် ကင်ဆာမဟုတ်လို့။ 

အလုပ်မ၀င်ခင် ရင်ဘတ်ဓါတ်မှန်အပါအ၀င် ကျန်းမားရေးအတွက် (general medical chek-up) လုပ်ခဲ့ရတာမို့၊ စပ်စံထွန်းဆေးရုံ အပြင်လူနာဌာနမှာ ကူးဆက်ခံ ရတာ သေချာပါတယ်။ အပြင်လူနာဌာနမှာ လူနာတွေစမ်းသပ်နေတုံး၊ တစ်ချို့လူနာတွေ ချောင်းဆိုးလိုက်လို့ မျက်နှာ တည့်တည့်၊ တံတွေး စဉ် ပေါင်း လည်းမနည်းပါဘူး။ တစ်ချို့ လူနာများ ဆေးရုံရောက်မှ သလိပ်စစ်လိုက်တော့ သလိပ်ထဲမှာ TB ပိုးတွေ မြောက်မြား စွာရှိနေတာလည်းအခါခါပါ။

TB ရောဂါဆိုတော့  TB ဆေးဖြစ်တဲ့ streptomycin တစ်နေ့တစ်လုံးထိုးရပြီ၊ PAS ခေါ်တဲ့ ကြွက်ချီးလိုဆေးနဲ့  isoniazid ဆေး ၃ မျိုး သောက်ရပါတာ်။ TB ရောဂါ ဆေးက နှစ်နဲ့ချီသောက်ရတာမို့ ရောဂပိုးတွေဆေးယဉ် (drug resistance) တတ်လို့ ဆေး  မျိုးတွဲသောက်ရတာပါ။ ဆေးထိုး ဆေး သောက်တာ တစ်လ လောက်ရောက်တော့ ကျမ ခေါင်းတွေမူးပြီး ခေါင်းထောင်လို့မရတော့ပါဘူး။ ကြက် လည်လိမ်ထားသလို ခေါင်းကြိုးကျနေပါတယ်။ ကျမငယ်စဉ်ကထဲက ပင်ဆံပင်အရှည်ထားပြီး နောက်မှာ ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်လေ့ရှိပါတယ်။ ကျမအိပ်ရာထဲမှာပဲ လှဲနေရပါတယ်။ အိပ်ရာထဲမှာ လှဲ နေပေမဲ့ ခေါင်းလေးတဲ့ဝေဒနာကိုခံစားနေရတာနဲ့ အနားမှာရှိတဲ့ သူငယ်ချင်းကို ကပ်ကြီး ယူခိုင်းပြီး ကျမ ချစ်တဲ့ဆံပင်တွေကို ညှပ်ပစ်လိုက်ပါတယ်။ အဲ့ဒီအချိန်ကစပြီးယခုထက်တိုင် ကျမ ဆံပင်ကို အနောက်မှာ ချီထားလို့ မရတော့ပါဘူး။ မေ့ပြီးချီထားမိရင် ခေါင်းကိုက်လာ ပါတယ်။ ဒီလိုဖြစ်တာ streptomycin ရဲ့ ဘေးထွက်ဆိုးကျိုး (side effect) ကြောင့်ပါ။ ဒါကြောင့် streptomycin  ထိုးဆေးကိုရပ်လိုက်ရပါတယ်။ ထိုးဆေးရပ် လိုက်တော့ ဆေး ၂မျိုး သာရှိတော့လို့  isoniazid  အစား ပိုပျင်းတဲ့  rifampicin ဆေးကို ပြောင်းသောက်ရပါတယ်။ ဒီဆေးက ပေါ်ကာစမို့ တောင်ကြီးမှာ လူကြီးသောက် တဲ့ဆေးလုံး ၀ယ်မရ သေး တာနဲ့ ခလေးသောက်တဲ့ ဆေးရည်ကို သောက်ရပါတယ်။ rifampicin သောက်တာ တစ်ပတ်လောက် အကြာမှာတော့ ဆေးသောက်တိုင်း အံပါတော့တယ်။ အဲ့ဒါကလည်း rifampicin ရဲ့ဘေးထွက်ဆိုးကျိုးပါ။ ဘယ်လိုမှ သောက်လို့ မရတာကြောင့် PAS ဆေးပဲပြန်သောက်ပါတယ်။ ဒါပေမဲ့ ကျမကိုယ်က PAS  လည်း လက်မခံတော့ပါဘူး။ ပြန်အံထုတ်နေပါတယ်။ PAS ဆေးရဲ့ဘေးထွက်ဆိုးကျိုးကလည်း အံခြင်း ဖြစ်ပါ တယ်။ ဒါနဲ့ isoniazid ဆေး တစ်မျိုးပဲ သောက် နေရပါတယ်။ တောင်ကြီးက TB အထူးကုဆရာဝန်က နင်ကဆေးတွေ လက်မခံနိုင်တော့ ငါလည်းဘယ်လို ကုရမှန်း မသိဘူးတဲ့။ ဟုတ်ပါတယ်။ အားပျော့တဲ့ isoniazid ဆေးတစ်မျိုး တည်းသောက်ရင် ကိုယ်ထဲက ပိုးတွေ မကြာခင် ဆေးယဉ်သွားပါမယ်။

TB ရောဂါဆေး မပေါ်ခင်က TB ကြောင့် လူနာတွေ ကမ္ဘာနဲ့ အ၀ှမ်း သောက်သောက်လဲ  သေခဲ့ကြ ပါတယ်။ TB ရောဂါကကူးဆက်မြန်တဲ့အပြင် အသေလဲမြန်ပါတယ်။ ဆေးပညာမှာ TB ကြောင့် သေတာကို galloping consumption မြင်းပြေးသလိုသေတယ်လို့ ဥပမာပေးပါတယ်။ ကင်ဆာ မဟုတ်လို့ တော်သေး တယ် ဆိုပေမဲ့  TB ရောဂါ ဖြစ်ပြီး TB ဆေးမသုံးနိုင်ရင် ဘာထူးလဲ။ အသေတောင် ပိုမြန် ပါ အုံးမယ်။

rifampicin ဆေးအရှိန်နဲ့ အံတာကလည်းရှိ နေပါသေးတယ်။ အစာ မ၀င်တာရယ်၊ ရောဂါ ကြောင့် ရယ်၊ ကျမ သွေးအားနည်းလာပါတယ်။ ဒါနဲ့ အဆောင်မှာနေတဲ့ သူငယ်ချင်း သူနာပြု ဆရာမကို သွေး အား တိုးဆေး inferon drip သွင်းပေးဖို့ ပြောပါတယ်။ ဆရာမလေးလည်း inferon drip သွင်းဖို့ပြင်ဆင်ရင်း အမ inferon ထိုးဖူးလားလို့မေးပါတယ်။ ကျမလည်း မထိုးဖူးဘူး။ ဒါပေမဲ့ ငါဘယ်ဆေးမဆိုတဲ့ပါတယ်။ penicillin တောင် တဲ့တယ်လို့ ပြောလိုက်ပါတယ်။ လူတော်တော်များများ penicillin ကို allergy ဖြစ်ပါ တယ်။ ဆေးမတဲ့ ဘူးဆိုတာ allergy ဖြစ်တာပါ။  ဆရာမလေးက အမ သေချာအောင် အစမ်းထိုး ရအောင် ပါဆိုတာနဲ့ အေးအေးလို့ပြောပြီ သူ inferon drip ထဲကဆေးရည်နဲနဲစုပ်ပြီး ကျမလက်မောင်းက သွေးကြော ထဲကို ထိုး ပေးပါတယ်။ ဆေးထိုးနေရင်း အားလူးဖုတ်နေလို့လား မသိ ဆေးနဲနဲပဲ ၀င်သွားပြီး ဆေးထိုးအပ် သွေးကြော အပြင်ကိုရောက်သွားပါတယ်။ ဆရာမလေးလည်း။ အမ ဆေးထပ်ထိုးရမလားဆိုတော့။ ကျမ က တော်ပြီး မထိုးနဲ့တော့ဆိုပြီ ရပ်ခိုင်းလိုက် ပါတယ်။ ခဏ နေတော့ ကျမကြောထဲကယားလာပါတယ်။ ကျမထင်တာ က အိပ်ရာမှာဂျပိုးရှိနေတယ်ပေါ့။ ဆရာမလေးကိုတောင် ဂျပိုးရှိတယ်ဟ။ ငါ့ကိုကိုက်တယ်လို့ပြောလိုက် ပါတယ်။ ၅ မိနစ်လောက်ကြာတော့ ကျမ အသက်ရှုရကျပ်လာပါတယ်။ ကျမသိပါပြီ။ ဂျပိုး ကိုက်တာ မဟုတ်ပါဘူး။ Inferon allergy ဖြစ်တာပါ။ ဆရာမလေးကိုလည်း shock မှာထိုးရမဲ့ ဆေး တွေ ကို ထိုးဖို့ပြော လိုက်ပါတယ်။ သူမလည်းမျက်လုံးမျက်ဆံပြုးသွားပါတယ်။ ဖြေဆေးတွေဖြစ်တဲ့ Burmeton, adrenalin တွေကို တင်ပါးထဲထိုးထဲ့ပါတယ်။ ကျမ စကားမပြောနိုင် တော့ပါဘူး။ ကျမရင်ပတ်ပေါ်မှာ ကျောက်တုံးကြီး တစ်တုံးနဲ့ ဖိနေသလိုမျိုးခံစားရပါတယ်။ အသက်ရှု လို့လဲမရပါဘူး။ မျက်စိလည်းမမြင် တော့ပါဘူး။ ဒါပေမဲ့ နားကတော့ အားလုံး ကြားနေပါတယ်။

အဆောင်မှာနေတဲ့ ဒေါက်တာဒေါ်နှင်းကိုသွားပြေးခေါ်တာကျမကြားနေပါတယ်။ ဒေါ်နှင်း ရုပ်ရှင် သွားကြည့်တယ်လို့ပြောနေသံတွေ၊ အခြားခန်းကဆရာမတွေ ရောက်လာပြီး ကျမ သွေးကြောတွေ ထဲကို နောက်ဆုံးအသက်ကယ်ဆေးဖြစ်တဲ့ corticosteroide ကို အကြောကနေထိုးသွင်းဖို့ကြိုးစားကြပေမဲ့ သွေးကြောထဲ အပ်မ ရောက်ဖြစ်နေ ပါတယ်။ shock ဖြစ်ရင် ခြေလက်တွေက သွေးတွေ ဆုတ်လာတာမို့ သွေးကြောရှာမရဖြစ်တတ်ပါတယ်။

ကျမလည်းသေကာနီးပြီဆိုတာသိလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ အဖွါးပြောဖူးတဲ့ စကားသွား သတိရ ပါတယ်။ အဖွါးက သေခါနီးရင် ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု တွေပြန်စဉ်းစား ရတယ်တဲ့။ ကျမ စဉ်းစားတော့ ကျမမှာ ဘာကောင်းမှုမှမရှိပါဘူး။ မကောင်းမှုလဲ ဘာမှမရှိပါဘူး။ ကျမ တစ်သက်လုံး စာမေးပွဲကျမှာစိုးလို့ စာကုံးကျက်ခဲ့တာပဲရှိပါတယ်။ ဒါနဲ့ ကျမရတဲ့ သြကာသ ဘုရားရှစ်ခိုးကိုပဲ ဆိုနေပါတယ်။ ဘုရားရှစ်ခိုး နေ တုံးမှာပဲ။ ဒေါက်တာဒေါ်နှင်းရုပ်ရှင်လက်မှတ်မရလို့ အဆောင်ပြန်လာကြောင်း။ ကျမ အကြောင်း ကြားလို့ ကျမ အခန်းရောက်လာတာ ကျမကြားနေပါတယ်။ ဒေါက်တာဒေါ်နှင်းအေးရောက်လာပြီး အကြော ဆေး ထိုးဖို့ ဆရာမတွေဆီက အပ်ယူလိုက်တော့။ အပ်ထဲမှာ ဆို့ထားတဲ့ ဂွမ်းကိုမထုတ်ပဲဆေးထိုး နေကြ တာကြောင့် အသက်ကယ်ဆေး အကြောထဲ ထိုးမရဖြစ်နေတာပါ။ ကျမ အခန်းမှာ ဆေးထိုးအပ်တို့၊ အပ်ပြုပ်တဲ့ပစ္စည်းတွေမရှိပါဘူး။ အဲ့ဒီခေတ်က တစ်ခါသုံးဆေးထိုးအပ်တွေ မပေါ် သေးတာကြောင့်၊ ဆေးထိုးအပ်တွေကိုသုံးပြီးရင်ပြန်ပြုပ်ရပါတယ်။ shock ဖြစ်မယ်လို့ မထင်ထားတာကြောင့် အပ် အပို ယူမ ထားပါဘူး။ shock ဖြစ်တော့ ပိုးသတ်ထားတဲ့ အပ်အဖြစ် inferon drip မှာ လေ၀င်အောင်တပ်ထားတဲ့ အပ်ကိုယူထိုးကြတာပါ။ အဲ့ဒီအပ်မှာ ဆေးရည်တွေထွက်မကျအောင် ၀ါဂွမ်းထဲ့ထားပါတယ်။ ဆရာမတွေ ကြောက်ကြောက်လန့်လန့် နဲ့ ဆေးထိုးကြတော့ အပ်က ဂွမ်းထုတ်ဖို့မေ့သွားကြတာပါ။ ဒါတွေကတော့ လက်တွေ့ ဖြေးရှင်းလို့ရတဲ့ရုပ်ဝတ္ထုနဲ့ဆိုင်တဲ့အကြောင်းတွေပါ။

         ရှင်းပြလို့မရတဲ့စိတ်နဲ့ဆိုင်တဲ့အကြောင်းတွေရှိနေပါတယ်။ ဒေါ်နှင်းအေးကဘာလို့ ကျမဘုရားစာဆိုမှ ပြန်ရောက်လာတာလဲ။ တောင်ကြီးမှာအဲ့ဒီအချိန်က လူဦးရေ သိပ် မများ သေးပါဘူး။ ရုပ်ရှင်ရုံပြည့်တယ်၊လျှံတယ်ဆိုတာတခါမှမကြားဖူးပါဘူး။ ကျမ သေကံမရောက်သေးလို့လား။ ဘုရားအာရုံပြုမိလို့ ကျမရဲ့ ကုန်တော့မယ် လူဖြစ်စေတဲ့ ကံကို ဆက်ပေး လိုက်တာလား။ သာမန်တိုက်ဆိုင်မှုလား။ မဟုတ်ဘူးလို့တော့ ကျမသိနေတယ်။ ဒါပေမဲ့ မသေချာဘူး။ သေချာအောင် လက်တွေ့  စမ်းမယ်လို့တော့ တေးထား လိုက် ပါ တယ်။ 

ဖြေဆေး သွေးထဲဝင်သွားတာနဲ့ ကျမရင်ပတ်ပေါ်ကကျောက်တုံးကြီးကိုတစ်ဖြည်းဖြည်း မ လိုက် သလို အသက်ရှုရတာပိုချောင်လာပါတယ်။ ကျမ အံလည်းအံ၊ ၀မ်းလည်းသွားပြီး အိပ်ပျော်သွားပါတယ်။ နောက်နေ့မနက်မှာတော့ ကျမ အကောင်းပတိဖြစ်နေပါပြီး။ ကျမရဲ့အမအကြီးဆုံး ကျမကို ရန်ကုန်ပြန် ခေါ် ဆေးကုဖို့ ရန်ကုန်က ရောက်မှာမို့ ဟဲဟိုးလေယဉ်ကွင်းကို ကျမသူငယ်ချင်းနဲ့ ဆင်းသွားပါတယ်။ အမကြီးနဲ့တွေ့တော့ အမကြီးက မနေ့ကငါဘာဖြစ်လဲမသိဘူး။ အောက်မျက်ခန်းတွေသိပ်လှုပ်တာပဲတဲ့။ ကျမက ကံကောင်းလို့ နို့မို့ဆို ငါ့အလောင်းနင်သယ်ပြန်ရမှာလို့ အစချီပြီး ဖြစ်ပျက်သမျှတွေပြောပြပါတယ်။ အမကြီး ရောက်ပြီးတစ်ပတ်အကြာမှာ ကျမတို့ညီအမ ရန်ကုန်ကိုဆေးကုဖို့ ဆေးခွင့်တစ်လယူပြီး ပြန် လာကြ ပါ တယ်။


ရုပ်တွေကဖြစ်ပြီးပျက်နေတယ်ဆိုပြီးဘာလို့ မျက်နှာက အမှတ်တွေကဆက်လက်ရှိနေတာလဲ ?


 မွေးစမှာပါလာတဲ့ အမှတ်အသားတွေက၊အသက်ကြီးလာတဲ့အထိ မပြောင်းလည်းပဲ ဆက်လက်တည်မြဲနေတဲ့ အမှတ်အသားတွေမဟုတ်ပါဘူး။ အသစ်ဖြစ်လာတဲ့အမှတ်အသားတွေပါ။ အမှတ်အသားတွေဟာ ရုပ်ဖြစ်တဲ့အတွက်  အမြဲ ပျက်နေပြီး၊ ပျက်သွားတဲ့ရုပ်တွေနေရာမှာ မူလရုပ်နဲ့ထက်တူ တူတဲ့ရုပ်တွေနဲ့အစားထိုးနေကြတယ်။ ဒီလို ရုပ်သစ် တွေဖြစ်နေတာကို သာမာန်မျက်စိနဲ့မမြင်နိုင်လို့ ရုပ်တွေဟာ မပြောင်းမလဲ အမြဲတည်ရှိတယ်ဆိုတဲ့ အမြင်မှား တွေ ဖြစ်ကြတာပါ။ ခေတ်သစ်ဥပမာပေးရရင် စာတစ်ဆောင်ကို စာကူးဆက်မှာ ကူးယူ (copy) သလိုပါပဲ။ ပထမ ကူးတဲ့ စာတွေကို မူလ စာသားအတိုင်းတွေ့ရပါမယ်။ ဒါပေမဲ့ ကူးတဲ့အရေအတွက်များလာတာနဲ့အမျှ မူလစာလို မပြတ်သား တော့ဘူး။ မူလစာကနေ သွေဖီလာတယ်။ ဒီလိုပဲ ရုပ်တွေလည်း မွေးစကစပြီး အဖန်ဖန်ကူးနေတာမို့ အသက်ကြီးလာ တာနဲ့အမျှ ငယ်ရုပ်က တစ်ဖြေးဖြေးသွေးဖီပြီး ကြီးရုပ်တွေဖြစ်တာတယ်။ မွေးရာပါအမှတ်တွေလည်း ကြီးရုပ်တွေအတိုင်း လိုက်ကြီးလာတယ်။

ဆေးသိပ္ပံအရ အမှတ် (Birthmark) ဆိုတာမွေးစ (၀ါ) တစ်လသားမှာပေါ်လာတဲ့ အရေပြားပေါ်က အမျိုးမျိုးသောအရောင်နဲ့ပုံသဏ္ဍန်ရှိတဲ့အရာများဖြစ်တယ်။ သူတို့ဟာ မျိုးရိုးလိုက်ခြင်းမရှိဘူး။ ကင်ဆာကဲ့သို့ အန္တရာယ် လည်းမရှိဘူး။ ခလေးကြီးလာသလို အမှတ်တွေလည်းလိုက်ကြီးလာတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆို တာကိုအတိအကျမသိဘူး။ ဖြစ်နိုင်တာက အမှတ်နေရာမှာရှိတဲ့ အရေပြားရဲ့ဆဲလ်တွေ၊ သွေးကြောတွေ ဖြစ်ပွါးမှုကို ထိန်းချုပ်တဲ့ အကြောင်းတွေကြောင့်လို့ ယူဆကြတယ်။


ကျမ်းကိုး
၁။ ဆရာတော်အရှင်ဇနကာဘိဝံသ၏ သိပ္ပံအမြင်နှင့်ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ။
၂။ http://en.wikipedia.org/wiki/Birthmark