လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, July 19, 2015

ဝိပဿနာရှုချင်အောင် စိတ်ကိုအားပေးနည်း

Nyi Yoe's photo.
ဝိပဿနာရှုချင်အောင် စိတ်ကိုအားပေးနည်း
""""""""""""""""""""""""""""""""""""""""
ဝိပဿနာ ရှုနေသော အို သူတော်ကောင်း-သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင် သင...်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။
"ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။ ၀ိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့"
ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို ရိုသေစွာ လိုက်နာပါလော့။
" ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။ "
(ဓမ္မပဒ ၃၇၁- ဂါထာ)
ဘာသာပြန်
************
ရဟန်း။ -သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။ သင်၏စိတ်ကို ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တရံတခါ ငရဲရွာသို့ ရောက်လတ်၍ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင် အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။
တိရစ္ဆာန်ဘုံ တွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့် မရနိုင်။ အဖျား၌ သံချွန်တပ်သော နှင်တံ၊ ရိုးရိုးနှင်တံတို့ဖြင့် ထိုးဆွ ရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်းနွားကျွဲ ဖြစ်စဉ်၌လည်း အားထုတ်ခွင့် မရနိုင်။
ပြိတ္တာဘုံ တွင် အနှစ်သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင်ငတ်မွတ်နေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ကာလကဥ္ဒိက အသုရကာယ် ဘုံတွင် အရိုးအရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရလဲ လေနေပူ စသည်တို့ဖြင့် ပင်ပန်းဆင်းရဲနေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် အားထုတ်သော်လည်း ၀ိပဿနာ ဥာဏ်၊ မဂ်ဖိုလ်ဥာဏ် တို့ကို မရနိုင်ကုန်။
အို သူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ၀ိပဿနာ အလုပ်ကို အားထုတ်နိုင်သည့် အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊ မမေ့နဲ့၊ အားထုတ်ပါလော့။
ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။
မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းအကျဉ်းချုပ်-စာ၈)
+++++++++++++++<><><>++++++++++++++++++
မေတ္တာဖြင့်
ညီရိုးမြေ

ဒါနကုသိုလ်ကံ၏အကျိုးပေးရာကာလ ကွဲပြားပုံ၎-မျိုး

Shwe Nyar Thar's photo.
ဒါနကုသိုလ်ကံ၏အကျိုးပေးရာကာလ ကွဲပြားပုံ၎-မျိုး
===============
ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ ပြုနေကြသော ဒါန-စသော ကုသိုလ်ကံတို့သည်-၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌အက...ျိုးပေးသောကံ။ ၂။ ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌အကျိုးပေးသောကံ။ ၃။ အပရာပရိယဝေဒနီယကံ-တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသောကံ။ ၄။ အဟောသိကံ-ကံသာဖြစ်၍အကျိုးမပေးသောကံ-ဟူ၍၄-မျိုးကွဲပြားလျက် ရှိပေသည်။
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များပြုသောအခါကုသိုလ်ဇောတို့သည် ၇-ကြိမ် ရ-ကြိမ် ဖြစ်သွားကြပေသည်။ ထို ၇-ကြိမ်တို့တွင် ပထမဇောကုသိုလ်စေတနာကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံဖြစ်ပေသည်။ ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည် ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးနိုင်ပေသည်။
ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးသော်လည်းသူ့ရှေ့မှ ဇောအကူအညီကိုမရ၍ရှေးဦးစွာ ဖြစ်ရသည့် ပထမဇောကုသိုလ်ကံ ဖြစ်သောကြောင့် မွေးဖွားခါစ ကလေးငယ်များကဲ့သို့ အားနည်းလှပေသည်။ ထို့ကြောင့် အကျိုးပေးသောအခါ ပထမဇောကုသိုလ် စေတနာကံသည် ထင်ထင်ရှားရှား အကျိုးမပေးနိုင်ပေ။ မထင်မရှားသာ အကျိုးပေးနိုင်ပေသည်။
ပထမဇောကုသိုလ်စေတနာကံသည် ယခုမျက်မှောက်ဘ၀၌ပင် ကုသိုလ်ရှင် ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ ရှိနေရအောင် ကုသိုလ်ရှင် ပြုချင်သည့်ကိစ္စများလွယ်လွယ်နှင့် ပြီးမြောက်သွားရအောင် ကုသိုလ်ရှင် အလိုရှိအပ်သည့် အကျိုးတရားများလွယ်လွယ်နှင့် ရရှိသွားရအောင် မထင်မရှားပင် အကျိုးပေးနိုင်ပေသည်။ ယခုဘ၀၌ အကျိုးပေးခွင့်မရလျှင် နောင်ဘ၀များ၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားရပေသည်။ ဆောင်ပုဒ်။ မျက်မှောက်ဘ၀၊ကျိုးပေးက၊ဒိဋ္ဌဓမ္မမည်။
ပထမဇောကုသိုလ် စေတနာကံသည် အားနည်းသော ကုသိုလ်ကံပင်ဖြစ်သော်လည်း ထူးခြားသည့် အကြောင်း၎-ချက်နှင့် ပြည့်စုံလျှင်တော့ ဆင်းရဲသားဘ၀မှသူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။ ထူးခြားသည့်အကြောင်း ၄-ချက်မှာ-၁။ အလှူခံပုဂ္ဂိုလ်၏အနာဂါမ်၊ရဟန္တာ ဖြစ်ခြင်း။ ၂။ နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။ ၃။ အလှူပေးပုဂ္ဂိုလ်၏ စင်ကြယ်သော လှူဖွယ်ပစ္စည်း ဖြစ်ခြင်း။ ၄။ အလှူပေးပုဂ္ဂိုလ်၏ စေတနာ ၃-တန် ထက်သန်ခြင်း။ ဤထူးခြားသည့်အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။
အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရမြက်ထမ်းသမားသည် ထူးခြားသော အကြောင်း၎-ချက်နှင့်ပြည့်စုံစွာ လှူဒါန်းရသောကြောင့် ဆင်းရဲသားဘ၀မှသူဌေးကြီးဖြစ်ရသည့် သာဓကရှိခဲ့ပေသည်။ တချိန်သောအခါ အရှင်အနုရုဒ္ဓါအလောင်းသည် အန္နဘာရဟူသော အမည်ဖြင့် သုမနသူဌေးအိမ်၌မှီခို၍နေရသော ဆင်းရဲသား မြက်ထမ်းသမား ဖြစ်ခဲ့ရပေသည်။ အန္နဘာရမြက်ထမ်းသမားသည် တနေ့သောအခါတောအရပ်မှ မြက်များကို ရိတ်ယူကာ မြက်ထုံးများကိုထမ်း၍ အိမ်သို့ပြန်လာခဲ့လေ၏။ ထိုအချိန်မှာ ဂန္ဓမာဒနတောင်၌သီတင်းသုံးနေတော်မူသော ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နိရောဓသမာပတ်မှထ၍ကောင်းကင်ခရီးဖြင့် ကြွလာတော်မူပြီးလျှင် အန္နဘာရမြက်ထမ်းသမား၏ရှေ့မှ သက်ဆင်းကာ သပိတ်ကိုပိုက်လျက် ဆွမ်းခံကြွသွားတော်မူ၏။
ထိုအခါ အန္နာဘာရသည် အရှင်ပစ္စေကဗုဒ္ဓါအားဆွမ်းလှူလိုသောကြောင့် အိမ်ရှင်မထံပြန်သွား၍နှစ်ယောက်စာထမင်းကို ယူလာကာ အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်းပြီးလျှင် ဤတထပ်စာမျှသော ဆွမ်းကို လှူဒါန်းရသည့် ကောင်းမှုကြောင့် နောင်ဖြစ်လေရာ ဘ၀တိုင်းတို့၌ ဆင်းရဲသားမျိုးမှာ မဖြစ်ရပါလို၏။ မရှိဟူသောစကားကိုမကြားမသိရပါလို၏-ဟု ဆုတောင်းပတ္ထနာ နှစ်ခုကို ပြုလိုက်ပေသည်။
ဤကဲ့သို့ တထပ်စာဆွမ်းကို လှူဒါန်းကာ ဆုတောင်းပတ္ထနာပြုပြီးလျှင် အိမ်သို့ပြန်လာသောအခါသူမနသူဌေးက အန္နဘာရ၏ဆွမ်းအလှူကို တကျပ်မှစ၍တထောင်ထိအောင် တိုးပေး၍၀ယ်ယူသော်လည်း မရောင်းသည့်အတွက်ကြောင့် အမျှဝေစေပြီးသာဓုခေါ်ကာ ငွေတထောင်ပေးလေ၏။
ထို့နောက် မင်းကြီးထံသို့ သွားဖို့ရန်ရှိ၍ အန္နဘာရကို မင်းကြီးထံသို့ ခေါ်သွားလေ၏။ မင်းကြီးကလည်း တထောင်ထပ်ပေးပြီးလျှင် အိမ်ဆောက်ဖို့ရန်အတွက် ခြံမြေတခုကိုပေးပြန်လေသည်။ ထိုခြံမြေကိုရှင်းလင်းသောအခါ အန္နဘာရအတွက် ရွှေအိုးများ ပေါ်ထွက်လာသောကြောင့် ဆင်းရဲသားကိုသူဌေးကြီးဘွဲ့ပေးလိုက်လေ၏။ အန္နဘာရမြက်ထမ်းသမား၏ ဆွမ်းအလှူသည်-၁။ အလှူခံပုဂ္ဂိုလ်၏ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ခြင်း။ ၂။ ပစ္စေကဗုဒ္ဓါ ရဟန္တာ၏နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။ ၃။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏တထပ်စာဆွမ်းသည် စင်ကြယ်သော လှူဖွယ်ပစ္စည်းဖြစ်ခြင်း။ ၄။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏စေတနာ ၃-တန် ထက်သန်ခြင်း ဟူသော ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံသောကြောင့် အန္နဘာရသည် ယခုဘ၀၌ပင် မြက်ထမ်းသမားဆင်းရဲသားဘ၀မှသူဌေးကြီး ဖြစ်သွားရလေ၏။ ပထမဇော ကုသိုလ်စေတနာကံ၏အကျိုးပေးပင် ဖြစ်ပေသည်။
ဤသာဓကကိုထောက်ထား၍ အလှူဒါနပြုသောအခါ အလှူခံပုဂ္ဂိုလ်ဘက်ကအကြောင်းအင်္ဂါ နှစ်ပါးနှင့်လည်းပြည့်စုံနိုင်သမျှပြည့်စုံအောင် ရွေးချယ်ကြရပေသည်။ အလှူပေးပုဂ္ဂိုလ် မိမိတို့ဘက်ကလည်းအကြောင်းအင်္ဂါ နှစ်ချက်နှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စီမံပြုလုပ်ကြရပေသည်။
( ၂) ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ၇-ခုမြောက်ဖြစ်သည့် သတ္တမဇောကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုသတ္တမဇော ကုသိုလ်စေတနာကံသည် ယခုဘ၀မှ ကွယ်လွန်သွားပြီးသောအခါဒုတိယဘ၀၌ အကျိုးပေးသောကံ ဖြစ်ပေသည်။ ဆောင်ပုဒ်။ ဒုတိယဘ၀၊ ကျိုးပေးက၊ဥပပဇ္ဇမည်။
သတ္တမဇော ကုသိုလ်စေတနာကံသည် ဇော ၇-ကြိမ်တို့တွင် နောက်ဆုံးအဆုံးဇောစေတနာကံဖြစ်၍ အားနည်း၏။ ထို့ကြောင့် ဒုတိယဘ၀၌ပင် အကျိုးပေးရသည်။ ဒုတိယဘ၀၌ အကျိုးပေးခွင့် မရခဲ့သော် တတိယဘ၀၊ စတုတ္ထဘ၀စသည်တို့၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံများ ဖြစ်သွားရပေသည်။
( ၃) အပရာပရိယဝေဒနီယကံ-တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသော ကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ပထမဇောကံနှင့် သတ္တမဇောကံ ၂-ပါးကို ကြဉ်ဖယ်၍ အလယ်ဇော ၅-ခု ကုသိုလ်စေတနာကံဖြစ်ပေသည်။ ထိုအလယ်ဇော ကုသိုလ်စေတနာကံ ၅-ခုသည် ရှေးရှေးဇောများကရရှိကြသောကြောင့် အားနှင့်ပြည့်စုံကြပေသည်။ ထို့ကြောင့် တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးနိုင်ပေသည်။ ဆောင်ပုဒ်။ တတိယဘ၀မှ၊နိဗ္ဗာန်ကျထိ၊ကျိုးပေးဘိ၊ အပရာပရိမည်။
( ၄) အဟောသိကံ-ကံသာဖြစ်၍အကျိုးမပေးသောကံ-ဟူသည် အကြင် ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ တို့သည် မိမိတို့ အကျိုးပေးရာကာလတို့၌အကြောင်းမသင့် အခွင့်မသာ၍အကျိုးမပေးကြရပေ။ ထိုကံတို့သည်ပင်လျှင် အဟောသိကံတို့ ဖြစ်သွားကြရပေသည်။ ဆောင်ပုဒ်။ အကျိုးမပေးပြန်၊အဟောသိကံ၊အမှန်ဖြစ်ပေသည်။
ဤကဲ့သို့ ကုသိုလ်ကံတို့သည် အကျိုးပေးရာကာလအားဖြင့်-၁။ ယခုမျက်မှောက်ဘ၀၌အကျိုးပေးသောကံ။ ၂။ ဒုတိယဘ၀၌အကျိုးပေးသောကံ။ ၃။ တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးသောကံ။ ၄။ ကံသာဖြစ်၍အကျိုးမပေးသောကံ။ ဟူ၍ ၄-မျိုး ကွဲပြားလျက် ရှိကြပေသည်။
အကုသိုလ်ကံတို့သည်လည်းကုသိုလ်ကံတို့ကဲ့သို့ပင် အကျိုးပေးရာကာလအားဖြင့် ၄-မျိုးကွဲပြားလျက် ရှိကြပေသည်။
သဒ္ဓမ္မရံသီ-ဆရာတော်
မေတ္တာဖြင့်
ညာကြီး

Saturday, July 18, 2015

ဓမ္မဖြင့် ဘဝ နေနည်း သင်တန်း

ဓမ္မဖြင့် ဘဝ နေနည်း သင်တန်း
အထူးဖိတ်ကြားခြင်း ( သတင်းကောင်း )
( ဘဝ လက်ကျန် )ရက်များအတွက်
( ၁၀ ) ရက်တာကာလဖြင့် အသင့်ပြင်ကြစို့
***---***---***---***---***---***---***
သီလ သမာဓိ သတိ ပညာ ဦးစီးကာ
ဘဝမှာနေတတ်မှသာ
လူတစ်ယောက်ရဲ့ ဘဝဟာ တန်ဖိုးရှိကာ
မြင့်မြတ်ပါတယ်။
သံသရာမှာလည်း လွတ်လမ်းမသိလို့
မှားမိခဲ့ကြပြီးပါပြီ
ဒီဘဝမှာလည်း ပညာဥာဏ်မပါ
အမှားသာ ဆက်နေကြမယ်ဆိုရင်တော့
လူ့ဘဝရလာ ခဏတာ အရှုံးနဲ့သာ နေပြီး
အပါယ်လေးဖြာ နေရာဟောင်းဘုံဋ္ဌာန
ပြန်ကြရလိမ့်အုံးမယ်။
အို သူတော်ကောင်း အ ပေါင်းတို့
သာသနာနဲ့ကြုံခိုက် အခွင့်သာခိုက်
လိုက်သင့်ကြပါပေါ့
သာသနာနဲ့ကြုံဆဲ အခွင့်သာဆဲ
အားမာန်နှင့် ကျားကုတ်ကျားခဲ ခဲသင့်ကြပါပေါ့
သာသနာနဲ့ကြုံတုန်း အခွင့်သာတုန်းမှာ
ကိလေသာ ဒုက္ခအိမ်ကြီးက ရုန်းထွက်
သင့်ကြပါပေါ့
ဓမ္မလမ်းမလိုက်သမျှ
မိုက်ကြတာပါပဲ
မခဲသမျှ လွဲရမှာပါပဲ
မရုန်းသမျှ ရှုံးနေကြရပါလိမ့်အုံးမယ်။
တရားဓမ္မကို အ ခြေခံကစလို့
ဘဝ နေနည်း စိတ်ထားနည်း
စိတ်လေ့ကျင့်နည်းများကို ခ ရေ စေ့တွင်းကျ
စနစ်တကျ လက်တွေ့ သင်ကြားပြသမယ့်
ဝိပဿနာ သတိပဋ္ဌာန် သင်တန်း
၁၀ ရက်စခန်းကို တက်ရောက်ခြင်းအားဖြင့်
လူတစ်ယောက်ရဲ့ ဘဝ
အသစ်တစ်ဖန် ပြန်လည်မွေးဖွားသလို
အားရ ကျေနပ် ဓမ္မဓာတ်တွေကို
ခံစားကြရပါလိမ့်မယ်။
သံသရာ ဝဋ်ဒုက္ခကလွတ်ရာလမ်းစ
၁၀ ရက်မျှကို အသုံးချဖို့ ဆုံးဖြတ်နိုင်တာဟာ
ပါရမီပါမှ ကုသိုလ်ဆက် အ ကြောင်းပါမှ
လက်တွေ့ကျကျ အားထုတ်ခွင့်ရနိုင်ပါတယ်။
ဘုန်းကံကြီးမားသူတွေသာ
ဘုရားဟောကြားမြတ်တရားကို
နာကြားနားလည်ခွင့်
အားထုတ်သိမြင်ခွင့်
ထောက်ပံ့လှူဒါန်းကာ
သာသနာပြုခွင့် ရရှိကြပါတယ်။
-----======------=====----
ဝိပဿနာ တောစခန်းရိပ်သာ
ပဉ္စမ တရားပတ် ၁၀ ရက် တရားစခန်းပွဲ
တွံတေးတောကြီးတန်းဒေသ
တောရ ရွှေဂူကျောင်းလမ်း
ပေါက်တောကျေးရွာ အမက ကျောင်းဘေး
တောတွင်းကားလမ်းအတိုင်း
၃ မိနစ်မျှသာ ဝင်ရပါသည်။
ရန်ကုန် ကော့မှူးကားလမ်းမ ဘေး
၂၀၁၅ ခု ဇူလိုင်လ ၃ ရက်မှ ၁၂ ရက်ထိ
ဇူလိုင် ၃ ရက် နံက် ၈ နာရီ စခန်းဖွင့်ပွဲစမည်။
ဆွမ်းအာဟာရဒါန လှူဒါန်းလိုပါက
ယောဂီ ၅၀ အတွက်
အရုဏ်ဆွမ်း သုံးသောင်းကျပ်
နေ့ဆွမ်း ငါးသောင်းကျပ်
အချိုရည် နှစ်သောင်းကျပ်
ရေ မီး ဆေး ရိပ်သာ လမ်း
ငွေ ပ ဒေသာပင် တစ်ပင် တစ်သောင်းကျပ်
ဆက်သွယ်ရန်ဖုန်း
ဆရာ ဓမ္မစက္က ဦးမောင်မောင်
၀၉၅၁၂၇၃၃၀
၀၉၇၉၉၂၉၄၉၂၃

Friday, July 17, 2015

ဝဋ်ကို ဝတ်နဲ့ဖြေပါ။

Shwe Nyar Thar's photo.
ဝဋ်ကို ဝတ်နဲ့ဖြေပါ။
=========
*တစ်ခါတုန်းက အရှင်သမိတိဂုတ္တဆိုတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ဒါပေမယ့်မထေရ်က ကျန်းမာရေးမကောင်းပါဘူး၊ အရှင်သမိတိဂုတ္တရဲ့ရောဂါက ရို...းရိုးရောဂါမဟုတ်ဘဲ အနူရောဂါဖြစ်နေတာပါ။ ရောဂါက တဖြည်းဖြည်း ရင့်လာပြီး အသားတချို့တောင် အောက်ကိုပဲ့ကျလာပါတယ်။ ကူးစက်တတ်တဲ့ရောဂါဖြစ်နေလို့ကျန်တဲ့ရဟန်းတွေ ရောဂါမကူးစက်အောင် ခပ်လှမ်းလှမ်းဇရပ်တစ်ခုမှာ သွားနေရပါတယ်။ အခုလိုအနူရောဂါဖြစ်ရတာ မျိုးရိုးကြောင့်မဟုတ်ဘဲ အတိတ်အကုသိုလ် ဝဋ်ကြွေးနှစ်ခုကြောင့် ဖြစ်ရတာပါ။ ** ဘဝတစ်ခုမှာ ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးကြည့်ပြီး''ဒီကတုံးဟာ အနူရောဂါသည်ဖြစ်ပုံ ရတယ်၊ ဒါကြောင့်တကိုယ်လုံး အဝတ်တွေဖုံးထားတာ''လို့ ကဲ့ရဲ့ပုတ်ခတ်ပြောဆိုလိုက်ပါတယ်။ အဲဒီဝစီကံအကုသိုလ် ကြောင့်ပဲ သေလွန်တဲ့အခါ ငရဲကိုကျရပါတယ်။ ငရဲက ပြန်လွတ်လာတော့ကံအားလျော်စွာ လူ့ဘဝကို ပြန်ရပါတယ်။လူ့ဘဝပြန်ရောက်လာတော့ ပရိဗိုဇ်တွေ ဆီမှာပရိဗိုဇ်ရဟန်းပြုပါတယ်။ *** တစ်နေ့တော့ အဲဒီပရိဗိုဇ်ဟာ အကျင့်သီလနဲ့ပြည့်စုံနေတဲ့ ကဿ ပဘုရားရှင်ရဲ့ဥပါသကာတစ်ယောက်ကို ''မင်းက အနူပဲ''လို့ထပ်ဆဲပြန်ပါတယ်။ ဒါတင်မကပါဘူး၊ လူတွေ ရေချိုးဆိပ်မှာထားတဲ့ ဆပ်ပြာမှုန့် ရေချိုးကသဲမှုန့်တွေကိုလည်း ဖျက်ဆီးခဲ့ပြန်ပါတယ်။အဲဒီအကုသိုလ်ကံကြောင့်ပဲ ပရိဗိုဇ်ဟာ ငရဲကိုနောက်တစ်ခါ ကျရောက်ရပြန်ပါတယ်။ ငရဲက လွတ်လာတဲ့အခါမှာတော့သာဝတ္ထိပြည် ပုဏ္ဏားတစ်ယောက်ရဲ့သားဖြစ်လာပြီး သမိတိဂုတ္တရယ်လို့အမည် တွင်ခဲ့ပါတယ်။ သမိတိဂုတ္တသတို့သားအရွယ်ရောက်လာတော့ မြတ်စွာဘုရားတရားနာကြားပြီး ရဟန်းပြုလိုက်ပါတယ်။ အရှင်သမိတိဂုတ္တဟာ ရဟန်းဘဝမှာသီလနဲ့ ကိုယ့်ကိုယ်ကို ဖြူစင်သန့်ရှင်းအောင်နေပါတယ်။ဒါပေမယ့်လည်း အတိတ်ဘဝတွေက ဝစီအကုသိုလ်ကံတွေကြောင့် ခန္ဓာကိုယ်မှာနူနာရောဂါစွဲကပ်လာရပြန်ပါတယ်။ **** တစ်နေ့မှာတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်က လူနာမေးဖို့ ကျောင်းစဉ်လှည့်လည်လာတဲ့အခါမှာ နူနာရောဂါ ဝေဒနာ ခံစားနေရတဲ့အရှင်သမိတိဂုတ္တကို တွေ့သွားပါတယ်။ ဒီတော့ အရှင်သာရိပုတ္တရာက အရှင်သမိတိဂုတ္တကို ''ငါ့ရှင် ခန္ဓာရှိနေသမျှ ခန္ဓာနှင့်စပ်တဲ့ဒုက္ခဝေဒနာတော့ ရှိနေမှာပဲ၊ ခန္ဓာလုံးဝမရှိမှသာ ဒုက္ခလည်း ချုပ်ငြိမ်းသွားလိမ့်မယ်၊ ဒါကြောင့် ဖြစ်ပေါ်နေတဲ့ ဒုက္ခဝေဒနာကိုဝိပဿသနာရှုပါ''လို့ မိန့်မှာဟောကြားပါတယ်။ အရှင်သမိတိဂုတ္တလည်းအရှင်သာရိပုတ္တရာ ဟောကြားတဲ့အတိုင်းဖြစ်ပေါ်နေတဲ့ဒုက္ခဝေဒနာကိုပဲ ဝိပဿ နာရှုမှတ်ပွားများအားထုတ်လိုက်တာ အဘိဥာဉ်ခြောက်ပါးနှင့်တကွ အရဟတ္တဖိုလ်ကို ရသွားပါတော့တယ်။ (အရှင်သမိတိဂုတ္တထေရဝတ္ထု၊ ထေရာအဋ္ဌကထာပထမတွဲ စာမျက်နှာ၂၂၁) *အကုသိုလ်ဝဋ်ကြွေးတွေကတော့ အမျိုးမျိုးပါပဲ။ ဒီဘဝပြုခဲ့တဲ့ အကုသိုလ်ဝဋ်ကြွေးတင်မကပါဘူး၊ ကိုယ်မသိနိုင်တဲ့ သံသရာအဆက်ဆက်က အကုသိုလ်ဝဋ်ကြွေးတွေကောပါ။ဖြစ်ပြီးပြီဆိုတော့ ဘာမှလည်းမတတ်နိုင်တော့ပါဘူး။ အကုသိုလ်ဖြေဆေးကိုပဲ ရှာရတော့မှာပါ။ ရှေးဆရာတော်ဘုရားကြီးတွေက သြဝါဒပေးလေ့ရှိပါတယ်''ဝဋ်ကိုဝတ်နဲ့ဖြေ''တဲ့။f အဓိပ္ပါယ်ကတော့ အကုသိုလ် ဝဋ်ကြွေးကို ကုသိုလ်ဝတ်နဲ့ဖြေလို့ဆိုလိုတာပါ။ အကုသိုလ်ဝဋ်ဆိုတဲ့နေရာမှာ ဒီဘဝပြုခဲ့တဲ့အကုသိုလ်လည်းဖြစ်ချင်ဖြစ်မယ်၊ မသိနိုင်တော့တဲ့ သံသရာအဆက်ဆက်က ပြုခဲ့တဲ့အကုသိုလ်လည်း ဖြစ်ချင်ဖြစ်ပါမယ်။ အကုသိုလ်ကိုတော့ ဆရာတော်အရှင်ဇနကာဘိဝံသက ဂရုကံနဲ့ လဟုကံဆိုပြီးခွဲပေးထားပါတယ်။ဂရုကံဆိုတာ-အမေသတ်တဲ့ကံ၊ အဖေသတ်တဲ့ကံစတဲ့ ပဉ္စာနန္တရိယကံကြီးပါ။ အကျိုးမပေးရရင် မနေနိုင်လောက်အောင် ကြီးမားတဲ့ ဂရုကံကြီးတွေကတော့ လူတိုင်းမှာ မရှိပါဘူးတဲ့။ အခွင့် သာရင် အကျိုးပေးမယ်ဆိုတဲ့ အကုသိုလ်ကံကတော့ လူတိုင်းမှာ ရှိနေပါတယ်။ဆရာတော်က မကြောက်ဖို့နဲ့ ကုသိုလ် များများပြုဖြစ်ဖို့တိုက်တွန်းထားပါတယ်။ ကုသိုလ်ရဲ့နောက်မှာဝတ်ဆိုတဲ့ စကားလုံးလေးပါနေတော့တစ်ခါတလေ ပြုတဲ့ကုသိုလ်မဟုတ်တော့ပါဘူး။နေ့စဉ်ဝတ်တစ်ခုလို ထားပြုတဲ့ကုသိုလ်ပါ။ကံအနေနဲ့ပြောရင်တော့ အာစိဏ္ဏကံကုသိုလ်ပါ။ ကုသိုလ်ဝတ်ဆိုတဲ့နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်သပ္ပာယသင့်ပုံခြင်းတော့ တူမှာမဟုတ်ပါဘူး။တချို့က ဒါနပြုရတာ ဝါသနာပါတယ်။ တချို့က သီလဆောက်တည်ရတာ ဝါသနာပါတယ်။ တချို့က သမထ ဝိပဿနာပွားရတာ ဝါသနာပါတယ်။ တချို့က ပရဟိတလုပ်ရတာ ဝါသနာပါတယ်။ တချို့က သစ်ပင်စိုက်ရတာ ဝါသနာပါတယ်။ တချို့က ရွတ်တာဖတ်တာ ဝါသနာပါတယ်။ ရွတ်တာဖတ်တာတောင် တစ်ယောက်နဲ့တစ်ယောက် အားသန်ပုံခြင်းမတူပါဘူး၊ တချို့က မေတ္တာသုတ်၊ တချို့က ပဋ္ဌာန်း၊ တချို့က ဂုဏ်တော်၊ သမ္ဗုဒ္ဓေ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ စသည်ဖြင့် ကိုယ်သန်ရာကိုယ်သန်ရာရှိနေမှာပါ။ အစမှာတော့လွယ်တာက စရမှာပါပဲ၊ ပြီးမှ တဖြည်းဖြည်းခြင်းမြှင့်သွားရမှာပါ။ အကုသိုလ်ဝဋ်ကိုကုသိုလ်ဝတ်နဲ့ဖြေပုံတွေကို မြတ်စွာဘုရားက ဟိုနေရာဒီနေရာတွေမှာ ဟောပြထားပါတယ်။အဲဒီအထဲကမှ လောဏကပလ္လသုတ်ကိုအကိုးအနေနဲ့ ရေးပြရအောင်ပါ။ လောဏကပလ္လဆိုတာ ဆားထည့်ထားတဲ့ခွက်၊ ဆားခွက်လို့အဓိပ္ပါယ်ရပါတယ်။အဂုင်္တ္တိုရ် တိကနိပါတ်မှာပါပါတယ်။သုတ်ရဲ့လိုရင်း အနှစ်ချုပ်လောက်ကိုသာ ပြောပြရအောင်ပါ။ လူနှစ်ယောက် ရှိပါတယ်။တစ်ယောက်နဲ့တစ်ယောက် ယူဆပုံခြင်းမတူသလို အကျိုးပေးပုံခြင်းလည်း မတူပါဘူး။ ပထမလူက ဘယ်လိုယူဆသလဲဆိုတော့ အကုသိုလ်ကိုပြုတယ်။ အကုသိုလ်ကိုပြုပြီး ''မိမိပြုလုပ်ခဲ့သမျှအကုသိုလ်ကံကို မည်သည့်နည်းနှင့်မျှရှောင်လွှဲလို့မရ၊ လုပ်ခဲ့သမျှ အကုသိုလ်ကံရဲ့အကျိုးကို အကုန်အစင်ဧကန်မုချ ခံစားရတော့မယ်''လို့ ပြောဆိုပါတယ်။ အဲဒီပြောဆိုတဲ့သူဟာ ကုသိုလ်အကုသိုလ်ကို ကုန်စေနိုင်တဲ့မြတ်သောအရိယာမဂ်ကို ကျင့်သုံးရာမရောက်တော့ သလိုနည်းမှန်လမ်းမှန်နဲ့ ဝဋ်ဒုက္ခရဲ့အဆုံးကို ပြုဖို့အခွင့်အလမ်းလည်း မရှိတော့ပါဘူးတဲ့။ ဒါက တစ်ယောက်ပါ။ နောက်- ဒုတိယလူကျတော့အကုသိုလ်ကံကိုပြုတယ်၊ အကုသိုလ်ပြုပြီး '' အကုသိုလ်ကံကိုပြုခဲ့သော်လည်း အကျိုးပေးချိန်ဖြစ်သော မျက်မှောက်ဘဝ၊ ဒုတိယဘဝ၊ တတိယဘဝစသောဆိုင်ရာဆိုင်ရာ ဘဝတို့၌ အကုသိုလ်ကံ အကျိုးပေးခွင့်ရမှသာလျှင် အကျိုးခံစားရမယ်။အကျိုးပေးခွင့်မရရင် အဲဒီအကုသိုလ်ကံတွေ အချည်းနှီးအဟောသိကံ ဖြစ်သွားတော့သည်သာ''လို့ ယူဆပါတယ်။ အဲဒီလိုယူဆပြီးကျင့်ရင်ကုသိုလ် အကုသိုလ်ကံကို ကုန်စေနိုင်တဲ့မြတ်သောအရိယာမဂ်ကိုကျင့်သုံးရာ ရောက်သလိုနည်းမှန်လမ်းမှန်နဲ့ ဝဋ်ဒုက္ခရဲ့အဆုံးကိုပြုဖို့ အခွင့်အလမ်းလည်း ရသွားပါတော့တယ်တဲ့။ ဒါက တစ်ယောက်ပါ။ လူနှစ်ယောက် ယူဆပုံခြင်း မတူကြပါဘူး။
အယူအဆမတူတဲ့အတွက်အကျိုးပေးလည်း ကွဲသွားပါတယ်။ မြတ်စွာဘုရားက ဆက်ဟောပြထားပါတယ်။ ပထမတစ်ယောက်အကုသိုလ်ပြုတယ်၊ ပြုပြီး ငရဲကျသွားရပါတယ်။ ဒုတိယတစ်ယောက်က အကုသိုလ်ပြုတယ်၊ ဒါပေမယ့် အကုသိုလ်ကံရဲ့အကျိုးကို အနည်းငယ်မျှတောင်မှ မခံစားရဘူးတဲ့။ ဒါတွေကတော့ ဘုရားဟောပါဠိတော်အတိုင်း မူရင်းအရသာပျက်သွားမှာစိုးလို့ မြန်မာပြန်သဘောမျိုး ပြောပြ တာပါ။ လိုရင်းပြောရရင်တော့ လူနှစ်ယောက် အကုသိုလ်လုပ်တာချင်းအတူတူ တစ်ယောက်ကအကုသိုလ်ရဲ့အပြစ်ကို ခံစားရတယ်၊ တစ်ယောက်က မခံစားရပါဘူး။

အကုသိုလ်လုပ်တာချင်းအတူတူဘာဖြစ်လို့ ကွဲသွားရတာလည်ဆိုတော့ယူဆပုံခြင်းမတူလို့ပါဘဲ။ မြတ်စွာဘုရားဟောပြထားတဲ့အဖြေက ဒီလိုပါ.. ပထမလူတစ်ယောက်ဟာအကုသိုလ်ပြုတယ်၊ အကုသိုလ်ပြုပြီး ဘာဝိတကာယ၊ ဘာဝိတသီလ၊ ဘာဝိတစိတ္တ၊ ဘာဝိတပညာမရှိဘူး။အဲဒီလူဟာ အပါယ်ငရဲကျသွားရပါတယ်။ ဒုတိယလူတစ်ယောက်ကျတော့အကုသိုလ်ပြုပြီး ဘာဝိတကာယ၊ ဘာဝိတသီလ၊ ဘာဝိတစိတ္တ၊ ဘာဝိတပညာ ရှိပါတယ်။အဲဒီဒုတိယလူဟာ အကုသိုလ်ရဲ့အကျိုးကိုအနည်းငယ်တောင် မခံစားရပါဘူးတဲ့။ ပါဠိတွေရဲ့အရကောက်လေးတွေကို ကောက်ပြလိုက်ရင်ရှင်းသွားပါလိမ့်မယ်။ ဘာဝိတကာယဆိုတာ-မျက်စိ,နား,နှာ,လျှာ, ကိုယ်, စိတ်,ကို အကုသိုလ်မဖြစ်အောင် စောင့်ထိန်းတာပါ။ ဘာဝိတသီလဆိုတာက -ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ စသည်တွေပါ။ ဘာဝိတစိတ္တဆိုတာက-သမာဓိဖြစ်စေတဲ့ နှစ်သက်ရာရာသမထ ဘာဝနာကို ပွားများတာပါ။ ဘာဝိတပညာဆိုတာက-ဝိပဿ နာဘာဝနာကို ပွားများအားထုတ်တာပါ။ မြန်မာလိုပြောရင်တော့ မျက်စိ,နား,နှာ,လျှာ,ကိုယ်, စိတ်ကို အကုသိုလ်မဖြစ်အောင်စောင့်ထိန်းတာရယ်၊ သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးပါးကို ဖြည့်ကျင့်တာရယ်ပါ။ မျက်စိ,နား,နှာ,လျှာ,ကိုယ်,စိတ်ကို အကုသိုလ်မဖြစ်အောင် စောင့်ထိန်းတာလည်း ဘဝအတွက်အရေးကြီးတာပါပဲ။ တချို့အကုသိုလ်တွေဟာ မြင်လို့ ကြားလို့ သိလို့ဖြစ်ရတာပါ။ မမြင်ရင်၊ မကြားရင်မသိရင် မဖြစ်ပါဘူး။ဒါကြောင့်ကိုယ့်ကိုယ်ကို စိတ်မချရင် မမြင်အောင်၊ မကြားအောင်၊ မသိအောင် နေလိုက်ရင်လည်းတော်ရုံတန်ရုံ အကုသိုလ် မဖြစ်တော့ပါဘူး။ ဖြစ်လိုက်ရတဲ့အကုသိုလ်တချို့ကို သေချာစဉ်းစားကြည့်လိုက်ရင် မြင်လို့၊ ကြားလို့၊ သိလို့ဖြစ်ရတာပါ။ မမြင်ခဲ့၊ မကြားခဲ့၊ မသိခဲ့ရင် ဖြစ်စရာအကြောင်းကိုမရှိပါဘူး။ ဒီသဘောလေးတွေကိုအာရုံပြုပြီး သတိထားပြီး ကြိုရှောင် ထားရင်လည်းအကုသိုလ်ကို ကာကွယ်ပြီးသား ဖြစ်နေတတ်ပါတယ်။
လူနှစ်ယောက် အကုသိုလ်လုပ်တာချင်းအတူတူ တစ်ယောက်က အပြစ်ခံစားရပြီး၊ တစ်ယောက်က အပြစ်မခံစားရပုံအကြောင်းလေးတွေပါ။ ဒါကို မြတ်စွာဘုရားက ဥပမာလေးတွေနဲ့ ဆက်ဟောပြထားပါတယ်။ ဆားခွက်ထဲက ဆားတစ်ဆုပ်ကိုယူပြီး သောက်ရေခွက်ထဲကိုထည့်လိုက်ရင် အငန်ဓာတ်တွေ များသွားတဲ့အတွက်အဲဒီရေဟာသောက်လို့မရပါဘူး။
စောစောက လက်တစ်ဆုပ်စာဆားကိုပဲ သောက်ရေကန်ထဲထည့်လိုက်မယ်ဆိုရင်တော့ အငန်ဓာတ်တွေ ပျံ့သွားတဲ့အတွက်ရေက သောက်လို့ ရပါတယ်။ ဆားကနည်းပြီး ရေက များနေလို့ပါ။ မြတ်စွာဘုရားက အကုသိုလ်အကျိုးပေးခွင့်နဲ့ပတ်သက်ပြီး ဆားနဲ့ရေကို ဥပမာပေးပြီးတော့ ပြထားပါတယ်။ဆားများဆားနိုင် ရေများရေနိုင်သဘောပါ။ ဆားဆိုတဲ့အကုသိုလ်ကများပြီး ရေဆိုတဲ့ကုသိုလ်ကနည်းနေရင် အကုသိုလ်ကအကျိုးပေးခွင့်သာသွားမှာပါ။ ရေဆိုတဲ့ကုသိုလ်ကများပြီး ဆားဆိုတဲ့အကုသိုလ်ကနည်းနေရင်တော့ အကုသိုလ် အကျိုးပေးခွင့်မသာတော့ပါဘူး။
ဒါကြောင့် ရေများများသောက်ဖို့လိုပါတယ်။ ဆရာဝန်တွေမကြာခဏ ပြောတတ်တဲ့စကားရှိပါတယ်။ကျန်းမာဖို့ ရေများများသောက်၊ လမ်းများများလျှောက် ပါတဲ့။ ဒီအတိုင်းပါပဲ လူတိုင်းလူတိုင်းရေများများသောက်ဖို့ လိုပါတယ်။ ဝဋ်ကိုဝတ်နဲ့ဖြေဆိုတဲ့နေရာမှာ လောဏကပလ္လသုတ်အရဆိုရင်တော့မျက်စိ, နား,နှာ, လျှာ,ကိုယ်,စိတ်ကို အကုသိုလ်မဖြစ်အောင် စောင့်ထိန်းတာရယ်၊ သိက္ခာသုံးပါးကို ဖြည့်ကျင့်တာရယ်ပါ။သိပ်လည်း ခက်တဲ့အရာတွေတော့ မဟုတ်ပါဘူး။ သီလဆိုတဲ့နေရာမှာလည်းလူတစ်ယောက်အနေနဲ့ ငါးပါးသီလဆိုတော်တော်လေးလုံလောက်နေပါပြီ၊ တစ်ခါတလေ စွမ်းနိုင်တဲ့အခါမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလတွေ စောင့်ထိန်းလို့ရပါတယ်။
သမာဓိအတွက်ကတော့ နှစ်သက်ရာ သမထကမ္မဋ္ဌာန်းတစ်ခုခု၊ ဒါမှမဟုတ် နှစ်ခုသုံးခုကို ပွားရုံပါပဲ။ ဝိပဿ နာကတော့ ကိုယ်အားထုတ်နေကျဝိပဿ နာရှုနည်းအတိုင်း အားထုတ်ရုံပါပဲ။ အကုသိုလ်ရဲ့ဖြေဆေးဟာ ကုသိုလ်ပါ။ ကုသိုလ်တွေ များများပြုနေဖို့ပါ။
အထူးသဖြင့် မြတ်စွာဘုရား ဟောကြား ပေးထားတဲ့အတိုင်း ဘာဝိတကာယ၊ ဘာဝိတသီလ၊ ဘာဝိတစိတ္တ၊ ဘာဝိတပညာတွေကို ဖြည့်ကျင့်ရမှာပါ။ ပါဠိ(၄)လုံး ကလည်း ချစ်စရာလေးတွေပါ။ မြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ ကျက်ထားလိုက်ဖို့ပါပဲ။ မြတ်စွာဘုရားဟောကြားထားတဲ့ ပထမလူ၊ ဒုတိယလူနှစ်ယောက်မှာ၊ ကိုယ်က ပထမလူ မဖြစ်ဖို့ သိပ်အရေးကြီး ပါတယ်။ အကုသိုလ်ပြုတာချင်းအတူတူ ဒုတိယလူဖြစ်အောင် ကျိုးစားရပါမယ်။ အကုသိုလ်ကံတွေကတော့ ဒီဘဝမရှိဦးတော့ သံသရာအဆက်ဆက် ကျင်လည်ခဲ့ရတာဆိုတော့ ပုံစံမျိုးစုံနဲ့တော့ ပါလာမှာပါ။ ဘယ်လိုပုံစံနဲ့ ပါလာတယ်ဆိုတာလည်း မသိရပါဘူး။ ဘာပဲပြောပြောလေ ဒီဘဝပြုခဲ့တဲ့ အကုသိုလ်ကံပဲဖြစ်ဖြစ်၊ သံသရာအဆက်ဆက်ပြုခဲ့တဲ့ အကုသိုလ်ကံပဲဖြစ်ဖြစ်၊ အကုသိုလ်'uဝဋ်ကို ကုသိုလ်ဝတ်နဲ့ဖြေလိုက်ဖို့ပါပဲလေ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး လောဏကပလ္လသုတ်၊ တိကနိပါတ်၊ အဂုင်္တ္ထိုရ်ပါဠိတော်။

Thursday, July 16, 2015

ဗုဒ္ဓဘာသာ (၅)မျိုးအကြောင်း သိကောင်းစရာ

Theingi Shwe Zin's photo.
Theingi Shwe Zin's photo.
Theingi Shwe Zin's photo.
Theingi Shwe Zin's photo.
Theingi Shwe Zin's photo.



ဗုဒ္ဓဘာသာ (၅)မျိုးအကြောင်း သိကောင်းစရာ
********************************
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ...ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။
ဒီလိုအခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။

အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။
ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။
အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ဥာဏ်၊ဝီရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။
ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစ္စလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။
ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အနိမ့်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ခန္ဓာမှာ အသိ၊ဘာသာရေးအသိ ဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်း နေပါတယ်။ဘုရားလည်းကိုးကွယ်ရသေး၊တရား
လည်းကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။
ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာလည်း။
စဉ်းစားပါ။ဝေဖန်ပါ။သုံးသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။သဒ္ဓါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။
ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဓါ
မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။
ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ
မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကိုသံဃာတော်တွေကစောင့်ရှာက်ထားတာပါ။ သံဃာတော်ကိုယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါယုံကြည်မှု။
မိစ္ဆာသဒ္ဓါ
ယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျေးဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ။
အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို့ သိတာကို ပညာ ဟုခေါ်ပါသည်။
သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။
ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့သဒ္ဓါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။
ဒို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထားတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဓါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဖို့လည်း လိုပါတယ်၊
သဒ္ဓါလွန်ကဲ ပညာနည်းပြန်ရင် (နှလုံးလှ လူမိုက်ကြီး)သူတော်ကောင်းလူအကြီးဖြစ်
သွားပါတယ်၊
ဆင်ခြင်တုံတရားနည်းပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။
သဒ္ဓါနည်းပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဖို့ပါဘဲ။
________________________________________
http://buddhismworld.ning.com/ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
credit to မြတ်ဗုဒ္ဓသာသနာ

သင်- သေတတ်ပြီလား?

သင်- သေတတ်ပြီလား?
သေဖို့ပြင်ဆင်ထားပြီလား?
===================
ရုပ်သဘော နာမ်သဘောတွေ ခန္ဓာရဲ့သဘောတွေမသိတော့
ငါသေရတောမ့ယ် သားတွေ သမီးတွေနဲ့ ခွဲရတော့မယ်...
လုပ်ကိုင်ထားတဲ့ အလုပ်အကိုင်တွေနဲ့ အကုန်လုံးခွဲရတော့မယ်
ငါဝယ်ထားတဲ့ ပစ္စည်းတွေ အကုန်လုံး ထားခဲ့ရတော့မယ်ဆိုတော့…
အဲဒီလို ဒုက္ခရောက်တာက တစ်မျိုး။

ခန္ဓာကိုယ်က ရောဂါဝေဒနာတွေ နှိပ်စက်လို့ 
ဒုက္ခရောက်တာကတစ်မျိုး
ကိုယ်လဲနာ စိတ်လည်းနာ
အကြီးအကျယ်နာတယ်။
(၉၆) ပါးရောဂါနှိပ်စက်လို့ နာတာက ကိုယ်နာတာပေါ့။
ဒီရုပ်ခန္ဓာကြီးနာတာပေါ့။
စိတ်ကနေပြီး ဘာမှ တရားတွေနာမထား
လုပ်မထားတဲ့အခါကျတော့ စိတ်မချ
လက်မချတွေ အကြီးအကျယ်မဖြစ်ဘူးလား?
စိတ်မချ လက်မချတွေ အကြီးအကျယ်ဖြစ်တာက စိတ်နာတာ။
သေခါနီးတဲ့အခါမှာ နာတာ ကျဉ်တာ ကိုက်တာ ခဲတာက တစ်မျိုး။
ဒီစိတ်မချဖြစ်ရတာတွေက တစ်မျိုး၊ပူဆွေး ၀မ်းနည်းပြီးတော့ မချိမဆံ့တွေဖြစ်။
ကိုယ်လည်းနာ စိတ်လည်းနာဆိုတော့ မသေခင် မချိမဆံ့ ဒုက္ခတွေမရောက်ဘူးလား။
အဲ့ဒီလို ဒေါသကြီးနဲ့ ခံစားရပြီး သေသွားရင်
သေသွားတဲ့သူ ကောင်းရာမွန်ရာ ရောက်ပါ့မလား?
( မြစိမ်းတောင် ဆရာတော်ဘုရားကြီး အသျှင်ဇာနေယျ)

Tuesday, July 14, 2015

ရေနဲ့ကြာ

မိဘဂုဏ်ရည် ဆရာတော်'s photo.
မိဘဂုဏ်ရည် ဆရာတော်'s photo.

မိဘဂုဏ်ရည် ဆရာတော်'s photo.






ရေနဲ့ကြာ
=========
မုဒုံဆရာတော်
--------------------------
သာသနာဆိုတာ ဘုရားရှင်တို့၏ အဆိုအမိန့် အဆုံးအမကို ခေါ်တာပါ။ သာသနာဆိုတာ ကျောင်းကန် ဘုရားစေတီ ဘုန်းတေ...ာ်ကြီး သံဃာတွေ မဟုတ်ပါဘူး။ ကျောင်းကန်တွေက သာသနိကပစ္စည်း၊ သာသနာ့တော်အတွက် အထောက်အပံ့တခုသာပါ။ ဘုရားစေတီ ဆင်းတုတော်တွေက ကြည်ညို ပူဇော်ရာ တစ်ခုသာဖြစ်ပါတယ်။ ရဟန်းသံဃာတော်တွေက ဘုရားရှင်တို့၏ အဆုံးအမ ဓမ္မတရားတွေ မပြောက် မကွယ်ရလေအောင် ထိန်းသိမ်း စောင့်ရှောက် ပေးကြရတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ တစ်နည်းပြောရရင်တော့ သာသနာတော်ကို ယိမ်းမသွားရအောင် ယိုင်မသွားရအောင် ထိမ်းကြောင်း တည့်မတ် ဦးဆောင်ပေးတဲ့ အဖွဲ့အစည်း တစ်ခုပါပဲ။
သာသနာဆိုတာ ကြည်ညိုသူရှိမှ တည်တန့်တယ်၊ ပြန့်ပွားတယ်၊ တိုးတက်တယ်၊ ကြည်ညိုသူကင်းတာနဲ့ မရှိတော့တာနဲ့ သာသနာ အလိုလို ဆုတ်ယုတ်သွားတာပဲ၊ သာသနာကွယ်ဘို့ လမ်းစရောက်တော့တာပါပဲ၊ သာသနာ ကြည်ညိုသူ များများရှိဖို့ရာမှာ သာသနာ ကြည်ညိုတတ်အောင် ဆည်းကပ်တတ်အောင် ကိုးကွယ်တတ်အောင် ဟောပြောပြသ သွန်သင်ပေးနှိုင်တဲ့ နည်းကောင်း လမ်းမှန် ညွှန်ကြားပေးနှိုင်တဲ့ စွမ်းရည်ရှိတဲ့ ရဟန်းသံဃာ များများရှိဖို့ လိုအပ်တယ်၊ များများမွေးထုတ်ကြဖို့ လိုအပ်လှပါတယ်။
ဗုဒ္ဓသာသနာဆိုတာ လူသားကမ္ဘာ ဗုဒ္ဓဘာသာ မျက်နှာစာမှာ မရှိမဖြစ် တကယ်လိုအပ်တဲ့ နှစ်လုံးသားရဲ့ အဟာရတစ်ခုပါ။ ကမ္ဘာပေါ်မှာ စပါးစိုက်သူမရှိရင် ဆံစပါးမရှိနှိုင်တော့ဘူး။ စပါးမရှိတော့တာနဲ့ ထမင်းကိုသာ စားလိုသူတွေ ထမင်းစားရမှာ မဟုတ်တော့ပါဘူး။ ဒါဟာ သဘာဝနိယာမတစ်ခုပါ။ သာသနာ အားပေးနှိုင်သူ ထောက်ပံ့မည့်သူ မရှိတော့ရင်ကော ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ၊ ဘုရားသာသနာ တိုးတက်ဖို့ရာကို မဆိုထားနဲ့ တည်တန့်ဖို့ကိုပင် မလွယ်တော့ပါဘူး။ သာသနာကို တကယ်လေးစား ကြည်ညိုသူမှန်သမျှ သတိပြုရမည့် အရေးကြီးတဲ့ အချက်တစ်ခုပါပ။ဲ
ဗုဒ္ဓသာသနာဆိုတာ လူသားလောကကြီး တစ်ခုလုံးကို ကောင်းကျိုးပေးနှိုင်တဲ့ တရားဖြစ်သလို ဆိုးကျိုးများစွာကို ဖယ်ရှားပေးနှိုင်တဲ့ အစွမ်းထက်တဲ့ လက်နှက်တစ်ခုပါပဲ။ လုပ်ငန်းခွင် တစ်ခုမှာ လက်တစ်ချောင်းနဲ့ အလုပ်ဖြစ်သော်လည်း လက်နှစ်ချောင်းလောက် မပြီးမြောက်နှိုင်ပါဘူး။ ထို့အတူ သာသနာမှာ သံဃာရှိနေရုံနဲ့တော့ အရှည်မတည်နှိုင်ပါဘူး၊ ဒါယကာရှိမှ ဖြစ်မှာပါ။ ကျိုးနေသူဟာ လမ်းမလျှောက်နှိုင်သလို ကန်းနေသူဟာလဲ လိုရာခရီး မပေါက်နှိုင်ပါဘူး။ အကျိုးနဲ့ အကန်း ပေါင်းကြမှ ခရီးပေါက် လိုရာရောက်သလို သံဃာနဲ့ ဒါယကာ အတူလက်တွဲမှ သာသနာ ရှည်ကြာ တိုးတက်နှိုင်ပါတယ်။
ဗုဒ္ဓသာသနာဆိုတာ ထီးကို ယူဆောင်သွားသူနဲ့ သိပ်ကိုတူပါတယ်၊ ထီးပါသွားသူဟာ နေပူလဲဆောင်းရတယ် မိုးရွာလဲဆောင်းရတာပဲ နေပူပူ မိုးရွာရွာ အပူအအေး ကာကွယ်ပေးသလို လောကဓာန် အပူအအေးမှန်သမျှ ကာပေးနှိုင်ပါတယ်၊ သိပ်ကို အားရကျေနပ်စရာ ကောင်းတဲ့ တရားတစ်ခုပါပဲ။
သာသနာတော် စတင်ပေါ်ပေါက်ရာ မစ္ဇျိမဒေသကို လှမ်းမျှော်ကြည့်ပါ ယခင်နဲ့ ယခု ဘယ်လိုနေသလဲဆိုတာ၊ စာဖတ်သူတို့ နားလည်လောက်ပါတယ်။ သာသနာ အနောက်ကနေ အရှေ့ကို ပြောင်းလာခဲ့ပြီ၊ ရွှေ့လာခဲ့ပြီ၊ ဒါဟာ ဓမ္မနိယာမတစ်ခုပါပဲ။
အဆုံးအမ ဓမ္မတရားဟာ ဆောင်သူထံမှာပဲ ရှိတယ်. တည်တယ်၊ မဆောင်သူထံ ဘယ်လိုမှ ရှိမနေပါဘူး။ ဒါယကာနဲ့ သာသနာဟာ ရေနဲ့ကြာလိုပါပဲ၊ ကြာပွင့်စေခြင်ရင် ရေရှိမှဖြစ်မှာပါ၊ ရေမရှိလျှင် ကြာမပွင့်နှိုင်တော့ပါဘူး။ ကြာမပွင့်ရင် ကြာဖူးကြာပန်းတွေ ဝေးပြီပေါ့။ ကမ္ဘာမှာ ကြာပန်းမရှိနှိုင်ခြင်းရဲ့ အကြောင်းရင်းက ရေဖြစ်သလို၊ သာသနာတော် ကွယ်ပြောက်ရခြင်း၏ အကြောင်းရင်းက ကိုးကွယ် ကြည်ညိုတတ်သူ မရှိခြင်းသာ ဖြစ်ပါကြောင်းကို တင်ပြပေးလိုက်ပါတယ်။
မုဒုံဆရာတော်