လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Showing posts with label သံဝေဂလင်္ကာ. Show all posts
Showing posts with label သံဝေဂလင်္ကာ. Show all posts

Friday, July 21, 2017

အသုဘရှုတယ်ဆိုတာ...

အသုဘရှုတယ်ဆိုတာ...
=================
“အသုဘရှုတယ်၊ အသုဘရှုတယ်” ဆိုတဲ့စကားကို ပြောလေ့ရှိကြတယ်။ တချို့က အသုဘရှုတယ်၊ ရှုတယ် ဆိုတာ ဘယ်လိုရှုရမှာလဲ? တချို့ ကဆောင်းပါးတွေနဲ့ရေးကြတယ်။ အသုဘရှုတယ်ဆိုတာ သုဿန်က သင်္ချိုင်းတွေ သွားပြီးရှုတယ်လို့ တချို့ လည်း အဲလိုရေးတာတွေလည်း တွေ့ဖူးသေးတယ်။ အမှန်က အသုဘရှုတယ်ဆိုတာမိမိခန္ဓာကိုယ်ကို ပြန်ရှုရမှာနော်။ မှတ်ထားကြ။ မိမိရဲ့ ခန္ဓာကိုယ်ကို ပြန်ရှုရမှာ။ အခု ဒီနေရာမှာ တိုက်ဆိုင်လာလို့ အသုဘရှုနည်းပြောမယ်။
အသုဘရှုနည်းပုံမှန် -
 မိမိက အိပ်ယာပေါ် ပက်လက်လှန်အိပ်နေလိုက်။ ခြေလက်တွေ ဆန့်ဆန့်ထား၊ မျက်စိမှိတ်ထား၊
 စိတ်အာရုံဖြင့် မိမိခန္ဓာကိုယ်ကို ကြည့်ပါ။ စိတ်အာရုံဖြင့် မိမိ ခန္ဓာကိုယ်ကို ကြည့်တော့ အိပ်ယာပေါ် ပက်လက်လှန်ဆန့်ဆန့် အိပ်နေပုံမြင်ရမယ်။
 အခုငါ ၀ိညာဉ်မချုပ်သေးလို့ ဒီတိုင်းရှိတာ။ ၀ိညာဉ် ချုပ်သွားလို့ရှိရင် ငါ့ရဲ့  ဒီခန္ဓာကိုယ်ကြီး သေပြီးတော့ အသုဘကြီးဖြစ်မှာ။ အဲဒီလို နှလုံးသွင်းလိုက်ပါ။
 အဲဒီတော့ မိမိခန္ဓာကိုယ်ကြီးဟာ အသုဘအဖြစ်ကြီးကို မြင်လာလိမ့်မယ်။ ကိုယ့်ခန္ဓာ ကိုယ့် ဖာသာကြည့်တော့ ကိုယ့်ဖာသာကိုယ်မြင်တယ်။ ကိုယ်နဲ့မဆိုင်သလိုလို ဆိုင်သလိုလိုလည်း ထင်တတ်တယ်။ ပိုင်ပိုင်ကြီးကြည့်ရတယ်။ အဲဒီလိုကြည့်ပါများလာတော့ အသုဘကို ကိုယ့်ဖာသာကိုယ်မြင်ပြီမှတ်။
အသုဘဆိုတာ မတင့်တယ်တာပြောတာ။ အခု အသက်ဝိညာဉ် မချုပ်သေးခင်က အသုဘအစိမ်း ခေါ်တယ်။ ၀ိညာဉ်ချုပ်ပြီးတဲ့အခါကျတော့ ကြွေပြီးအသုဘ ခေါ်တယ်။ အညှာမှ ကြွေပြီးသော သစ်သီးမှည့်ကဲ့သို့ ကြွေပြီးသော အသုဘခေါ်တယ်။ မကြွေခင် ၀ိညာဉ်မချုပ်သေးခင်က သရက်သီးများ အညှာနဲ့ တန်းလန်းရှိသော (သရက်သီး) အသီးကဲ့သို့ အညှာမကြွေသေးတော့ အသုဘအစိမ်းခေါ်တယ်။ တို့ဝိညာဉ်မချုပ်သေးတော့ ဒီခန္ဓာကိုယ်ကတော့ အသုဘတော့ အသုဘပါပဲ။ တင့်တယ်ခြင်းမရှိဘူး။ တင့်တယ်ခြင်းမရှိသော်လည်းပဲ ၀ိညာဉ်တန်းလန်း ရှိနေသောကြောင့်၊ အညှာမှ မကြွေသေးသောကြောင့် အသုဘအစိမ်းခေါ်တယ်။
ဒီခန္ဓာကိုယ်ကြီး အသုဘကြီးပဲလို့ မြင်ပြီဆိုတော့ နှစ်သက်မှု၊ တွယ်တာမှု ဘာမှမရှိတော့ဘူး။ နှစ်သက်မှု၊ တွယ်တာမှု မရှိတော့ခြင်းက အမြတ်ထွက်လာတယ်။ ခန္ဓာကိုယ်လည်း တွယ်တာမှုမရှိဘူး၊ (ခန္ဓာ)ကိုယ်သာမဟုတ်သေးဘူး။ ပစ္စည်းဥစ္စာလည်း တွယ်တာမှု မရှိဘူး။ ဘုန်းကြီးဆိုလို့ရှိရင် ကျောင်းကန်လည်း တွယ်တာမှုမရှိဘူး။ အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းလို့ အသုဘပုံကို ပိုင်ပိုင်မြင်ထားသော ဘုန်းကြီးများ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းထားလေ့မရှိဘူး။ ဘာမှမက်မောခြင်း မရှိဘူး။ အဲဒီလိုဘုန်းကြီးက ကျောင်းကန်နဲ့စပ်လို့ စကားလည်း ပြောလိမ့်မယ် မဟုတ်ဘူး။ စိတ်တွေက အလိုလို အေးချမ်းပြီးတော့ ရဟန္တာပုဂ္ဂိုလ်လိုလိုကို ထင်ရလောက်အောင် စိတ်တွေက အေးချမ်းပျော့ပျောင်း သွားတယ်။ လူလည်း ဒီအတိုင်းပါဘဲနော်။ အဲဒါမှတ်ထားကြ။
အသုသ အသုဘ ဆိုလို့ ခက်ခက်ခဲခဲ ရှုရတာမဟုတ်ဘူး။ ဒီစကားနဲ့ဆက်လို့ ရှေးကဆိုရိုးရှိတယ်။ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတဲ့စကား ရှေးလူကြီးတွေစကား။ အသုဘ မသာအိမ်ကို တစ်ခေါက်သွားခြင်းသည် ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့၊ ဥပုသ်စောင့်၊ တရားနာ ဆယ်ခေါက်သွားတာထက် မသာတစ်ခေါက် သွားလိုက်ခြင်းက ပို၍ခရီးရောက်တယ်။ တနည်းအားဖြင့် ညီမျှသော ကုသိုလ်ရှိတယ်လို့ ဆိုတယ်။ ဆိုလိုသည်မှာ အသုဘ ရုပ်ကြီးကြည့်ပြီးတော့ကာ သြော်...သူ့ခမျာ သေရှာလို့ တကယ် အသုဘ အစစ်ဖြစ်ပြီ။ ငါ့ခန္ဓာကိုယ်လည်း ဒီလိုဖြစ်မှာပဲ၊ အဲဒီလိုတွေးဆကြည့်တော့ကာ အသုဘရှုခြင်း အဓိပ္ပါယ်ရောက်တယ်။ ရှေးအခါက အသုဘနဲ့ စပ်လို့ ဘုန်းကြီးတွေပင့်စာရေးသောအခါ ဘယ်ရွာက ဘယ်သူကွယ်လွန်သွားလို့ အသုဘရှုစား ကြွတော်မှုပါလို့ ပင့်လေ့ရှိကြတယ်။ ဘုန်းကြီးတွေကို။ လူများကိုလည်း အသုဘရှု တရားနာကြွကြပါလို့ ဖိတ်စာရိုက်လေ့ရှိကြတယ်။ လူအများ အသုဘရှုလား မရှုလားတော့ မသိဘူး။ အသုဘတော့ပို့ကြတယ်။ အသုဘပို့တယ်ဆိုတာ ဒီလိုအသုဘရှုနည်းကို ကြည့်ကြ။ ရုပ်ခန္ဓာက သေတ္တာထဲထည့်ထားလို့ မမြင်ရသော်လည်း အဲဒီထဲမှာ ရုပ်ကြွင်းခန္ဓာကြီးက နှစ်သက်ဖွယ် မရှိတော့ဘူး။ ပုပ်ပွနေမယ့်၊ မပုပ်ပွသေးသော်လည်း ပုပ်ပွဖို့ရန် ရှေးရှုနေတဲ့ စပ်ဆုတ်ရွံ့ရှာဖွယ် ခန္ဓာကိုယ်ကြီးဘဲ။ ငါ့ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ။ အဲဒီလိုတင်စားကြည့်ရင် အဲဒါအသုဘရှုခြင်းပြီးသွားတယ်နော်။
ပြီးတော့ တို့ခန္ဓာကိုယ်တွေဟာ အသက်မသေသေးခင် အသုဘစိမ်းတွေ လှုပ်ရှားနေကြတာ။ အမှန်စင်စစ် နှစ်သက်ဖွယ်မရှိ၊ မတင့်တယ်သော အသုဘတွေ။ မတင့်တယ်သောကြောင့် ဒီခန္ဓာကိုယ်ကြီး တင့်တယ်စေခြင်း အကျိုးငှာ ရေချိုးပေးရတယ်။ အ၀တ်တန်ဆာ ဆင်ကြတယ်။ သနပ်ခါးနံ့သာတွေ လိမ်းလို့ ပြုကြ ပြင်ကြတယ်။ အသုဘကြီး ပြင်နေကြတာနော်။ သေပြီးသား အသုဘကြီးကို ပန်းကုံးကြီးတွေ ထောင်လို့၊ မတင့်တယ်တာတွေကို တင့်တယ်ပါစေခြင်း အကျိုးငှာ လှပသော အ၀တ်ကလေးတွေဖုံးလို့၊ အဲဒီလို ပြုပြင်ကြသကဲ့သို့ တို့ခန္ဓာကိုယ်ကြီးလည်း မတင့်တယ်သော အသုဘကြီးတင့်တယ်အောင် သနပ်ခါးလိမ်းရတာ၊ မိန်းမတွေ ကျောက်ပြင်ပေါ် သနပ်ခါး တရွှဲရွှဲနဲ့ သွေးကြတယ်။ အဲဒီအသုဘကြီးကို ပြင်ကြတာအဲဒါ။ ငါဟာ အသုဘကြီးကို ပြင်နေတာဘဲလို့ နားလည်ကြနော်။ ငါ့အသုဘကြီး ငါပြင်ထားတာ။ သူကလည်း သူ့အသုဘကြီး သူပြင်လာတာ။ အမယ်.. အသုဘကြီး ပြင်လာလိုက်တာ သနပ်ခါးချောင်းကြီးတွေ ကွက်လို့၊ နှုတ်ခမ်းနီကြီးတွေ ဆိုးလို့၊ ခေါင်းမှာလည်းပန်းတွေ ပန်လို။့ သူတို့ အသုဘကြီးတွေ ကိုယ့်ဟာကိုယ် ပြင်လာကြတာ။ နားလည်ကြရဲ့ လား။ ဟုတ်ကဲ့လား။ ကိုယ့်အသုဘကိုယ် ပြင်ကြတာနော်။ သေပြီးတဲ့အခါ ကိုယ့်အသုဘကို သူများပြင်ကြမှာ။
တောင်တန်းသာသနာပြုဆရာတော်ကြီးဦးဥတ္တမသာရ
http://www.vimuttisukha.com

Thursday, June 29, 2017

#နောက်ဆုံးထွက်သက် ၏ #အဖော်?

သူယောင်မယ်
#နောက်ဆုံးထွက်သက် ၏ #အဖော်?
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
သေခြင်းတရားသည်
ရိုးမလိုနှင့် အလွန်ဆန်း၏။
ဆန်းသောအရာ ဟူသမျှသည်
တစ်ချိန်ချိန်၌ ရိုးသွားစမြဲပင်။
ရိုးသောအရာ ဟူသမျှသည်လည်း
ပြန်လည် ဆန်းသစ်လာရစမြဲဖြစ်ပေ၏။
သေခြင်းတရားကို သတ္တဝါတိုင်း
ကြုံတွေ့ကြရမည့်အရာဖြစ်၏။
မရဏသန္နလို့ခေါ်သည့်
ဘဝပြောင်းကာနီး
ရောက်လာသည့်​ အချိန်မှာတော့
စိတ်ဓာတ်စွမ်းအားတွေဟာ
အားလျော့လာ​ပေ၏။
ယင်းကို
``မိန်းမောတယ်´´
``မျောနေတယ်´´
ဟူ၍လည်းခေါ်ကြပါ၏။
ဒီလိုအချိန်မျိုး၌
ဘာနဲ့တူသလဲဆိုလျှင်
ရေနစ်ချိန်၊ အမြင့်က လိမ့်ကျချိန်၊
အထိတ်တလန့်ဖြစ်ချိန်များနှင့်
အလားတူတယ်လို့ဆို​ပေ၏။
ယင်းအချိန်၌ဆို၌လျှင်
ဇောက (၇)ကြိမ် မဖြစ်တော့​ပေ။
(၅)ကြိမ်ဘဲ ဖြစ်တော့သည်​ဟု ဆိုပါ၏။
ထွက်သက်၏ နောက်ဆုံးအချိန်၌
ကံတွေကိုလည်း စနစ်တကျ
သုံးသပ်ဆင်ခြင်ပြီး
ပြုလုပ်နိုင်စွမ်းလည်း မရှိတော့​ပေ။
{ တရားအခံမရှိလျှင်​တော့
ပျာနေပြီလို့ပြောရမှာပေါ့ }
ကိုယ် အလေ့အကျင့် သန်ခဲ့သည့်
ကံတွေကဘဲ နေရာယူပြီး
အာသန္နကံ သဖွယ် ထင်လာမြင်လာတတ်ကြပါ၏။
ဥပမာ -
လူတစ်ယောက်သည်
ထိန့်လန့်တကြား ဖြစ်သည့်​အခါ၌
ငါ့ပါးစပ်ကနေ
ဘယ်လို စကားမျိုးပြောမယ်လို့
စဉ်းစားချိန် မရလိုက်ဘဲ
ပါးစပ်၏ အကျင့်သန်ရာအတိုင်းဘဲ ယောင်ယမ်းအော်တတ်ပါ၏။
{ ကောင်းသောအကျင့်
အမြဲ အာစိဏ္ဏကံ တွေလုပ်ထားဖို့လို၏။
ယောင်ယမ်းလို့ရှိလျှင်
မကောင်းတာ ယောင်ယမ်းတတ်သူများ
သတိထားဖို့လိုပါ၏။ }
ထင်မြင်လာသည့်​ ကံတွေကလည်း
စနစ်တကျ စဉ်းစားနိုင်စွမ်း
မရှိတော့သည့်​အတွက် အလေ့အကျက်သန်ရာ
( အာစိဏ္ဏကံ)တွေကဘဲ
ရောက်လာ ထင်လာကြပြီး
(အာသန္နကံ)သဖွယ်
ဖြစ်ပေါ်လာကြတာပါ၏။
သေခါနီးလူတစ်ယောက်သည်
နောက်ဆုံးထွက်သက်၌
(အကြား)အာရုံသည်
နောက်ဆုံးဖြစ်ပါ၏။
သေခါနီးလူတစ်ယောက်သည်
ကျန်သည့်​ အာရုံတွေ ချုပ်ဆုံးပြီး -
သေခါနီးလူတစ်ယောက်သည်
အခြားသူတွေက အနားကနေ -
ကြည့်နေကြတဲ့အခါ၌
အသက်လည်း မရှူတော့​ပေ။
နှလုံးလည်း မခုံ တော့​ပေ။
လက်ကောက်ဝတ်၌
သွေးစမ်းကြည့်တော့ သွေးလည်းမတိုးတော့​ပေ။
#ယင်းအချိန်၌ အများအားဖြင့်
နောက်ဆုံးထွက်သက်၏
အဖော်ဖြစ်သည့်
( #ကြားစိတ် ) ရှိနေပါသေး၏။
သေခါနီးလူတစ်ယောက်
အခြားအာရုံတွေ ချုပ်သွားသော်လည်း
( အခြားသူတွေက
သေပြီဟု ယူဆထားသည့်​အချိန်၌ )
ကြားစိတ်က မချုပ်သေး​ပေ။
ကြားစိတ်ဟာ အချိန်အားဖြင့်
အများဆုံး မိနစ်( ၂၀) ခန့်ထိရှိနေ
တတ်​ပေ၏။
( မိနစ် -၂၀ - အကြာဆုံး။
မိနစ် -၂၀ အောက်
၁၀ - မိနစ်၊ ၅ - မိနစ်
အမျိုးမျိုးဖြစ်နိုင်သည်​ဟု
ဆိုလိုပါ၏။ )
#လူနာရှင်တွေဟာ
ဒီကိစ္စကို သိထားရမည့်
အရေးကြီးကိစ္စဖြစ်​ပေ၏။
#နောက်ဆုံးခရီးမှာအလွန်အရေးပါ၏
----------------------------------------------------
ဘဝ၏ နောက်ဆုံးအချိန်တွေကို
ဖြတ်​သန်းရတာ အလွန်ကြောက်စရာ
ကောင်းလှပါ၏။
တစ်ချက်ကလေး
အာရုံလွဲလိုက်တာနှင့်
အပါယ်ကျသွားလျှင်
``ဘွာတေးလုပ်၍´´မရတော့​ပေ။
အကုသိုလ် အစွဲအလန်းတွေနှင့်
သေခါနီး အသက်မထွက်
ဝိညာဉ်မချုပ်နိုင်ဘဲ
ဆန့်ငင် ဆန့်ငင် ပုဂ္ဂိုလ်တွေကို
တွေ့ဖူးကြပါလိမ့်မည်​။
အချို့ ကြတော့လည်း
အကုသိုလ်စေတနာ၊ ကုသိုလ်စေတနာ
ကြီးမားစွာ မရှိ၊
ဝိပဿနာဉာဏ်တရား
အခြေခံကလည်း မရှိတော့
သူရဲ့ကံ က
သူ့ကို ဘယ်ပို့ရမှန်း မသိဘဲ
စိတ်က ဟိုရောက်လိုက်
ဒီရောက်လိုက်နဲ့
ကြာနေတတ်ပါ၏။
ဒါကို ဘေးကလူတွေက
သားကို စောင့်နေသလိုလို
သမီးကို စောင့်နေသလိုလို
ထင်နေတတ်ကြပါ၏။
မျှော်နေသူက ရောက်လာ၍
``အမလေး .. ရောက်လာပြီလေ.. ထကြည့်ပါဦး ဟု´´
ဘေးကများ ကုန်းအော်လိုက်ရင်
အသက်ထွက်သေမည့်​ လူက
``သွားပြီ အပါယ်´´
ငရဲအိုး တိုက်ရိုက်ပါဘဲ။
#လောဘနှင့်​သေ ပြိတ္တာပြည်။
#ဒေါသနှင့်​သေ ငရဲပြည်။
#မောဟနှင့်​သေ တိရစ္ဆာန်ပြည်။
တောင်အောက်ကို ကျခါနီးလူကို
ဆောင့်ကန်ချသလို ဖြစ်​သွားမယ်​။
သေခါနီး၌ ဖက်ငိုသည့်
သူတွေဟာလည်း
သေသည့်​သူကို အယူမှားစေပါ၏။
ကိုယ့်မိဘ၊ ကိုယ့်အမျိုးတွေ
ကိုယ့်မိတ်ဆွေတွေကို ချစ်ပါတယ်ဆိုလျှင်
သေခါနီး၌ အယူကောင်းစေမည့်
လှူဒါန်းထားသော အလှူများကို
သတိပေး ပြောစေခြင်း၊
ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ပေးခြင်း၊ ကုသိုလ်ကောင်းမှုနှင့်
့ဆက်စပ်သောစကားများကိုသာ
ပြောခြင်းဖြင့် သေမည့်​သူ၏
လားရားဂတိကို ကောင်းအောင်ပြု လုပ်သင့်ကြပေ၏။
အချို့ဆိုလျှင်
ငါသေရင်မငိုကြနှင့်
ဆူညံဆူညံမလုပ်ကြနှင့်​ ငါတရားကိုနှလုံးသွင်းပြီး
အေးချမ်းစွာသေပါရစေ ဆိုပြီး
မိသားစုကို ကြိုတင်
မှာထားတတ်​သည့်​ သူတွေရှိပါ၏။
#သေခြင်းနှင့်သံသရာကိုအနားသတ်
#အငြိမ်းဇာတ်ကိုခင်းကြစို့လား
--------------------------------------------
ဘဝမှန်သမျှ
လက်ဖြစ်တစ်တွတ်စာတောင်
ဘုရားရှင်မချီးမွမ်းခဲ့​ပေ။
ယင်းကြောင့်
နတ်ဘဝ၊ ဗြဟ္မာဘဝသည်​လည်း သံသရာနှင့်​ ယှဉ်လိုက်လျှင်
ခဏလေးရယ်ပါ။
ကမ္ဘာပေါင်း
( ၈၄၀၀၀)ရှစ်​​သောင်း​လေး​ထောင်
အသက်ရှည်သည့်​ မဟာဗြဟ္မာကြီး၏ သက်တမ်းတောင် ခဏလေးဟု
ဘုရားရှင် ဟောတော်မူခဲ့ပါ၏။
ကျန်သည့်​ လူသက်၊
နတ်သက်ဆိုတာ မပြောနဲ့တော့။
#နောက်ဆုံးထွက်သက်၏
------------------------------------
ကြားစိတ်၊ မြင်စိတ်၊ နံသိစိတ်၊
အရသာသိစိတ်၊ ထိသိစိတ်
ကြံတွေးစိတ် ဒီအာရုံတွေထဲ၌
နောက်ဆုံးထွက်သက်၏
အဖော်ကတော့
ကြားစိတ်ဘဲ ဖြစ်ပါ၏။
#ပထမဆုံးထွက်ခွာသွားတာကတော့
မြင်စိတ်ဘဲဖြစ်ပါတယ်။
#မရဏမင်းနဲ့စစ်ခင်းရာ၌နောက်ဆုံး
#အားကိုးရသည့်​သူရဲကောင်းကတော့
ယင်းကြောင့်
ဒီ (ကြားစိတ်သူရဲကောင်း) ကို
မိမိ မသေခင်၌ ဒဏ်ခံနိုင်အောင်
ကောင်းကောင်း လေ့ကျင့်ထားဖို့
လိုအပ်ပါ၏။
မိမိ သွားရင်း၊ လာရင်း၊ စားရင်း၊
သောက်ရင်း၊ နေရင်း၊ ထိုင်ရင်းနှင့်
တရားထိုင်နေသည့်​ ချိန်တွေ၌
ကြားသည့်​အသံတွေကို လိုအပ်သလို
ဖြစ် - ပျက် ရှုထားသည့်
အကျင့်လုပ်ထားဖို့ လိုပါ၏။
ဥပမာ -
အချို့ဆိုလျှင် အသံချဲ့ စက်သံ ဆူညံသံတွေကြောင့်
တရားရှုမှတ်၍ မရနိုင်​ဘူး။
နားမခံနိုင်ဘူး အစရှိတာတွေဟာ
နား၌ လာတိုက်သည့်​ အသံကို
မိမိက ရှုမှတ်နို​င်​သည့်
ယောနိသောမနသီကာရ ဆိုသည့်
အခံ မရှိတာပါဘဲ။
တရားရည်ပြည့်ဝသွားလျှင်
ဒါတွေကို ခံနိုင်ရည်ရှိလာပါ၏။
ယင်းကြောင့်
နောက်ဆုံး မရဏစစ်ပွဲ၌ အားကိုးရမည့်
``ကြားစိတ်´´သူရဲကောင်းအား
လေ့ကျင့်ထားကြပါဟု
ဒကာ ဒကာမ အ​ပေါင်း
သူတော်ကောင်းအပေါင်းတို့သည် တစ်ဘဝကို အနားသတ်
သံသရာကိုလက်စသတ်၍
ဒုက္ခအပေါင်းချုပ်ငြိမ်းရာ သံသရာကို ထပ်မံ အနားသတ်သော
မြတ်နိဗ္ဗာန်သို့ အလွယ်တကူဝင်
ရောက်စံမြန်းနိုင်ကြပါစေ။
- Ashin Pan Tita -
credit:

Wednesday, September 28, 2016

ဝမ်းမနည်းပါနဲ့။

Shwe Tun with Thin Thin Aye and 36 others.
ဝမ်းမနည်းပါနဲ့။
မိတ်ဆွေ တစ်ယောက်ကပြောတယ်။
သေခြင်းတရားအကြောင်းတွေ မတင်ပါနဲ့တဲ့။
ဝမ်းနည်းတတ် စိတ်မကောင်းဖြစ်ရလို့ပါတဲ့။
...
တကယ်တမ်းကျတော့...
မွေးလာကတည်းက အိုမယ်၊ နာမယ်၊ သေမယ်
သဘာဝတရားက ရှောင်လွှဲလို့မှ မရတာ။
မြတ်စွာဘုရားကိုယ်တိုင်က
သေခြင်းတရားကို မပြတ်ဆင်ခြင်ဖို့ ....
မိန့်ကြားတော်မူခဲ့တာပါ။
သေခြင်းတရား ကြားရတယ်ဆိုတာ
အမင်္ဂလာလို့ အထင်မှားကြတာများပါတယ်။
သေခြင်းတရားကို ကြားရတာ..
မင်္ဂလာအစစ်ဖြစ်ပါတယ်။
သေမယ်ဆိုတာ ဆင်ခြင်နှလုံးသွင်းထားရင်
အကုသိုလ်တွေ ပြုဖြစ်ဖို့ အခွင့်နည်းပါတယ်။
သူတစ်ပါးအပေါ်လည်း ဣသာ မစ္ဆရိယစိတ်
လျော့ပါးသွားမှာလည်း ဖြစ်ပါတယ်။
ကောင်းတဲ့ ကာယကံ ဝစီကံ မနောကံတွေပဲ
ပြုဖြစ် ပြောဖြစ် တွေးဖြစ်တော့မှာပါ။
သင့်မသင့် အမြဲ ဉာဏ်နဲ့ ယှဉ်ပြီးမှ
ပြုမယ် ပြောမယ် တွေးမယ်ပေါ့။
သေရမှာမကြောက်တာ..
တရားရပြီး မှ မကြောက်တာလို့
ပြောလာသူလည်း ရှိပါသေးတယ်။
ဒါကလည်း မိမိတို့ အယူအဆအလျောက်
လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။
သားသမီးအတွက် အသက်စွန့်ကြတဲ့မိခင်တွေ
လူတောင်မဟုတ်သေးဘူး၊ တိရစ္ဆာန်ဘဝမှာပဲ
အထင်အရှားတွေ့မြင်ကြရမှာဖြစ်ပါတယ်။
တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့
အာဇာနည်တွေ သူတို့ သေမှာသိသိနဲ့..
အသက်ပေးခဲ့ကြတာလည်း အထင်အရှားပါ။
မြတ်စွာဘုရား မျောက်မင်းဘဝမှာ.
ကိုယ့်မျောက်မျိုးတွေအတွက် သေမှာမကြောက်ဘဲ
အသက်ပေးပြီး ပါရမီ ဖြည့်ခဲ့ပါတယ်။
တစ်ခြားပါရမီဖြည့်ခဲ့တာလည်း အများကြီးပါ။
ဒါလောက်ဆို သေမှာ မကြောက်တာ
တရားရပြီးလို့ဆိုတာ မပြောနိုင်ဘူးလို့ ထင်ပါတယ်။
လောကဓံကို ရဲရဲရင်ဆိုင်ပြီး မိသားစုအတွက်
ကိုယ့်အဖွဲ့အစည်းတွေအတွက် ဦးဆောင်သူ
တစ်ယောက်အနေနဲ့ နမူနာကောင်းပြရပါမယ်။
လောလောဆယ်ဆယ်
ဖြစ်လာတဲ့ ရောဂါကို တတ်နိုင်သလောက်
ကုသမှု ခံယူပါမယ်။ အတတ်နိုင်ဆုံး
နောက်ဆုံးထွက်သက်ထိ သက်သောင့်သက်သာ
တရားနှလုံးသွင်းရင်း နေသွားနိုင်ရင်
ကျေနပ်စရာ ဖြစ်မှာပါ။
ဘဝကို ကိုယ်လည်းခင်တွယ်တာပေါ့။
အနာဂါမ်တွေတောင် ဘဝတဏှာရှိသေးတာပါ။
ဒါပေမယ့် ကံ ကံ၏ အကျိုးကိုတော့ လက်ခံရမယ်။
ဘုရားသော်မှ ရှောင်မရ တို့ကဘာမို့လဲ..
ဆိုတာလိုပေါ့။
ဒါနကုသိုလ် သီလကုသိုလ်
သမထကုသိုလ် ဝိပဿနာ ကုသိုလ်တွေ
ပြုနိုင်သမျှ ပြုခဲ့ပြီးပါပြီ။ ဆက်လည်းပြုနေမှာပါ။
နောက်ဆုံးအချိန်ထိပေါ့။
လူမှုပရဟိတမှ ဓမ္မပရဟိတအထိလည်း
ပြုခဲ့ပြီးပါပြီ။ ဆက်လည်းပြုနေမှာပါ။
နောက်ဆုံးအချိန်ထိပေါ့။
ကဲ ဝမ်းမနည်းပါနဲ့။
ချမ်းမြေ့သာယာရှိကြပါစေ။
မေတ္တာဖြင့်
Shwe Tun.

Tuesday, September 27, 2016

ဟာ သေမင်း

ဟာ သေမင်း
လာထိုင်....
လက်ဖက်ရည်လေး ဘာလေး သောက်ပါဦး
မင်းက ငါ့ကို သေမင်းမှန်း...
ဘယ်လို သိတုန်း

ဟာ ခများ ဟာ အတော်သိသာနေတာကြီးကို
စာအုပ်ကြီး တစ်အုပ်နဲ့
ဘေးလွယ်အိပ်ကြီး လွယ်လို့ 
လူတွေကို တစ်မေ့တစ်မော လိုက်ကြည့်နေတာ
ခများ လူတစ်ယောက်ကို သေသေချာချာ စူးစိုက်ကြည့်နေတာ တစ်နေ့ ကတွေ့ တယ်၊
ဟော အခု အဲ့လူသေပြီလေ...
အဲ့တော့ ခများသေမင်း လို့  ထင်မိတာနဲ့
စကားလှမ်းပြောကြည့်တာ...
အခုလို ပြန်ပြောတော့ ပိုသေချာသွားတာပေါ့..
သူတစ်ချက်ပြုံးရင်း အနီးနား ဝင်ထိုင်သည်၊
လက်ဖက်ရည် ကျကျလေး တစ်ခွက်ဟေ့..
မင်းက အတော်လာတဲ့ကောင်ပဲ
အချို ဆို ငါ့ကိုပတ်ပြေးလို့ 
အချို့ များ ငါမှန်းသိရင်ကို
အနားမကပ်ခံကြတော့ဘူး
မင်းကျတော့ တစ်မျိုးကြီး..
ဟာ ဘာဆိုင်လဲ သေမင်းရ
ခများက ခများ အလုပ်လုပ်တာပဲ
ပြီးတော့ ခများက
ကျနော်လေးစားတဲ့
ထမင်းချက်ကြီး
ဦးဂွမ်တီ နဲ့ အတော်တူလို့ 
ဟဲဟဲ ဟုတ်တယ်ကောင်လေး
ငါ့ကို လူတွေက မြင်ချင်သလို
မြင်ကြတယ်
မင်းက ဦးဂွမ်တီလို မြင်တော့လည်း
ငါက မင်းကို ကောက်တွဲ လို့ ခေါ်မယ်ကွာ..
ဘာတုန်းဗျ ကောက်တွဲ
ကောက်တွဲဆိုတာ
ကောင်လေးကို တရုတ်မကျ ဗမာမကျ ခေါ်တာကွာ
သူပြုံးရင်း လက်ဖက်ရည် တစ်ကျိုက်မော့ချလိုက်သည်။
နေပါဦးဗျ ကျနော်မေးမလို့ 
ဦးလေး အခုတစ်လော
ဒီဘက်ပိုင်း
အတော်အလုပ်ကျနေတာလား
ဘာလဲ
အတော်သေကြလို့ လား
အင်း
မင်းအသိတွေ ပါလို့ မဟုတ်လား
အင်း
မင်းက မင်းအသိတွေပါမှ
သတိထားမိတာကိုးကွ
ငါကတော့ ငါ့အလုပ်ငါလုပ်နေတာပဲ
လူတွေက ဒီလိုပဲ ကောက်တွဲ
ဌားတုန်းက ဌားပြီး
ပြန်တောင်းတော့ မသိချင်ယောင်ဆောင်
မေ့ချင်ယောင်ဆောင်နေကြတယ်..
ဘာကို ဌားတာတုန်းဗျ။
ခန္ဓာလေ ကောက်တွဲ
မင်းတို့ မှာ ရှိနေတဲ့
ခန္ဓာက ငါဌားထားတာ
အချိန်နည်းနည်းလေးကြာတာနဲ့
မင်းတို့ ကမေ့တော့တာပဲ
ဒါပေမယ့် ငါကတော့
မေ့လို့ မရဘူးကွ
အချိန်အတိအကျ
စေ့ပြီဆိုတာနဲ့
တစ်စက္ကန့် တောင်
နောက်မကျစေဘဲ
ပြန်သိမ်းရတာပဲ
ဒီထဲမှာ အသေအချာ
မှတ်ထားရတာ
စာရင်းစာအုပ်ကြီး ပုတ်ပြရင်း ပြောလေသည်။
ဒါဆို ကျနော်လည်း ပါတာပေါ့..
အေးပါတာပေါ့...
ဘာလဲ အချိန် ဘယ်လောက် ကျန်သေးလဲ
မေးမလို့ လား...
ကောက်တွဲ ငါ့ကို လက်ဖက်ရည် တစ်ခွက်နဲ့
လာအစ်နေတယ်..
အဟီး မဟုတ်ပါဘူး ဦးလေးရယ်
အချိန်ကျန်တော့လည်း
ကျန်သလောက်ပေါ့
မကျန်တော့လည်း အရေးကြီးတာလေး
မြန်မြန် လုပ်ရအောင်...
မရဘူး ကောက်တွဲ..
Side effect သိပ်များတယ်..
အချိန်နည်းရင် မင်းဘာမှ မလုပ်နိုင်
သေမှာကြောက်တဲ့စိတ်တဲ့ နေရမယ်
အချိန်များရင် မင်းပျင်းရိအေးဆေးသွားမယ်..
မရဘူးကောက်တွဲ..
ဒါပေမယ့် မင်းသိဖို့က
အရေးကြီး မကြီးတာတွေက
မင်းဆုံးဖြတ်လို့ လဲမရဘူး...
ငါလည်း မပြောနိုင်ဘူး..
ငါသေချာပေါက်ပြောနိုင်တာက
ငါလာခေါ်တဲ့အချိန်
မင်းအတွက် အရေးကြီးဆုံး
အလုပ်ဖြစ်တဲ့
အသက်ရှူတဲ့ကိစ္စကိုတောင်
ရပ်ပြီး ငါ့နောက်လိုက်ရမှာပဲ..
စဉ်းစားကောက်တွဲ
လောကမှာ အသက်ရှင်သန်ဖို့ 
အသက်ရှူရတာထက်
အရေးကြီးတာ ဘာမှ မရှိဘူး..
အဲ့အလုပ်တောင် ပစ်ချခဲ့ရမှာ...
အင်း ဟုတ်သားဗျ..
ဟုတ်တယ်ကောက်တွဲ၊
မင်း နောက်အပတ်ထဲ ချောင်းသာသွားရမယ်ဆိုပါတော့
မင်းဘာတွေလုပ်မလဲ...
ဟိုတယ် ဘိုကင်ချိတ်တာတို့ 
ကားလက်မှတ်ဝယ်တာတို့ 
အဝတ်အစားရွေးတာ ထည့်တာ
ပစ္စည်းတွေ ဝယ်တာ အာ အများကြီးပေါ့..
ပြင်ရဆင်ရမှာတွေ..
အဲ့တာတောင် နီးနီးနားနား
ချောင်းသာနော်..
ပြင်ရတာတွေ များတယ်မို့ လား..
ဒီနေ့ သွား နောက်နေ့ ရောက်မယ့်
နေရာလေးတောင် ပြင်ရဆင်ရသေးရင်
ဘယ်နေ့ မှ ရောက်မယ်မှန်းမသိတဲ့
တမလွန် ခရီး ကိုကော ဘာတွေပြင်ပြီးပြီလဲ..
ဟိုမှာ ငွေရှိတိုင်း တည်းလို့ ရတဲ့ ဟိုတယ်တွေမရှိဘူး..
ငွေကြေးတွေ သုံးမရဘူး..
ဝိတ်တွေလည်း သုံးမရဘူး..
အဲ့ဒီအတွက်ကော ဘာတွေပြင်ပြီး ပြီလဲ
ကောက်တွဲ..
ဘယ့်နေ့ မှ သွားရမယ်
ဘယ်နေ့ အထိ မသွားရဘူးဆိုပြီး
သေချာနေတဲ့ ဆုံးဖြတ်ချက်တွေ
မင်းတို့မှာ ရှိလို့ လား...
ဟင့်အင်း ။ကျနော်တို့ မေ့နေ ကြတာ..
မဟုတ်ဘူး ကောက်တွဲ
မေ့ထားကြတာ..
စစ်အစိုးရ လက်ထက်က နိုင်ငံရေးသမားတွေဟာ
အိပ်ယာခေါင်းရင်းမှာ
လွယ်အိတ်လေး တစ်လုံး ထားထားပြီး အိပ်တယ်။
အဲ့အိပ်ထဲ လိုတဲ့ တစ်ကိုယ်ရေ တစ်ကာယ
ပစ္စည်းလေးတွေ ထည့်ထည့်ထားတယ်..
ဘယ်အချိန်လာခေါ်ခေါ်
ထောင်ထဲလိုက်ရရင် အဆင်သင့်လေးဖြစ်အောင်ပေါ့..
အဲ့ လိုပဲ ကောက်တွဲ အဲ့ဥပမာလေးလိုပဲ..
မင်းတို့ လည်း ဘယ်တော့ သွားရမယ်မှန်း
မသိပေမဲ့်၊ကြိမ်းသေ သွားရမဲ့ ခရီး တစ်ခုအတွက်
အထုပ်ကလေးတော့ ပြင်ထားသင့်တယ်ထင်တယ်။
ငါ လူတွေသွားခေါ်တဲ့အခါ ပြင်ဆင်မှု မရှိတဲ့ လူတွေဟာ အတော်လေး ဒုက္ခရောက်ကြတာကို မြင်နေရတယ် ကောက်တွဲ..
လမ်းတစ်လျောက် တစ်ငိုငို နဲ့..
အချို့ ကြတော့ အတော်လေး တည်ငြိမ်ကြတယ်
အေးအေးလူလူ ပဲ လိုက်လာတယ်
လမ်းခရီးမှာလည်း အတော်လေး အဆင်ပြေတယ်။
မင်းမြင်အောင် ပြောရရင်
နိုင်ငံခြား သွားသလို ပေါ့ ကောက်တွဲ
မင်းကို အခု ငါ အမေရိကန် လွှတ်လိုက်မယ်။
ခနနေ လေယဉ်ကွင်းဆင်းရမယ်။
အဆင်ပြေပါ့မလား..
ဟာ ဘယ်ပြေမှာတုန်း ..
အေး ပြင်ဆင်ထားတဲ့ လူကတော့
အဆင်ပြေတာပေါ့ကွ။
ဘယ်အချိန်ထသွားသွား အိုကေလေ..
သူတို့ မှာ မမြင်ရတဲ့ ခရီးအတွက် ပြင်ဆင်ထားမှုတွေ သိပ်အားကောင်းတယ် ကောက်တွဲ..
မင်းမြင်အောင် သေချာပြောရရင်
တမလွန် ခရီး ကို မကြောက်တဲ့သူတွေက
သူတို့ အတွက် သေချာပြင်ဆင်ထားကြလို့ ပဲ..
ဒါန သီလ ဘာဝနာပေါ့... ကောက်တွဲ..
အေးဗျာ ကျုပ်လည်း လုပ်ဦးမှပါ...
လုပ်ဦးမှ ဆိုတာ နောက်မှလို့ 
အဓိပ္ပါယ်ရတယ် ကောက်တွဲ....
Will ပဲ ရှိသေးတယ် ကောက်တွဲ
Vbe going to.. အဆင့်မရောက်သေးဘူး..
အတော်လာတဲ့ သေမင်းလို့ 
ထင်နေပြီလားကောက်တွဲ
မင်းတို့ တွေ မသိနိုင်တဲ့ အချက်က
ငါ မင်းတို့ ကို ခန္ဓာ ဌားစဉ်မှာ
Warranty တွေ ထည့်မပေးလိုက်ဘူး
ကောက်တွဲ။ဘယ်နှစ်နှစ် အထိ ကျန်းမာနေပါ့မယ်ဆိုပြီး
ငါ အာမမခံပေးလိုက်ဘူး...
မင်းတို့ ရဲ့ ကောင်းမှု ကုသိုလ် အစဉ်လိုက် ရရှိတဲ့
ခန္ဓာကို ကောက်စွပ်သွားကြတာ..
ဘယ်အချိန်မှာ ဘာဖြစ်မယ် မသိနိုင်ဘူး..
ငါက ပုတ်ပြတ်ဌားလိုက်တာ...
အဲ့တော့ ကျန်းမာစဉ်..
လုပ်နိုင်ကိုင်နိုင်ရှိစဉ် တစ်ခါတည်း လုပ်ထားကောက်တွဲ...
အချိန်တိုင်းမှာ အာမခံမပါဘူး....
ဂျပန်မှာ သေဒါဏ်ကျတဲ့ လူတွေကို
ဘယ်နေ့ မှာ သတ်မယ်လို့  မပြောထားဘူး
ကောက်တွဲ..
မနက်တိုင်း ရဲ နှစ်ယောက်က လာခေါ်ထုတ်တယ်..
သေဒါဏ်ပေးမယ့်အခန်းထဲလား..
ရေချိုးခန်း လားဆိုတာ မသိရဘူး..
လမ်းက တစ်ကြောင်းတည်း...
ရေချိုးခန်းထဲ ရောက်မှပဲ သက်ပြင်းချပြီး..
တစ်ရက်တာ အသက်ရှင်ခွင့်ရတယ်...
နေ့ ရက်တိုင်းက သူတို့ အတွက် နောက်ဆုံးရက်လိုပဲ..
ဟာ သူတို့ နဲ့  ဘာဆိုင်လဲ ဦးလေးရာ..
သူတို့ က ဥပဒေအရ သေဒါဏ်ကျနေတဲ့သူတွေလေ..
မင်းတို့ ကကော ကောက်တွဲ ဘာထူးလည်း...
ငါသေဒါဏ်ချပြီး သားသူတွေလေ..
ကွာတာဆိုလို့ ...
စကားအဖြစ်ကပ်ပြောရရင်..
သူတို့ ကမှ ဒီမနက် မသေရင်
တစ်ရက်တာ အသက်ရှင်ခွင့် ရသေးတယ်..
မင်းတို့ က မနက်မသေပေမယ့်
ညနေ ရှင်ပါ့မယ် ဘယ်သူ မှ အာမမခံနိုင်ဘူး...
ကောက်တွဲ...မင်းစဉ်းစား စရာတွေ သိပ်များသွားပြီလား....
ဟုတ်တယ်ဦးလေး..
အဲ့တာဆို ဘဝကြီးက တစ်မျိုးကြီး ဖြစ်သွားမှာပေါ့
ဦးလေး...ဟာတာတာကြီးလိုလို...ဝမ်းနည်းလာသလိုလို...
ဟဲဟဲ ကောက်တွဲ ... ဘဝကြီးက ဘဝကြီးပဲ
လောကကြီးက လောကကြီးပဲ...
ခန္ဓာရလာတော့ သေမှာပဲ...
မသေခင် ပြင်ချိန်ရတယ်လို့ မှတ်
ရသလောက် ဒါန သီလ ဘာဝနာတွေ ကယ့်ယူ..
ခရီးရှည် တစ်ခု ထွက်ဖို့ ရှိတယ်ဆိုတာ မမေ့နဲ့...
ပြင်ဆင်မှုတွေ အားကောင်းလာလေလေ..
မင်းပျော်ရွှင်လာလေ ဖြစ်လာလိမ့်မယ်...
ခရီးအတွက် စိတ်အေး သွားရင်..
မင်းပေါ့ပါး လန်းဆန်းလာလိမ့်မယ်...
တစ်ခုတော့ ရှိတယ်..
ဒီဘဝ တစ်ခုတည်းနဲ့ ခရီးဆုံးကို ရောက်နိုင်ရင်တော့..
တစ်ခါတည်း ကိစ္စပြတ်တာပေါ့...
ပြတ်လောက်တဲ့ အားထုတ်မှုမျိုး မရနိုင်ဘူးဆိုရင်တော့..
အကောင်းဆုံး ပြင်ဆင်မှုလေးတွေ
လုပ်ထားဖို့ တော့ လိုမယ်...
သွားမယ် ကောက်တွဲ...
လက်ဖက်ရည် တစ်ခွက် အတွက်
မင်းပြန်ရတာတွေ တန်ရောပေါ့.....
ဦးလေးက လုပ်ပြီ..
ဘာတွေ ရဖို့ ဆိုပြီး ကျနော် လက်ဖက်ရည် တိုက်တာ
မှ မဟုတ်တာ..
ဦးလေးကို မြင်တာနဲ့...
ခင်ချင်စဖွယ် လေးစားသဖွယ်ကြီး
ဖြစ်နေလို့ ....
ငါလည်း မင်းကို အဲ့လို မြင်ပါတယ်..
ခင်ပါတယ်...ဒါ့ကြောင့်လည်း
စိတ်လို လက်ရ
ိမင်းအတွက် လိုအပ်တာတွေ
ပြောပြတာပေါ့...
ခင်ရင် မြန်မြန် ခေါ်မှာလား
နှေးနှေး ခေါ်မှာလား....
ဟဲဟဲ...
ဟားဟား တစ်ကယ်လာတဲ့ကောင်
လစ်တာနဲ့ အစ်တာပဲ...
ဒါတော့ မပြောနိုင်ဘူးမောင်..
ဒါပေမယ့် ပြောနိုင်တာ တစ်ခုကတော့..
ငါအခု ပြောသွားတာတွေ..
မင်းသေချာနားလည်မယ်ဆိုရင်..
ငါလာခေါ်တဲ့အခါ..အဆင်သင့်ကောက်လိုက်နိုင်တဲ့
လူတစ်ယောက်ဖြစ်လာမယ်ဆိုတာပဲ...
မင်းကို လာခေါ်တဲ့အခါ..
အပြန်လမ်း တစ်လျောက်
အခုလို အေးအေးလူလူ
လက်ဖက်ရည် ထိုင်သောက်ချင်ပါသေးတယ်...
.........
ပြောပြောဆိုဆို ဖြုတ်ခနဲ အပျောက်
ဘေးဝိုင်းက ဆေးလိပ်မီးခိုးတွေကြား
ရောရောင်ပြီး ပျောက်သွားလေရဲ့.....
ဘဝမှာ တန်ဖိုး အရှိဆုံး မနက်စာကို ပြောပါဆိုရင်တော့
ဘုရားရှင်ကို မဖူးတွေ့ ရခင်အချိန်ထိ..
ဒီ လက်ဖက်ရည် တစ်ခွက် ဖြစ်နေ ပါလိမ့်မယ်
Thanks alot Death..
See u Later...
ခံစားရေးဖွဲ့ သည်
မောင်စီ။

Sunday, September 25, 2016

ရန်ကုန်ဆေးရုံကြီးမှာ လူနာစောင့်ကြည့်ရင်း














အရှင် ဣန္ဒက added 4 new photos — with အရှင် ဣန္ဒက at Yangon General Hospital.
23 June
ရန်ကုန်ဆေးရုံကြီးမှာ လူနာစောင့်ကြည့်ရင်း
ညသုံးနာရီလောက်မှာ ဆေးရုံအောက်ထပ်ကိုဆင်းကာ
အရေးပေါ်လူနာပြမည့် အပေါက်ဝရှေ့ဘက်ဆိုင်သို့
အအေးဗူးဝယ်ရန် ဆင်းလာခဲ့ပါတယ်။
...
ကိုယ်ဆင်းပြီးတော့ လျှောက်လာတဲ့လမ်းဟာ
သေဆုံးလူနာများကို ရေခဲတိုက်သို့
ပို့ဆောင်ရာလမ်းဖြစ်နေပါတယ်။
ကိုယ်က အအေးဗူးဆင်းဝယ်ရင်း
ထိုလမ်းပေါ်လျှောက်တဲ့ ခေတ္တခဏလေးမှာတင်
သေဆုံးလူနာ ခုနှစ်ယောက်လောက်ကို
ကုတင်နဲ့သယ်သွားတာ တွေ့မိရသလို
သုံးဘီးကားလေးနဲ့လည်း ရေခဲတိုက်ဘက်ကို
သေဆုံးလူနာတွေကိုသယ်ဆောင်နေကြတာ
တွေ့ခဲ့ရပါတယ်။
ကိုယ့်လူနာကို ဆရာဝန်များက
အရေးတကြီးဆိုသလို
အရေးပေါ်ကယ်ဆယ်ရေးကုသဆောင်ဘက်
ပို့လိုက်ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးဘက်ရောက်တော့
ဒလဘက်ကမ်းက ဆိုင်ကယ်တိုက်မိလို့
လူတစ်ယောက်ဟာ
ဦးနှောက်တွေ ထွက်ကျနေပြီး
သေတော့မယ့်အခြေအနေဖြစ်လိုဖြစ်။
ကိုယ့်လူနာ ကုတင်နားက
ဒကာမတစ်ယောက်လည်း
ရောက်လို့ နာရဝက်မျှမကြာသေးခင်
အသက်ဆုံးရှုံးသွားပြန်တယ်။
ကိုယ်တွေလည်းတွေးနေမိပါတယ်။
""ရန်ကုန်ဆေးရုံကြီးမှာ
ကိုယ်ခဏလေးနေရတဲ့အခိုက်အတန့်မှာတောင်
ဒီလောက်လူတွေ သေဆုံးနေကြရင်
တစ်ရက်ကို ဒီဆေးရုံကြီးမှာ ဘယ်လောက်တောင်မှ
ဆုံးရှုံးနေကြရမလဲ"
ရန်ကုန်ဆေးရုံကြီးနဲ့တွက်လို့ တစ်ရက်ကို
ခန္ဓာပျက်ကြွေ သေဆုံးသူတွေဟာ
ဘယ်လောက်များလိုက်မလဲ
နိုင်ငံနဲ့တွက်ကြည့်ရင်
ကမ္ဘာနဲ့တွက်ကြည့်ရင်
အား--အများကြီးပါပဲလား""လို့
တွေးနေမိတယ်။
နေ့တစ်နေ့ကို
လူ့လောကကြီးရောက်လာကြသူများသလို
ထွက်ခွာသွားတွေလည်း များမှများပါပေ့။
ကိုယ်တွေလည်း
ခန္ဓာဖြစ်တည်လို့ လူ့လောကကြးထဲရောက်ခဲ့ရပြီ
ခန္ဓာပျက်ကြွေကာ သေဆုံရမယ့်နေ့စွဲစာရင်းထဲ
ဘယ်နေ့ပါလာမည်ဆိုတာ အတိအကျမသိရ။
ဗုဒ္ဓမြတ်စွာကတော့
" သဗ္ဗေ သင်္ခါရာ အနိစ္စာ"
ခပ်သိမ်းသော သင်္ခါရတရားဆိုတာ မမြဲဘူး"လို့
အတိအကျဟောထားခဲ့ပြီးသားပါ။
တကယ်တော့
သတိလက်လွတ် မေ့လျော့နေမိတဲ့အခါ
ဒီခန္ဓာကြီး မြဲတယ်
ပိုင်တယ်ထင်နေမိကြတာလေ။
ငါ့သား ငါ့သမီး ငါ့ဆွေမျိုး
ငါ့ရာထူး ငါ့အလှ ငါ့ဥစ္စာ ငါ့မာနတရားတွေနဲ့
သတိမေ့လျှော့ ပျော်မွေ့နေမိတဲ့အဖြစ်တွေ။
မသေခင်မှာ
အချစ်တွေ အမုန်းတွေ အာဃာတတွေ
ဝမ်းနည်းဝမ်းသာမှုတွေနဲ့
သံသရာလည်နေတဲ့အဖြစ်တွေ။
နောက်ဆုံးတော့---
ဆေးရုံကြီးတွေကို မိသားစုတွေနဲ့လာပြကြ
လာကုသလိုက်ကြ
မကုသနိုင်ကံကုန်တဲ့အဆုံး
သေဆုံးသွားပြီဆိုမှတော့ဖြင့်
ကိုယ့်ကို ရေခဲတိုက်ထံအပ်နှင်းထားခဲ့ကာ
မိသားစုများပြန်သွားကြ။
ရေခဲတိုက်ကို ပို့လိုက်တဲ့အချိန်
ဘာတွေယူလို့ရမှာလဲ။
ကုသိုလ်ဥစ္စာတစ်မျိုးကလွဲ
ဘာဆိုဘာမှမယူနိုင်ကြ
ဘုံဆိုင်အထုပ်တွေအားလုံးထားခဲ့ပေတော့။
ကိုယ်ပိုင်ကုသိုလ်ဥစ္စာဟာ
ဒီနေရာမှာတန်ဖိုး အရှိဆုံးဖြစ်သွားခဲ့လေပြီ။
တကယ်တော့
ကုသိုလ်ဆိုတာ အလိုအပ်ဆုံးအရာသာ
ခန္ဓာပျက်ကြေသေဆုံးရမယ့်
နေ့စွဲစာရင်းဟာ
တစ်နေ့တော့ မဖိတ်ခေါ်ပါပဲရောက်ကိုလာတော့မှာ
မနက်ဖြန်လား ဒီနေ့လားဆိုတာ
သေချာရေရာ ခွဲခြားမသိကြရတဲ့
မမြဲခြင်းဘဝ ပိုင်ဆိုင်ရလူသားတွေပါ။
ကိုယ်ကတော့ တွေးမိနေတယ်
ဗုဒ္ဓမြတ်စွာသာသနာနဲ့လည်းကြုံ
လူဘဝလည်းရလာကြ
သံသရာချမ်းသာကြောင်း
သံသရာလွတ်ကြောင်းတရားကောင်းများ
ဟောပြောနိုင်တဲ့ဆရာကောင်းတွေလည်းရှိနေပါရဲ့
ထောင်နိုင်တဲ့နားမြင်နိုင်တဲ့မျက်လုံး
စဉ်းစားသုံးသပ်နိုင်တဲ့အသိဥာဏ်များပြည့်စုံနေပါလျှက်
အသိလွဲ အမြင်လွဲ အကျင့်တွေလွဲမှား
တစ်ဘဝကောင်းစားရေးလမ်းစဉ်လျှောက်
သေခါနီးကုတင်ပေါ်မှာရောက်မှ
သတိလေးထားပြီး
မိသားစုက
"" ကုသိုလ်အာရုံပြု ကုသိုလ်အာရုံယူနှော်""
လို့ပြောကြတဲ့အခါမှာတော့
ယူရမယ့်ကုသိုလ်အာရုံက
တစ်ခုမှရှိမနေကြဘူးဆိုရင်တော့
ကျိမ်းသေပါတယ်။
လာခြင်ကောင်း၍ ပြန်ခြင်းမချမ်းမြေ့ပါပဲ
လူ့ဘဝကို အလွဲသုံးစားလုပ်ကာ
လူဖြစ်ရှုံးသူများဖြစ်ဖို့ပေါ့။
မိမိတို့လောကလူ့ဘဝကျင်လည်ရာ
သက်တမ်းတစ်လျှောက်မှာ
အလုပ်လုပ်ကြတဲ့အခါ
အရှုံးအမြတ်ဆိုတာ တွက်ချက်ကြပါတယ်။
အရှုံးဆိုတဲ့နေရာမှာ
သေခါနီးအချိန်
ကိုယ်အာရုံယူစရာ
ကုသိုလ်ကောင်းမှုတစ်ခုခုမရှိနေခြင်းဟာ
အရှုံးတကာ့အရှုံးထဲမှာ
အဆိုးဆုံးအရှုံးတစ်ခုပါပဲ။
တည့်တည့်ပြောရရင်တော့
မလိုချင်ဆုံးအရှုံးပါပဲ။
မိမိနှင့်အတူ
မိတ်ဆွေအပေါင်းသူတော်ကောင်းများဟာ
သေခါနီးအချိန်မှာ အာရုံယူစရာ
ကုသိုလ်ကောင်းမှုမြောက်များစွာဖြစ်စေဖို့
ကောင်းမှုတစ်ခု နေ့စဉ်ပြုကြပါလို့သာ
စေတနာဖြင့်တိုက်တွန်ရင်း
လာခြင်းကောင်း၍ ပြန်ခြင်းချမ်းမြေ့သူများ
ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းသာ---။--။
23 - 6 -16

Wednesday, September 21, 2016

"တစ်ယောက်တည်းပါ အမှန်တကယ်တော့"

Dr Shwe Tun
"တစ်ယောက်တည်းပါ အမှန်တကယ်တော့"
***************************
လူ့လောကထဲရောက်ရှိစဉ်ကတည်းက
တစ်ယောက်တည်းပါ ...
တကယ်ကိုတစ်ယောက်တည်းပါပဲ.......

လူ့လောကထဲကနေ ထွက်ခွာမယ်ဆိုလည်း တစ်ယောက်တည်းပါ
တကယ်ကိုတစ်ယောက်တည်းပါ.....
မိမိကုသိုလ်ကပဲ
မိမိကိုကောင်းရာမွန်ရာရောက်စေပြီး...
မိမိအကုသိုလ်ကပဲ
မိမိကိုအပါယ်ပို့တာပါ။
တစ်ယောက်တည်းပါ
တကယ်ကိုတစ်ယောက်တည်းပါ......
မိမိမှားယွင်းမှုအပေါ်
မိဘမောင်ဘွားကခွင့်လွတ်ရင်နေမယ်
ငရဲကတော့မလွတ်ပါဘူး။
တစ်ယောက်တည်းပါ
တကယ်ကိုတစ်ယောက်တည်းပါ.....
မိမိမှန်ကန်မှုအပေါ်
တစ်ဖက်လူတွေက သိချင်မှသိမယ်။
မိမိ၏ကုသိုလ်စိတ်အိတ်နဲ့ထည့်သိမ်းထားလည်း
မရပါ အကျိုးပေးမှာပါ။
တစ်ယောက်တည်းပါ
တကယ်ကိုတစ်ယောက်တည်းပါ.....
မိမိကိုချစ်လွန်းလို့ဆိုပြီး ရောဂါဝေဒနာရလာရင်
မိမိလက်ကိုဆွဲပြီး လောကကြီးထဲ စွန့်ခွာမသွားဘဲ
နေနိုင်တဲ့ မိဘမောင်နှမမိတ်ဆွေ ဆိုတာမရှိပါဘူး
တစ်ယောက်တည်းပါ
တကယ်ကို တစ်ယောက်တည်းပါ........
မိမိကိုမခွဲနိုင်လို့ မစွန့်လွတ်နိုင်လို့ မိမိသေရင်
နောက်ကလိုက်သေမယ့်သူမရှိပါ။
တကယ်ကို တစ်ယောက်တည်းပါ.....
စာမကျက်ဘဲ ကိုယ်တိုင်သင်ယူခြင်းမရှိဘဲ မိမိ
ကိုချစ်လွန်း၍ စာမေးပွဲအောင်အောင် လုပ်ပေး
မယ့်သူမရှိပါ။တကယ်ကို တစ်ယောက်တည်းပါ။
မိမိကိုမုန်း၍ မိမိဦးဏှောက်ထဲမှ အသိဥာဏ်
ပညာကို ခိုးယူခြင်းငှာ မည်သူမှမစွမ်းနိုင်ပါ။
တကယ်ကိုတစ်ယောက်တည်းပါ။
မိမိကိုချစ်လွန်း၍ အစာရေစာခွံ့ကျွေးနိုင်သော်
ငြား မိမိဝမ်းပြည့်တင်းဖို့ရာ ဝါးမြိုချခြင်းငှာ မည်
သူမှ မစွမ်းပါ။တကယ်ကို တစ်ယောက်တည်းပါ။
ရောဂါဝေဒနာခံစားရ၍ ထိုဝေဒနာကို တစ်ဖက်
လူမှ မျှဝေခံစားဖို့ရာ ရောဂါပေးစွမ်းခြင်းငှာ
မည်သူမှ မတတ်နိုင်ပါ။
တကယ်ကို တစ်ယောက်တည်းပါ။
လောကဧည့်သည်ပုထုဇဉ်လူသားတွေချည်းပါ။
ရာထူး ဂုဏ် ဓန ရုပ်ရည် အသက်အိုးအိမ်ကို
ထာဝရဆုပ်ကိုင်နိုင်ဖို့ရာ မည်သူမှမစွမ်းပါ။
တကယ်ကို တစ်ယောက်တည်းပါ.....
မိမိ၏ရင့်ကျက်မှု မိမိ၏အသိဥာဏ်ပညာ
ဆင်ခြင်တုံတရား သံဝေဂတရားတွေကသာ
လောကဓံတွေကို ဖြေရှင်းပေးနိုင်တာပါ။
တကယ်ကိုတစ်ယောက်တည်းပါ.....
စိတ်ကောင်းရှိမှု အသိ သတိ ဝိရိယကောင်းမွန်
မှုထက် သာလွန်ကောင်းမွန်တဲ့အရည်အချင်း
မည်သူ့ထံတွင်မှ မရှိပါ။ဘယ်သူမပြု မိမိမှုပါ။
မိမိ၏ကောင်းခြင်း ဆိုးခြင်း စိတ်ကောင်းရှိခြင်း
ယုတ်မာခြင်းတို့ကိုမိမိမှလွဲ၍ မည်သည့်ပုထုဇဉ်မှ
ပိုမသိပါ။တကယ်ကို တစ်ယောက်တည်းပါ။
မိမိအတွက်အကောင်းဆုံးအဖော်မှာ မိမိ၏
ကုသိုလ်တရားဖြစ်ပြီး မိမိအတွက်အဆိုးဆုံး
ရန်သူကား မိမိပြုလုပ်သည့် အကုသိုလ်သာဖြစ်
ချေတော့၏။
"မိမိ၏ပစ္စုပ္ပန်ဘဝ၊သံသရာတို့အား မိမိသာပုံဖော်ရ၏။"
(မိမိကိုယ်ကိုဆုံးမခြင်း)
Post & Photo by
မဟူရာ နတ်သမီး ။

တံခါးဖွင့်လိုက်ပြီ

ဘကြီးသက်
6 May
သုသာန်မှာရေးထားတဲ့စာလေးပါ။
သံဝေဂရနိုင်အောင်တင်ပေးလိုက်ပါတယ်။

Sunday, September 18, 2016

တေဘုမ္မာ

Click for more
Posted by Kyaw Zay Ya
315 Views
315 Views
Kyaw Zay YaFollow
16 hrs
တေဘုမ္မာ
ရေး -ကျိုက်လတ် ဦးပြုံးချို
ဆို -ရီရီသန့်
တေ-ဘုမ္မာ၊ အနိစ္စာ ဒုက္ခာ အနတ္တာ တရားမရလို့  များလှသံသရာ၊ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ၊ အ၀ိဇ္ဖောဃာ စိတ်မောဟာ မကင်းတာ အရ...င်းခံ သူတဏှာ၊
ဒိဋ္ဌိဥာဏ် ၀င်စားထင်မှား မြင်ငြားကြတာ၊ လူဘဲ နတ်ဘဲ မှတ်စွဲလို့ သာ၊ မှားချက်အလွန်နာ၊ ငါ့သားငါ့မယား လင်သားဥစ္စာ၊ ငါ့ကိုယ်ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ၊ ၀ိပဿနာ ထင်ရှား မြင်လျား မြင်ငြားကြပါ၊ ဘာမျှရှာမရ အ,သာရက မှန်စွာ အနတ္တာ ခန္ဓာ၊ ဖြစ်ရင်းတည်ရင်း ပျက်ရင်းချူပ်ကာ၊ ရုပ္ပတိသညာ၊ ဖေါက်ပြန်မဆိတ်ပါ အနိစ္စလက္ခဏာ၊ ရုပ်တရားနာမ်တရားနှစ်ဖြာ၊ အိုနာသေမည် အတည်မကျပါ၊
သင်္ခါရဟာ ဘင်ကာလမကြာ၊
ငါးဖြာဂတိမှာ၊ လေးဘုံ အပါယ်ငရဲစာ၊ (အ၀ိဇ္ဖာ အကြောင်းကြောင့် သင်္ခါရာ ၀ိညာဏ် နာမ်တရား ရုပ်တရားနှစ်ဖြာ)၂ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ- ပဋိစ္စ သမုပ္ပါန် ရှုပ်ပြန်အတွင်းအပတဏှာ။

(ရှက်စရာတွေးတော့ သမုဒယပါ၊ မဂ္ဂဆေးနှင့် ကုရမှာ၊ လက္ခဏာရေးဖြင့် ရှုကြပါ၊ တေ ဘုမ္မာ)
(မြေ-ရေ-လေ-မီး ဓာတ်ကြီးအစုပါ၊ လွန်တရာမမြတ်သော အတ္တဘော ခန္ဓာ၊)၂၊
(မုန်းဖွဲ့ မလွတ်ပါ၊ သုံးဆယ့်နှစ်ကောဋ္ဌာ၊)၂၊
(မိုက်မဲအ၀ိဇ္ဖာ၊ စိတ်တဏှာ အနိဋ္ဌာ- ဣဋ္ဌာရုံထင်မိမှား၊ ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချူပ်နှောင်ကာ သူလှည့်စား၊ )၂၊ (တရားကွာ မှားရှာ များသတ္တ၀ါ ဘ၀အနေကာ ဖြစ်ပျက်သံသရာ )၂၊ မီးဆယ့်တစ် ငြိမ်းရာချူပ်ရာ၊ နိဗ္ဗာန်ရောက်နိုင်ရာ မဂ်ဖိုလ်ကြိုးစားရအောင်ရှာ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ သမုစ္ဆေပဟာန် ဧကန်ပါယ်၍ခွာ၊ အထက်တန်း တက်လှမ်းမကြာ ရုပ်နာမ်ခန္ဓာ နှစ်ဝလုံးဟာ၊ အစတုံးကာ ဘ၀ဆုံး အမတာ၊ အဲသို့ မှသာ ဘေးတကာ ရန်တကာ ကင်းဝေးမှာ၊ အရဟတ္တဖိုလ် ပညာကိုသာ၊ အနုသယကိလေ တိခြွေပယ်ဖို့ ရာ၊ အမှန်ဝါယမန် စိတ်သန် သမာဓိ ၀ိပဿနာ့ဥာဏ် ရင့်သန်စေဖို့ ရာ။
ငါးဆူရှင် ပါရမီတော်ရင့်သည်။ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ၊ ဗုဒ္ဓုပ္ပါ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ လွဲလျက်မှန်စွာ၊ ရှည်လျား- သုညကမ္ဘာတွေမှာ- ဓမ္မာသွေခွါ အပါယေမှာ ပျော်ဖို့ ၊ တရားမသိလို့ အမြဲမိစ္ဆာ၊ အမှားအတိ အလွဲစိတ်မှာ၊ ငရဲတိရစ္ဆာ တကတဲမဆိတ်စွာ အသဲထိတ်စရာ စည်ပင်ကြတော့မှာ။
(မကောင်းဒုစရိုက်တွေဟာ နည်းအောင်ကျင့်ပါ) ၂၊
(နှစ်လ နေ့ ရက်နာရီတွေဟာ၊ အချိန်အလကား မကုန်စေရာ) ၂။ (ကာမဂုဏ် ရမ္မက်ဆိုးကို ဖျက်ချိုးနိုင်မှသာ၊ ဖြစ်ရာဘ၀သံသရာ၊ ပညာပါရမီ ကြီးရင့်အောင်ဖို့ ပါ)၂








အတီတာ မိုက်စ မိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ၊ ယခုလဲမိုက်ဆဲမှန်စွာ၊ ရှေ့ ကိုတိုးလို့ တံပိုးမိုက်အုံးမှာ၊ အဆုံးသတ်သင့်တာ။
(ကိုယ့်ကိုယ်ကို သနားပါ များသတ္တ၀ါ)၂၊ (လောဘ ဒေါသ မောဟ လောင်မီးကိလေသာ၊) ၂၊ (တဟုန်းဟုန်းတောက်လို့ သာ၊ တဖြုန်းဖြုန်းမောက်မို့ စွာ)၂
(အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အားထက်သန်စွာ)၂၊ (နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့ အမှုဟာ ထဲစိတ်မပါ၊)၂
နေရာဟောင်းကို အလွန်အောင်းမေ့တာ) လေးဘုံပါယ်ရွာ လေးဘုံပါယ်ရွာ ထဲမှာ- နေမြဲသာ၊ များသည်သတ္တ၀ါ။

Friday, September 16, 2016

"အရှင်ဇနကာဘိဝံသ ဟောကြားသော သေခါနီးထိ စိတ်ပြင်ပါ "

Dr Tthaw Thaw
"အရှင်ဇနကာဘိဝံသ ဟောကြားသော သေခါနီးထိ စိတ်ပြင်ပါ "
စိတ်ချမ်းသာပါစေ၊စိတ်မဆင်းရဲပါစေနှင့် ၊
စီးပွားကိုရှာပါ ၊ မပျင်းပါနဲ့ ၊
ပျင်းလို့ စီးပွားမရလို့ရှိရင် စိတ်...ဆင်းရဲရပါလိမ့်မယ် ၊
စိတ်ဆင်းရဲလို့ ရုပ်ကမဖြစ်မနေဘူး ၊
မကောင်းတဲ့ရုပ်တွေ ဖြစ်လိမ့်မယ်။

စိတ်ချမ်းသာလို့ရှိရင် ကောင်းတဲ့စိတ်တ္တဇရုပ်တွေ ဖြစ်ပါတယ် ၊
ဒါကြောင့်စီးပွားဥစ္စာ ရှာရပါတယ် ၊ မှန်မှန်ရှာရပါတယ်။
လောဘအင်မတန် မကြီးရပါဘူး ၊
ဒေါသမထွက်ရပါဘူး ၊ ဒေါသဖြစ်တယ်ဆိုလို့ရှိရင် ဒေါသဖြစ်တဲ့မျက်နှာကို ကြည့်ပါ ၊
ရုပ်မကြည်လင်ပါဘူး ၊ စိတ္တဇရုပ်တွေ မကောင်းဖြစ်နေတာ။
ဒါကြောင့် လောဘမကြီးပါနဲ့ ၊ သင့်တင့်ရုံကလေး လောဘရှိပါစေ ၊
စိတ်ကိုပြင်တော့ ဒေါသ မဖြစ်ပါစေနဲ့ ၊
ဒီဒေါသဟာ သူ့ကြောင့်ဖြစ်တဲ့ စိတ်တွေကဖြစ်နေတာ ၊
မကောင်းစိတ်တွေ မကောင်းရုပ်တွေ ဖြစ်နေမှာ။
ဒါကြောင့်မိုလို့ စိတ်ကိုပြုပြင်ပေးပါ။
ဘယ်လောက်ထိအောင် ပြုပြင်ရမတုန်း ၊
အခုထိလည်း ပြုပြင်နေရမယ် ၊
နောင်ကိုလဲ သေသည်ထိပြုပြင်ကြပါ ၊
စိတ်ဆင်းရဲအောင်တော့ ဘာကိစ္စနဲ့မှ မဖြစ်စေရဘူး။
ကျောင်းသံဃာတွေကို စိတ်မဆင်းရဲအောင် ၊
သူတို့စိတ်ဆင်းရဲရင် ကိုယ်လည်းစိတ်ဆင်းရဲနေရမယ် ၊
သူတို့ကောင်းအောင်စည်းကမ်း တင်းကျပ်သလို
ကျောင်းဒကာဒကာမတွေကိုလဲ
ဘေးအန္တရာယ်မရှိအောင် သတိပေးနေရတယ်။
သူတို့ဖြစ်လို့ရှိရင် ကိုယ့်စိတ်က အရိယာစိတ်မဟုတ်တော့
သူတို့မချမ်းသာလို့ရှိရင် ကိုယ့်စိတ်လည်း မချမ်းသာရှိမှာပဲ ၊
သိပ်လောဘ မကြီးနဲ့ ၊
မတော်တဆ ခြေချော်လက်ချော်ဆိုရင် တအိမ်လုံး စိတ်ဆင်းရဲနေရမယ် ၊
မကောင်းတဲ့ စိတ္တဇရုပ်ဖြစ်ရုံသာမကဘူး ၊
ဘေးပတ်ဝန်းကျင်ရဲ့ အထင်သေးမှု အပြောအဆိုတွေကြောင့်မိုလို့ မကေါင်းတဲ့စိတ်တွေ ထပ်ပြီးတော့ဖြစ်တယ် ၊
အဲဒီအခါ မကောင်းတဲ့ရုပ်တွေဖြစ်တာ သိသာလွန်းလို့ ။
ဘုန်းကြီးစိတ်ကိုပြုပြင်နေတာ ၊
ဘယ်လောက်ထိပြုပြင်နေရလဲဆိုတော့ သေခါနီးထိ ၊
ဘုန်းကြီးက ငါ ဘာရောဂါနဲ့သေမလဲဆိုတာ မသိဘူး။
ဘုန်းကြီးအတွက် စိတ်ကိုသေခါနီးထိ တွေးထားတာ ၊
သေခါနီး မျက်နှာငယ်လေးနဲ့ လာမမေးပါနဲ့ ၊
ကိုယ့်ဘာသာကိုယ်ခံနေမှာ ၊
သူများက မျက်နှာငယ်လေးနဲ့လာပြီးတော့ , အို ဖြစ်မှဖြစ်ရပလေ ဘာညာနဲ့
လူတွေနားလည်းမလည်ဘူး ၊ စကားလဲမပြောတတ်ဘူး ၊ မလာကြနဲ့။
ငါ့ ရောဂါဒဏ်နဲ့ ငါ့ဘာသာငါ ငါ့စိတ်ကို ငါစဉ်းစားနေမယ် ၊
ဗုဒ္ဓမြတ်စွာရင့်မကြီးတောင်မှ ပရိနိဗ္ဗာန် စံတော်မူခါနီး ဝမ်းတော်လားပြီးတော့ စံတော်မူရတယ်။
အကယ်၍များ ဘုန်းကြီး ဒီရောဂါမျိုးဖြစ်ရင် ဘုရားကိုအာရုံပြုနေမှာပါ ၊
ပါရမီရှင်ကြီး မြတ်စွာဘုရား ,
ပါရမီဖြည့်ပြီးသား မြတ်စွာဘုရားတောင် ဒီခန္ဓာကိုယ် ဒီရုပ်ခန္ဓာနဲ့နေသမျှ ဝမ်းတော်
လားရသေးတာ ၊ ငါ ဘာမိုလို့တုန်း ဖြစ်ပေါ့။
ဒီရောဂါ ၊ ဘုန်းကြီးစိတ်ကို အဲဒီထိ တွေးထားတာ ၊
အရှင်သာရိပုတ္တရာ သွေးတော်အန်ပြီးတော့ ပရိနိဗ္ဗာန်စံရတယ် ၊
ဘုန်းကြီး ဒီရောဂါအလားတူနီးနီးစပ်စပ်ဖြစ်ဖြစ် ဒီရုပ်နာမ်ခန္ဓာနဲ့ လာရှိနေသမျှ
အရှင်သာရိပုတ္တရာမှ ဒုက္ခမှမလွတ်ပဲနဲ့ ငါကောဘာမိုလို့တုန်း ၊
ငါ့ပါရမီကဘယ်လောက် ရင့်သေးလို့တုန်း ၊
ဖြစ် ခံပေါ့ ၊ ဒီရောဂါလဲပဲ မြဲတာမဟုတ်ဘူး ၊
ပြီးတော့ ဒီရောဂါလဲပဲ သေသွားတော့ သူ့ဟာသူ ပြီးသွားတာပဲ။
ဒါကြောင့် ဒီအနိစ္စဖြစ်တဲ့ ရောဂါကို အကြောင်းပြုပြီး သူများကလာပြီး မျက်နှာငယ်လေးနဲ့ လာမကြည့်
လာနဲ့ ၊ မလိုချင်ဘူး။
အကယ်၍ သူတစ်ပါးရဲ့ ဒဏ်ရာဒဏ်ချက်ကြောင့် သေလုမြောပါးဖြစ်နေရင် တန်ခိုးအင်မတန်ကြီးတဲ့ အရှင်မဟာမောဂ္ဂလန်ပုဂ္ဂိုလ်ကြီးတောင်မှ ခိုးသားငါးရာလက်ချက်ကြောင့် အရိုးကလေးတွေ
ကြေမွသွားလောက်အောင် အရိုက်အနှက်ခံရသေးတာပဲ။
ငါ့ဘာမိုလို့တုန်း ၊ ဖြစ်ပါစေ ခံပေါ့ ၊
ဟောဒါ ဘုန်းကြီးက သေခါနီးထိ စိတ်ကိုတင်းပြီးတော့ ဒီစိတ်သက်သက်သာသာနဲ့သေဖို့ရန်
စောစောကတည်းကိုက စီစဉ်ထားတယ်လေ ၊
နေရာတိုင်းမှာ စောစောကထဲကကိုက စီစဉ်ထားတယ်။
အခုလူတွေက စိတ်ကိုမပြုပြင်တတ်လို့ ၊
စိတ်သိပ်ငယ်တယ်။
စိတ်သိပ်ငယ်တော့ ရုပ်တွေကညံ့လာတယ် ၊
စိတ္တဇရုပ်တွေညံ့လာတယ် ၊
စိတ္တဇရုပ်တွေညံ့လာတော့ ဘာရောဂါဖြစ်တယ်၊
နှလုံးဘာဖြစ်တယ် ၊ အသည်းဘာဖြစ်တယ် ၊ အဆုတ်ဘာဖြစ်
တယ် ၊ ဝမ်းထဲလျှောက်တော့ စိတ္တဇရုပ်တွေမဟုတ်လား ၊
ဝမ်းထဲမှာလဲပဲ နှလုံးတို့ အသည်းတို့ နာမည်တပ်ထားပေမယ့်
ကံကြောင့်ဖြစ်တဲ့ရုပ်တွေ ,ဥတုကြောင့်ဖြစ်တဲ့ရုပ်တွေ ၊
ဒီရုပ်တွေပေါင်းထားတာ ၊ ဒီရုပ်တွေပေါင်းပြီးတော့ နှလုံးတို့ အဆုပ်တို့ကျောက်ကပ်တို့ ဒီလိုခေါ်နေတာ။
ဒီတော့ ကံကြောင့် စိတ်ကြောင့် ဥတုကြောင့် ပေါင်းထားတဲ့ ဒီနှလုံး အသည်း ကျောက်ကပ်စသည်တွေဟာ စိတ်မကောင်းလို့ရှိရင် ရောဂါဖြစ်ဖို့လွယ်တာပေါ့ ၊ ရောဂါဖြစ်လာလို့ရှိရင် ကုဖို့ခဲယဉ်းပြန်တာပေါ့။
ဒါကြောင့် ဘုန်းကြီးက စိတ်ကောင်းကောင်းထား ၊
ကံကောင်းအောင်လဲ မတော်မတရားတွေမလုပ်ပါနဲ့ ၊
ကောင်းတဲ့ကံနဲ့ ပြုပြင်စရာရှိတာတွေ ပြုပြင်လို့ ၊လှူ သင့်တာကိုလှူလို့ ၊
စိတ်ကိုလည်း ကောင်းကောင်းထားပါ ၊
စိတ်လဲ မငယ်ပါနဲ့ ၊စိတ်အားမငယ်ပါနဲ့ ၊
သေတာထက် ဟိုဘက် ဘာမှမရှိဘူး။
"အများကပြောကြတယ်, ဆိုကြတယ်ဆိုတာတွေဟာ အလကားပါ ၊
ကိုယ့်ကိုယ်ကိုသာ ပဓါနပါ ၊
ကိုယ်နဲ့ ရင်းနှီးလူက ပဓါနပါ ၊ ဂရုစိုက်စရာ မရှိပါဘူး ၊
ကံကို ကောင်းအောင်သာ သတိထားနေပါ။
စိတ်ကို အဲဒီနည်းနဲ့ ပြုပြင်ပါလို့ ဘုန်းကြီးကပြောတယ် ၊
ဘုန်းကြီးကလဲ ဒီနည်းနဲ့ လုပ်နေတာ ………"
………………………………………………………………
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
………………………………………………
Credit Thantgyi Thantgyi.

မကြာခင် သေမယ်ဆို ဘာလုပ်ကြမှာလဲ။

Dr Shwe Tun with Nwayshwin Linn and 5 others.
မကြာခင် သေမယ်ဆို ဘာလုပ်ကြမှာလဲ။
တကယ်လို့များ..
မျှော်လင့်မထားဘဲနဲ့
ကိုယ့်မှာ ရောဂါတစ်ခုခု.....
အသည်းကင်ဆာ
အဆုပ်ကင်ဆာ
လေဖြတ်တာ လေမိတာ
ဦးနှောက်သွေးကြောပြတ်တာ
ကျောက်ကပ်ပျက်စီးတာ
နှလုံးသွေးကြောပိတ်တာ
စသည်ဖြင့် သေစေနိုင်တဲ့
ရောဂါတစ်ခုခု
အမည်တပ်ခံရပြီ ဆိုပါတော့။

အဲ့လိုများ
ကြုံရမယ်ဆိုရင်
ဘယ်လိုရင်ဆိုင်ကြမလဲ။
ဘယ်လိုနှလုံးသွင်းကြမလဲ။
တကယ်တော့
ရောဂါတွေရတယ်ဆိုတာ
ရုပ်ဖောက်ပြန်တာပါပဲ။
ဖြစ်လာတဲ့ ရောဂါကို
တတ်နိုင်သလောက်
အခြေအနေပေးသလောက်
ကုသမှုခံယူရုံပါပဲ။
ဇာတိရပြီ ဆိုကတည်းက
မအိုချင်လို့လည်းမရ
မနာချင်လို့လည်းမရ
မသေချင်လို့လည်းမရပါဘူး။
တစ်နေ့နေ့ တစ်ချိန်ချိန်
မလွဲမသွေ ကြုံကြရမှာပါ။
သဘာဝတရားတွေပဲမဟုတ်လား။
ဘယ်အရာမှလည်း
အစိုးမရလေတော့..
ကိုယ့်အလိုလည်း
လိုက်မှာမဟုတ်လေတော့...
တည်တည်ငြိမ်ငြိမ် ခံယူဖို့လိုပါတယ်။
ကိုယ့်မှာ အခြေအနေပေးရင်တော့
မသေခင် နောက်ဆုံးထွက်သက်ထိ
ကုသိုလ်ပြုခွင့်တွေ ရနေပါသေးတယ်။
ဒါနကုသိုလ် သီလကုသိုလ်
ဘာဝနာကုသိုလ်တွေကို
လွယ်လွယ်ကူကူ ပြုနိုင်ပါတယ်။
ကိုယ်ပြုတဲ့ကံတွေမှာ..
ရှေ့စိတ်ပြီး နောက်စိတ်မှာ
သတိကပ်နိုင်မယ်ဆိုရင်တော့
ကံကုသိုလ်မက ဉာဏ်ကုသိုလ်ပါ
ရနိုင်ပါသေးတယ်။
အကောင်းဆုံးကတော့
အိုနာသေ ဆိုတာက
သဘာဝတရား...
ငါ့ကိုမှ ရွေးပြီးဖြစ်တယ်လို့
စွဲမထားမိပါစေနဲ့။
"ဆရာရွှေ
ဆရာ့မှာ အသည်းကင်ဆာဖြစ်နေပြီ"
"အော်...အေး"
"ဆရာရွှေ
ဆရာဝန်က ဆရာတစ်လပဲ နေရမယ်တဲ့"
"အော်...အေး"
ဘာများ တတ်နိုင်ပါ့မလဲ။
တည်တည်ငြိမ်ငြိမ်
လက်ခံယူရုံပါပဲ။
ဆရာ ဒေါက်တာစိုးလွင်ကလည်း
ပြောထား သင်ထားပါတယ်။
"သေမှာ မကြောက်နဲ့..
သတိမရှိမှာသာကြောက်" တဲ့။
မြတ်ဘုရားသော်မှ
မလွန်ဆန်နိုင်တဲ့
အိုခြင်း နာခြင်း
သေခြင်းတရားတွေကို
သဘာဝတရားတွေလို့
တည်တည်ငြိမ်ငြိမ်လက်ခံလိုက်ရုံပါပဲ။
မအိုမီ မနာမီ မသေမီ
ပြုနိုင်သမျှ ကုသိုလ်တွေ
စုဆောင်းနိုင်သမျှ
စုဆောင်းနိုင်ကြပါစေ။
မေတ္တာဖြင့်..
Dr Shwe Tun.

Thursday, September 15, 2016

*** လူ့ဘဝသက်တမ်းဟာအလွန် တိုတောင်းလှပါတယ် ***

*** လူ့ဘဝသက်တမ်းဟာအလွန်
တိုတောင်းလှပါတယ် ***
ဘဝရဲ့လက်ကျန်ရှိနေသးတဲ့အချိန်ကလေးကို
အမှတ်တမဲ့နေပြီး အမှတ်တမဲ့သေသွားကြရင်
ရခဲလှတဲ့လူ့ဘဝအတွက်အရှုံးသမားဖြစ်သွား...
မှာစိုးရိမ်မိပါတယ်။
အနေတတ်ကြသလို အသေတတ်ကြဖို့လိုအပ်
လှပါတယ် အားလုံးတစ်နေတော့သေကြမှာ
မလွဲပါ တရားအသိတို့ဖြင့် နေတတ်အောင်ကြိုး
စားကြသလို တရားအသိတို့ဖြင့် သေတတ်
အောင်ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်
* နေလည်းနေတတ်ကြဖို့ ....
*သေလည်းသေတတ်ကြဖို့ .....

See more
Myat Thu to ဗုဒ္ဓဘာသာများဆုံဆည်းရာနေရာ
ဘာကြောင့် တရားအားထုတ် ကြတာလဲ လို့မေးရင်
သေလည်းသေတတ်ဖို့၊
နေလည်းနေတတ်ဖို့။
သေကြတာချင်းအတူတူပဲ။ ...
သေပုံသေနည်းတွေ ကွဲကြလို့။

ပုထုဇဉ် တို့ သေကြ တော့မယ်ဆိုရင်
"အမ လေး...ငါသေရ တော့မှာပဲ။
ငါဒီတောင် က ကျော်နိုင်မှာ မဟုတ်ဘူး။
မ သေခင် က လေး မှာစရာရှိတာတွေမှာချင် လို့ပါ။"
ဆိုပြီး ပူပင်ကြောင့်ကြစိုးရိမ်မှုတွေနဲ့
ဟောဒိ စည်းစိမ်ဥစ္စာ ပစ္စည်း၊
သားသမီး၊ ခင်ပွန်း မယား၊
တိုက်တာ အိုးအိမ် တွေ စွန့်ရတော့ မယ်ဆိုတော့
သောက ပရိဒေဝ ဒုက္ခ တွေနဲ့
ပူလောင် ဆင်းရဲကြရတယ်။
ရောဂါဝေဒနာကလည်း နှိပ်စက်၊
ထိုင် လည်း မသက်သာ၊
ထူပေးလို့ ထရင် လည်း မသက်သာ၊
အိပ် ရင် လည်း ဘယ်လှည့် လို့မသက်သာ၊
ညာလှည့် လို့လည်း မသက်သာ ပဲဖြစ်နေတယ်။
အဲဒိ ဒုက္ခ ဝေဒနာ တွေ ညှဉ်းဆဲလို့
ဖြစ် ရတဲ့ ဆင်းရဲ ကတစ်မျိုး၊
မိမိရဲ့ စွဲလမ်းမှု တဏှာ၊ဥပါဒါန် တို့ရဲ့
လောင်မြိုက်မှုကြောင့် ငါ့ဘဝကိုတွယ်တာ
တပ်မက်မှုတွေနဲ့ ပုထုဇဉ်တွေ သေကြရတယ်။
အရိယာတွေကြတော့ ကိုယ်လုပ်ခဲ့ပြီးသား၊
ကိုယ်ကျင့်ခဲ့ပြီးသား၊ ကိုယ်မြင်ပြီးသား တွေကို
နှလုံးသွင်းပြီးတော့ ရှုမှတ် ရင်း သေကြရတယ်။
သေခြင်းတရားကို မ ကြောက်ကြဘဲ
ပေါ်လာတဲ့ဝေဒနာတွေကိုလည်းပဲ
အရင် က တရားရှုမှတ် ဘူးတဲ့ အတွက်ကြောင့်
ရှုမှတ်စိတ်ကိုပဲ အာရုံပြုပြီးတော့
ခေါင်းကိုက်တာ၊ ခါးနာတာတွေ ကို အာရုံပြုချိန်မရဘူး။
သူ့ရဲ့ အာရုံက ပဝတ္တိဖြစ်ဆဲ ရုပ်နာမ်မှာပဲ
အာရုံ တည်ပြီး တော့
ရုပ်ဒုက္ခရော၊ ရုပ်ဒုက္ခကို မှီပြီး
ဖြစ်တဲ့ စိတ်၊ စေတသိက်၊ ဒုက္ခ တွေကလည်း
လွတ်သွားတယ်။
အဲဒိလို ဥပေက္ခာ ဝေဒနာ လေးနဲ့ပဲ သေသွားကြတယ်။
နေတတ်ဖို့ ဆိုတာမှာလည်း
သတိဆိုတဲ့ ဥာဏ်တရားက မဦးစီးရင်
မိမိ၏ ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုတွေဟာ
ဥာဏ် ဦးစီး မှု မရှိသည် ဖြစ်သောကြောင့်
ကံတွေဖြစ် သွားတယ်။
ကျွဲတို့သည် ရွှံ့နွံ၌ မွေ့လျော်ဘိသကဲ့သို့
ဟင်္သာ တို့သည် ရေကန်၌မွေ့လျော်ဘိသကဲ့သို
လင်းတ တို့သည် သားပုပ်၌ မွေ့လျော်ဘိသကဲ့သို့
ဝက်တို့သည် မစင်၌ မွေ့လျော်ဘိသကဲ့သို့
ပျားတို့သည် ပန်း၌မွေ့လျော်ဘိသကဲ့သို့
မွေ့လျော် ရာချင်း မတူကြဘူး။
ပုထုဇဉ် တို့သည်ကား သတိမကပ်သည့် အတွက်ကြောင့်
မ ကောင်းမှု အာရုံတို့၌ မွေ့လျှော်ကြ၏။
ဒီတော့ အကုသိုလ်ကံတွေ ဖြစ်လာတယ်။
အရိယာတွေကျတော့ ဖြစ်ဆဲ အာရုံတိုင်းမှာ
သတိကပ်ပြီးတော့ ရှုမှတ် နေတယ်။
ကုသိုလ်၊ အကုသိုလ် ကံတွေ
မဖြစ်အောင်နေတယ်။
ဒီတော့ နေတတ်ဖို့၊ သေတတ်ဖို့ အလွန်အ ရေးကြီးတယ်။
ဓမ္မဂုဏ်ရည်ဆရာတော်
Credit ,Thandar Swe Oo acc

လူ့ဘဝသက်တမ်းကို

Ashin Parama with Siha Raza and 3 others.
လူ့ဘဝသက်တမ်းကို
ယေဘုယျ ၇၅ နှစ်ပဲ ထားလိုက်ပါတော့။
အသက် ၄၀ ရှိတဲ့သူတစ်ယောက်ဟာ
ဆက်လက်ပြီး ၃၅ နှစ်ပဲ
နေခွင့်ရတော့မှာပါ။
...
အသက် ၅၀ ရှိတဲ့သူတစ်ယောက်ဟာ
ဆက်လက်ပြီး ၂၅ နှစ်ပဲ
နေခွင့်ရတော့မှာပါ။
အသက် ၆၀ ရှိတဲ့သူတစ်ယောက်ဟာ
ဆက်လက်ပြီး ၁၅ နှစ်ပဲ
နေခွင့်ရတော့မှာပါ။
လက်ကျန်အချိန်က
နည်းပါပြီ။
ကျန်နေတဲ့အချိန်က
ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။
ဒီအချိန်ဟာ
သူတစ်ပါးကောင်းတာ
မကောင်းတာကို
ဝေဖန်နေရမဲ့အချိန် အရွယ်မဟုတ်တော့ပါဘူး။
ကိုယ်ကောင်းအောင်ပဲ
နေရမဲ့ အချိန်အရွယ်ဖြစ်နေပါပြီ။
ဆိုလိုတာက
သူတစ်ပါးကောင်းတာ
မကောင်းတာထက်
ကိုယ်ကောင်းအောင်နေဖို့က
အဓိကပါ။
ရဝေနွယ် ( အင်းမ )