လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Showing posts with label သီလ. Show all posts
Showing posts with label သီလ. Show all posts

Thursday, August 25, 2016

🍂 မုသာဝါဒ 🍂

Ko Lin to Dhamma friends
🍂 မုသာဝါဒ 🍂
✏ ✏ ✏ ✏ ✏
■ အေး .. လောကမှာ မုသာဝါဒမှရှောင်ကြဉ်တယ်
ဆိုတာ အလွန်နည်းတယ်။ မှန်တာပြောရင်ပဲ
စကားမချောသလို ဖြစ်လာတယ်။ အဲဒီတော့ ...
မှန်တာ ပြောရင် လင်္ကာ မချောဘူးပေါ့။
လင်္ကာချောအောင် မှန်တာ မပြောနဲ့
လို့ အဓိပ္ပါယ်ရနေတယ်။
မုသားမပါ လင်္ကာမချောတဲ့။
ဒီအဆိုကို ဘယ်သူက စလုပ်ထားလည်းမသိဘူး။
နည်းနည်းလေး အလိမ်အညာလေး၊အပိုလေး
ထည့်လိုက်တော့မှ အဟုတ်လို့
ထင်နေကြတာလို့ဆိုတယ်။

■ လာဘ်လာဘရအောင် လုပ်တဲ့ကိစ္စနဲ့
ပတ်သက်ပြီးတော့ အဋ္ဌကထာ ဆရာကြီး
ဖွင့်ထားတာရှိတယ်။ လောကမှာပစ္စည်းတစ်ခုရဖို့၊
လာဘ်လာဘ ရဖို့ဆိုတဲ့အကျင့်ဟာ ဘာနဲ့တူတုန်း
ဆိုရင် နို့ဃနာထမင်းထဲမှာတဲ့ လက်ညှိုးကလေးနဲ့
တည့်တည့်ကလေး ထိုးပြီး ပြန်နှုတ်လိုက်ရင်
ထမင်းက လက်ထဲပါလာမှာ မဟုတ်ဘူးတဲ့။
ဆိုလိုတာက ရိုးဖြောင့်နေရင် ဘာမှမရဘူး
လို့ ပြောတာ။ ရိုးဖြောင့်နေတဲ့ ပုဂ္ဂိုလ်က ဘာမှမရဘူး။
■ ရိုးရိုးကြီး သွားလုပ်လို့မရဘူး။ ခုခေတ် ပြောကြတယ်လေ။
ဒီလူက တယ်ရိုးတာကိုး။ ရိုးလို့ရှိရင် လူတွေက
ရှုံ့ချကြတယ်။ လက်ညှိုးကလေးကို
နည်းနည်းကလေး ကောက်လိုက်မယ်ဆိုရင်
နို့ဃနာခဲကြီး ပါမလာဘူးလား။ အဲဒါလိုပဲတဲ့။
နည်းနည်းလေးကောက်မှ ပစ္စည်းကရတယ်။
သို့သော်နိဗ္ဗာန်ကိုတော့ တစ်ဖြောင့်တည်း
လုပ်မှရတယ်။ ကောက်လို့ မရဘူး။
■ နိဗ္ဗာန်သွားတဲ့လမ်း နဲ့ လာဘ်ရကြောင်းလမ်းက
တစ်ခြားစီဖြစ်နေတယ်။ လက်ကလေးနည်းနည်း
ကောက်လိုက်တာနဲ့ နို့ဃနာတွေ ပါလာတယ်။
ဖြောင့်ပြီးတော့ ပြန်နုတ်လိုက်ရင် မပါလာဘူး။
အဲဒါလိုပဲ လောကမှာ မုသားမပါ လင်္ကာမချော လုပ်ပြီး နည်းနည်းကလေး အပိုကလေး ထည့်ပြီးပြောမှ
အဆင်ပြေတယ်လို့ထင် လာကြတယ်။
ဒီတော့ လောကလူတွေမှာမုသား မပြောတဲ့လူက
မရှိသလောက် ဖြစ်လာတယ်။
■ ငယ်ငယ်တုန်းက ဆရာတော်ဘုရားကြီးတစ်ပါးပြောတာ
ကြားဖူးတယ်။ရယ်စရာ အနေနဲ့ပြောတာပါ။
ရယ်စရာ အနေနဲ့ ပြောပေမယ့်လို့ အလွန်မှတ်သားစရာ
ကောင်းတယ်နော်။သတိထားစရာလည်း ကောင်းတယ်ပေါ့။
ဒါသတိပေးတဲ့ အနေနဲ့ ပြောတာလည်းဖြစ်နိုင်တယ်။
■ အေး မုသာဝါဒကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဟာ စကားမပီဘူး၊
သွားမညီဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေ ကျိုးတယ်လို့
ဆိုတယ်။ ဒါနဲ့ပတ်သတ်ပြီးဆရာတော်ကြီးက
ဘာအမိန့်ရှိတုန်းဆို မုသားပြောလို့ သွားတွေကျိုးမယ်
ဆိုရင် ဓမ္မကထိကတွေ သွားတွေ တစ်ချောင်းမှ
ရှိမှာ မဟုတ်တော့ဘူးတဲ့။ အဲဒါဓမ္မကထိကတွေကို
သတိပေးလိုက်တာပဲ။ မှန်မှန်ကန်ကန်ဟောဖို့
သတိပေးတဲ့ သဘောပဲနော်။
အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ ဒါစဉ်းစားရမယ့်အရာပဲ။
■ အကုသိုလ်ဆိုတာ အခုလုပ်၊ အခု အကျိုးပေးတာမှ
မဟုတ်တာကိုး။အရပ်ထဲမှာ မုသားစကားပြောလို့
သွားကျိုးရမယ်ဆိုရင် သွားစိုက်ဆရာတွေ
သူဋ္ဌေး ဖြစ်နေကြပြီ။ ခုခေတ် သွားတစ်ချောင်း
တစ်သိန်းကျော် ၊ နှစ်သိန်း တန်တယ်။
■ ကောင်းပြီ။ မုသာဝါဒ ရှောင်တဲ့သူ အလွန်နည်းတယ်
လို့ ပြောရမယ်။ ရာခိုင်နှုန်းနဲ့တွက်ရင် အလွန်နည်းတယ်။
အဲဒီ အလွန်နည်းရတဲ့အထဲမယ် ငါသည်
ကိုယ်သိတဲ့ အတိုင်းကို မှန်သာကိုသာ ပြောမယ်။
မပြောချင်ရင် ပါးစပ်ပိတ်ထားပေါ့နော်။
ပြောမယ်ဆိုရင် မှန်တာကိုပဲ ပြောမယ်။
မမှန်တာကို မပြောဘူး။
■ မုသားရှောင်ကြဉ်မူဟာ အတိုင်းအတာမဲ့တဲ့ သတ္တ၀ါတွေကို ဘေးမဲ့ပေးခြင်းပဲ။ ဘာဖြစ်လို့တုန်း ဆိုရင် လောကမှာ
ကြည့်လေ ဘယ်သူကဖြင့် ဘယ်သူ့ကို လိမ်သွားပြန်ပြီနဲ့
အလိမ်ခံလိုက်ရတဲ့ လူက အလွန်ဒုက္ခရောက်တယ်။
လိမ်ပြောတာတို့ ၊ ဘာတို့ ဆိုတာမျိုးတွေက
နောက်ပိုင်း အလိမ်ပေါ်လာတဲ့အခါ
စိတ်ဆိုးစရာတွေ၊ ရန်ဖြစ်စရာတွေ ဖြစ်လာကြတယ်
ပေါ့။ အစကတည်းကမလိမ်ဘူး။ မှန်တာပဲ
ပြောတယ်ဆိုတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်စိတ်ချ
ရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာမယ်။ ဖြစ်လာတဲ့အခါ
ဟော အန္တရာယ်ကင်းတာပေါ့။ဒါကြောင့်မို့
မုသာဝါဒရှောင်ကြဉ်ခြင်းဟာ သတ္တ၀ါတွေကို
ဘေးမဲ့ပေးရာ ရောက်ပါတယ်တဲ့။
【ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
Credit -
Posted by►
www.facebook.com/youngbuddhistassociation.mm
#ဓမ္မဒါန

Monday, August 1, 2016

ဥပုသ်စောင့်ပုံ အစီအစဉ်

နည်းစနစ်ကျကျအတွေးအခေါ်'s photo.
နည်းစနစ်ကျကျအတွေးအခေါ်
ဥပုသ်စောင့်ပုံ အစီအစဉ်
"ဥပုသ်စောင့်ပုံ"
"ဥပုသ်"ဟူသော စကားသည် "ဥပေါသထ" ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊
...
"ဥပ+ဝသထ"ဟု ပုဒ်ခွဲ၊ ဥပ=ညစာ မစားခြင်း, သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍၊ +ဝသထ-နေခြင်း၊
ညစာမစားခြင်း သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍၊ ဘုရား ဂုဏ်တော်, တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ၊ စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို "ဥပုသ် စောင့်"ဟု ခေါ်သည်။
[ဆောင်] မိမိစိတ်မှာ, စင်ကြယ်လာအောင်, အင်္ဂါရှစ်တန်, သီလခံ၍, ခြိုးခြံအောင့်အည်း, တဖြောင့်တည်းဖြင့်, စောင့်စည်း အား ထုတ်, တရားကုတ်, ဥပုသ်စောင့်ဟုမှတ်။
၁။ နက်ဖြန် ဥပုသ်စောင့်မည် ဟု ကြံစည်သော သူတော် စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင် ခြင်းငှာ မလျော်သောကြောင့် ယနေ့လို အခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ်ထားရာ၏၊ [ဥပုသ်စောင့်ခိုက် ခါတိုင်း ထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်]။
၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်း အောင် ပြီးစီးကောင်းသော စားဖွယ် သောက်ဖွယ်များကို ပြီးစီး စေအောင် စီမံထားရာ၏။
၎။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။
၅။ ပန်းပန်မှု, နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။
၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ [သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ဘုရား ပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟု နှုတ်ကမိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏။ ]
၇။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ မျှသာ စီမံ၍ စားသောက်ရာ၏၊ [တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။]
၈။ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ [ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်- စိတ်ကြည်လင်မှ တရားအာရုံ့ပြု၍ ကောင်းသည်။]
၉။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ် ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့် တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မာ ဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။
၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု၍ ရွက်ဖတ်နေရာ၏၊ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို-လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။]
၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရား နာရာ၏။
၁၂။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။
၁၃။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
" အောက်မေ့ပုံ"
ရဟန္တာအရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း, သူ့ဥစ္စာကို ခိုးယူခြင်း, လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဥ့်စာစားမှု, ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့်
ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား" ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာ ယောကျာ်း ရဟန္တာ မိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။
၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့ သောအခါ အလိုလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်၊ [ယခုကာလ အချို့ အရပ် မှာလို ငါးပါးသီလယူကာ ဥပုသ်ချနေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။
"ဥပုသ်ကာလ အပိုင်းအခြား"
ဥပုသ်သည် ကာလ ပိုင်း၍ စောင့်အပ်သော ဥပုသ်, အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊ ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ ၂ ရက် ၃ ရက် စသည်ဖြစ်စေ, တစ်နေ့ တစ်ညဥ့်လုံး ဖြစ်စေ, နေ့ဝက် ညဥ့်ဝက်ဖြစ်စေ, တစ်ခဏမျှ (တရားနာခိုက်) ဖြစ်စေ စောင့်ကောင်းပါသည်၊
အနာထပိဏ်သူဌေး၏ အလုပ် သမားတစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ်စောင့်ကြောင်း သိရကား ထမင်းကို မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော် ရုက္ခစိုးနတ် ဖြစ်ရသည်၊
ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ, ရက်, အချိန် ပိုင်းခြား၍လည်း စောင့်ကောင်း ပါသည်။
သို့သော် ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ် စသည်၌ ကား "မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ" ဟု ဆိုပြီးလျှင် ဖြီးလိမ်း ပြင်ဆင်ထားသူတို့ကား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ် ကို ဓမ္မကထိကတို့က ချပေးကြ၏၊
"ဥပုသ် မစောင့်ခင်က ဖြီးလိမ်းထားမှုကြောင့် မာလာဂန္ဓဝိလေပန သိက္ခာ ပုဒ်မပျက်"ဟုလည်း ပြောဆိုကြပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျမကျ စဉ်းစားကြပါလေ။
(မဟာဂန္ဓာရုံဆရာတော်၏ ရတနာ့ဂုဏ်ရည်ကျမ်းမှ)

Sunday, July 26, 2015

ဥပုသ်သည်များကွမ်း၊ဆေးလိပ် သုံးသင့် မသုံးသင့် ပြဿနာ

Shwe Nyar Thar's photo.
ဥပုသ်သည်များကွမ်း၊ဆေးလိပ် သုံးသင့် မသုံးသင့် ပြဿနာ
===========
ဥပုသ်သည်များကွမ်း၊ဆေးလိပ် သုံးသင့် မသုံးသင့် ပြဿနာ ဒီမေးခွန်းရဲ့အဖြေ၏ ဇစ်မြစ်ကားဝိကာလဘောဇနာ သိ...က္ခာပုဒ်ကို အခြေခံပြီးပေါ်ထွက်လာခြင်းပါ။
ဥပုသ်သီလထဲမှာ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံသမာဒိယာမိဟု ဆို၍ ဆောက်တည်ရ၏။ အဓိပ္ဗါယ်မှာ နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏ဟူ၍ ဖြစ်သည်။ (ဝိကာလ- နေ့လွဲမွန်းလွဲသောအခါ၊ဘောဇနာ-စားခြင်း) ရဟန်းသာမဏေတို့ခဲဖွယ်ဘောဇဉ်တို့ကို စားသောက်ကောင်းသည့် အချိန်အခါကို ကာလ ဟုခေါ်သည်။
ထိုကာလကား အရုဏ်တက်ပြီး ချိန်မှစ၍ မွန်းတည့် ၁၂နာရီအထိ ဖြစ်သည်။ ဝိကာလဆိုသည်မှာ ထိုကာလမဟုတ်သော၊ ထိုကာလမှကင်းသော အချိန်ဖြစ်၏။ ထိုအချိန်ကို နေလွဲချိန်၊ မွန်းလွဲချိန်၊ဟုခေါ်သည်။ ထိုအချိန်အတွင်း၌ အဖျော်ရည်၊ဆေး၊ စတုမဓုစသည့်တို့မှတစ်ပါးထမင်း၊ ဟင်းလျာ၊ ကွမ်းဆေး၊ လက်ဖက်၊ သစ်သီးစသော ခဲဖွယ်ဘောဇဉ်တို့ကို မစားရပါ။ စားလျှင်ဝိကာလဘောဇန သိက္ခာပုဒ်ပျက်၏။ (ရဟန်းတော်များ၏ ဆွမ်းပွဲ၌ပါသော စားဖွယ်များကို ဘောဇဉ်ဟုခေါ်၍ အချိုပွဲ၌ ပါသော စားဖွယ်များကို ခဲဖွယ် ဟုခေါ်သည်။)
ဤသိက္ခာပုဒ်နှင့်ပတ်သတ်၍ ကာလိက(၄)မျိုးကိုလည်း သိထားသင့်၏။ ကာလိကဆိုသည်မှာ မိမိတို့ကာလအပိုင်းအခြားအလိုက် စားသောက် ရသော စားဖွယ်ခဲဖွယ်များဖြစ်သည်။
ထိုကာလိကသည် ၁။ ယာဝကာလိကမှာအရုဏ်တက်ချိန်မှစ၍ မွန်းတည့်ချိန်အထိ ကာလ အတွင်း၌စားရသည့်စားဖွယ်၊ခဲဖွယ်များဖြစ်၏။ ဟင်းချက်၍ စားရကောင်းသော မုန်လာဥ၊ မျှစ် စသောအမြစ်ခဲဖွယ်၊ပိန္နဲသီး၊ထန်းသီး အုန်းသီး၊ သရက်သီး၊ စသော အသီးခဲဖွယ်၊ မုန့်ခဲဖွယ်များနှင့်နို့ရည် နို့ဓမ်းစသော အာဟာရများ ဖြစ်သည်။ ဤသိက္ခာပုဒ်ဆောက်တည် ထားသူသည် ဖော်ပြပါ ယာဝကာလိက စားဖွယ်များကို မွန်းမတည့်မီအချိန်အတွင်း၌သာ စားကောင်း၏။ မွန်းလွဲချိန်တွင် စားလျှင်ဤသိက္ခာပုဒ်ပျက်သည်။ မွန်းတည့်ချိန်ရသည်။ တိတိအချိန်ကား ကာလအတွင်းပါဝင်၏။
၂။ ဖျော်ရည်များကို ယာမကာလိကဟုခေါ်၏။ ည၏ နောက်ဆုံးယံ(မိုးသောက်ယံ) အထိ သောက်ထိုက်သောကြောင့်ဖျော်ရည်များကို ယာမကာလိကဟု ဆိုခြင်းဖြစ်သည်။ နံနက်ပိုင်းမှ(ဝါ)မွန်းတည့်ပြီးနောက် အရုဏ်မတက်မီမိုးသောက်ယံ အတွင်း၌သာ သောက်ကောင်းသည်ဟုဆိုလို၏။ သောက်ကောင်းသည့် ဖျော်ရည်များမှာ ၁။ သပြေသီဖျော်ရည်။
၂။ သရက်သီးဖျော်ရည်၊
၃။ သပျစ်သီးဖျော်ရည်၊
၎။ ဖက်သက်သီ ဖျော်ရည်၊၅။ သစ်မည်စည်သီးဖျော်ရည်၊
၆။ တောငှက်ပျောသီးဖျော်ရည်၊
၇။ အိမ်ငှက်ပျောသီးဖျော်ရည်၊
၈။ကြာစွယ်ဖျော်ရည် ဟူ၍ ရှစ်မျိုးပြထား၏။ထို့ပြင်မန်ကျည်းဖျော်ရည်၊ ဆီးဖျော်ရည်၊ရှောက်ဖျော်ရည် စသည်တို့ကိုလည်းအနုလောမ (အဖျော်ရှစ်မျိုးအားလျော်သောအတူတူဖြစ်သော)
ဖျော်ရည်အဖြစ်သောက်ကောင်း သည်ဟု မိန့်ဆိုထား၏။ ခုဒ္ဒသိက္ခာ အဋ္ဌကထာ၌ ထန်း၊ အုန်း၊ပိန္နဲစသော အသီးကြီး ကိုးလုံး၊ စပါးမျိုးတို့မှဖြစ်သော အသီးရည်တို့မှတစ်ပါး ကျန်အသီးတို့မှဖြစ်သော အသီးရည်ဟူသမျှသစ်မည်စည်ပွင့်ရည်မှတစ်ပါး အပွင့်ရည်ဟူသမျှ ဟင်းချက် စားနိုင်သောယာဝကာလိကအရွက်ရည်ဟူသမျှ သည်ယာမကာလိကဖြစ်၏ဟု ဖွင့်ဆိုထား၏။ ယာမကာလိကဖြစ်သည့်အသီးအပွင့်၊ အရွတ်တို့ကို ဖျော်ရည်လုပ်သည့်အခါ ရေအေးရေစိမ်းဖြင့်နယ်၍သော်လည်းကောင်း၊ နေပူလှန်း၍သော်လည်းကောင်း၊ လုပ်နိုင်၏။ မီးဖြင့်ကားမချက်ကောင်း၊လိမ္မော်သီးစသည်တို့ကို မီးဖြင့်ချက်၍ ဖျော်ရည်လုပ်ထားလျှင်အမှုန့်မပါသော်လည်း ယာမကာလိကမဟုတ်၊ ယာဝကာလိကသာဖြစ်၏။သို့ဖြစ်၍ ယခုအခါ နိုင်ငံခြားမှ မီးဖြင့်ချက်၍ ကြာရှည် ခံအောင်လုပ်ထားသည့် လိမ္မော်ဖျော်ရည် စသည်တို့ကို ဆရာတော်ကြီးများ ယာမကာလိကအဖြစ်ဖြင့် သုံးဆောင်တော်မမူကြပါ။ ဝိကာလဘောဇနာသိက္ခာ ပုဒ်ကို စောင့်ထိန်းထားသောဥပုသ်သည်များသည် အသေအချာစိစစ်၍ အဖတ် အမှုန့် မပါသည့် မန်ကျည်းဖျော်ရည်၊သစ်သီးဖျော်ရည်တို့ကို ညဥ့်၏ နောက်ဆုံးယံ အရုဏ်တက်ချိန်အထိ သောက်ကောင်း၏။ သို့ရာတွင် မွန်းလွဲချိန်၌မူအကြောင်းမဲ့ သက်သက်မသောက်ကောင်း၊ မွတ်သိပ်ဆာလောင် နေမှသာ အဆာပြေ သောက်ကောင်း၏။
၃။ သတ္ထာဟကာလိကဆိုသည်မှာ ရဟန်းတော်များ အကပ်ခံပြီးခုနစ်ရက်ထားပြီး ခုနစ်ရက်အတွင်းအချိန်မရွေးဘုဉ်းပေးကောင်းသ ည့် ထောပတ်၊ ဆီဦး၊ နှမ်းဆီစသောဆီ၊ ပျားရည်၊ တင်လဲ(သကြား၊သကာ၊ ထန်းလျက်) တို့ဖြစ်သည်။ ထိုအရာများကို ဆေးဟုလည်းခေါ်သည်။ ထို့ကြောင့် ဥပုသ်သည်များသည် အားနည်းသောရောဂါ၊ အသွေးအသားနည်းသည့်(ပိန်ခြောက်)ရောဂါနှင့်လေနာ ရောဂါ စသည်တို့ရှိလျှင် မွန်းလွဲချိန်တွင် ဆေးအဖြစ်စားကောင်း၏။ မွတ်သိပ် ဆာလောင်ရုံ၊သက်သက်မျှဖြင့် မစားကောင်းချေ။ သို့ရာတွင်မဟာဝါပါဠိတော်၌ အနာရောဂါရှိသူအတွက်ကြံသကာ၊ ထန်းလျက်အခဲကို လည်းခွင့်ပြုတော်မူ၏ဟု မိန့်တော်မူသောကြောင့်ကြံရည်၊ ထန်းလျက်ရည်တို့ကို ဆာလောင်မွတ်သိပ်လျှင် သောက်ကောင်း၏။
၎။ ယာဝဇီဝကကားတစ်သက်ပတ်လုံးအချိန်မရွေး သုံးစားကောင်းသောဆား၊ ချင်း၊(ဂျင်း)၊ဆိတ်ဖူ၊ ကြက်သွန်ဖြူ၊လင်းလေစသောအမြစ်၊ အခေါက်အဥများ ဖြစ်သည်။ အထူးသဖြင့် ထမင်းဟင်းအစာအဖြစ်ဖြင သုံးစွဲလေ့မရှိသော (ယာမ ကာလိကသတ္ထာဟကာလိကတို့တွင်လည်းမပါဝင် သော) မန်ကျည်းရွတ်အကြမ်း၊ ကင်ပွန်းရွတ်အကြမ်း၊စသော အရွတ်၊အမြစ်၊ အခေါက်၊ အဥတို့ဖြစ်သည်။ ဆား၊ ချင်းနနွင်းစသည်တို့မှာ ဟင်းလျာများတွင် ထည့်ခတ်ကြသော်လည်းဟင်း၏ အဆာမျှသာဖြစ်၏။ အထည်ကိုယ် ပဓာနမဟုတ်ကြ၊ ထိုကဲ့သို့ခဲဖွယ် ဘောဇဉ် အရာဝယ်ပဓာန အဖြစ်ဖြင့် မသုံးစွဲရသော ဆား၊ ချင်း၊ ငရုတ်၊ ကြက်သွန်တို့မှာ ယာဝဇီဝကတို့သာ ဖြစ်ကြ၏။ ထိုယာဝဇီဝကတို့ကို အကြောင်းမဲ့သက်သက်လည်း မစားကောင်း၊ ဆာလောင်သဖြင့် အဆာပြေရုံလည်း မစားကောင်း၊ တစ်စုံတစ်ရာ ရောဂါရှိပါမှဆေးအဖြစ်ဖြင့်သာ စကားကောင်း၏။ ယခုခေတ်ပေါ်ညချင်း(ဂျင်း)သုပ်များကားကြက်သွ န်၊ဆီ၊ ဆား၊ချင်းများကို တစ ခုစီကြည့်လျှင် သတ္တာဟာကာလိကနှင့်ယာဝဇီဝကတို့ချည်းသာဖြစ်၍ မွန်းလွဲချိန်တွင် စားကောင်း၏ဟု ထင်ဖွယ်ရှိ၏။ သို့သော်ချင်းကို ပင်ကိုယ်အကြမ်းတိုင်းမဟုတ်ဘဲ စားကောင်းအောင်ပြုပြင်ကာလက်သုတ်တစ်မျိုးဖြစ်အောင်စီမံထားသဖြင့် ယာဝကာလိကခဲဖွယ်တွင် ပါဝင်နေပြီဖြစ်၍ မစားကောင်းဟု ဆရာတော်ကြီးများက ယူဆကြ၏။ ယာဝကာလိက မဟုတ်ဟုငြင်းစေကာမူ ထိုဂျင်းသုပ်ကြောင့်ကင်းပျောက် မည့်ရောဂါရှိမှစားကောင်း၏။
အကြောင်းမဲ့ဖြစ်စေ၊ မွတ်သိပ်ဆာလောင်၍ ဖြစ်စေ၊ စားလျှင်ဝိကာလဘောဇနာ သိက္ခာပုဒ်ချို့၏။ ထိုကြောင့် ဥပုသ်သည်များအနေဖြင့် ဆာလောင်ခြင်း၊ မကျန်းမာခြင်း၊အကြောင်းမရှိဘဲဖျော်ရည်၊စတုမဓု၊ထန်းလျက်၊သကြား၊ ချင်းသုပ်၊ ကွမ်း၊ဆေးစသည် တို့ကို စားသောက်လျှင် ဤသိက္ခာပုဒ်ညှိုး၏၊ သစ်ပင်ညှိုးလျှင်အသီးနည်းသ ကဲ့သို့ဥပုသ်ညှိုးလျှင်အကျိုးရနည်းမည် ဖြစ်ပေသည်။ ရဟန်းတော်များကွမ်းစား ခြင်းသည်အာပတ်မသင့်ဟု မှတ်ပါ၊ သို့သော်လည်း အချို့အချို့သော ဆရာတော် ကြီးများသည်ကား၊ နေလွဲသောအခါ၌သုံးဆောင်လေ့မရှိသည်ကို မှတ်သားဖူး ပါသည်။ ထို့သို့မသုံးဆောင်းခြင်းသည်လည်းဝိနည်းကို အလွန်လေးစားသော ကြောင့် ဖြစ်ပါသည်၊ စားသုံးနေသော ဆရာတော်များကိုလ ည်းအာပတ်သင့်သည်ဟု မမှတ်ယူသင့်ပေ။ အနုဇာနာမိ ဘိက္ခဝေ ဓူမနတ္တံ၊ဘိက္ခဝေ-ရဟန်းတို့၊ ဓူမနတ္တံ- အခိုးလိပ်ကို-ဝါ- ဆေးလိပ်ကို၊ အနုဇာနာမိ- ခွင့်ပြုတော်မူ၏။ဟူ၍ နေမကောင်းသော ရဟန်းတော်တစ်ပါးအားဆေးလိပ် သောက်ခွင့် ပေးသည်ကို မဟာဝါပါဠိတော်တွင် မှတ်သားဖူးပါသည်။ နေမကောင်းသောအခါဆေးလိပ်သောက်ခွင့်ရှိပါ သည်၊ ကျန်းမာနေသောအခါများတွင်ကား မသောက်သင့်ဟုမှတ်ယူရပါမည်။ အာပတ်သင့်မည်ဆို ပါက ဒုက္ကဋ် အာပတ်သင့်ပါသည် ၊ဒုက္ကဋ်အာပတ်သည် အလွန်သေးငယ်သော အာပတ်ဖြစ်ပါသည်၊ ဒေသနာကြားပါက ပျောက်လေသည်။ ထိုအဆိုများကား ဝိကာလဘောဇနာသိက္ခာပုဒ်ကြောင့်ပေါ်ပေါက်လာခြင်း ဖြစ်၏။ ထို့ကြောင့်ဥပုသ်သည်များအနေဖြင့် ထိုသိက္ခာပုဒ်ကိုအခြေခံ၍ မှတ်သားသင့်လှ၏။ ကျန်းမာရေးကြောင့်ဟုဆိုပါလျှင်သုံးစွဲကောင်းပါ၏ ။ ကျန်းမာရေးကြောင့်မဟုတ်ပါလျှင် မမှီဝဲ မသုံးစွဲပါလျှင်ပို၍ကောင်းမည်ဖြစ်ကြောင်း၊ ထိုထက်အရသာရှိလှသော ထမင်း ဟင်းလျာများကိုပင် မစားသုံးဘဲနေရသည်ဖြစ်ကြောင့် ကျန်းမာရေးကြောင့်မဟုတ်ပါလျှင် ဆေးလိပ်၊ ကွမ်းများကို မသုံးစွဲဘဲနေပါကပို၍ကောင်းမည်ြ ဖစ်ကြောင်းဖြေကြားလိုက် ပါသည်။ ဝိနည်းဆိုသည်မှာအလွန်ကျယ်ပြန့် အလွန်နူးညံ့လှသောကြောင့်မိမိခံယူထားသော သိက္ခာပုဒ် စင်ကြယ်လိုပါက သံသယဖြစ်စေမည့် မည်သည့်အရာကိုမှမမှီဝဲစေလိုပါ။ ဓမ္မမိတ်ဆွေများအားလုံးသက်ရှည်ကျန်းမာစိတ်ချ မ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြ ည့် ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Wednesday, January 7, 2015

သီလပျက်ရင်

“သီလပျက်ရင်”
••••••••••••••••••
ကုသိုလ်ဆိုတာ လောဘ၊ ဒေါသ၊ 
မောဟ မပါတဲ့အလုပ်။
အကုသိုလ်ဆိုတာ
လောဘ၊ ဒေါသ၊ မောဟ ပါတဲ့အလုပ်။
အကြောင်းကောင်းမှ အကျိုးကောင်းမယ်။
အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်။
ဖြစ်သမျှအကြောင်း အကောင်းပေါ့ကွယ်ဆိုတာ
အဲဒါအညွှန့်တုံးဝါဒပဲ။ 
တကယ်က ဖြစ်သမျှအကြောင်း 
မကောင်းကောင်းအောင် လုပ်ကြရမှာ။
ငတ်သေရင်တစ်ဘဝပဲ။
သီလပျက်ရင် ဘဝများစွာ သေရမယ်။

-【ဥူးသုမင်္ဂလ】
Posted by
www.facebook.com/youngbuddhistassociation.mm

“သီလပျက်ရင်”
••••••••••••••••••
ကုသိုလ်ဆိုတာ လောဘ၊ ဒေါသ၊
မောဟ မပါတဲ့အလုပ်။
အကုသိုလ်ဆိုတာ...
လောဘ၊ ဒေါသ၊ မောဟ ပါတဲ့အလုပ်။
အကြောင်းကောင်းမှ အကျိုးကောင်းမယ်။
အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်။
ဖြစ်သမျှအကြောင်း အကောင်းပေါ့ကွယ်ဆိုတာ
အဲဒါအညွှန့်တုံးဝါဒပဲ။
တကယ်က ဖြစ်သမျှအကြောင်း
မကောင်းကောင်းအောင် လုပ်ကြရမှာ။
ငတ်သေရင်တစ်ဘဝပဲ။
သီလပျက်ရင် ဘဝများစွာ သေရမယ်။

-【ဥူးသုမင်္ဂလ】
Posted by
www.facebook.com/youngbuddhistassociation.mm

Thursday, October 10, 2013

လူသိနည်းသော ၀စီဒုစရိုက်နဲ့ အာဇီဝဋ္ဌမကသီလ။



ဝစီဒုစရိုက်။
ဝစီကံဆိုတာ သူများနားလည်အောင်ပြောသောစကားဖြစ်ပါတယ်။ ဒါပေမဲ့ သူများနားလည် အောင်စာရေးတာလည်း ၀စီကံပဲဖြစ်ပါတယ်။ ၀စီကံမှာ အသိများတာက မုသာဝါဒဆိုတဲ့
လိမ်လည်ခြင်းပါ။ ဒါပေမဲ့ မုသားဝါဒအပြင် အခြားသော  ၀စီဒုစရိုက် ၃ မျိုးရှိပါတယ်။

 ၁။ ပိသုဏဝါစာ။ ၎င်းကံထမြောက်ရန်အချက်လေးချက်ပြည့်စုံရမည်။ 
ပိသုဏဝါစာ=ပိယ+သုည+ဝါစာ။ ချစ်ခြင်း+ခွဲသော+စကား။                             

၁။ ကုန်းချောရန်ပုဂ္ဂိုများရှိခြင်း။                                                                        
၂။ ကုန်းချောရန်ဆန္ဒရှိခြင်း။                                                                             
၃။ ကုန်းချောရန်ကြိုးပမ်းခြင်း။                                                                       
၎။ ကုန်းချောစကားကိုအဟုတ်ထင်မှား၍စိတ်ဝမ်းကွဲခြင်း။

 ပိသုဏဝါစာကံကြောင့်ငရဲကျသည်။ အပါယ်မှလွတ်ပြီးလူဖြစ်လျှင်လည်း အကြောင်း မရှိဘဲမိတ်သင်္ဂဟများပျက်ပြားရသည်။ မြတ်စွာဘုရားသည်ပိသုဏဝါစာ ရှောင်ကြဉ်  ခဲ့သော ကြောင့်သွားတော်လေးဆယ်ရှိပြီး၊ ထိုသွားတော်များ မကြဲခြင်း လက္ခဏာ နှစ်ပါးရရှိတော်မူသည်။

 
၂။ ဖရုသဝါစာကံ။ ဆူဆဲကြိမ်းမောင်းခြင်း၊ကြမ်းတမ်းစွာပြောဆိုခြင်း။ ၎င်းကံထမြောက်ရန်အချက်သုံးချက်ပြည့်စုံရမည်။                                       
၁။ ကြိမ်းမောင်းခံရသူရှိခြင်း။                                                                   
၂။ စိတ်ဆိုး၍ကြိမ်းမောင်းလိုခြင်း။                                                                 

ဖရုသဝါစာကံကြောင့်ငရဲကျသည်။ လူဖြစ်လျှင်လည်းအရုပ်ဆိုးသည်၊အသံကြမ်းထော် သည်၊ရန်သူများသည်၊အကြောင်းမရှိဘဲလူမုန်းများသည်။မြတ်စွာဘုရားရှင်သည် ဖရုသ ဝါစာမှရှောင်ကြဉ်ခဲ့ သောကြောင့် ရုည်လျားနူညံ့သောလျာတော်၊အင်္ဂါရှစ်ပါးနှင့် ပြည့် စုံသောအသံတော်ဟူသော လက္ခဏနှစ်ပါးကိုရရှိတော်မူသည်။ 

၃။ သမ္ဖပ္ပလာပကံ။ ၎င်းကံထမြောက်ရန်အချက်နှစ်ချက်ပြည့်စုံရမည်။                                     
၁။ အတင်းအဖျင်းပြောဖို့စိတ်ညွတ်ခြင်း။                                                     
၂။ အတင်းအဖျင်းပြောခြင်း။

သမ္ဖပ္ပလာပလက်ငင်းအကျိုးယုတ်တာကမိမိနှင့်သူတစ်ပါးအချိန် ဖြုန်းခြင်း။မမှန်သော စကား၊ဂုံချောစကား၊ ကြမ်းတမ်းသောစကားများပြောမိခြင်း။ကုသိုလ်ပြုရန် မေ့ခြင်း။ သေလျှင်အပါယ်ကျပြီးလူဖြစ်ပါကမိမိစကားသူများမယုံကြည်မလေးစားခြင်း။ မဟုတ် မမှန်စကား ပြောခြင်း၏ အပေါ့ဆုံးအပြစ်သည်လူဖြစ်လျှင် မဟုတ်မမှန် စကားဖြင့် စွပ်စွဲခံရတတ်၏။    

မုသာ ပိသု၊ ဖရု သမ္ဖာ၊ ဤလေးဖြာ၊
မိစ္ဆာဝါစာတည်း။                                       
မိစ္ဆာဝါစာ၊ ရှောင်ကြဉ်တာ၊
သမ္မာဝါစာတည်း။

အာဇီဝဋ္ဌမကသီလ = မြတ်သောအကျင့်၏အစဖြစ်သောသီလ။ ဗုဒ္ဓဘာသာသို့ဝင်လာကာစ
သူတို့ဆောက်တည်သောသီလဖြစ်ပါတယ်။၎င်းတွင်အောက်ပါ သိက္ခာပုဒ်များပါဝင် ပါသည်။

၁။ ပါဏာတိပါတာဝေရမဏိသိက္ခာပဒံသမာဒိယာမိ။
၂။ အဒိန္နာဒါနာဝေရမဏိသိက္ခာပဒံသမာဒိယာမိ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။                                                                                                        

၎။ မုသာဝါဒါဝေရမဏိသိက္ခာပဒံသမာဒိယာမိ။                                             
၅။ ပိသုဏဝါစာဝေရ မဏိ သိက္ခာပဒံသမာဒိယာမိ။                                                                                           

၆။ ဖရုသဝါစာဝေရ မဏိ သိက္ခာပဒံသမာဒိယာမိ။                                                                                           
၇။ သမ္ဖပ္ပလာပါဝေရမဏိ သိက္ခာပဒံသမာဒိယာမိ။                                                                                          
၈။ သမ္မာအာဇီဝ= မှန်သောအသက်မွေးခြင်း။
ကာယဒုစရိုက်နှင့်ဝစီဒုစရိုက်များမကျူး လွန်သော အသက်မွေးမှု။


ဝစီဘေဒထိတိုင်းရှ။
ဝစီဘေဒသည်အသွားနှစ်ခုရှိသည့်သံလျှက်နှင့်တူ၏။သူတစ်ပါးကိုတိရှသလိုမိမိကိုလည်းပြန်ရှစေ၏။ လက်နစ်လုံးမျှသာရှိသောပါးစပ်ကိုသတိနှင့် မစောင့်စည်း နိုင်လျှင် လွှတ်ကနဲပြောထုတ် လိုက် သည့်စကားကြမ်းတစ်ခွန်းကြောင့်သူတစ်ပါး အားများ စွာ စိတ်မချမ်းမသာဖြစ်စေနိုင်၏။ သူတစ်ပါးစိတ်မချမ်းမသာဖြစ်ရသည်ထက် အဆပေါင်း များစွာတန်ပြန်သော ကံသတ္တိအရ မိမိပြန်ကြုံရမည်ကိုအလေးမူသင့်ပေည်။   

 
အပြော ဝစီကံ (ချမ်းမြေ့ဆရာတော်ဇနကဘိဝံသ)။
ပြောမည်ကြံလည်း၊သင့်စိတ်ထဲ၊အမြဲဆင်ခြင်ပါ။ မိမိသူတစ်ပါး၊နှစ်ဦးသာ၊
ဘယ်သူ့များထိမည်လဲ၊ ထိခိုက်နိုင်ငြား၊အပြောများ၊မမှားရှောင်ကြဉ်ပါ။
ပြောဆဲမှာလည်း၊ သင့်စိတ်ထဲ၊အမြဲဆင်ခြင်ပါ။ မိမိသူတစ်ပါး၊နှစ်ဦးသာ၊
ဘယ်သူ့များထိသလဲ၊ ထိခိုက်နိုင်ငြား၊အပြောများ၊မမှားရှောင်ကြဉ်ပါ။
ပြောပြီးပြန်လည်း၊ သင့်စိတ်ထဲ၊အမြဲဆင်ခြင်ပါ။ မိမိသူတစ်ပါး၊နှစ်ဦးသာ၊
ဘယ်သူ့များထိပြီလဲ၊ ထိခိုက်နိုင်ငြား၊အပြောများ၊မမှားရှောင်ကြဉ်ပါ။

အင်္ဂါငါးပါးနှင့်ပြည့်စုံပြီး၊အပြစ်မဖြစ်၊ပညာရှိတို့လည်းမကဲ့ရဲ့သော
ကောင်းသော စကား။                                                       
၁။ အခါအားလျော်စွာပြောဆိုခြင်း။                                                           
၂။မှန်ကန်သောစကားဖြစ်ခြင်း။                                                                   
၃။ သိမ်မွေ့သောစကားဖြစ်ခြင်း။                                                        
၎။အကျိုးစီးပွားနှင့်ဆိုင်ပြီးပြောဆိုအပ်သည်လည်းဖြစ်ခြင်း။                                 
၅။ မေတ္တာစိတ်ဖြင့်ပြောဆိုခြင်း။                         

မာဃဒေ၀လင်္ကာ (၂၂၃)
မိယုတ်နှုတ်ကြမ်း၊ဖသရမ်းက၊ညစ်ညမ်းမူဆိုး၊
အမျိုးမမှန်၊အကျင့်တန်၏၊
သူကောင်းသားမူ၊ယဉ်ပါးအဟုတ်၊
သူယုတ်၏သား၊ရမ်းကားတတ်စွ။


သူကောင်းသားယဉ်ပါး၊သူယုတ်သားရမ်းကားဟုဆိုသဖြင့် မိမိ၏ကျေးဇူးရှင် မိဘနှစ်ပါးအကဲ့ရဲ့မခံရစေရန် ယဉ်ကျေးလိမ်မာနိုင်ကြပါစေ။  

ကျမ်းကိုး
၁။ ဟံသာသီရိ၏ ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ။
၂။ ဒေါက်တာမင်းတင်မွန်၏ ဘ၀မြင့်မြတ်လှပတင့်တယ်ရေး မြတ်သီလ။