လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Showing posts with label ဗုဒ္ဓဆိုတာ. Show all posts
Showing posts with label ဗုဒ္ဓဆိုတာ. Show all posts

Sunday, June 21, 2015

ပရိနိဗ္ဗါန်ပြုပုံ ၃ မျိုးနှင့် ဓာတုပရိနိဗ္ဗါန်ပြုပုံ

ပရိနိဗ္ဗါန်ပြုပုံ ၃ မျိုးနှင့် ဓာတုပရိနိဗ္ဗါန်ပြုပုံ
--------------------------------------------------
ကိလေသာပရိနိဗ္ဗါန်
မဟာဗောဓိပင်၌
ကိလေသာကိုပယ်ခြင်း
ခန္ဓာပရိနိဗ္ဗါန်
မလ္လာမင်းတို့ အင်ကြင်းတော၌ခန္ဓာဝန်ချခြင်း
ဓာတုပရိနိဗ္ဗါန်
သာသနာကွယ်သောအခါ၌ ဘုရားရှင်၏
ဓာတ်တော် မွေတော်အပေါင်းတို့ သည်
သီဟိုဠ်မဟာစေတီ၌ ရှေးဦးစွာ စုလိမ့်မည်
ထို့ နောက်မဟာစေတီမှပြောင်းပြီး
နာဂဒီဝကျွန်းရှိလင်းလွန်ပင်ကြီးစေတီ၌
စုပေါင်းကြပြီး နဂါးပြည် လူ့ ပြည် နတ်ပြည်
ဗြဟ္မာ့ပြည်ရှိဓာတ်တော်မွေတော်အပေါင်း
တို့ သည် ဘုရားရှင်ပွင့်ရာ မဟာဗောဓိပင်
၌ စုဝေးလျှက် ဘုရားရှင်အသွင်ဖြင့် တန်ခိုး
ဗြာဋိဟာ ပြလိမ့်မည်
၎င်းကိုလူတို့ မဖူးရပဲ နတ်ဗြဟ္မာတို့ သာ
ဖူးတွေ့ ရပေလိမ့်မည် နောက်ဆုံးတွင်
တေဇောဓာတ်လောင်ကျွမ်းကာ သာသနာ
လည်းကွယ်လေတော့သည်
သက်ရှိထင်ရှားဘုရားရှင်ကို
ဖူးတွေ့ လိုပါက နတ်ပြည် ဗြဟ္မာ့ပြည်သို့ 
ရောက်ရှိရန် အားထုတ်ရပေလိမ့်မည်

Friday, June 19, 2015

ဗန်းမော်ဆရာတော်ဘုရားကြီး ၏ "သမ္ဗုဒ္ဓေ" ဂါထာတော်ကြီးအကြောင်း ရှင်းပြချက် (တရားတော်မှ)

ဗန်းမော်ဆရာတော်ဘုရားကြီး ၏ "သမ္ဗုဒ္ဓေ" ဂါထာတော်ကြီးအကြောင်း ရှင်းပြချက်
(တရားတော်မှ)
******************************
သမ္ဗုဒ္ဓေ ဂါထာတော်ကြီး(အသံထွက်ပုံ)
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
(သမ်ဗုတ်ဓေ အတ်ထဝီသင်စ)
ဒွါဒသဉ္စ သဟဿကေ၊
(ဒွါဒသင်စ သဟတ်သကေ)
ပဉ္စဿတ သဟဿာနိ၊
(ပင်စ သတ်တ သဟတ်သာနိ)
နမာမိ သိရသာမဟံ။
(နမာမိ သိရသာမဟံ)
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
(အပ်ပကာ ဝါလုကာ ဂင်ဂါ)
အနန္တာ နိဗ္ဗုတာ ဇိနာ၊
( အနန်တာ နိတ်ဗုတာ ဇိနာ)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
(တေသံ ဓမ်မင်စ သံဃင်စ)
အာဒရေန နမာမဟံ။
(အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊
(နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
(ဟိတွာ သတ်ဗေ ဥပတ်ဒဝေ)
အနေက အန္တရာယာပိ၊
(အနေက အန်တရာယာပိ)
ဝိနဿန္တု အသေသတော။
(ဝိနတ်သန်တု အသေသတော)
အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ကို အဋ္ဌ၀ီသဉ္စ ဆိုတာ အဋ္ဌက (၈) ဝီသဉ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော်သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်းရှိခိုးတာလေးကြည့်စမ်းအုံး။ ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။
အေး…အဲဒီလို ရှိခိုးတာကို ခေါင်းဖြင့်ရှိခိုးတယ်လို ခေါ်တယ်နော်။ ဟောဒီလိုရှိခိုးတာကျတော့ လက်အုပ်ချီ၍ ရှိခိုးပါ၏။ ဟုတ်လား။
ဟောဒါကြတော့ လက်ဆယ်စုံ ထိပ်မှာမိုး၍ ရှိခိုးပါ၏။ ဒီခေါင်းပေါ်ကို လက် (၁၀)ချောင်းတင်လိုက်တာ ။ (မှန်လှပါဘုရား) ။ နတ်တွေ ဗြဟ္မာတွေ ရှိခိုးတာနည်းက အဲဒီလို ရှိခိုးတာနော်။ နတ်တွေ ဗြဟ္မာတွေက ဟောဒီလို ရှိခိုးတာ။ အဲဒီလိုရှိခိုးတဲ့ရုပ်ပုံတွေ မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ ဘယ်မှာ မြင်ဖူးတုန်း။
အဲဒီလို ရှိခိုးတာတွေ အညာမှာတော့ ကောင်းမှုတော် ဆိုတဲ့စေတီကြီး မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ အကြီးကြီးလေ ဒီလိုကြီး အဲဒီလို ပုံကြီး။
အဲဒီ ကောင်းမှုတော်စေတီကြီးဘေးမှာ နတ်ရုပ်တွေ၊ ဗြဟ္မာရုပ်တွေ ဒီလိုကြီးတွေ ရှိခိုးနေကြတာနော်။ အဲဒီနားရောက်တဲ့အခါ ဝင်ကြည့်ကြပေါ့။
အေး…ထားကြပါစို့။ ဘုရားပေါင်း ၂၈ ဆူကို ခေါင်းဖြင့်ရှိခိုးပါ၏။ ပြီးတော့ ဒွါဒသဉ္စ သဟဿကေ ဒွါဒသ ဆိုတာ ၁၂ သဟဿ ဆိုတာ ၁၀၀၀။ ၁၂ နဲ့ ၁၀၀၀ နဲ့ မြှောက်စမ်းပါ။ ၁၂၀၀၀ အေး.. ဒွါဒသဉ္စ သဟဿကေ ၁၂၀၀၀ သော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။
ဘုရားပေါင်း ဘယ်လောက်ရှိခိုးလိုက်လဲ၊ ၁၂၀၀၀ ၊ ပြီးတော့မှ ပဉ္စသတ သဟဿာနိ ပဉ္စ က ၅ သတ က ၁၀၀ နော်။ ၅ နဲ့ ၁၀၀ နဲ့မြှောက် ၅၀၀။ သဟဿာနိ က ၁၀၀၀နော်။ ၅၀၀ နဲ့ ၁၀၀၀ နဲ့မြှောက် ၅ သိန်း။ ပဉ္စသတ သဟဿာနိ ၅ သိန်းသော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။
အဲဒီတော့ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးတာလဲ။ (၅၁၂၀၂၈ ဆူ)။ အေး ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ထေရီအပဒါန ဒီပနီ ဆိုတဲ့ ကျမ်းထဲမယ် အဲဒါအပြည့်အစုံပါတယ်။
ဘုန်းဘုန်းဝတ္ထုအကြောင်းလေးပြောပြပါမယ်။
ဒီကမ္ဘာက ပြန်ပြီးနောက်ပြန်ရေလိုက်တဲ့အခါ သင်္ချေ (၂၀) နဲ့ ကမ္ဘာတစ်သိန်းထက်မယ်၊ ဘယ်လောက်ကြာတုန်း။ ကမ္ဘာပေါင်း သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်း၊ အဲဒီမယ် ဒီပင်္ကရာ ဆိုတာပွင့်တော်မူတယ်။ ဘာဘုရားပွင့်တော်မူလဲ။ (ဒီပင်္ကရာဘုရား) ။ ဒီပင်္ကရာ နှစ်ဆူရှိတယ်။ သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်းထက်ပွင့်တဲ့ ဒီပင်္ကရာကို အရင်ကျလို့ ပေါရာဏ ဒီပင်္ကရာတဲ့။ သုမေဓာရသေ့လေးကို ဗျာဒိတ်ပေးတာက ဗျာဒိတ်ပေး ဒီပင်္ကရာတဲ့။ ဒီပင်္ကရာဘယ်နှစ်ဆူရှိလဲ။ (နှစ်ဆူရှိပါတယ်ဘုရား)။ ဘာတဲ့တုန်း။ (ပေါရာဏ ဒီပင်္ကရာ နဲ့ ဗျာဒိတ်ပေး ဒီပင်္ကရာ) ။
အေး ပေါရာဏဒီပင်္ကရာဘုရားလက်ထက် ဘုရင် သမီးတော်လေးတစ်ပါးရှိသတဲ့။ သူ့ကို ဘုံခုနှစ်ဆင့်ရှိတဲ့ ပြသဒ်ထဲမယ် သူ့ကိုတပင်တိုင် မြနန်းထားတယ်ပေါ့။ ရှေးတုန်းကတော့ တပင်တိုင်မြနန်းလို့ ရှိသေးတယ်။
ဒီပြင့်လူတွေ ယောက်ျားလေးတွေ မဝင်ရဘူး။ မိန်းကလေးတွေချည်းထားတယ်။ နောက်တက်မယ့်မင်းရဲ့ မိဖုရားဖြစ်အောင်လို့ သူ့ကိုတပင်တိုင်မြနန်းနဲ့ထားတယ်။ အဲဒီမင်းသမီလေးက ဟိုးအထက်ဆုံးအထပ်ကနေပြီးတော့ ဒီလိုလေး လှည့်ပတ်ပြီးတော့ မြို့ ကိုကြည့်တာ ညနေကြီး ဦးဇင်းလေးတစ်ပါး ဆွမ်းခံလို့တဲ့ဗျာ။
ဟိုက ဦးဇင်းလေး ညနေကြီးဆွမ်းခံနေတယ် သွား..သွား..သွား ပင့်စမ်းဆိုတော့ ပင်လိုက်လို့ ရောက်လာတော့ ဦးဇင်းလေး သူများတွေ မနက်ဆွမ်းခံ ဦးဇင်းလေး ညနေကြီးဆွမ်းခံသလား။ ညဆွမ်းစားသလားလို့မေးသတဲ့။ သမီးတော်လေးရယ် ကြည့်ပါဆိုပြီးတော့ သပိတ်လှပ်ပြတယ်။ သပိတ်ထဲမယ် ဆီတွေဘဲပါတယ်။ ဆွမ်းတွေဆွမ်းရံတွေ မပါဘူးလို့ ပြောသတဲ့။
ဘာလို့ ဆီတွေဘဲအလှူခံတာတုန်း။ သူများချက်ပြီးပြုတ်ပြီးသား စားနေတာ ဆီဘာလုပ်ဖို့တုန်း။ အဲဒီတော့ ဦးဇင်းလေးက သမီးတော်လေးရယ် ညကျတော့ ကျောင်းတိုက်ထဲမှောင်လို့ပါ၊ ဆီမီးလေးပူဇော်ပြီးတော့ ဦးဇင်းတွေ၊ ကိုယ်တော်တွေ သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေလင်းအောင်လို့ ထွန်းပေးတာပါ။
မြတ်စွာဘုရားနားလေးလည်းဘဲ ဆီမီးပူဇော်တာပါလို့ ပြောသတဲ့။ အော်ဒီလိုဆိုရင်ပေးပေး၊ သပိတ်ပေးဆိုပြီး သပိတ်ယူပြီး အဲဒီသပိတ်ထဲကို မုန်ညင်းဆီတွေ မုန်ညင်းဆီရော သိကြလား။ (သိပါတယ်ဘုရား) ။ မုန်ညင်းစေ့လေးတွေကို ကြိတ်လိုက်တော့ မုန်ညင်းဆီရတာပေါ့။ နှမ်းတွေ ကြိတ်တော့ နှမ်းဆီတွေရတာပေါ့။ မြေပဲတွေ ကြိတ်လိုက်တော့ မြေပဲဆီရတာပေါ့။
အဲဒီလို မုန်ညင်းစေ့လေးတွေကြိတ်လိုက်တော့ မုန်ညင်းဆီတွေရ၊ အဲဒီမုန်ညင်းဆီတွေ သပိတ်နဲ့အပြည့်လှူလိုက်တော့ ဦးဇင်းလေးကမေးသတဲ့။ သမီးတော်လေး ဘာဆုများ ပန်တုန်း။ တပည့်တော်မ က ဘုရားဖြစ်ချင်တာပါဘုရားလို့ပြောသတဲ့။ အော်..ကောင်းပ..ကောင်းပလို့ပြောပြီး သာဓု..သာဓုလို့ ခေါ်သွား။
ညကျတော့ မြတ်စွာဘုရားက ဆီမီးပူဇော်တဲ့ ဦးဇင်းလေးကို ခေါ်စမ်းဟဲ့ ဆိုတော့ရောက်လာတယ်။ ဦးဇင်းလေး ဒီနေ့ ဆီမီးတွေမြိုင်လှချည်လား။ ဘယ်ကဆီရတုန်း။ သမီးတော်လေးဆီကပါဘုရား။ ဘုရင့်သမီးတော်လေးက အရှင်ဘုရားနှမတော်လေးက ဘုရား ဆီမီးပူဇော်ဖို့ မုန်ညင်းဆီတွေ သပိတ်အပြည့်လှူပါတယ်ဘုရား။ အဲဒီသမီးတော်လေးနဲ့ ဒီပင်္ကရာဘုရားကလည်း ဖအေတူမအေကွဲ မောင်နှမတော်သတဲ့။
ဒါကြောင့် အရှင်ဘုရားနှမလေးက မုန်ညင်းဆီတွေအပြည့် လှူလိုက်လို့ပါဘုရား။ အော် သမီးတော်လေးက ဘာဆုပန်သတဲ့တုန်း။ တပည့်တော်လည်းမေးကြည့်တယ်ဘုရား၊ သမီးတော်လေးဘာဆုပန်တုန်း မေးတော့ ဘုရားဖြစ်ချင်တယ်လို့ ပြောပါတယ် ဘုရား။ အော်..ဒါဆိုရင် နက်ဖြန်ခါပြန်ပြောအုံး၊ မိန်းကလေးဘဝနဲ့ ဘုရားဆု မပန်ရဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါစေ၊ ယောက်ျားလေးဖြစ်မှ ပါရမီတွေ ဒါနစတဲ့ ပါရမီတွေ လုပ်ရင် ဘုရားဖြစ်လိမ့်မယ်လို့ပြော။
ကောင်းပါပြီဘုရား။ တပည့်တော်နက်ဖြန်ခါ ပြန်ပြောပါ့မယ်ဘုရား။ ကဲကဲ ထားတော့။ ဦးဇင်းလေးကရော ဘာဆုပန်တုန်း။ တပည့်တော်က အရှင်ဘုရားအားကျလို့ဘုရား။ အရှင်ဘုရားဒီပင်္ကရာ ဆိုသလို ဒီပင်္ကရောတိ ဒီပင် ဆီမီး ကရောတိ ပြုတက် ပူဇော်တတ်၏။
ထို့ကြောင့် ဒီပင်္ကရော ဒီပင်္ကရာ မည်၏။ ဆီမီးပူဇော်တာက တပည့်တော် အရှင်ဘုရားအားကျပြီးတော့ တပည့်တော် ဘုရားဆုပန်ပါတယ်ဘုရား။ ဘုရားဖြစ်တဲ့ အခါလည်း ဘုရားဘွဲ့က ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့ လိုချင်ပါတယ်ဘုရား လို့ဆိုသတဲ့။
အဲဒါနဲ့ ပေါရာဏဒီပင်္ကရာဘုရားက အဘိညဉ်တန်ခိုးနဲ့ကြည့်လိုက်တော့ အော်ဦးဇင်းလေး မင်းနောက် ၁၆ သင်္ချေ ကြာတဲ့အခါ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ ဗျာဒိတ်ပေးတော့ ဟာ ငါဘုရားလောင်းဖြစ်ပြီ မြတ်စွာဘုရား ဗျာဒိတ်ပေးပြီးပြီ။ ည ညအိပ်မပျော်ဘူးတဲ့ ဝမ်းသာလွန်းလို့။
ဗန်းမော်ဆရာတော်၏သမ္ဗုဒ္ဓေဂါထာတော်ကြီးအကြောင်းရှင်းပြချက်
ဒုတိယပိုင်း
အဲဒီနောက် တစ်နေ့ကျတော့ ညနေကျ လေးနာရီလောက် မြို့ထဲ နန်းတွင်းထဲ ဆွမ်းခံသွားပြန်ရော။ ဆီဆွမ်းခံ ပေါ့။ သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ရှိတဲ့ပြဿဒ်က လှည့်ပတ်ကြည့်လိုက်တော့ ဟာမနေ့ ကဦးဇင်းလေး နဲ့တူတယ်။ ဆွမ်းခံနေတယ် သွား…သွားး…ပင့်အုံးဆိုတော့ သွားပင့်တယ်။ ရောက်လာ ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ နေတိုင်းဆွမ်းခံသလား။ အော် သမီးတော်လေးရယ် ကျုပ်က ဘုရားလောင်း။ မနေ့က ဗျာဒိတ်ရပြီးပြီ။
နောက် ၁၆ သင်္ချေကြာတဲ့အခါ ကျုပ်က ဒီပင်္ကရာ ဘုရားဖြစ်မှာ။ ဘုရားလောင်းဆိုတာ တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဆုပန်လို့ ဘယ်ရမတုန်း။ နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ တရားတော်တွေ ပွားရတယ် သမီးတော်လေးရဲ့။ အော်ဒီလိုလား ဘုရား။ မသိလိုပါဘုရား။ ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေးဘုရား ဆိုပြီးတော့ သပိတ်ထဲ မုန်ညင်းဆီတွေ ထည့်ထည့်ပြီးတော လှူတယ် သူက။ အရှင်ဘုရားကို တပည့်တော် ပါရမီဖြည့်ပေးမယ် ဘုရား။
အရှင်ဘုရား နေ့တိုင်းနေ့တိုင်း မြို့ထဲမယ် လှည့်ဆွမ်းခံရတာ ပင်ပန်းတယ်၊ အဲ့တော့ ဘယ်မှ မသွားနဲ့ တပည့်တော်ဆီ ဒီပြဿဒ်တန်းလာခဲ့။ တပည့်တော် နေ့တိုင်း နေ့တိုင်း တစ်သပိတ်၊ တစ်သပိတ် အပြည့်လှူမယ်။
ကောင်းပ…ကောင်းပ….သာဓု…သာဓု…သာဓု။
မနေ့တုန်းက မြတ်စွာဘုရားက မှာလိုက်သေးတယ်။ ဘယ်လို မှာတုန်းဘုရား။ သမီးတော်လေးက ဘုရားဆုပန်တယ်လို့ ဦးဇင်းက ပြောလိုက်တဲ့ အခါကျတော့ မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မပြည့်ဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါရစေလို့ ဆုတောင်းလို့ မှာလိုက်တယ်။ အော် အဲဒီလိုလားဘုရား။
ဒီလိုဆိုရင် သပိတ်လေးကိုကပ်၊ ဘုရားတပည့်တော် မုန်ညင်းဆီလှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝ ယောက်ျားလေးဖြစ်ပါရစေဘုရားလို့ ဆုပန်တယ်နော်။ အဲဒီလိုဆုပန်တဲ့ အတွက်နောက်ဘဝ ယောက်ျားလေးဖြစ်တယ်။ ဖြစ်တော့ ထားကြပါစို့ ။
၁၆ သင်္ချေကို နှစ်ပုံ ပုံလိုက်တော့ ဘုရားဆုပန်လို့ စိတ်ထဲမယ် ဆုတောင်းတာ ကမ္ဘာပေါင်း (၇) သင်္ချေ။ ဘယ်လောက်ကြာတုန်း။ (၇) သင်္ချေကြာတယ်။ စိတ်ထဲတွင်မနေနိုင်တော့ တပည့်တော် ဘုရားတပည့်တော် ဒီကုသိုလ်ကြောင့် ဘုရာဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတာက (၉)သင်္ချေ။ စိတ်ထဲတွင် ဆုတောင်းတာက ဘယ်လောက်လဲ။ (၇)သင်္ချေ။ နှုတ်ရွတ်ပြီးတော့ ပါးစပ်က အော်ပြီးတော့ ဆုတောင်းတာက (၉)သင်္ချေ။ (၇)သင်္ချေ နဲ့ (၉)သင်္ချေ ပေါင်းလိုက်ရင် (၁၆) သင်္ချေ။ ပထမ (၇)သင်္ချေတွင် ဘုရာပေါင်း ဘယ်လောက်ပွင့်သလဲဆိုရင် ဘုရားပေါင်း ၁၂၅၀၀၀။ ပထမ (၇) သင်္ချေ အချိန်ကာလအားဖြင့် (၇)သင်္ချေ၊ အဲဒီ (၇)သင်္ချေအတွင်းမယ် ဘုရားပေါင်းပွင့်တာက ၁၂၅၀၀၀။
အဲဒီ ဘုရားပေါင်း ၁၂၅၀၀၀ ဆီမှာ ကုသိုလ်ကောင်းမှုပြုပြီးတော့ စိတ်ထဲတွင်သူကဆုပန်တာနော်။ စိတ်ထဲတွင် ဆုပန်တဲ့ ဘုရားပေါင်း ၁၂၅၀၀၀။ နောက်ထပ် ၉ သင်္ချေကြာတော့ စိတ်ထဲတွင် မနေနိုင်တော့ဘူးတဲ့။ သူက ကုသိုလ်ကောင်းမှုပြုပြီးရင် ဘုရားတပည့်တော် ဒီကုသိုလ်စေတနာကြောင့် ဘုရားဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတယ်။ အဲဒီလို နှုတ်နဲ့ အကျယ်ကြီးဆုတောင်းတဲ့ အချိန်ကာလ က ၉ သင်္ချေ။ ဘုရားပေါင်းက ၃၈၇၀၀၀ ။ အဲခုနက ၁၂၅၀၀၀ နဲ့ ခု ၃၈၇၀၀၀ ပေါင်းလိုက်စမ်း။ ၅၁၂၀၀၀ နော်။ ပေါ်ပြီမဟုတ်လား။ အေး… ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿာနိ ၅၁၂၀၀၀ သော ဘုရားရှင် တို့ကို့ တပည့်တော်ရှိခိုးပါ၏။ ဟုတ်လား။
အဲလိုနဲ့ ဘုရားဆုပန်လိုက်တာ သုမေဓာရသေ့ဘဝရောက်၊ သုမေဓာရသေ့ဘဝကနေ ပြီးတော့ သူကတောထဲမယ် တရားကျင့်နေတာ။ ရသေ့တွေ ဆိုတော့ တောထဲမယ် အကြာကြီးမနေရဘူးတဲ့။ တောထဲမယ် အကြာကြီးနေရင် အိုက်အိုဒင်းဆားဓါတ်နည်းပြီးတော့ လည်ပင်းကြီးရောဂါဖြစ်တယ်။
အဲဒီရောဂါကို အိုက်အိုဒင်းဆား စားလိုက်ရင်ပျောက်တယ်။ သုမေဓာရသေ့က ကဲ ငါလည်းဘဲ တော်ကြာ လည်ပင်းကြီးနေ လိမ့်မယ် ဆိုပြီးတော့ ကောင်းကင်ကပြန်လာ၊ အောက်မှာ လူတွေ တအုံးအုံးနဲ့ လူတွေတပျော်တပါးကြီး အလုပ်လုပ်နေတာ မြင်တော့ ဆင်းပြီးတော့ သူကမေးတယ်။
ဟေ့..ကောင်တွေ မင်းတို့ဘာလုပ်နေကြတာတုန်း တပျော်တပါးကြီးပါလား။
လောကသုံးပါး ဘုရားပွင့်ပြီလေ။ ဒီပင်္ကရာဘုရားပွင့်ပြီ။ နောက်တော်ပါ ရဟန်း လေးသိန်းနှင့်အတူ အခုဆွမ်းခံ ကြွမှာ။ မိုးတွေရွာလို့ ဒီမှာ ဗွက်တွေ ပြင်နေတာ ကျုပ်တို့ ဗွက်တွေ ဖို့နေတာဗျလို့ ပြောသတဲ့။ ဟာ....ဒီလိုဆိုရင် ငါလဲဘဲ ကုသိုလ် ပါဝင်အုံးမယ်ကွ။ ငါ့ကိုတစ်နေရာပေးလို့ ပြောကတဲ့။ ဦးရသေ့ကြီး ခင်ဗျားက မြေလျှိုးမိုးပျံ တန်ခိုးတွေ ရနေတော့ ဗွက်တွေ ထူတဲ့နေရာ ခင်ဗျားယူ။ ဗွက်ထူတဲ့နေရာပေးသတဲ့။
ပေးတော့လည်း အေးပါကွာ ဘယ်နေရာရရ ငါရသမျှ လုပ်မယ်ဆိုပြီးတော့ နီးတဲ့အိမ်လေးတစ်အိမ်က ပေါက်ပြားလေးတစ်လက်၊ တံရွင်းတစ်ချောင်း၊တောင်းတစ်လုံး ငှား။ မြေကြီးတွေ တူးပြီးတော့ သူကဖို့တာပေါ့။ ဖို့တော့ ပြီးခါနီး ဟောဒီလောက်ကလေးကျန်တော့တယ်။ တလံလောက်ကလေး။
အဲဒီလောက်ကလေးလဲကျန်ရော။ အော်..ဒီပင်္ကရာဘုရား နောက်တော်ပါရဟန်း လေးသိန်းနဲ့ ဆွမ်းခံကြွလာပြီခင်ဗျား။ ဆွမ်းလောင်းဖို့ ပြင်ကြပါလို့ နိဗ္ဗာန်ဆော်က ကြေးစည်လေးတီးပြီး ရှေ့ကနေဟစ်သတဲ့။ ဟာ..ဘုရားကြွလာပြီ ဘုရားကြွလာပြီ ဆိုပြီး ပြေးကြလွှားကြ ဆွမ်းတွေ၊ ဆွမ်းရံတွေပြင်ဆင်ကြပေါ့လေ။
သုမေဓာ ရသေ့လေးကျတော့ အရမ်းချစ်နေကြတာ။ သူ့ဘယ်သူမှ ဂရုမစိုက်၊ ကူဖေါ်လောင်ဖတ်လည်း မရှိဘူး။ ငါလည်း ခက်နေပြီ ဒီလောက်ကလေးကျမှ ကျန်နေတယ်။ ခက်ပြီ..ဘယ်လိုလုပ်ရပါ့မတုန်းဆိုပြီးတော့ သူက သင်္ကန်းကြီးဖြန့်ခင်း အဲဒီပေါ်မယ် ဝမ်းယားမှောက် ဘုရားကြွလာတဲ့ဘက် ခေါင်းပြုပြီးတော့ မြတ်စွာဘုရား တပည့်တော် ကျောပေါ် သံဃာတော် လေးသိန်းနှင့်တကွ နင်းလျှောက်ပါဘုရား။ ဗွက်ထဲကို မနင်းပါနဲ့ ဘုရား။ တပည့်တော်ကျောပေါ်နင်းပါဘုရားလို့ သူကအော်လျှောက်တယ်။
အော်လျှောက်တော့ ဟာ..အာဂယောက်ျားဘဲဟေ့။ သံဃာတော် လေးသိန်းနဲ့ တက်နင်းရင် သူသေမှာ အသေခံရဲတယ်။ တကယ့်ယောက်ျား၊ ဘယ်လို ပုဂ္ဂိုလ်လဲဟဲ့လို့ ကြည့်လိုက်တော့မှ အော်လွန်ခဲ့တဲ့ ဆယ်ခြောက်သင်္ချေတုန်းက သမီးတော်လေး ဖြစ်ပြီးတော့ ငါ့ကိုနေ့တိုင်းနေ့တိုင်းမုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ပုဂ္ဂိုလ်လေးဘဲလို့သိသွားတယ်။ ဘုရားက။
အေး.. သုမေဓာရသေ့လေး ဆိုပြီးတော့ ခုန သမီးတော်လေးအကြောင်းပြန်ပြောင်းဟော၊ ဟောပြီးတော့ မင်းကျောပေါ်မလျှောက်ပါဘူးကွာ တို့ကောင်းကင်ကကြွမယ်ဆိုပြီးတော့ တန်းခိုးနဲ့ကြွ၊ ကြွပြီးတော့ သင်ဟာ ဒီကုသိုလ်စေတနာကြောင့် လေးသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်းကြာတဲ့အခါ ဂေါတမ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။
သင်ဟာ ငါဦးဇင်းလေးဘဝတုန်းက နေ့တိုင်းနေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ကုသိုလ်စေတနာကြောင့် သင့်နောက်ဆုံးဘဝ နာမည်က သိဒ္ဓတ္တ မင်းသားလို့ဖြစ်လိမ့်မယ်။ သိဒ္ဓတ္တ ဆိုတာ မုန်ညင်း တေလဆိုတာ ဆီ။ သိဒ္ဓတ္တတေလ ဆိုတော့ မုန်ညင်းဆီ ။ မုန်ညင်းဆီ တစ်သပိတ် တစ်သပိတ် လှူခဲ့တဲ့အတွက် အဲဒီစေတနာက အကျိုးပေးပြီးတော့ သင့်ရဲ့နောက်ဆုံးနာမည်သည် ဘာဖြစ်လိမ့်မတုန်း။ သိဒ္ဓတ္တမင်းသားလို့ ဖြစ်လိမ့်မယ်လို ဗျာဒိတ်ပေးသတဲ့။
အေး...အဲဒီမုန်ညင်းဆီလှူတဲ့ ကုသိုလ်စေတနာကံသည် ကမ္မပစ္စည်း၊ ဒီဘက်ဘဝမယ် သိဒ္ဓတ္တ လို့ နံမည်လေးရ၊ ဘုရားဖြစ်တာက ကမ္မပစ္စည်းရဲ့ ပစ္စယုပ္ပန် သဘောပေါက်လား။ ဘဝပေါင်း ကမ္ဘာပေါင်း သင်္ချေ ၂၀ နဲ့ ကမ္ဘာပေါင်း တစ်သိန်းကြာတယ်။ ပျောက်မသွားဘူးနော်။ အဲ့ဒီပျောက်မသွားတဲ့ သတ္တိလေးကို ကမ္မသတ္တိ။ ဟုတ်ကလား။
အဲဒါဆိုရင် အဖိုးတန်တယ် မဟုတ်လား။
အဲ...ဟုတ်ပြီ။တစ်ခေါက်လောက်ဆိုပြစမ်းပါအုံး။
“သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ
ဒွါဒသဉ္စ သဟဿကေ
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာ မဟံ
အပကာ ၀ါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ
နမက္ကာရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေက အန္တရာယာပိ
ဝိနာဿန္တု အသေသတော”
ကဲ....တော်လိုက်ကြအုံးစို့။
သာဓု……သာဓု……သာဓု
(ဗန်းမော်ဆရာတော်ကြီး ပဋ္ဌာန်းတရားပွဲ အသံတော်မှ ကူးယူပူဇော်ပါသည်။)
မူလရေးသားသူအမည်မမှတ်ထားမိ၍တောင်းပန်
အပ်ပါသည်ခက်ဗျာ။
မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားနိုင်ကြပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည်ခင်ဗျာ)

Monday, January 12, 2015

မြတ်ဗုဒ္ဓ၏စွယ်တော်(၄) ဆူဘယ်မှာကိန်းဝပ်နေသလဲ ??

ဤ post ကို သင်သိသလို သင့်မိတ်ဆွေများသိသွားအောင် များ၂ (S)(h)(a)(r)(e) ပေးပါ ...

မြတ်ဗုဒ္ဓ၏စွယ်တော်(၄) ဆူဘယ်မှာကိန်းဝပ်နေသလဲ ??

မြတ်ဗုဒ္ဓဟာ လွန်ခဲ့သောအနှစ် ၂၅၀၀ ကျော်လောက်က ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့ပါတယ်။ဗုဒ္ဓရဲ့ခန္ဓာကိုယ်အားတေဇောဓါတ် လောင်ကျွမ်းပြီးသောအခါ သရီရဓါတ်တော်များ ကြွန်းကျန်ခဲ့ပါတယ် အဲ့ဒီဓါတ်တော်တွေကတော့ နဖူးသင်းကျစ်တော်|ညာဘက် ညှပ်ရိုးတော်| ဝဲဘက် ညှပ်ရိုးတော် နှင့် ဗုဒ္ဓစွယ်တော်လေးဆူ အပါအဝင် ဖြစ်ပါသည် ။

စွယ်တော်မြတ် လေးဆူတို့တွင် ---

အထက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် တာဝတိံသာ နတ်ပြည်၌ ကိန်းဝပ်တော်မူသည်။

အောက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် နဂါးပြည်၌ ကိန်းဝပ်စံပါယ်တော်မူသည်။

အထက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ဂန္ဓာရတိုင်း(ယခုတရုတ်ပြည်သူ့သမ္မတနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိသည်။

အောက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ကလိင်္ဂတိုင်း(ယခုသီရိလင်္ကာနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိပါသည်။

သင်သိသလိုအများသိသွားအောင် သင်ဖူးမျှော်ရသလို အများဖူးမျှော်ရအောင် like & share လေးလုပ်ပြီး ကုသိုလ်ယူလိုက်ပါ

>> https://m.facebook.com/profile.php?id=609627075816810 <<

မြတ်ဗုဒ္ဓ၏စွယ်တော်(၄) ဆူဘယ်မှာကိန်းဝပ်နေသလဲ ??
မြတ်ဗုဒ္ဓဟာ လွန်ခဲ့သောအနှစ် ၂၅၀၀ ကေ...ျာ်လောက်က ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့ပါတယ်။ဗုဒ္ဓရဲ့ခန္ဓာကိုယ်အားတေဇောဓါတ် လောင်ကျွမ်းပြီးသောအခါ သရီရဓါတ်တော်များ ကြွန်းကျန်ခဲ့ပါတယ် အဲ့ဒီဓါတ်တော်တွေကတော့ နဖူးသင်းကျစ်တော်|ညာဘက် ညှပ်ရိုးတော်| ဝဲဘက် ညှပ်ရိုးတော် နှင့် ဗုဒ္ဓစွယ်တော်လေးဆူ အပါအဝင် ဖြစ်ပါသည် ။
စွယ်တော်မြတ် လေးဆူတို့တွင် ---
အထက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် တာဝတိံသာ နတ်ပြည်၌ ကိန်းဝပ်တော်မူသည်။
အောက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် နဂါးပြည်၌ ကိန်းဝပ်စံပါယ်တော်မူသည်။
အထက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ဂန္ဓာရတိုင်း(ယခုတရုတ်ပြည်သူ့သမ္မတနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိသည်။
အောက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ကလိင်္ဂတိုင်း(ယခုသီရိလင်္ကာနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိပါသည်။

>> https://m.facebook.com/profile.php?id=609627075816810 <<

Monday, July 30, 2012

အံ့သြဖွယ်ရာမြတ်စွာဘုရားဖွါးမြင်တော်မူရာအခါ၌ရှေ့ပြေး နိမိတ်ကြီးများ။


၁။ဘုရားအလောင်းတော်ကို ဖွားမြင်သောခဏ၌ လောကဓာတ်တစ်သောင်း တုန်လှုပ်၏။ (ဤလောကဓာတ် စကြာဝဠာတိုက် တစ်သောင်း တုန်လှုပ်ခြင်းသည်ကား အလောင်းတော်၏ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းမြင်သိ ရရှိအံ့သော ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ် )

၂။လောကဓာတ် စကြာဝဠာတိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည် စကြဝဠာ တစ်ခုတည်း၌ ပေါင်းဆုံစည်းဝေးကြကုန်၏။ (ဤလောကဓာတ် စကြဝဠာတိုက် တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့ ဤစကြဝဠာ တစ်ခုတည်း၌ ပေါင်းဆုံစည်းဝေး ခြင်းသည်ကား ဓမ္မစကြာတရားတော်ကို ဟောတော်မူသော အခါ၌ ထိုနတ်ဗြဟ္မာအပေါင်းတို့ တစ်ပြိုင်နက်စုဝေး၍ တရားတော်ကို နာယူရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၃။ဖွားမြင်လာသော အလောင်းတော်ကို ရှေ့ဦးစွာ နတ်ဗြဟ္မာတို့က ခံယူကြကုန်၏။ (ထိုသို့ ရှေ့ဦးစွာ ဗြဟ္မာနတ်တို့ ခံယူကြခြင်းသည် ရူပါဝစရဈာန်တရား လေးပါးတို့ကို ရဖို့ရန် ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ကြီးဖြစ်ပေ၏။)

၎။ဖွားမြင်လာသော အလောင်းတော်ကို ဗြဟ္မာနတ်တို့ခံယူပြီးနောက် လူတို့ခံယူကြကုန်၏။ (ထိုသို့ဗြဟ္မာနတ်တို့ ခံယူကြပြီးနောက် လူတို့ခံယူခြင်းသည် အရူပါဝစရဈာန်လေးပါးကို ရရှိ ဖို့ရန်ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၅။ ညှို့ကြိုးဖြင့်ဖွဲ့ယှက် စီရင်အပ်သော စောင်းညှင်းတို့သည် မတီးခတ်ရဘဲ အလိုအလျောက် မြည်ကုန်၏။ (ထိုသို့ စောင်းညှင်းများ မတီးခတ်ရဘဲ အလိုအလျှောက် မြည်ကြခြင်းသည် အစဉ်အတိုင်း ဝင်စားအပ်သည့် ရူပါဝစရသမာပါတ် () ပါး၊ အရူပါဝစရသမာပါတ် () ပါး၊ နိရောဓသမာပတ် အားဖြင့်ဤကိုးပါးသော အနုပုဗ္ဗဝိဟာရ သမာပတ်တို့ကိုရရှိဖို့ရန်၊ ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၆။သားရေဖြင့် ဖွဲ့ယှက်ကျက်အပ်သော စည်ကြီးစည်ငယ်(ဗုံကြီး ဗုံငယ်)တို့သည် မတီး မခတ် ရဘဲ အလိုအလျှောက် မြည်ကြကုန်၏။ (ထိုစည်ကြီး စည်ငယ်များ မတီးခတ်ရဘဲ အလို အလျှောက်မြည်ကြခြင်းသည် အလွန်မြတ်သော တရားစည်တော်ကြီး ရိုက်တီးယွမ်းဆော် လူနတ်တို့ကို ကြားလှုံ့ဆော်စေတော် မူမည့် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၇။လူတို့အား သွင်းနှောင်တုတ်ချည်အပ်ကုန်သော နှောင်အိမ် နှောင်ကြိုးတို့သည် အပိုင်းပိုင်း ပြတ်ကုန်၏။ (ထိုသို့ပြတ်ခြင်းသည် ငါတည်းဟူသော မာန်မာနကို အကြွင်းမဲ့အမြစ်ပြတ် ပယ်သတ်နိုင်ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၈။ကြေးနီ၌ ငြိတွယ်တင်ကပ်သော အညစ်အကြေးကို အချဉ်ရေဖြင့် ဆေးကြောလိုက်သကဲ့သို့ ရောဂါ ရှိနေသော ရောဂါသည်တို့၌ စွဲကပ်လျက်ရှိသော ရောဂါခပ်သိမ်းတို့ ပျောက်ငြိမ်းကြ ကုန်၏။ (ထိုသို့ ရောဂါခပ်သိမ်း ပျောက်ငြိမ်းကြခြင်းသည် လူများအပေါင်း၏ အလုံးစုံသော ဝဋ်ဒုက္ခ ရောဂါ၏ ကင်းငြိမ်းမှုဖြစ်သော သစ္စာလေးပါးတရားကို သိမြင်ဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၉။အမိဝမ်းတွင်းမှပင် မျက်စိကွယ်ခဲ့ကြသော သူတို့သည် အဆင်းရူပါရုံကို ပကတိလူကဲ့သို့ ပင်မြင်ကြကုန်၏။(ထိုသို့ မြင်ကြခြင်းသည် လူအများအပေါင်းတို့ ဒိဗ္ဗစက္ခု ဉာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၀။အမိဝမ်းတွင်းမှပင် နားပင်းခဲ့ကြသော သူတို့သည် အသံ သဒ္ဒါရုံ ပကတိလူတို့ကဲ့သို့ပင် ကြားကြကုန်၏။ (ထိုသို့ ကြားခြင်းသည် လူများအပေါင်းတို့ ဒိဗ္ဗသောတ ဉာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၁။ခြေဆွံ့သဖြင့် မသွားနိုင်ကုန်သော သူတို့သည် ခြေကောင်းသန်စွမ်းလာကာ သွားနိုင်ကြ ကုန်၏။ (ထိုသို့သွားနိုင်ကြခြင်းသည် ဣဒ္ဓိပါဒ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၂။အမိဝမ်းတွင်းမှာပင် ဆွံ့အသဖြင့် စကားမပြောနိုင်သောသူတို့သည် သတိတရားဖြစ်ပွား လာကာ စကားပြောဆိုတတ်ကုန်၏။ (ထိုသို့ လူအများ စကားပြောတတ်လာခြင်းသည် သတိပဋ္ဌာန်လေးပါး တရားကို ရရှိဖို့ရန်၊ရှေ့ပြေး အကြောင်းပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၃။ကြောက်မက်ဖွယ်ရာ ဘေးကြမ်းထူပြောသော အရပ်တစ်ပါးသို့ ရောက်ရှိနေကြသော လှေ၊သဘောင်္ တို့သည် ဘေးရန်ကင်းကွာ မိမိတို့ဆိပ်ကမ်းသို့ ချမ်းသာစွာ ရောက်ကုန်၏။ (ထိုသို့ ရောက်ကြ ခြင်းမှာ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၄။ကောင်းကင်၌တည်သော ရတနာအမျိုးမျိုး၊မြေ၌တည်သော ရတနာအမျိုးမျိုးတို့သည် မိမိတို့၏ အလွန်ထွန်လင်းသော အရောင်အဝါတို့ဖြင့် တောက်ပကုန်၏။(ထိုသို့ ရတနာအမျိုးမျိုး တို့ မိမိတို့ အရောင်ဖြင့် တောက်ပခြင်းသည် တရားတည်းဟူသော အရောင် တရားတည်း ဟူသော အလင်းကို ရဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။ တရားအလင်းရောင်ကို ဝေနေယျတို့အား ပေး၍ ကိုယ်တော်မြတ်၏ ဘုန်းတန်ခိုးရောင်ဖြင့် တောက်ပြောင်းခြင်း၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၅။ရန်သူဖြစ်သော သတ္တဝါတို့ အချင်းချင်း ချစ်ခင်သည့် မေတ္တာစိတ်ကိုရကြကုန်၏။ (ထိုသို့ မေတ္တာစိတ်ကို ရကြခြင်းသည် ဗြဟ္မာ့ဝိဟာရတရားလေးပါး (ဗြဟ္မစိုရ်) တရားလေးပါးကို ရရှိ ဖို့ရန် ရှေ့ပြေး အကြောင်း နိမိတ်ဖြစ်ပေ၏)

၁၆။ငရဲမီး ငြိမ်းအေး၏။ (ထိုသို့ ငရဲမီးငြိမ်းအေးခြင်းသည် လောဘ ဒေါသ ၊စသော မီး(၁၁) မျိုးတို့ ငြိမ်းအေးဖို့ရန်၊ရှေ့ပြေးအကြောင်းနိမိတ်ဖြစ်ပေ၏။)

၁၇။မှောင်အတိကျနေသော လောကန္တရက် ငရဲတို့၌ အရောင်အလင်းသည် ထင်လင်းစွာဖြစ် ပေါ်၏။(ထိုသို့ဖြစ်ပေါ်ခြင်းသည် အဝိဇ္ဇာတည်းဟူသော အမိုက်အမှောင်ကို ပယ်ဖြိုခွင်း၍ အလင်းဉာဏ်ပညာဝိဇ္ဇာကို ပြုနိုင်ပေးနိုင်ရေး၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၈။စီးမြဲသော မြစ်ရေအယဉ်သည် မစီးတော့ဘဲ တန့်ရပ်၏။(ထိုသို့ တန့်ရပ်ခြင်းသည် စတုဝေသာရဇ္ဇဉာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၉။မဟာသမုဒ္ဒရာ၌ ရှိသမျှသောရေသည် ချိုမြိန်ကောင်းမွန်သော အရသာရှိ၏။(ထိုသို့ မဟာသမုဒ္ဒရာ၌ရှိသမျှသောရေ ချိုမြိန်ခြင်းသည် ကိလေသာတို့ ငြိမ်းအေးမှုတည်းဟူသော ချိုမြိန်သော အရသာ တစ်ခုတည်း ကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၀။ကြမ်းတမ်းသော လေပြင်းများမတိုက်ခတ်ဘဲ၊ဖြည်း ညှင်းသာယာ အေးချမ်းစွာသော လေသာလျှင် တိုက်ခတ်၏။ (ထိုသို့ လေပြင်းလေကြမ်းများ မတိုက်ခတ်ခြင်းသည် ခြောက်ဆယ့်နှစ်မျိုးသော မိစ္ဆာဒိဋ္ဌိ အယူဝါဒဆိုးတို့ ပပျောက်ပြိုကွဲဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၁။မိုးရပ် ကောင်းကင် သစ်ပင် တောင်ထိပ် စသည်တို့၌ ရောက်ရှိကြကုန်သော ငှက်တို့သည် မြေပြင်သို့သက်ဆင်းကြကုန်၏။ (ထိုသို့သက်ဆင်းကြခြင်းသည် ကိုယ်တော်မြတ်၏ အဆုံးအမ သြဝါဒကို နာယူရ၍ လူများအပေါင်းတို့ အသက်ထက်ဆုံး သရဏဂုံခံယူကြရန်၊ ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၂။လမင်းသည် ရှေးရှေးအခါများကထက် ထွန်းလင်းသာယာတင့်တယ်၏။ (ထိုသို့ တင့်တယ် ခြင်းသည် လူအများအပေါင်းတို့နှင့် နှစ်သက်ခြင်းရှိကြမည့် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၂၃။နေမင်းသည် မပူမအေး၊အညစ်အကြေးကင်းဝေးသန့်ရှင်းသဖြင့် ကောင်းသော ဥတုနှင့် ပြည့်စုံ၏။(ထိုသို့ပြည့်စုံခြင်းသည် ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု ဖြစ်ဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၂၄။နတ်တို့သည် မိမိ မိမိတို့၏ ဗိမာန်ရှေ့မှောက် တံခါးပေါက်အဝ၌ ရပ်တည်ကြကုန်လျက် လက်ပန်း ပေါက်ဖတ်ခြင်း(လက်ခမောင်း ခတ်ခြင်း) လေချွန်ခြင်း၊ ပုဆိုးအဝတ်တို့ကို ပစ်မြှောက်ခြင်း စသည်တို့ ဖြင့် ကြီးစွာသော ကစားပျော်မြူးကြခြင်းသည် ဘုရားဖြစ်တော်မူ၍ ဥဒါန်းရင့်ကျူးတော်မူဖို့ရန်၊ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၅။လေးကျွန်းအလုံးနှံ့စပ်သော မိုးကြီးသည်းထန်စွာရွာသွန်း၏။ (ထိုသို့ မိုးကြီး သည်းထန်စွာ ရွာသွန်း ခြင်းသည် ကြီးမြတ်သော ဉာဏ်တော်အဟုန်ဖြင့် တရားတည်း ဟူသော အမြိုက်မိုးကို ရွာသွန်းဖြိုး ချ ဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏

၂၆။လူများအပေါင်းတို့ ဆာလောင်ခြင်း ကင်းကြ၏။ (ထိုသို့ဆာလောင်မှုကင်းကြခြင်း သည် ကာယဂတာ သတိတည်းဟူသော အမြိုက်တရားကိုရဖို့ရန်၊ တနည်းအားဖြင့် ကာယဂတာ သတိတည်းဟူသော အမြိုက်ခဲဖွယ်ကို သုံးဆောင်ရ၍ ကိလေသာ ဆာလောင်ခြင်းကင်းဖို့ရန် ရှေ့ပြေးအကြောင်း နိမိတ် ဖြစ်ပေ၏။)

၂၇။လူအပေါင်းတို့ ရေငတ်ခြင်းကင်းကြကုန်၏။ (ထိုသို့ ရေသိပ်မှုကင်းကြခြင်းသည် (ရေငတ်ခြင်းကင်း ကြခြင်းသည်) လူများအပေါင်းတို့ အရဟတ္တဖိုလ်ချမ်းသာဖြင့် ချမ်းသာကြ ဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၈။အပွင့်မျိုးသစ်ပင်၊အသီးမျိုးသစ်ပင်တို့သည် အပွင့်ရော အသီးပါ ပွင့်ကြ၊သီးကြကုန်၏။။
(ထိုသို့ ပွင့်ကြ သီးကြခြင်းသည် ဝိမုတ္တိတရားတည်းဟူသော ပန်းပွင့်တို့ဖြင့် လူအပေါင်းတို့ ပွင့်ကြဖို့ရန် လည်းကောင်း၊အရိယဖိုလ်လေးပါးတည်းဟူသော အသီးတို့ဖြင့် သီးကြဖို့ရန်လည်း ကောင်း၊ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၉။ပိတ်ကွယ် ဖုံးကာလျက်ရှိသော တံခါးရွတ်တို့သည် အလိုအလျှောက် ပွင့်ကြ လပ်ကြ ကုန်၏။ (ထိုသို့ တံခါးရွတ်တို့ အလိုအလျှောက် ပွင့်လပ်ကြခြင်းသည် မဂ္ဂင် ရှစ်ပါးတည်း ဟူသော နိဗ္ဗာန် တံခါးကြီး ပွင့်လပ်ဖို့ရန်၊ပုဗ္ဗနိမိတ်ကြီး ဖြစ်ပေ၏။)

၃၀။လောကဓာတ်၊စကြာဝဠာ တိုက်တစ်သောင်းလုံး၊ တံခွန်တည်းဟူသော တစ်ခုတည်းသော ပန်းဖြင့် ဖုံလျက်ရှိ၏။လောကဓာတ်စကြဝဠာတိုက်တစ်သောင်းလုံး တံခွန် အောင်လံအပြည့်ဖုံး လျက်ရှိ၏။ (ထိုသို့ တံခွန်တည်းဟူသော ပန်းဖြင့် ဖုံးလွှမ်းခြင်းသည် အရိယမဂ်တည်းဟူသော အောင်လံတံခွန်ပန်း အပြည့်ဖုံးလွှမ်းဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

ထိုမှတစ်ပါးလည်းဆန်းကြယ်သော ပန်းမိုး၊ အလွန်ရနံ့ကောင်းသည့် ပန်းမိုးတို့ရွာသွန်းခြင်း၊ နေမင်းလင်း လျက်ရှိစဉ်ပင် နက္ခတ်ကြယ်တာရာတို့တောက်ပခြင်း၊မြေအပြင်မှ အလွန်ကြည် လင်သော ရေစိမ့် ထွက်ခြင်း၊တွင်းအောင်းတိရိစ္ဆာန်တို့ မိမိနေရာမှ ထွက်ကြခြင်း၊ လောဘ၊ မောဟ၊ဒေါသ တို့ မဖြစ်ခြင်း မြေအပြင်၌ မြူမထခြင်း၊မကောင်းသော အနံ့တို့ကင်းခြင်း၊၊ နတ်၌ ဖြစ်သော နံ့သာနံ့ ကြိုင်လှိုင်ခြင်း၊ ရူပ ဗြဟ္မာတို့ကို လူတို့ပကတိမျက်စိဖြင့် လင်းလင်းထင်ထင် မြင်ရခြင်း၊သတ္တဝါတို့၏ စုတေမှု ပဋိသန္ဓေတည်နေမှုတို့မရှိခြင်း၊ အစရှိသည့်ပုဗ္ဗနိမိတ်တို့လည်း ထင်ရှားဖြစ်ကုန်၏။ ထိုပုဗ္ဗနိမိတ်တို့ဖြစ်ခြင်းသည် လိုအင်ပြီးသည်မှ ကြွင်းသော မြတ်စွာဘုရား ဂုဏ်တော် ကျေးဇူးတော် တို့ကို ရရှိဖို့ရန်၊ ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်တို့ဖြစ်ကုန်၏။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
ပိုစ် မှကူးယူပါသည်။