လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Showing posts with label ကံ. Show all posts
Showing posts with label ကံ. Show all posts

Saturday, August 27, 2016

"လေးလအတွင်း သေမည့်သူ"

Dr Shwe Tun with Phyo Toelay.
"လေးလအတွင်း သေမည့်သူ"
••••••••••••••••••••••••••••••••
သူ့အမည်ကား စဝ်နွံကြည်၊ ကျိုင်းတုံမြို့သား၊ ရှမ်းအမျိုးသား တစ်ယောက်ပင်ဖြစ်ပါ၏။ သူသည် ယခင်က ရှမ်းသောင်းကျန်...းသူ တစ်ယောက်ပင်။ နောက်လက်နက်ချ အလင်းဝင်၍ ကျိုင်းတုံမြို့မှာပင် အခြေတည်ကာ သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်နေခဲ့သည်။ စဝ်နွံကြည် အလင်းဝင်ပြီး မကြာမီမှာပင် ငယ်ဆရာတော်အား လှူဖွယ်ဝတ္တုမျိုးစုံဖြင့် သွားရောက် ကန်တော့သည်။
လှူဖွယ်ဝတ္တုအကပ်ခံသည်နှင့် ဆရာတော် မိန့်တော်မူလိုက်သော စကားတစ်ခွန်းက စဝ်နွံကြည်ရင်ကို ဒိတ်ကနဲဖြစ်သွားစေသည်။
“စဝ်နွံကြည်၊ ဒီလေးငါးလအတွင်းမှာ မင်းအတွက် အသက်အန္တရာယ်ရှိနေတယ်”
ဆရာတော်၏သမာဓိ မည်မျှကြီးမားသည်ကို စဝ်နွံကြည် ငယ်ငယ်ကတည်းက သိထားပြီးသား။ တပည့်ရင်းဖြစ်သည့်အတွက်ကြောင့် ယခုလိုထုတ်ဖော် သတိပေးခြင်းဖြစ်ပေသည်။ စိတ်၏တုန်လှုပ်မှုက အသံထိကူးစက် မလာစေရန်သတိထားပြီး -
“တပည့်တော်ကို စောင့်ရှောက်ကယ်တင်တော်မူပါဘုရား”
“တို့က ကယ်တင်မပေးနိုင်ပါဘူး။ ဘုရားရှင်တောင် သူ့သာကီဝင် မင်းမျိုးတွေကို ဝီဋဋူပက ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန်အောင် သတ်တာကို မကယ်တင်နိုင်ခဲ့ဘူး မဟုတ်လား” အားကိုရာမဲ့လေပြီဟူသောအသိကြောင့် တုန်လှုပ်ခြောက်ခြားမှုက တစ်ကိုယ်လုံးကို ဝါးမျိုသွားသည်။ ခေါင်းငိုက်စိုက်ကျကာ နှုတ်ဆိတ်သွားသော ငယ်တပည့်ကို ဆရာတော်က ကရုဏာမျက်ဝန်းဖြင့် လှမ်းကြည့်ရင်း -
“စဝ်နွံကြည်၊ အားငယ်မသွားနဲ့၊ မင်းအသက်အန္တရာယ်ကို မင်းကိုယ်တိုင် ပြန်ကယ်လို့ရပါတယ်။ မင်းတို့က တွေးမကြည့်ကြလို့ ရတနာသုံးပါးကိုလှူဒါန်းတဲ့အခါ ရတနာသုံးပါးကလာပြီး မင်းတို့ကို အန္တရာယ်ကင်းအောင်၊ ချမ်းသာအောင် လုပ်ပေးတာမဟုတ်ဘူး ရတနာသုံးပါးအပေါ် ကြည်ညိုတဲ့ မင်းတို့ရဲ့ သဒ္ဓါအကြီးအသေး အလိုက် အန္တရာယ်ကင်းမှု၊ ချမ်းသာမှုလည်း ကွာခြားသွားတာပေါ့။ ဒါကြောင့် ဘယ်ရုပ်ပွား၊ ဘယ်စေတီကိုပဲ ရှိခိုး ရှိခိုး မိမိရဲ့ ကြည်ညိုတဲ့သဒ္ဓါဓါတ်ကို အကြီးမားဆုံး အသန့်ရှင်းဆုံးဖြစ်အောင် အဓိကထားရတယ်။
ဒါ့ကြောင့် ဒီနေ့ကစပြီး သရဏဂုံသုံးပါးကို အမြဲမပြတ်၊ ရွတ်ဖတ်၊ သရဇ္ဈာယ် ပွားများပါ။ ဘယ်တော့မှ မမေ့ပါနဲ့။ ပြီးတော့ သီဟိုဠ်ကျွန်းက ‘ဝသဘ’ မင်းကြီးရဲ့ နည်းအတိုင်း အသက်ရှည်ရာ ရှည်ကြောင်း ကုသိုလ်တွေကိုလည်း မိမိစွမ်းနိုင်သမျှ ကြိုးစားပြုလုပ်ပါ”
“အဲဒီ မင်းကြီးအကြောင်းကိုလဲ မိန့်တော်မူပါဦးဘုရား”
“အေး...ပြောမယ်။ ဒီဝသဘ မင်းကြီးနန်းတက်တော့ သူ့အသက်သုံးဆယ်ဝန်းကျင် လောက်ပဲ ဆိုကြပါတော့ကွယ်။ အဲဒါ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေကို သူနန်းစံရမယ့် နှစ်အရေအတွက်ကို တွက်ချက်ခိုင်းတော့ (၁၂) နှစ်လို့ ထွက်လာတယ်။ အသက် (၄၂) နှစ်ရှိရင် သူသေရမယ် သဘောပေါ့။ အဲဒီမှာ သူကိုးကွယ်တဲ့ သံဃာတော်များ ပင့်ဖိတ်ပြီး အသက်ရှည်ရာ ရှည်ကြောင်း အားပေးထောက်ပံ့တဲ့ ကုသိုလ်များကို မေးမြန်းတဲ့အခါ သံဃာတော်များက ဒီကုသိုလ်တွေကို စွမ်းနိုင်သမျှ ပြုလုပ်ဖို့ အကြံပေးကြတယ်။ အဲဒီ ကုသိုလ်တွေက -
"အသက်ရှည်စေသည့် ကုသိုလ်များ"
•••••••••••••••••••••••••••••••••••••••
၁။ ရေစစ်လှူဒါန်းခြင်း၊
၂။ ဆေးဝါးလှူဒါန်းခြင်း၊
၃။ ကျောင်းဘုရား တံတားပျက်တို့ကို ပြုပြင်ခြင်း၊
၎။ ငါးပါးသီလကို အမြဲစောင့်ခြင်း၊
၅။ သီတင်းနေ့တိုင်း ရှစ်ပါးသီလ စောင့်ခြင်း၊
၆။ ကျောင်းသစ်၊ ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်းတို့ပဲ
(ဆောင်) ရေစစ်ဆေးကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်၊ အဌ၊ ဤခြောက်ဝ၊ မုချသက်ရှည်ကြောင်း။
“အဲဒီကုသိုလ်တွေ ကြိုးစားအားထုတ်တဲ့အတွက် ဝသဘမင်းကြီးဟာ (၄၄) နှစ်နန်းစံသွားရတယ်။ (၄၂) နှစ်သာ နေရမယ့် အသက်ဟာ (၇၄) နှစ်ထိ နေသွားရတာပေါ့။ အဲဒီတော့ မင်းလဲ ဒီကုသိုလ်ခြောက်မျိုးကို စွမ်းနိုင်သမျှ ကြိုးစားပြုလုပ်၊ ပြီးတော့ သရဏဂုံကိုလည်း ဘယ်တော့မှမမေ့နဲ့”
“ကျေးဇူးကြီးလှပါတယ်ဘုရား၊ ဆရာတော်သြဝါဒအတိုင်း တသွေမတိမ်း လိုက်နာကျင့်ဆောင်ပါ့မယ်ဘုရား”
ထိုနေ့မှစ၍ စဝ်နွံကြည်တစ်ယောက် ဒါန၊ သီလ၊ ဘာဝနာတွေကို စွဲစွဲမြဲမြဲကြိုးစားလာခဲ့သည်။ စိတ်ခိုင်းတာလုပ်နေရသော စိတ်ကျွန်ဘဝမှ စိတ်ကို မိမိလိုရာခိုင်းနိုင်သော စိတ်သခင်ဘဝသို့ ရောက်လာခဲ့သည်။ အသောက် အစား၊ ကစား လုံးလုံးကင်းရှင်းသွားသလို ကုသိုလ်ကံအား အများကြီးကောင်းလာခဲ့သည်။
ကုသိုလ်အားကောင်းလာသဖြင့် စီးပွားကလည်း ဒီရေအလား တိုးတက်လာသည်။ တစ်နေ့ည၊ နေဝင်ရီတရောတွင် လက်စွဲတော် စိပ်ပုတီးကိုယူ၍ ကျိုင်းတုံမြို့အရှေ့ဘက်၊ ကမ္ဘောဇစေတီဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ ဘုရားရင်ပြင်ပေါ် ရောက်သည်နှင့် နေလည်းဝင်သွားပေပြီ။
ဆည်းဆာရောင်ဖြင့် လှချင်တိုင်းလှနေသော ရှုမျှော်ခင်းများကို တစ်ဝကြီး ကြည့်ပြီးသည်နှင့် စေတီတော်ကို ထိခြင်းငါးပါးဖြင့် ရှိခိုးလိုက်သည်။ ထိခြင်းငါးပါး ဟူသည်ကား ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး၊ ငါးဦးညီညွတ် စေဟူသော ဆောင်ပုဒ်အတိုင်း ဘုရားရင်ပြင်တော်ကို ခြေဖမိုး၊ လက်ဝါး၊ နဖူး၊ တံတောင်၊ ဒူးတို့ဖြင့် ထိမိအောင် ရှိခိုးခြင်းတည်း။
ပြီးသည်နှင့် သစ်သားကစ်ပျစ်ပေါ်တွင်ထိုင်ကာ သရဏဂုံသုံးပါးကို ပုတီးစိပ်ပါတော့သည်။ အဓိဋ္ဌာန်ပြည့်၍ လက်ကနာရီကို လရောင်ဖြင့် ကြည့်လိုက်သောအခါ ရှစ်နာရီခွဲပြီးနေသည်ကို တွေ့လိုက်ရသည်။ စေတီတော်ကြီးကို ဦးသုံးကြိမ်ချလိုက်ပြီး ကွပ်ပျစ်ပေါ် ခဏလှဲလိုက်သည်။
တငြိမ့်ငြိမ့်ပျံ့လွင့်လာသော စေတီတော်မှ ဆည်းလည်းသံတို့က စဝ်နွံကြည်အား ရင်ပြင်တော်ပေါ်မှ ထွက်ခွာမသွားချင်အောင် ဆွဲဆောင်လျက်ရှိသည်။ အေးချမ်းတိတ်ဆိတ်လိုက်တာ၊ ဒီချမ်းသာမျိုးကို ဒီနေရာမျိုးမှာသာ ရနိုင်မှာဟူသော အတွေးနှင့်အတူ မျက်လုံးကို အသာအယာ မှိတ်ထားရာမှ ခဏအကြာတွင် စဝ်နွံကြည်တစ်ယောက် အိပ်မောကျသွားပါတော့သည်။
"စေတီပေါ်ကအသက်လုပွဲ"
•••••••••••••••••••••••••••••
ထိုအချိန်မှာပင် စဝ်နွံကြည်တစ်ယောက် ကမ္ဘောဇစေတီပေါ် တစ်ယောက်တည်း ရောက်နေကြောင်းသတင်ကို ရသွားသဖြင့် ရှမ်းသူပုန်ခေါင်းဆောင်သည် တပ်ဖွဲ့ဝင်များကိုခေါ်ယူလျက် စေတီတော်ပတ်ဝန်းကျင်ကို ဝိုင်းလိုက်ကြသည်။ အလင်းဝင်သွားသော စဝ်နွံကြည်ကို သူတို့တစ်ဖွဲ့လုံးက သစ္စာဖောက်အဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် အသေသတ်ရန် ရောက်လာကြခြင်းဖြစ်သည်။
တစ်ချို့ကို လမ်းမှာအစောင့်ထား၊ တစ်ချို့ကို စေတီဘေးပတ်လည်မှာ ဝိုင်းထားခိုင်းပြီး ခေါင်းဆောင်နှင့်ငယ်သားအချို့ သေနတ်ကိုအသင့်ပြင်ကာ ရင်ပြင်ပေါ်သို့ သတိအနေအထားဖြင့် တက်လာကြသည်။ ထိုခဏမှာပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော စဝ်နွံကြည်သည် သူ့နာမည်ကို တိုးတိုးခေါ်၍ နှိုးသံလိုလို ကြားလိုက်ရသဖြင့်
“ခင်ဗျာ၊ ကျွန်တော့်ကိုခေါ်သလား” ဟုထူးရင်း မျက်စိကို ဖွင့်ကြည့်လိုက်ရာ ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။ အဘိုးအိုက -
“မင်းကအိပ်ပျော်နေ၊ ဘုရားအောက်မှာ ရှမ်းသောင်းကျန်းသူတွေ မင်းကို သတ်ရအောင် ဝိုင်းထားကြပြီ။ မြန်မြန်လာ၊ အဘိုးနောက်လိုက်ခဲ့။ သူတို့အစောင့်လွတ်တဲ့ လမ်းတစ်လမ်းကို အဘိုးပြမယ်” ဟုပြောပြီး ခေါ်ဆောင်သွားသဖြင့် စဝ်နွံကြည်လည်း ဘာမျှမပြောနိုင်တော့ဘဲ အဘိုးအိုနောက်မှ လိုက်လာခဲ့တော့သည်။
ဘုရားအောက်ရောက်၍ မျက်စေ့ကို ဝှေ့ကြည့်လိုက်သောအခါ သေနတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော ရှမ်းသူပုန်အတော်များများကို တွေ့ရလေသည်။ သို့သော် သူပုန်များကား စဝ်နွံကြည်ကို တစ်ယောက်မှ မမြင်ကြ။ လမ်းပေါ်ရောက်သည်နှင့် အဘိုးအိုက -
“ကဲ...ဒီလမ်းအတိုင်း အိမ်ကိုရောက်အောင် မြန်မြန်ပြေးပေရော့” ဟုဆိုလိုက်ရာ စဝ်နွံကြည်လည်း အဘိုးအိုနာမည်ကိုပင် မမေးနိုင်တော့ဘဲ ကျိုင်းတုံမြို့ထဲသို့ သုတ်ခြေတင်ပါတော့သည်။ သူပုန်တို့ကား စဝ်နွံကြည်ကို မတွေ့ရတော့သဖြင့် ဒေါသနှင့် တောက်ခေါက်ကာ တောတွင်းသို့ ပြန်သွားကြ၏။
သူ့အိမ်ရောက်တော့ ညဥ့်နာရီပြန်တစ်ချက်ခွဲနေပါပြီ။ အိမ်သားတွေကိုပင် မနည်းနှိုးပြီး တံခါးဖွင့်ခိုင်းရသည်။ တစ်လမ်းလုံး စဉ်းစားမရခဲ့သော အဖြေတစ်ခုကို ဘုရာကျောင်းဆောင်ရှေ့ရောက်မှာပင် အဖြေရခဲ့သည်။ ထို့ကြောင့်လည်း ဘုရား၊ တရား၊ သံဃာကို ရည်မှန်း၍ အရင် ဦးသုံးကြိမ်ချလိုက်သည်။
အသက်အန္တရာယ်ကြားထဲမှ သူ့ကို ခေါ်ထုတ် ကယ်တင်ခဲ့သော အဘိုအိုးကို သူတစ်ခါမျှမမြင်ဖူးခဲ့။ ထို့ကြောင့် ဘယ်သူများဖြစ်လေမလဲဟု တစ်လမ်းလုံးတွေးခဲ့သော်လည်း အဖြေကမရခဲ့။ ယခုတော့ ရပါပြီ။ သရဂုံနှင့် သီလမြဲသူအား အမြဲတမ်းစောင့်ရှောက်သည့် နတ်ကောင်းနတ်မြတ်များမှတပါး ဘယ်သူဖြစ်နိုင်ဦးမည်နည်း။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။
စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။

Wednesday, October 23, 2013

ကံ(ကမ္မ) နိယာမ။



           ကိုယ်နှတ်စိတ်ဖြင့်ပြုလုပ်သော်လည်းပြုလုပ်တိုင်းကံမဖြစ်ပေ။ ကံအရာမရောက်ပေ။ ထိုင်တာ ထတာ စသည်တို့ဖြစ်သည်။ 
            အကောင်း(ဝါ)အဆိုး ရည်ရွယ်ချက်တစ်ခုခုဖြင့်တက်ကြွထက်သန်သော စိတ်ဦးဆောင်ပြုလုပ် မှသာကံအရာမြောက်၍ကံဟုခေါ်သည်။ တနည်း ကမ္မပထ မြောက်သည် ဆိုတာ ထူးခြားထင်ရှားတဲ့ အကျိုးကိုဖြစ်စေနိုင်လောက်အောင် အင်အားပြည့်ဝတဲ့အကြောင်းတရားအလုပ်ကိုဆိုလိုတယ်။ ယင်းတက်ကြွထက်သန် သောစိတ်ကို စေတနာ ဟုခေါ်သည်။
ဥပမာ။ အိုက်တဲ့အခါယပ်ခတ်သည်။ တရားနာရင်းနဲ့လက်ကသူ့အလိုလိုသဘောမျိုးယပ်ခတ်နေသည်။တက်ကြွထက်သံသောစိတ်မပါ။ အကျိုးအနေနဲ့  အေးခြင်းသာဖြစ်သည်။ ထူးခြားသော ကောင်းကျိုး ဆိုးကျိုးမရှိ။ အပြစ်မကင်း မကောင်းသောရည်ရွယ်ချက်(ဝါ) အပြစ်မရှိသော ကောင်းသော ရည်ရွယ်ချက် လဲမပါ။
       သို့ရာတွင် ကမ္မပထ မြောက်သော အကုသိုလ်စိတ်များ သည်အကုသိုလ်ကံများ ကိုဖြစ်ပေါ်စေပြီး ကုသိုလ်စိတ်များ သည် ကုသိုလ်ကံ များကိုဖြစ် ပေါ်စေသည်။ မိမိ၏အကျိုးရှိမှုကိုရှေ့ရှု၍သူတစ်ပါးတို့ အားထိခိုက်နစ်နာစေလိုသော စေတနာ ဖြင့်ပြု လုပ်လျှင်ဖြစ်စေ၊ပြောလျှင်ဖြစ် စေ၊ ကြံတွေးလျှင်ဖြစ်စေ၊မောဟနှင့်လောဘ (ဝါ) မောဟနှင့်ဒေါသတို့အရင်းခံသည့် အကုသိုလ်စိတ်များကုဋေသိန်း ပေါင်းများ စွာဖြစ်ပွားကြသည်။ စိတ္တနိယာမ အရစိတ်သည် လက်တစ်ဖျစ်၊မျက်စိတစ် မှိတ်၊လျှပ်တစ်ပြက်၊ကာလအတွင်း၌ ကုဋေတစ်သိန်း ကျော်ဖြစ်ပျက်သွား နိုင် သည်။ ဤစိတ်တို့ဖြစ်ပေါ်ပြီးချုပ်သွား သော်လည်းကံပေါင်းကုဋေသိန်း ပေါင်းများစွာတို့ သည်မိမိ၏ စိတ်အစဉ်၌ ကျန်ရစ်သွား ပြီဖြစ်သည်။ ဤကံတို့သည် ဤမျက်မှောက်ဘဝတွင်သာမက နောင်ဘဝ ကုဋေကုဋာ တွင်မကောင်းကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ အပါယ် ဘဝ ပေါင်း များစွာကိုလည်း ဖြစ်ပေါ် စေတတ်သည်။ ထိုကြောင့်လိုချင်တပ်မက် မှုလောဘနှင့်ယှဉ်သော အကုသိုလ်စိတ်ဖြင့် တစ်ခုခုပြုလုပ် ပြောဆိုလိုက်သည့်အတွက်လတ်တလောအကျိုးကျေးဇူးရှိသည်ထင်ရသော်လည်းရေရှည်တွင်အကျိုးမရှိပါ၊အနာခံရသောသူသည်မိမိနှင့်နောက်ထပ်ဆက်ဆံ လိုတော့မည် မဟုတ်ပါ။ လတ်တလော်ရ ရှိလိုက်သော အကျိုးအမြတ်မှာ လည်း သံသရာအပြစ်နှင့် နှိုင်း စာလျှင်လားလားမျှမကာမိပါ။
ဥပမာ၊ပိုက်ဆံတစ် ထောင် ခါ ပိုက် နှိုက်လျှင်၊ လူမိကဤဘဝတွင်ပင်ထောင်ကျမည်၊နံမည်ပျက်မည်၊အကုသိုလ်ကံ ကုဋေသိန်း ပေါင်းများစွာတို့ကအပါယ်လေးဘုံသို့အ ကြိမ်ကြိမ်ပစ်ချကြမည်ဖြစ်သ ဖြင့်မိမိ မကောင်းမှုကြောင့်သူတစ်ပါးနစ်နာဆုံးရှုံး၍စိတ်ဆင်းရဲရသည်ထက်အဆအပြန်ပေါင်းကုဋေသိန်းချီ၍မိမိ
အဆင်းရဲခံရလိမ့်မည်။ ဒါန၊သီလ၊ဘာဝနာ၊ ကောင်းမှု များကိုမည်မျှ သေး ငယ်သည် ပင်ဖြစ်ပါစေ နည်းသည်ဟူ၍ မအောက်မေ့နှင့်။ ခြင်ကိုက်သည် ကိုရိုက်မသတ်ဘဲ အသာတ ကြည် ဖယ်ရှားလိုက် သည့် အခိုက်၌ ၎င်း၊မြတ်စွာဘုရားအားရည်မှန်း၍သောက်တော်ရေတစ်ခွက်ကပ်လှူနေသည့် အ ခိုက်၌၎င်း၊အရဟံဟူသောဘုရားဂုဏ်တော်ကို တစ်ကြိမ်မျှ နှလုံးသွင်းသည့် အ ချိန်၌၎င်း၊ကုသိုလ်စိတ်များ ကုဋေသိန်း ကျော်ဖြစ်ပွားသွားသည်။ထိုကုသိုလ် စိတ် များချုပ်ငြိမ်းသွားသောအခါ ကုသိုလ်ကံများ ကုဋေသိန်းကျော် မိမိစိတ် အစဉ်၌ ကျန်ရစ်ခဲ့သည်။ ဤကုသိုလ်ကံကုဋေတစ်သိန်းသည် ငွေကုဋေတစ်သိန်း ထက်ပို၍ တန်းဘိုးကြီးသည်မျက်မှောက်ဘဝ၌လည်း ကောင်းကျိုးချမ်းသာ များကိုပေး နိုင်သည့်အပြင် တမလွန် ဘဝများ၌သုဂတိဘဝအကြိမ်ကြိမ်ဖြစ်စေနိုင်သည်။

ကုသိုလ်ကံတစ်ခုသည်ဘဝတစ်ခုကိုဖြစ်စေသည်။သေးငယ်သောညောင်စေ့တစ်စေ့မှညောင်ပင်တစ်ပင်ပေါက်လာသကဲ့သိုပင်။

သိပံပ္ပညာမှာစွမ်းအင်တည်မြဲမှု နိယမအရစွမ်းအင်ကိုဖျောက်ဖျက်၍မရအသစ်ဖန်တီးယူ၍လည်းမရချေ။ စွမ်းအင်ကိုသုံးပြီး အလုပ် လုပ်နိုင်သည် ဒါပေမဲ့ စွမ်းအင်သည် ပျောက်ပျက်သွားခြင်းမရှိ အခြား အသွင် တစ်မျိုးနှင့် တည်ရှိနေသည်။ ထို့အတူခြင်ရိုက်တဲ့အခါ ရိုက်ချင်တဲ့ စိတ်ရဲ့စွမ်းအင် ကိုသုံးပြီး ခြင်သတ်တဲ့ အလုပ်ကိုလုပ်တယ်၊ ဒီစွမ်းအင်တို့ကပျောက်မသွားဘဲ စိတ်အစဉ်မှာ ကံသတ္တိအနေဖြင့် ကျန်ခဲ့ပြီး အကုသိုလ်အကျိုးများပေးမှာ ဖြစ်ပါသည်။

ကျမ်းကိုး။
၁။ ချမ်းမြေ့ဆရာတော်၏တရားတော်များ။
၂။ ဒေါက်တာမင်းတင်မွန်၏အဘိဓမ္မာအနှစ်ချုပ်။