လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, August 14, 2018

ဘုံစဉ်စံဘ၀ ရ ရပါလို၏။

နတ်ဘ၀ဆိုတာ လူ့ဘ၀နဲ့ ချမ်းသာခြင်းယှဉ်ရင်တော့ နတ်ချမ်းသာက ပင်လယ်လောက် ဆိုရင်လူ့ချမ်းသာက ပင်လယ်ရေတစ်စက်လောက်သာရှိတယ်လို့မြတ်ဘုရားဟောတော်မူပါတယ်။ နတ်ဘ၀မှာ -
၁။ ပဋိသန္ဓေနေခြင်းဆင်းရဲ ဆိုတဲ့ ဒုက္ခမရှိပါဘူး။ နတ်သမီးက အသက် ၁၆-၁၈ နှစ်အရွယ်၊ နတ်သားက အသက် ၂၀ အရွယ်၊ဘွားကနဲပေါ်လာတယ်တဲ့။ ဒါကြောင့် နတ်ပြည်မှာ သားဖွါး ခန်းတွေ၊ သားဖွါးဆေးရုံ    တွေ မရှိပါ။
၂။ အိုခြင်းဆင်းရဲ ဆိုတဲ့ ဒုက္ခမရှိပါဘူး။ နတ်သမီးက အသက် ၁၆-၁၈ နှစ်အရွယ်၊နတ်သားက အသက် ၂၀ အရွယ်၊သေတဲ့အထိရှိနေတယ်တဲ့။ အလှပြင်ဆိုင်တို့၊ plastic surgery တို့လုပ်စရာမလိုပါ။
၃။ နာခြင်းဆင်းရဲမရှိပါ။ ဒါကြောင့်နတ်ပြည်မှာဆေးရုံ၊ဆေးပေးခန်းမရှိပါ။
၎။ အလုပ်လုပ်စရာမလိုပါ။ ဒါကြောင့် အသက်မွေးဝမ်းကြောင်းပညာလည်းသင်ရန်မလိုပါ။
၅။ အ၀တ်လဲ စရာမလိုပါ။ ကံကြောင့်ဖြစ်သော နတ်ဝတ်တံဆာတွေက အမြဲ သစ်လွင် တောက်ပ နေပါတယ်။ သေခါနီး တစ်ပတ်လောက်မှာမှ အရောင်မှိန်လာပါတယ်။
၆။ အလေး၊အပေါ့လည်းသွားစရာမရှိပါ။ ဒါကြောင့် နတ်ပြည်မှာ အိမ်သာမရှိပါ။
၇။ နတ်သမီးများ ဓမ္မတာလာခြင်း၊ ကိုယ်ဝန်တောင်ခြင်း၊ ခလေးမွေးရခြင်း ဒုက္ခများ မရှိပါ။ သားသမီးဖြစ်မဲ့ နတ်သား၊နတ်သမီးက နတ်သမီးရဲ့ရင်ခွင်မှာ ပေါ်လာ တယ် တဲ့။
၈။ နတ်သမီး၊နတ်သားများ တူနှစ်ကိုယ်တွဲ၍ကာမဂုဏ်ခံစားနိုင်သည်တဲ့။ နတ်သားရဲ့ အလုပ်အကျွေးဖြစ်မဲ့ နတ်သမီးက နတ်သားရဲ့ အိပ်ခန်းမှာပေါ်တယ်တဲ့။ အိမ်ဖေါ်ဖြစ်မဲ့ နတ်သားနတ်သမီးတွေက နတ်နန်းထဲ   မှာ ပေါ်လာတယ်တဲ့။
၉။ အစားအနေနဲ့ နတ်သုဒ္ဓါလို့ခေါ်တဲ့ အလွန်မွှေးကြိုင်ပြီး၊ အကြော်ပေါင်း တစ်ထောင်အထိ ဆိမ့်ဝင်သွား တဲ့အရသာရှိတဲ့ အစာကို တောင်းတ လိုက်ရင် ပေါ်လာတယ်တဲ့။ တစ်ခါစားရင် တစ်ပတ်ခံတယ်။ နတ်တွေ အပျော်လွန်ပြီး နတ်သုဒ္ဓါမစားမိလို့ရှိရင် သေတယ်တဲ့။
၁၀။ ကျန်တဲ့ နတ်သေစေတဲ့ အကြောင်းတစ်ခုက ဒေါသဖြစ်ရင် နတ်သေတယ်။ နတ်တွေရဲ့ ရုပ်ကိုယ်ကြီးက အလွန်နုညံ့တယ် ဒါကြောင့် ဒေါသဆိုတဲ့ ပူတဲ့ဓါတ်ကိုမခံနိုင်ဘူး။ နတ်တွေရဲ့ ရုပ်ကနုညံ့လို လူ့မျက်စေ့နဲ့ မမြင်နိုင်ဘူး။ ဥပမာ။ လေ ကိုမမြင်ရသလိုပါပဲ။
၁၁။ နတ်များရေချိုးရန်၊ အိပ်ရန်မလို၊ ညောင်းညာခြင်းမရှိ။ ချွေးထွက်ခြင်းမရှိ။
၁၂။ သေလျှင်အလောင်းမကျန်။ အငွေ့ဖြစ်သွားသည်။ ထိုကြောင့် သင်္ဂြိုဟ်ရန်မလို၊ သင်္ချိုင်းမရှိ။
၁၃။ အလင်းရောင်အတွက် နေရောင်၊လ ရောင်၊ လျှပ်စစ်မီးလဲ မလို လို့ မီးပျက်မှာလဲပူစရာမလို။ နတ်တွေက မိမိကိုယ်မှထွက်သော ကိုယ်ရောင်ကိုယ်ဝါနှင့်နေသည်။
၁၄။ နတ်ဘ၀ ဆိုတာ လူ့ပြည်ကပြုခဲ့တဲ့ ကုသိုလ်အကျိုးတွေ ခံစားနေတဲ့ ဘ၀ ပါပဲ။ ဥပမာ အားဖြင့် တစ်နှစ်အလုပ်လုပ်ပြီး ဆုထားတဲ့ ငွေနဲ့ အပန်းဖြေအနားယူသလိုပါပဲ။ ပိုက်ဆံကုန်ရင် အလုပ်ပြန် လုပ်ရ သလို၊ ကုသိုလ်ကံ ကုန်ရင် နတ်ဘ၀က ပြန်ရတာပဲ။
၁၅။ နတ်တွေရဲ့ အချိန်နဲ့ လူ့ပြည်အချိန်နှိုင်းမယ်ဆိုရင်။ အနိမ့်ဆုံးက အမြင့်ဆုံးနတ်ဘုံ အထိ နှစ်ဆ စီတက်သွားတယ်။ နတ်သက်တမ်းက လေးဆ စီတက်သွားသည်။ အပေါ်တက်လေ အချိန် ကြာလေ ဆိုတာကို လကမ္ဘာပေါ်သွားသူများကသက်သေပြနေသည်။ လကမ္ဘာပေါ်က တစ်နေ့သည် ကမ္ဘာမြေကြီးပေါ်က တစ်လ နှင့်ညီသည်ဟု သိပ္ပံပညာရှင်များ လက်ခံထား သည်။

            လူ့ပြည်မှ နတ်ပြည် ၆ထပ်အထိ၊ တစ်ခုနှစ်တစ်ခု ယူဇနာပေါင်း ၄၂၀၀၀ ကွာသည်။ တစ်ယူဇနာ ပျမ်းမျှခြင်း ၁၀ မိုင်နှင့်တွက်လျှင် မိုင်ပေါင်း ၄၂၀.၀၀၀ တွင် အောက်ဆုံးနတ်ပြည် ရှိသည်။ ဤအတိုင်း နတ်ပြည်တစ်ခုနှင့်တစ်ခုလည်း မိုင်ပေါင်း ၄၂၀.၀၀၀ ကွာသွားသည်။ နတ်ပြည် ၆ ထပ် အပေါ်၌ ဗြဟ္မပြည် ၂၀ ရှိသည်။

            နတ်ပြည်အပေါ်ဆုံးမှ အောက်ဆုံး ပထမဈာန်ဗြဟ္မပြည် (၃ ဘုံ တစ်တန်းထဲရှိသည်) သည် ယူဇနာ ၅၅၈၀၀၀ ရှိသည်။ ထိုကြောင့် မိုင်ပေါင်း ၅၅၈၀.၀၀၀ ဖြစ်သည်။ ဗြဟ္မပြည် ဒုတိယဈာန်ဘုံ  (၃ ဘုံ) သည် ပထမဈာန်ဗြဟ္မပြည်မှ ယူဇနာ ၅၅၈၀၀၀ အမြင့်တွင် ရှိသည်။ တတိယဈာန် ဘုံ ၃ ဘုံသည် ဒုတိယဈာန်ဘုံ၏ ယူဇနာ ၅၅၈၀၀၀ အကွာတွင်ရှိသည်။ စတုတ္ထဈာန်ဘုံတွင် (၇ ဘုံရှိသည်) သည်၊ တတိယဈာန် ဘုံ ၏ ယူဇနာ ၅၅၈၀၀၀ အမြင့်တွင် ရှိပြီး၊ ပဉ္ဇမဈာန်ဘုံ ၄ ဘုံသည် စတုတ္ထဈာန်ဘုံ၏ ယူဇနာ ၅၅၈၀၀၀ အမြင့်တွင် ရှိသည်။ထိုကြောင့် လူ့ပြည်နှင့် အထက်ဆုံး ဗြဟ္မာ့ ဘုံသည် ယူဇနာပေါင်း ၂၂.၂၈၄.၀၀၀ ကွာသည်။

လူ့ပြည် နှစ်  ၅၀ = စတုမဟာရာဇ် နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ်  ၁၀၀ = တာဝတိံသာ နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ်  ၂၀၀ = ယာမာ နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ်  ၄၀၀ = တုသိတာ နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ်  ၈၀၀ = နိမ္မာနရတိ နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ် ၁၆၀၀ = ပရနိမ္မိတ၀ိသ၀တ္တီ နတ်ပြည် တစ်ရက်။

   နတ်ပြည်                        နတ်တွက်ကိန်းအသက်              လူ့တွက်ကိန်းအသက်
၁။ စတုမဟာရာဇ်                 နှစ် ၅၀၀။                             နှစ် ၉.၀၀၀.၀၀၀။
၂။ တာဝတိံသာ                     ၁၀၀၀။                                 ၃၆.၀၀၀.၀၀၀။              
၃။ ယာမာ                              ၂၀၀၀။                              ၁၄၄.၀၀၀.၀၀၀။
၎။ တုသိတာ                           ၄၀၀၀။                             ၅၇၆.၀၀၀.၀၀၀။
၅။ နိမ္မာနရတိ                         ၈၀၀၀။                           ၂၃၀၄.၀၀၀.၀၀၀။
၆။ ပရနိမ္မိတ၀ိသ၀တ္တီ               ၁၆၀၀၀။                          ၉၂၁၆.၀၀၀.၀၀၀။

နတ်သေခြင်းအကြောင်း (၄) ပါး။
၁။ ကံကုန်ခြင်း။
၂။ နတ်သက်တမ်းကုန်ခြင်း။
၃။ နတ်သုဒ္ဓါစားရန်မေ့ခြင်း။
၎။ ဒေါသဖြစ်ခြင်း။

ဒီပဲရင်းဆရာတော်
ပျော်လွန်ခြင်း၊ဒေါသပြင်း၊
ချက်ချင်းသေသည့်၊စတုဝတိံသာ၊
ပျော်လွန်သေဆုံး၊ခြောက်ထပ်လုံး၊
ပေါင်းရုံးတစ်နည်းလာ။

နတ်များစုတေကာနီးတွင် လူ့ပြည်ရက်နှင့် (၇) ရက်တွင် ပုဗ္ဗနိမိတ် (၅) ပါးထင်သည်။
၁။ ပန်ဆင်ထားသောနတ်ပန်းများညှိုးခြင်း။
၂။ နတ်ဝတ်တန်ဆာများညစ်နွမ်းခြင်း။
၃။ လက်ကတီးကြား (ချိုင်းကြား) မှ ချွေးထွက်ခြင်း။
၎။ အိုရုပ်များပေါ်လာခြင်း၊ ကိုယ်ရောင်ကိုယ်ဝါမှိန်ခြင်း။
၅။ နတ်ပြည်တွင်မပျော်ဘဲ၊ပျင်းလာခြင်း။

နတ်ဘ၀ဟာ ကိလေသာထူပြောတဲ့ ပုထုဇဉ် တွေအတွက်အလွန်လိုချင်တဲ့ ဘ၀ပါပဲ။ ဒါပေမဲ့
မြတ်ဘုရားက နတ်ဘ၀ဟာ အကောင်းဆုံး လို့မဟောခဲ့ပါဘူး။ ဘာဖြစ်လို့ပါလဲ ? ဒါန၊သီလ၊ဘာဝနာ စတဲ့ကုသိုလ်တွေကိုလူ့ဘ၀မှာလို စုဆောင်းလို့မရလို့ပါပဲ။
နတ်ဘုံမှာ -
၁။ ဒါန လုပ်လို့မရပါဘူး။ နတ်စည်းစိမ်တွေဟာ ကုသိုလ်ကံအရဖြစ်လာတာပါ။ ပေးလို့မရပါဘူး။
၂။ သီလကုသိုလ်ကိုကြည့်မယ်ဆိုရင် -
(၁) သူတစ်ပါးအသက်ကိုသတ်ခြင်းမှရှောင်ခြင်း။ နတ်တွေဟာ သူတစ်ပါးသတ်လို့မသေပါဘူး။
(၂) သူတစ်ပါးဥစ္စာခိုးခြင်းမှရှောင်ခြင်း။ နတ်စည်းစိမ်တွေဟာ ကုသိုလ်ကံအရဖြစ်လာတာပါ။ ခိုးလို့မရပါဘူး။
(၃) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ခြင်း။ သူတစ်ပါးသားမယားလည်း ပြစ်မှား လို့မရပါဘူး။
(၄) မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိ ခိုက်ပျက်ပြားစေသော လိမ်ညာမှု၊ လှည့်ပတ်မှု့ပါ။ နတ်တွေရဲ့ အကျိုးစီးပွားက ကံကြောင့်ဖြစ်ပြီး သူတစ်ပါးကြောင့် မပျက်စီးတာကြောင့် ဒီဒုစရိုက်လဲ မရှိပါဘူး။
(၅) အရက်သေစာသောက်စားခြင်း။ အောက်ဆုံးထပ်ဖြစ်တဲ့ စတုမဟာရာဇ်နတ်တွေ သောက် တယ်လို့မှတ်ရပါတယ်။ သူတို့တွေအရက်မူးနေလို့ သိကြားမင်းနဲ့အဖွဲ့က သူတို့ကိုဂျောက်ထဲ တွင်းချပြီး   တာဝတိံသာနတ်ပြည်ကိုသိမ်းခဲ့တယ်လို့မှတ်ရပါတယ်။

နတ်ပြည်တွင်မရနိုင်သောကမ္မဋ္ဌာန်းများ။
၁။ အသုဘ ဆယ်ပါး။
၂။ ကာယဂတာသတိကမ္မဋ္ဌာန်း။
၃။ အာဟာရေပဋိကုလသညာကမ္မဋ္ဌာန်း။

              တာဝတိံသာနတ်ပြည်မှာတော့ ဘုရားအလောင်းတော်၏ ဆံတော်ကို ဌာပနာ ထားသော စူဠာမုနိစေတီတော်ရှိပါတယ်။ အရိယာနတ်များ လည်းတရားဟောကြပါတယ်။  ဒါပေမဲ့ နတ်ပြည်မှာ ပျော်စရာတွေများလွန်းလို့ အစာစားဖို့တောင်မေ့ပြီး၊ သေတယ်ဆိုတော့ တရားလုပ်ဖို့ သတိရဖို့ဆိုတာ လူ့ဘ၀က အထုံ မပါသွားရင်လွယ်မှာ မဟုတ်ပါဘူး။ သောတာပန်ဖြစ်တဲ့ သိကြားမင်းတောင် တခါက မြတ်ဘုရားထံ တရားလာတောင်းပြီး၊ နတ်ပြည်ပြန်သွားတာ၊ အရှင်မဟာမောဂ္ဂလန်မထေရ် ကဘုရားဟောလိုက်တဲ့တ၇ားနာချင်လို့နတ်ပြည် လိုက်သွားမေးတာ သိကြားမင်း မေ့သွားလို့ ပြန်သတိရအောင် နတ်ဗိဗာန်ကြီးကို လှုပ်ခါ ခဲ့ရပါတယ်။
          နောက်တစ်ချက်က နတ်အားလုံးဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ဥပမာ အနေနဲ့ ထင်ရှား တာကတော့ မြတ်ဘုရားအလောင်းတော် အပါဝင် သူတော်ကောင်းတွေကိုလိုက်နှောက် ယှက်နေတဲ့ မာရ်နတ်ပါပဲ။
 အကောင်းဆုံးကတော့ သောတာပန်ဖြစ်ပြီးမှေ၇ာက်သွားတဲ့ ၀ိသာခါကျောင်းအမတို့ အနာထပိန်သူဌေးတို့လိုဆိုရင်တော့ နတ်စည်းစိမ်တွေ တ၀ကြီးခံစားစံစားပြီးအချိန်တန်တော့ နိဗာန်ဝင်။ သူတို့ကို ဘုံစဉ်စံတွေလို့ခေါ်ပါတယ်။

ကျမ်းကိုး
သာသနာရေးဝန်ကြီးဌာန။ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ။၂၀၀၅။

Friday, August 10, 2018

Transit at BKK

1986 က JICA အထောက်အပန့်နဲ့ ဂျပန်ကိုပညာတော်သင်အနေနဲ့သွားတော့ Passport အစိမ်းရောင်ပေးပါတယ်။ Special Passport တဲ့ တကယ်က Specially restricted Passport ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Passport ထဲမှာပါတဲ့ သွားရမဲ့ နိုင်ငံနဲ့ Transit နိုင်ငံကလွဲလို့ဘယ်နိုင်ငံမှသွားခွင့်မရှိပါ။

 ဂျပန်ကိုအသွားမှာ (transit) အနေနဲ့ BKK မှာ တစ်ည အိပ်ရပါတယ်။ လေယဉ်ကွင်းကနေ ဟော်တယ်ကို ကားစီးသွားရပါတယ်။ ကားဂိတ် မှာ (passport) ပြရပါတယ်။ ကားတစ်စီးပြီး တစ်စီးနဲ့ နောက်ရောက်တဲ့ သူတွေကိုသာ တင်ပေးပြီး ကျမကို ချန်ထားပါတယ်။ ၃-၄ စီး အထိကျမအလှည့် မရောက်ပါဘူး။ ပထမ တော့ကျမနဲ့ ဟော်တယ် မတူလို့ လို့ထင်ခဲတာ။ နောက်မှ ကျမကို တမင်ချန်ခဲ့မှန်းသိလို့ သွားပြောတော့မှ ကျမကို တင်ပေးပါတယ်။

မြန်မာဘုရင်တွေ အယုတ်ဒယမြို့ကို ဖျက်စီးခဲ့တာကို အခဲမကြေနိုင်ဖြစ်ပြီး၊ မြန်မာ တွေကိုဖြစ်တဲ့  နည်းနဲ့ ဒုက္ခပေး တယ်တဲ့။ အထူးသဖြင့် ၆၀ ၀န်းကျင် ယိုးဒယားတွေက ပိုဆိုးကြောင်း။ ယိုးဒယားလို့ ပြောရင် သူတို့နားလည်းလို့ ယ ပက်လက်လို့ ပြောရကြောင်း နောက်မှ သိရပါ တယ်။

ယိုဒယားမှာမြန်မာလို မ၀တ်ဖို့ လဲအကြံ  ပေးကြပါတယ်။ ပြီးတော့ ဘန်ကောက်မှာ လျောက် လည်ရင် အပျက်အတိုင်း ထားထားတဲ့ အယုတ်ဒယမြို့ကို လိုက်ပြပြီး မြန်မာတွေ နှိပ်စက်ခဲ့တာကို ပြောတယ်တဲ့။ ယခုထက်ထိ ရန်လုပ်နေတာ ကတော့ လွန်တယ်ထင် ပါ တယ်။

အဲ့ဒီအချိန်က ဖျက်စီးခဲ့တဲ့ သူတွေဟာ ယခုမြန်မာတွေ မဟုတ်ပါဘူး။ အဲ့ဒီ အချိန်က မြန်မာ  ဘုရင်တွေထက်သူတို့ ယိုဒယား ဘုရင်တွေက အစွမ်းထက် ခဲ့မယ်ဆိုရင်လဲ ယိုးဒယား ဘုရင်တွေက မြန်မာတွေကို နှိပ်စက် ခဲ့မှာပါပဲ။

ဘန်ကောက်လေယဉ်ကွင်းမှာ ၂၄ နာရီ အတွင်းဆို လေယဉ်ကွင်း (airport tax) တက်စ် ပေး      စရာ မလိုပေမဲ့ မြန်မာတွေဆို ပေးရတယ်တဲ့။ (ယခု လေယဉ် လက်မှတ်မှာ  airport tax ပါပြီးသားမို့ ပြဿနာလုပ်လို့ မရတော့ပါဘူး)။ အဲ့ဒီလိုမတရား လုပ်တာ ကို တော့ သည်းမခံနိုင်ပါဘူး။ ကျမ ဂျပန်က အပြန် ၁၉၈၈ ခုမှာ ဘန်ကောက်က ဖြတ်ပြန် ရ ပြန်ပါတယ်။ အလာတုံးက အတိုင်း(airport Hotel) မှာတည အိပ်ပြီး နောက်နေ့ ရန်ကုန် လေယဉ် စီးရပါတယ်။ ကံကောင်းချင်တော့ ကျမပြန်မဲ့ နေ့မှ စပြီး ရန်ကုန် လေယဉ်ကွင်း စဖွင့်တာ မို့ဘန်ကောက်မှာ သောင်တင် နေတဲ့မြန်မာ သင်္ဘောသား တွေရော၊ အခုမှ လေယဉ်ဆိုက်လာတဲ့မြန်မာတွေ ရော အများကြီးပါပဲ။ ကျမလည်း တွေ့တဲ့မြန်မာတိုင်းကို ၂၄ နာရီ အတွင်းဆို (airport tax)  ပေးစရာ မလိုကြောင်း ပြောပြပါတယ်။  ဒါပေမဲ့ အားလုံးက ကျနော်တို့တော့ ပေးနေရတာပါပဲ။ မတတ်နိုင်ဘူးတဲ့။

တစ်ချို့ဆို ဘန်ကောက်လေယဉ်ကွင်းရောက်တာ တစ်နာရီ တောင်မပြည့်ပါဘူး။ ကျမ ကမှ ၂၃ နာရီကြာ နေပါပြီး။

(airport tax) ကသိပ် မများပါဘူး။ ဘတ် ၂၀၀ ထဲပါ။ ပိုက်ဆံ နှမျောလို့ မဟုတ်  ပါဘူး။ သက်သက်မဲ့ မတရားလုပ်တာ မခံချင်တာပါ။ ကျမအလှည့် ရောက်တော့ ထံစံအတိုင်း   (airport tax) တောင်းပါတယ်။ ကျမက ဥပဒေရှိကြောင်း။၂၄ မပြည့်တဲ့အတွက် မပေးနိုင် ဘူးလို့ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ တစ်နေရာကို လက်ညှိုးထိုးပြီး (Form) သွားယူခိုင်း ပါတယ်။ အဲ့ဒီရောက်တော့ နောက် တစ် နေရာ ထပ်ညွှန် ပါတယ်။ အဲ့ဒီအချိန်က ဘန်ကောက် လေယဉ်ကွင်းမှာ အတက်မှာ စက်တတ်လှေးကား (escalator) တွေရှိပေမဲ့ အဆင်းကျတော့ မရှိပါဘူး။

ကျမမှာလည်း ပစ္စည်းတွေက လက်နဲ့ အပြည့်ပါပဲ။ အရေးအခင်းကြောင့် သင်္ဘောတွေက မြန်မာပြည်အတွက် ပစ္စည်းတွေ လက်မခံပါဘူး။

ရန်ကုန်မှာ ရေတွေအဆိပ်ခတ်တယ်။ ဘာစားစရာ မှမရှိဘူး စတဲ့ ကောလဟာလတွေ ကြောင့် ကျမ သယ်နိုင်သမျှစား စရာတွေ ပါလာပါတယ်။ ကြာလာတော့ ကျမပစ္စည်း တွေသယ်ပြီး မဆင်းနိုင်တော့လို့ အဆင်းဆိုရင်ပစ္စည်း တွေအားလုံးကို လှေးကားက နေ ကန်ချလိုက်ပါတယ်။ ပစ္စည်းတွေကျသံက တစ်ကွင်းလုံးကိုဆူနေပါတယ်။ အားလုံးကျမကို ၀ိုင်းကြည့်ကြပါတယ်။ မှတ်မှတ်ရရ ကျမဂျင်းဘောင်ဘီနဲ့ ဆွယ်တာအနီလေး ၀တ်ထား ပါတယ်။

ကျမ လေယဉ်ကွင်းကို ရောက်တာ ၃-၄ နာရီကျော်ပါပြီ။ ကျမကို ပညာရှိနည်းနဲ့ နှိပ်စက်နေတယ် ဆိုတာသိပေမဲ့ အရှုံးမပေး နိုင်ပါဘူး။ ကျမလေယဉ်က လဲထွက်ဖို့ နာရီ ၀က်လောက် ပဲလိုပါတော့တယ်။ ကျမ ပြေးနေ လွှားနေ ရတာနဲ့ ကျမ (passport) လည်း ဘယ်ရောက်သွား မှန်းမသိတော့ ပါဘူး။ ကျမ လေယဉ်နဲ့လွဲလို့ ကတော့မဖြစ်ပါဘူး။

ဒါနဲ့အနီးမှာ တွေ့တဲ့ အရေးပေါ်ဖုန်းကို ယူပြီး ငါ့လေယဉ် ထွက်တော့မယ်။ လေယဉ် မမှီလို့ကတော့ နင်တို့အပြစ်ပဲလို့ တကွင်းလုံးကြားအောင် အော်ပြောလိုက်ပါတယ်။

အဲ့ဒီတော့မှ လူရွယ်တစ်ဦး ရောက်လာပြီး ကျမပစ္စည်းတွေ ၀ိုင်းသယ် ပေးပါတယ်။ ကျမ (passport) ကိုလည်း ၀ိုင်းရှာ ပေးပါတယ်။ ပြီးတော့ (Secret passage) လှို့ဝှက်လမ်း ကနေ လေယဉ်ဆီ ပို့ပေးပါတယ်။

ကျမ အတော်မော နေတာနဲ့ လေယဉ်ပေါ်မှာ မြန်မာ အ၀တ်အစားလဲဖို့ အစီအစဉ်လည်း မလုပ်နိုင်တော့ပါဘူး။ လေယဉ်မယ်လေးက ဘာသောက်မလဲလို့ လာမေးတဲ့ အခါ မှာတော့ ..

ဘီယာအေးအေး တစ်ခွက် ပေးပါ ဆိုပြီး တစ်သက်နဲ့ တစ်ကိုယ် ပထမဦးဆုံး အကြိမ် (နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ဆုတောင်းပါတယ်) အရက်ကို ကိုယ့်သဘောနဲ့ ကိုယ် သောက်လိုက် ပါတယ်။

လူမျိုးမာန ကိုတော့ လောကီကိစ္စတွေမှာ ထားသင့်တယ်လို့ ထင်ခဲ့မိပါတယ်။ ဆရာ ကြီး ဦးကျော်ထွတ်ရဲ့ သဒ္ဓမ္မဇောတိက အဘိဓမ္မာမှာ လူတစ်ယောက်မှာ ကိုယ့်မျိုးရိုး ဇာတိမာန် ဟာ ရှိကိုရှိရမယ်။ လူလုပ်တယ် ဆိုတာ ဒီမာနနဲ့ လူလုပ်နေတာတဲ့၊ ဒါကြောင့် လူတွေမှာ ရှိသင့် ရှိထိုက်တဲ့ မာနဟာ ရှိကို ရှိရမယ်။ သောတာပန်မှာ ဒိဋ္ဌိပြုတ်တော့ လူဖြစ်နေသေးတဲ့ အတွက် မာနနဲ့ လူလုပ်နေရတာ။ တရားထိုင်လို့ ပယ်တဲ့အခါမှာတော့ မာနအားလုံး ပယ်ရမှာ ဖြစ်တယ်လို့ အကျယ်တ၀င့် ရှင်းလင်း ထားပါတယ်။ (ဆရာကြီးဦးကျော်ထွတ်ရဲ့ သဒ္ဓမ္မဇောတိ က အဘိဓမ္မာ။ ၂၀၀၇။စာမျက်နှာ ၄၄-၅၅)။

ဒါပေမဲ့ စာရင်းချုပ်လိုက်တော့ မာနကြောင့် ကျမ အကြီးအကျယ် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း ဖြစ်ခဲ့ ရတယ်၊ ကြမ်းတမ်းတဲ့စကားတွေ၊ရိုင်းဆိုင်းတဲ့ အပြုအမူတွေ လုပ်ခဲ့မိ တယ်။ ငါးပါးသီလ လည်းပျက်ခဲ့ ရတယ်။ ဒါကြောင့် မာန အပါအ၀င် ကိလေသာ ၁၀ပါး (လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ) ဆို တာတွေဟာ ဖြစ်တဲ့ သူရဲ့ စိတ်ကို ညစ်ညူးစေတဲ့အပြင် အကုသိုလ်တွေ ဖြစ်စေတာပါပဲ။ နည်းနည်း ကိလေသာ ဖြစ်ရင် နည်းနည်း အကုသိုလ်၊ များများ ကိလေသာ ဖြစ်ရင် များများ အကုသိုလ်ဖြစ်တာပါ လားလို့ သဘောပေါက် မိ ပါတယ်။

တော်သေးတယ် အဲ့ဒီအချိန်က ခုခေတ်လို ဓါတ်ပုံရိုက်လို့ရတဲ့ လက်ကိုင်ဖုန်းတွေ internet တွေ မပေါ်သေးလို့၊ နို့မို့ ဆိုရင် လှေးခါးထိပ်က အထုပ်တွေ ကန်ချနေတဲ့ ကျမရဲ့ အလွန်လှပတဲ့ ဓါတ်ပုံနဲ့ မြန်မာအမျိုးသမီးတစ်ဦး၏ ဘန်ကောက်လေယဉ်ကွင်းပုံ ဆိုပြီး  တစ်ကမ္ဘာလုံး ပြန့်နှံ့၊ မှတ်တန်း တင်ပြီးသား ဖြစ်ကုန်မှာပါ။ ကျမအတွက်နဲ့ မြန်မာတွေ  မျက်နှာပျက်ကြရမှာ။ ဘုရားမ လို့။

ဆရာကြီးဦးကျော်ထွတ်ရဲ့ သဒ္ဓမ္မဇောတိက အဘိဓမ္မာကို အသေအချာ အပြန်ပြန် အလှန်လှန် ဖတ်တော့မှ ဆရာကြီး ဆိုလိုချင်တာက ကိုယ့်အဆင့်အတန်းကို ကိုယ်တန်ဖိုး ထားတာမျိုးကို ဇာတိမာန်လို့ဆိုလိုတာ။ ဥပမာ လူကောင်းတစ်ယောက်က လူကောင်းဇာတိ ကို ထိန်းတာမျိုးကို ဇာတိမာန်လို့ ဆိုလိုတာ လူကောင်းလိုကျင့်တာ လူမိုက်လိုမကျင့်တာလို့ အခုမှ သဘောပေါက်မိ ပါတော့တယ်။


Thursday, August 9, 2018

ဒိဋ္ဌိတွေ့မှယုံမယ်။



သိပ္ပံပညာထွန်းကားတဲ့ယခုလိုခေတ်မှာ ဒိဋ္ဌတွေ့မှယုံ (seeing is believing) တယ်ဆိုတဲ့သူတွေ အလွန်များပါတယ်။ တစ်ချို့ဆိုရင် ဘယ်လောက်တောင်အစွန်းရောက်သွားသလဲဆိုရင်သိပ္ပံပညာ (Scientology) ကို ဘုရားတစ်ဆူလိုကိုးကွယ်လာကြတဲ့ အထိ ပါပဲ။ နံမည်ကြီးတဲ့ မင်းသားမင်းသမီးတွေ ကိုးကွယ်ကြလို့ လိုက်ကိုး ကွယ်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ မင်းသား မင်းသမီးတိုင်း ပညာရှိတွေ၊သူတော်ကောင်းတွေမဟုတ်ကြတာမို့ မကြာခင်ကပဲ Scientology က လက်ခံရရှိတဲ့ အလှူငွေတွေအလွဲသုံးစားမှုကြီး ကမ္ဘာကျော်ခဲ့ပါတယ်။

မျက်မြင်ဆိုရာမှာ လူတွေရဲ့ မျက်စိက မြင်နိုင်စွမ်းအလွန်နည်းပါတယ်။ ပြောရမယ်ဆိုရင် တိရစ္ဆာန်တွေ လောက်တောင် မြင်အားမကောင်းပါဘူး။ ဥပမာ ဇီးကွက်လို ညဘက်အစာရှာတဲတိရစ္ဆာန်တွေဟာ အလင်းရောင်နည်းတဲ့ ညမှာ လူ့မျက်စိထက် ပိုမြင်နိုင်ပါတယ်။

သိပ္ပံပညာက အမြင်အားကောင်းအောင် စက်ပစ္စည်းတွေတည်ထွင်လို့ သာမာန်မျက်စိနဲ့မမြင်နိုင် တာကို မြင်စေခြင်းဖြင့် သိပ္ပံပညာ ပိုမိုထွန်းကားလာတာနဲ့အမျှ ပိုမြင်လာပါတယ်။ ဥပမာ ကျမတို့ပတ်ဝန်းကျင် မှာရှိတဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီယားပိုး (Bacteria) တွေကို သာမာန်မျက်စိနဲ့ မမြင်ပေမဲ့ အဆ တစ်ထောင်ကြီးစေတဲ့ မှန်ဘီးလူး(light microscope) တည်ထွင်နိုင်တဲ့အခါ၊ဘက်တီးရီယားပိုးတွေကိုlight microscope နဲ့မျက်ဝါးထင်ထင်မြင်လာပါတယ်။ ဒါပေမဲ့ ဘက်တီးရီယားပိုး တွေထက်ပိုသေးငယ်တဲ့  ဗိုင်းရပ်စ်ပိုး(virus) တွေကိုတော့ light microscope နဲ့မမြင်နိုင်ပါဘူး။ အဆ တစ်သိန်းကျော်ချဲ့နိုင်တဲ့ (Electron microscope) တည်ထွင်နိုင်တဲ့အခါမှသာ မြင်ပါတယ်။ light microscope တို့ Electron microscope တို့ကြောင့် Bacteria နဲ့ virus တွေပေါ်ပေါက်လာတာမဟုတ်ပဲ မြင်နိုင်စွမ်းမရှိလို့ မမြင် ခဲ့တာ ဖြစ်ပြီး။ မျက်စိနဲ့ မမြင်တိုင်း မရှိဘူး၊ မမှန်ဘူးလို့ ပြောရင် တက်တက်စင်အောင်မှားနေပြီ
ဆိုတာ သတိထားသင့်ပါတယ်။

၁၈ ရာစုနှစ်က ဒြပ် (matter) တွေကို အဆင့်ဆင့်ခွဲစိပ်ခဲ့ရာ အသေးငယ်ဆုံးအဏှမြူ (Atom) တွေတွေ့ရှိ
ရာမှ အရာအားလုံးဟာသေးငယ်သောအဏှမြူ ဒြပ်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ ရုပ်ဝါဒ(materialism)
ထွန်းကားခဲ့ပါတယ်။ ၁၉ ရာစုမှာတော့ အသေးငယ်ဆုံးဒြပ်လို့သတ်မှတ်တဲ့အဏှမြူ (Atom) ကိုထပ်မံ
ခွဲစိပ်နိုင်တာမို့ (electron, proton, neutron) လို့ခေါ်တဲ့ အဏှမြူအောက်ဒြပ် (sub atom) မှုံတွေတွေ့
ရှိလာပါတယ်။ ၂၀ ရာစုမှာတော့ အဏှမြူအောက်ဒြပ် (sub atom) မှုံတွေဆိုတာ အဆိုင်အခဲ၊အမှုံတွေ
(Particles) မဟုတ်ကြပဲ စွမ်းအင်တွေ (Energy) သာဖြစ်ပြီး အမြဲလှုပ်ရှားနေတယ်ဆိုတာထပ်တွေ့ရှိပြန် ပါတယ်။ 
ဒီတွေ့ရှိချက် ရောက်မှသာ မြတ်စွာဘုရားဟောတော်မူတဲ့ သဘောတရားမျှသာရှိတဲ့၊ အဆိုင်အခဲ အမှုံအမွှား အနေနဲ့ မရှိဘူးဆိုတဲ့ ပရမတ်ရုပ် ကို သိပ္ပံပညာရှင် (scientist ) ဆိုသူတွေ နားလည် ကြမှာ ဖြစ်ပါတယ်။

သိစရာမြင်စရာမှန်သမျှကိုအမှန်အတိုင်းမြင်တော်မူသောမြတ်ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် ကျော်ထဲက
 အမြဲဖေါက်ပြန်ပြောင်းလဲနေတဲ့ ရုပ်ပရမတ်ဆိုတဲ့ သဘောတရားကို ဟောတော်မူခဲ့ပါ တယ်။ မြတ်ဘုရားဟောတော်မူတဲ့ နာမ်တရားကိုသိနိုင်ဖို့တော့ သိပ္ပံပညာရှင် တွေဆက်လက် ကြိုးစားကြရ ပါအုံးမယ်။

အမေပေးတဲ့မျက်စိထက် အဆများစွာသာလွန်တဲ့ ဥာဏ်မျက်စိပိုင်ရှင်များဖြစ်ကြပါစေ

ကမ္ဘာ့အမွှာနှင့်ဗုဒဘာသာ

ကမ္ဘာနှင့် သွင်ပြင် လက္ခဏာအပြင် ဖွဲ့ စည်းတည်ရှိမှု ပုံသဏ္ဍန် ပါတူညီသည့် ဂြိုလ်သစ် တစ်လုံးကိုအမေရိကန် အမျိုးသား အာကာသသိပ္ပံ (NASA) နက္ခတ်ပညာရှင်များမှ တွေ့ရှိသည်။ ထို ဂြိုလ်ကို ကမ္ဘာ့ အမြွှာပူး ဂြိုလ်ဟု နာဆာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ဆိုတဲ့သတင်း ကိုဖတ်လိုက် ရတော့မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို သိပ္ပံပညာတိုးတက်မှုက ထပ်မံထောက်ခံ လိုက်ပြန်ပြီးလို့ဝမ်း မြောက် မိပါတယ်။


မြတ်ဘုရားဟာလွန်ခဲသော နှစ်ပေါင်း ၂၆၀၀၊ သိပ္ပံပညာ မထွန်းကားခင်ကပင် စကြာဝဠာအန္တ၊ သတ္တ၀ါ အန္တ ရှိကြောင်းဟောတော်မူခဲ့ပါတယ်။


အကုသိုလ်လုပ်တဲ့သူတွေ ငရဲမှာခံကြရပြီ၊ အဲဒီအကုသိုလ်တွေထဲမှာမှ နိယျာတ ဒိဋ္ဌိခေါ်တဲ့ ကုသိုလ် ဆိုတာလည်းမရှိဘူး။ အကုသိုလ်ဆိုတာလည်းမရှိဘူးလို့ လွဲမှားစွာ ဆွဲဆွဲလမ်းလမ်း အယူမှားတဲ့ သူများ ဟာ ကမ္ဘာကြီးပျက်သွားရင်တောင်သူတို့တွေ ငရဲကမလွတ်ပဲ နောက်ကမ္ဘာမှာရွှေ့ပြောင်းခံရတယ်လို့လည်း ဟော တော်မူခဲ့ပါတယ်။


ဒါပေမဲ့ မျက်မြင်မှ ယုံတယ်။ သက်သေပြနိုင်မှယုံတယ်။ ရမ်းမယုံနိုင်ဘူး။ တို့က လက်တွေ့သမား ငရဲနဲ့ခြောက်လည်းမကြောက်ဘူး၊နတ်ပြည်နဲ့ဆွဲလည်းမရဘူး ဆိုသူတွေ ယခုခေတ်မှာအလွန်များပါတယ်။ တစ်ချို့ဆို Sciencetology ဆိုပြီး သိပ္ပံပညာကိုပင် ဘာသာ တရားအနေနဲ့ကိုးကွယ်လာကြတဲ့ အထိ ဖြစ် လာ တာတွေ့ရပါတယ်။ သူတို့အထင်ကြီးတဲ့ သိပ္ပံပညာက ပြတဲ့ ဒုတိယကမ္ဘာလုံးကို ဘယ်လိုယူဆမလဲ။ ဒီကမ္ဘာ လုံးက အခုမှပေါ်လာတာမဟုတ်ပါဘူး။ အခုမှတွေ့နိုင်လာတာပါ။


လူတွေရဲ့မျက်စိက အမြင်အား အလွန်နည်းပါတယ်။ ကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပိုးကောင် လေးတွေ ဥပမာ ကျမတို့သောက်တဲ့ရေထဲမှာရှိတဲ့ ရောဂါဖြစ်စေတဲ့ပိုးတွေကိုတောင်မမြင်နိုင်ပါဘူး။ မြင်ရင်တော့ ဘယ်သူမှ ရေသောက်ချင်မှာ မဟုတ်တော့ပါဘူး။

ကျမတို့ နေ့စဉ် အသက်ဆက်ဖို့အတွက် ရူနေတဲ့ “လေ” ဆိုတာကို လည်းဘယ်သူမှမမြင်နိုင်ပါဘူး။

အသံလှိုင်းရုပ်(waves) များကိုလည်းမမြန်နိုင်ပါဘူး။ နားကတော့ မမြင်ရတဲ့အသံတွေကို ကြား နေတယ်။

ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါးဆိုတဲ့ နေ့စဉ်အရသာခံနေတဲ့ အရသာအမျိုးမျိုးကိုလည်းမမြင်နိုင်ပါဘူး။ လျှာကသာ အရသာကိုသိနေတာပါ။

ဒီအတိုင်းပဲ နှခေါင်းကသာ အနံ့အမျိုးမျိုးရှိမှန်းသိနိုင်ပါတယ်။ မျက်စိကတော့ မမြင်နိုင်ပါဘူး။

မျက်စိက အကုန်မမြင်နိုင်သလို၊ မြင်တိုင်းလည်းမမှန်ပါဘူး။ မျက်လှည့်၊ လက်လှည့်ပွဲတွေ မြင်ဖူးကြ ပါလိမ္မယ်။ စက္ကူစုပ်တွေကနေ ပိုက်ဆံတွေ အထပ်လိုက် ပြောင်းပစ်တာ မြင်ဖူးမှာပါ။

ကျမတို့ရဲ့မျက်စိက သေးငယ်တာလဲမမြင်နိုင်၊ ဒုထယ် (density) မရှိတာလည်း မမြင်နိုင်၊ ဖုံးကွယ် ထားတာကိုလည်း မမြင်နိုင်တဲ့အပြင် အလွန်လျှင်မြန်စွာ ပြောင်းလဲ နေတာ ကိုလည်း မမြင်နိုင်သလို၊ အလွန် နှေးကွေးစွာ ပြောင်းလဲ နေတာတွေကိုလည်း မမြင်နိုင်ပါဘူး။

ယခုရုပ်ရှင်(movie) ဆိုတာ ရုပ်ပုံတွေကို တစ်စက္ကန့်မှာ (၁၆) ပုံပြတဲ့အခါ ကျမတို့ မျက်စိက အဲ့ဒီ လောက်မြန်တာကို တစ်ပုံချင်း ခွဲခြားပြီး မမြင်ပါဘူး။ ဒါကြောင့် လှုပ်ရှားနေတဲ့ အရုပ်တွေအနေနဲ့ မြင်တာပါ။

    ကျမတို့အားလုံး မွေးဖွါးတဲ့အချိန်ကစပြီး စက္ကန့်နဲ့အမျှ ရုပ်ဟောင်းတွေ နေရာမှာ ရုပ်သစ်တွေနဲ့ အစား ထိုးနေပါတယ်။ ဒါပေမဲ့ ရုပ်သစ်တွေက ရုပ်ဟောင်းတွေနဲ့ (၉၉.၉%) ခန့်တူနေတာမို့(ဒါပေမဲ့ တစ်ဖြည်း ဖြည်း ပိုပိုအိုလာတဲ့ဇရာရုပ်) တွေနဲ့အစားထိုးနေတာမို့ ရုပ်တွေတစ်ဖြည်းဖြည်းချင်းအိုသွားတာကို ကျမတို့မျက်စိက မမြင်ပါ ဘူး။ ဒါကြောင့် ဒီရုပ် ဒီရုပ်ပဲလို့ ထင်ကြပါတယ်။ တစ်နှစ်ခြားပြီး ရိုက်ထားတဲ့ ဓါတ်ပုံ နှစ်ခုကို ယှဉ်ကြည့်မှသာ ခြားနားချက်ကို မြင်ပါတယ်။ ကျမတို့ရုပ်တွေ တစ်နှစ်မှ တစ်ခါ ခုန်ကျော်ပြီး ပြောင်း သွားတာမဟုတ်ပါဘူး။

        ဒိဗ္ဗစက္ခုဆိုတဲ့ နတ်မျက်စိလို ဉာဏ်မျက်စိ ရရင်တော့ ရဟန္တာအရှင်မြတ်များရဲ့ ကိုယ်ခန္ဓာက လွဲရင် ဖုံးကွယ်ထားသမျှ ပညတ်ရုပ်တွေအားလုံးကို ဖေါက်ထွင်းပြီးမြင်နိုင်ပါပြီ။

ဒါကြောင့် စွမ်းအားနည်းလှတဲ့ သာမန်လူသားမျက်စိကို “ စံ ” ထားပြီး အမှန်တရား ရှာမယ် ဆိုရင် တော့ အမှားတွေကိုမြင်ပြီး၊ အမှားတွေကို အမှန်တွေလို့ ကောက်ချက်ချကြမယ်၊ ယုံကြမယ်ဆိုတာ မြေကြီး လက်ခတ် လွဲမှာ မဟုတ်ပါဘူးလို့ သတိတရားထားကြစေလိုပါတယ်။

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး။
ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာရှိတယ်။
လူနုံ၊ လူမွဲ၊ လူဆင်းရဲ၊ ရှိတယ်။
သေရဦးမယ်၊ သတိထား။

လူတွေဟာ ကိုယ့်ဉာဏ်ကမမှီလျင်
သူတပါးသိတာတွေကိုလဲ မယုံကြည်ကြ၊
အမှန် မထင်တတ် ကြဘူး၊

အမှန်တရားမြင်နိုင်တဲ့အသိဉာဏ်တွေရကြပါစေ။



ဝေဒနာနဲ့နပမ်းလုံးခဲ့သည်များ။


    တရားအားထုတ်စ သူတွေကို ဒုက္ခပေးတာက မကောင်းတဲ့ခံစားချက်တွေဖြစ်တဲ့၊  နာတာ၊ကျင်တာ၊ ကိုက်တာ၊ ယားတာစတဲ့ ဒုက္ခဝေဒနာ တို့ဖြစ်ပါတယ်။

ကျမ တရားစခန်းစ၀င်မယ်ဆိုတော့ ဘယ်တရားစခန်းဝင်ရင်ကောင်းမလဲလို့ စုံစမ်းတဲ့အခါ  မဟာစည်က ဘာလုပ်လုပ်မှတ်နေရတယ်။ မိုးကုတ်ကတော့စာတွေသင်ရတယ်တဲ့။ ကျမရဲ့ ပုရောဆိတ်ဥဏှောက်နဲ့စဉ်းစားလိုက်တာက စာတွေသင်နေရင် တရားတကယ်မသိပဲ imagination စာတွေ့ကိုကိုယ်တွေ့လို့ အထင်မှားနိုင်တယ်လို့ယူဆတာကြောင့် မဟာစည်တိုက်ခွဲမှာ ၁၀ ရက်တရားစခန်းဝင်ပါတယ်။ တရားထိုင်တာနဲ့ပတ်သက်ပြီး စာလဲမဖတ်၊လေ့လဲမလေ့လာခဲ့ပါဘူး။ တကယ်က ၀ိပဿနာအလုပ်အတွက် Theory လိုအပ်ပါတယ်။ အနည်းဆုံး ပညတ်၊ပရမတ်သိသင့်ပါတယ်။ 

    ပထမအကြိမ် တရားထိုင်တာ ၁၅မိနစ်တောင်မရှိသေးဘူး။ ခြေထောက်က နာလာပါတယ်။ နာတာကို နာတယ်လို့  မှတ်နေရင်း ပိုပိုနာ လာတယ်။ ဒီတော့ ခြေထောက်ကို နဲနဲ နေရာပြောင်းလိုက်တယ်။ နာတာသက်သာသွားတယ်။ ဒါပေမဲ့ မကြာပါဘူး။ ထပ်နာပြန်တယ်။ ထပ်နာ ထပ်ရွေ့နဲ့ တရားထိုင်ချိန် တစ်နာရီသာ ကြာသွားတယ်။ ခြေနာတာက မပျောက်ဘူး။ စိတ်ထဲမှာ ခြေထောက်နှစ်ချောင်းကို အင်္ဂတေလိုမျိုး၊သံခြေကျင်းလိုမျိုးနဲ့စွပ်ထားပြီး တစ်ဖြေးဖြေးချင်း တင်းကြပ်ပေးတာ လိုမျိုးခံစားရတယ်။ တရားဖြုတ်လိုက် ပေမဲ့လည်းခြေထောက်အနာက လုံးဝ ပျောက် မသွားဘူး။ နောက်တစ်ချိန်ပြန် တရားထိုင်ရမှာတောင်ကြောက်နေတယ်။ တစ်နာရီ စင်္ကြန် လျှောက်ပြီးတော့ ပြန် တရားထိုင်တယ်။ ခြေထောက်ပေါ် ကိုယ် အလေးချိန် မပိအောင် တတ်နိုင်သမျှ အ၀တ်တွေခုပြီး ထိုင်တယ်။ ဒါပေမဲ့မရဘူး။ နာတာပဲ။ နာတယ်မှတ်လည်း မရဘူး။ ပိုပို တောင်နာ လာတယ်။ အဲ့ဒီတော့ တရား အပေါ် သံသယ ၀င်လာတယ်။ တရားတော်က ဘယ် အရာမှမမြဲဘူး။ အနိစ္စတဲ့။ ငါ့ခြေထောက် အနာကတော့ မြဲနေပါလား။ မြတ်ဘုရားဟောတဲ့ အနိစ္စဆိုတာ ပရမတ်တရားတွေရဲ့ အနိစ္စကိုပြောတာကို ကျမ တရားအသိ ကြားဖူးနားဝ ပညာ (သုတမယဥာဏ်) မရှိပဲ တရားတော်ကို သံသယ တွေဖြစ်နေခဲ့တာပါ။ ငါဆိုတဲ့ သက္ကယဒိဋ္ဌိဖြစ်နေတာ၊ မသိတဲ့အတွက် တရားထိုင်ရင်း မတရားဖြစ်နေခဲ့ တယ်။

   ကိုယ်သိတဲ့ ဆေးပညာနဲ့စဉ်းစားလိုက်တယ်။ ခြေထောက်ပေါ် ကိုယ် အလေးချိန် ဖိနေတဲ့အတွက် သွေးအသွားအလာ မရှိဘူး။ ဒီတော့ ဆဲလ်တွေက ထွက်တဲ့ အဆိပ် တွေခြေထောက်မှာစုနေလို့ နာတာ။ ဒီ့အပြင် ၀င်လေထွက်လေကို သာမာန် ထက် မြန်မြန်ရှုသွင်းနေ ရှုထုတ်နေတာကြောင့် ထုတ်လေ မှာပါသွားတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် (CO2) နည်းသွားလို့ ကိုယ်ထဲ့မှာ အယ်ကာလိုင်း ဓါတ် (alkaline) များလာ တဲ့အတွက် ကြွက်သားတွေ လိုအပ်တဲ့ ကယ်စီရမ်ဓါတ် (Calcium) တွေ အလုပ် မလုပ်နိုင်လို့ကြွက်သား တွေနာ တာစသည်ဖြင့် ကိုယ့်ရဲ့ မတတ်တစ်ခေါက် အသိ ဥာဏ်နဲ့လိုက်စစ် နေတယ်။ မပြည့်တဲ့အိုးဘောင်ဘင်ခတ် (little knowledge is dangerous) ဆိုတဲ့အတိုင်း မတရားတွေး တွေးနေခဲ့တယ်။

               တရားအားထုတ်ခါစမှာ အထူးသဖြင့် အာနာပါန နည်းနဲ့ရှုမှတ်တဲ့အခါ သာမာန်အသက်ရှုသလိုရှု့ရင် သမာဓိ မရသေးတဲ့အတွက် မှတ်လို့ မရပါဘူး ဒီတော့ သာမာန်ထက်ပိုပြီးပြင်းပြင်းရှုပါတယ်။ ပြင်းပြင်းရှုတဲ့အတွက် အထက်မှာရှင်းပြသလို alkaline ဖြစ်လာပြီး ပိုမိုနာကျင်ကိုက်ခဲတဲ့ ဒုက္ခဝေဒနာ တွေ ဖြစ်ပါတယ်။ အဲ့ဒီလို မဖြစ်အောင်  အသက်ပြင်းပြင်းရှုမဲ့အစား သတိကို ပိုထားပြီး၊  အသက်ရှုမှုကိုတော့ တတ်နိုင်သမျှ သာမာန်အတိုင်းဖြစ်အောင်ရှုရင် မခံနိုင် လောက်အောင် နာကျင်တဲ့ ဒုက္ခဝေဒနာတွေ အဖြစ်နည်းပါတယ်။ ဒုက္ခဝေဒနာတွေ မဖြစ်လို့ တရားရနေတယ်လို့လည်း အထင်မကြီးလိုက်ပါနဲ့။ ရှုမှတ်ရမဲ့အာရုံမှာ စိတ်မရောက်ပဲ အတွေးထဲ မျောနေရင်လည်း ဒုက္ခဝေဒနာတွေ မဖြစ်ပါဘူး။ အတွေးတွေထဲ ရောက် နေမှန်း သိရင်ဝင်လေ၊ ထွက်လေကြောင့် ဖြစ်တဲ့ လေထိတဲ့ ခံစားမှုအပေါ် စိတ်ကိုပြန် ထားပါ။ ထိနေတဲ့နှခေါင်းဆိုတာကိုလည်းမမှတ်ပါနဲ့၊ ထိတဲ့ခံစားမှု ကိုသာ သိနေဖို့ လိုပါတယ်။ သိတယ်ဆိုတဲ့ ခံစားမှုကသာ ဝေဒနာ (ဥပေက္ခာဝေဒနာ) လို့ ခေါ်တဲ့ ပရမတ်နာမ် တရားဖြစ်ပါတယ်။ နှခေါင်းဆိုရင် ပညတ်ရုပ်ပေါ် မှတ်စိတ် ရောက် သွားပါပြီး။ ၀င်လေ ထွက်လေ လို့ သိပြန်ရင်လည်း ၀င်လေ ထွက်လေဆိုတဲ့ ပညတ်ရုပ် ပေါ် ရောက်သွားပြီး  သမထဘာဝနာ ဖြစ်သွား ပါတယ်။

  ဝေဒနာနုပဿနာအနေနဲ့ နာတာ ကျဉ်တာကိုအာရုံပြုရင်  နာတာ ကျဉ်တာ သက်သက် ကိုသာ သိနေရမှာပါ။ နာနေတဲ့ ခြေထောက်၊ခါး စသည် မပါဖို့ လိုပါတယ်။ နာတာ ဘယ်လိုလေး လဲ ၊ဆူးစူးသလိုလား၊ တူနဲ့ထုသလိုလား ပိုပိုဆိုးလာသလား၊ နဲနဲ လျော့သွားသလား စသည်ဖြင့် သူ့ရဲ့ သဘော သဘာဝကို စိတ်ဝင်စားစွာ ဂရုစိုက် ကြည့်မယ်ဆိုရင် ပို မနာပါဘူး။ တစ်ခါတရံ အနာလျော့ သွားပြီး ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ နာတာ ကိုပျောက်စေလိုတဲ့စိတ်နဲ့ မကြည့်ရပါဘူး။ ပျောက်ချင်တဲ့ စိတ်ဆိုတာ လောဘကိလေသာ ပါ။ ကိုယ် မသိတဲ့ နာနေတဲ့ သူကို ဘေးကထိုင်ကြည့်ရ သလိုမျိုး ဖြစ်ရပါ မယ်။ ငါ့ခြေထောက်နာတယ်လို့သိနေရင် ငါဆိုတဲ့ အတ္တပါ လာလို့ ပိုနာတာပါ။ ဥပမာ အားဖြင့် ကိုယ်မသိတဲ့သူသေဆုံးခြင်း အတွက် သိပ်မခံစားရပဲ၊ ကိုယ်ချစ်တဲ့သူ သေဆုံး တဲ့အခါ အလွန်အမင်း ခံစားရ သလို ပါပဲ။ သေတာခြင်းတူပေမဲ့ ချစ်ခင်ခြင်း    ဆိုတဲ့ တဏှာကိလေသာကြောင့် ပိုခံစားရတာပါ။

          သမာဓိအားကောင်းတဲ့အခါ တခါတရံ ဒုက္ခဝေဒနာ မဖြစ်ပဲ ခန္ဓာကိုယ်ရဲ့ တစ်စိတ် တစ်ပိုင်း (၀ါ) တစ်ကိုယ်လုံး မရှိတော့ဘူးလို့ ခံစားရပါတယ်။ ကျမ စပြီး ခံစားရစဉ်က ဗဟုသုတ မရှိတာကြောင့် မျက်စိဖွင့်ကြည့်ခဲ့ မိပါတယ်။ မျက်စိဖွင့် လိုက်တဲ့ အတွက် ရထားတဲ့ သမာဓိလေးပျောက်သွားပါတယ်။

         တခါတလေ သမာဓိအားကောင်းတဲ့အခါ မျက်စိထဲမှာအလင်းတွေမြင် ပါတယ်။  ကျမ စမြင်စဉ်က ညဘက် တရားစခန်းမှာတရားထိုင်နေစဉ် တခန်းလုံး လင်းထိန်သွားတဲ့ ခံစားချက်ကြောင့် ဘယ်သူများ စလိုက်မီးထိုးသလဲဆိုပြီး မျက်စိဖွင့်ကြည့်ခဲ့ဘူးပါ တယ်။ အခုမှ အဲ့ဒါတွေဟာ ၀ိပဿနာညစ်ညူးကြောင်း တရား ၁၀ ပါးတွေဖြစ်တယ် ဆိုတာ သိရပါတယ်။

      တခါကတော့ တစ်ကိုယ်လုံးပေါ့ပါးပြီး ဘာမှမရှိတော့ဘူး။ အဲ့ဒီတုံးကလည်း   ရှု့မှတ်  စရာ ကိုယ်လည်းမရှိ၊ နာခေါင်းတွေလည်းမရှိနဲ့ ဘာရှု့ရမှန်း မသိဖြစ်ခဲ့ ဘူး     ပါတယ်။ တကယ်က သမာဓိအားကောင်းလာတဲ့အတွက် ကြမ်းတမ်းတဲ့ ရုပ်တရားကို        ရှု့မှတ်လို့ မရတာပါ။ သိမ်မွေ့တဲ့ နာမ်တရားဖြစ်တဲ့ သိ နေတာလေးကို ရှု့မှတ်ရမှာပါ။ ဒါပေမဲ့ ၀ိပဿနာတရား ဗဟုသုတမရှိတဲ့ကျမ ကိုယ်ထင်ရာဆိုင်းခဲ့တဲ့အတွက် အဖိုတန်းလှတဲ့ အချိန်တွေ၊ သမာဓိတွေဆုံးရှုံးခဲ့ပါတယ်။

တခါတလေတော့ ဒုက္ခဝေဒနာမဖြစ်ပဲ စိတ်ထဲမှာပျော်နေတယ်။ အဲ့ဒီလို နေရ တာကိုကြိုက်နေတယ် ဆက်ပြီးဖြစ်နေချင်တယ်။ တကယ်က သုခဝေဒနာဆိုတဲ့ ခံစားချက်ပါပဲ။ အဲ့ဒါကို ပျော်တယ် (သုခဝေဒနာ) လိုမှတ်နေရမှာ။ ကြိုက်တယ်။ ဆက်ပြီးဖြစ်ချင် နေတယ်ဆိုရင် တဏှာဖြစ်သွားပြီ။ ဒါကြောင့် ၀ိပဿနာ ညစ်ညူး ကြောင်းလို့ပြောတာ။

ဝိပဿနာ ဆိုတာကိုယ်မှာ ဖြစ်နေသမျှကို သိရုံသိနေရမှာ။ ဥပမာအားဖြင့်ရုပ်ရှင်ကို ရုပ်ရှင်ပဲ၊ ဒါရိုက်တာခိုင်း သလို လုပ်နေကြတာလို့ဥာဏ်ပါပါကြည့်နေရမှာ။ ရုပ်ရှင် ထဲက ဇတ်ကောင် တွေလို လိုက်ခံစားရမှာမဟုတ်ဘူး။ ရွှေဘ ဆိုတဲ့ဇတ်လိုက် နံမည်ကြီး စဉ်က သူ့ကိုရုပ်ရှင်ထဲမှာလူဆိုးတွေကရိုက်နေကြရင်ပွဲကြည့် ပရိတ် သတ်က ပိတ်ကားကိုခဲတွေနဲ့ပစ်ကြတယ်ဆိုတာကြားတုံးက ဒီလူတွေတော်တော် ရူးတာပဲလို့ ထင်ခဲ့ မိတယ်။ ကိုယ်တိုင်တရားထိုင်မှ ကိုယ်လည်းဘာထူးလဲ။ (ငါ) မဟုတ်တာကို ငါထင်ပြီး ငါနာတယ်။  ငါဝမ်းသာတယ်။ ဖြစ်နေခဲ့တာ။ ဒါကြောင့် မြတ်ဘုရားက ပုထုဇဉ်တွေဟာ အရူးတွေလို့ ဟောခဲ့တာကိုး။

ဝိပဿနာတရားလုပ်ရာမှာ သောတာပန်မရမချင်း တရားထိုင်စဉ်ရတဲ့ သမာဓိတွေ  ဟာ မတည်မြဲပါဘူး။ အခုရထားပေမဲ့နောက်ရချင်မှ ရပါတယ်။ နားလည်လွယ်အောင် ဥပမာ ပြောရရင် သောတာပန်ဆိုတာ ၁၀ တန်းအောင်လက်မှတ်နဲ့တူပါတယ်။ ၁၀ တန်း တစ်ခါ အောင်ထားရင် ဒီဘ၀အတွက်တော့ ထပ်ဖြေစရာမလိုတော့ပါဘူး။ သောတာပန်ကတော့ တစ်ခါရထားရင် တစ်သံသရာလုံး valid ဖြစ်ပါတယ်။ ထပ်ဖြေ စရာမလိုပါဘူး။ အဲ့ဒါမရရင်တော့ အစက အမြဲပြန်စရပါတယ်။ အခုဏက သမာဓိကောင်း ထားလို့ အခုပြန်ထိုင်ရင် ခုဏက သမာဓိရလိမ့်မယ်မထင်ပါနဲ့။ တခါတရံ လုံးဝ သမာဓိမရတဲ့အပြင် ခံရခက်တဲ့ ဒုက္ခဝေဒနာတွေတောင်  အပြင်းအထန်ပြန် ခံစားရ  ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုဏက ငါသမာဓိ ကောင်းတယ်ဆိုပြီး  ကိုယ် သတိ မထားလိုက်မိတဲ့ ငါ ဆိုတဲ့ အတ္တဒိဋ္ဌိနဲ့ မာနပါသွားလို့ပါ။ တရားသဘောဟာ အင်မတန်မှ သိမ်မွေ့ပါတယ်။

မြတ်ဘုရား နိဒါန၀ဂ်ဂ သံယုတ် မှာဟောတော်မူတဲ့ သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးပါး။
၁။ မဂ်ဖိုလ်လမ်းပြ နိုင်သူ သူတော်ကောင်းနှင့်ပေါင်းသင်းခြင်း။
၂။ရုပ်နာမ်နှင့်စပ်သောဓမ္မတရားကြားနာခြင်း။
၃။မဂ်ဖိုလ်ရကြောင်းအကျင့် ကျင့်ခြင်း။
၎။ နှလုံးသွင်းမှန်ကန်ခြင်း။

မိတ်ဆွေအပေါင်းတရားရကြပါစေ။

Tuesday, July 10, 2018

ငါဘယ်မှာလဲ?

လောကဇတ်ခုံ၊ဤလူ့ဘုံ၌၊မျိုးစုံကကြ၊မာန်မာနနှင့် ငါကရာဇာ၊ငါဟာသူဌေး၊ငါပဂေးဟုငါသွေးတက်ကြွ၊လူ့ဗာလတို့များလှဖြာဖြာ၊အ၀ိဇ္ဇာနှင့်တဏှာဘီးလူး၊အမှောင့်ပူး၍၊ကျူးကျူးကျော်ကျော်၊ဂုဏ်ကိုဖေါ်လျှက်၊မော်မော်မောက်မောက်၊ငါတစ်ယောက်သာမိုးအောက်တလွှားရွှေကိုယ်လားဟုထင်မှားမလွဲ၊သို့စဉ်စွဲလည်း၊ဇတ်ပွဲပြီးက၊ပြေဖုံးချသော်၊သုဘရာဇာ၊မြေအောက်မှာပင်၊ဘာသာလူမျိုး၊ချိန်မထိုးဘဲ၊ပုပ်သိုးခန္ဓာ၊မြုပ်ရရှာသည်၊ဘယ်မှာငါရှိအံ့နည်း။ လယ်တီဆရာတော်ဘုရားကြီး။

Monday, July 9, 2018

ဝါသနာ၊ဘာဂီ ဆက်တိုင်မှီ။

ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက ခိပ္ပါဘိည (လျှင်မြန်သောမဂ်ဖိုလ်အသိဥာဏ်ရှိသောအရာ၌အမြတ်ဆုံးအတော်ဆုံး ဧကတဂ်ဘွဲ့ရတော်မူသောကုဏ္ဍလကေသာထေရီအလောင်း၏နောက်ဆုံးဘ၀ အဖြစ်အပျက်များမှာတစ်မူထူးခြားလှပါတယ်။ ထေရီမအလောင်းဟာရာဇဂြိုလ်မြို့သူဌေးသမီးဖြစ်ပြီး၊မိဘများကချစ်လှစွာသောတစ်ဦးတည်းသောသမီးကို ပြဿဒ်ပေါ်တွင် ထားခဲ့ပါတယ်။ တစ်နေ့မှာ ရာဇ၀တ်သားတစ်ဦးအား မကွက်မျက်မှီ ပြည်သူ့ပြည်သားများ အတုယူနိုင်စေရန် ရပ်ရွာတွင်း ကြိမ်ဒါဏ်ပေးလှည့်လည်သည်ကိုပြဿဒ်ပေါ်မှသူဌေးသမီးမြင်ပြီး ၊ မရရင်မနေနိုင်သေလောက်အောင်ချစ်မိပါသဖြင့်မိဘများကချစ်လှစွာသောသမီးအတွက် ရာဇ၀တ်သားအားလဒ်ထိုးရွေးထုပ်ပြီးသမီးနှင့်လက်ဆက်ပေးခဲ့ပါသည်။ ဇနီးဖြစ်သူကဖူးဖူးမှုတ်ချစ်ပေမဲ့၊ရာဇ၀တ်သား တစ်ဖြစ်လဲ လင်ယောက်ျးက သူဌေးသမီးထက် ၄င်းပိုင်ဆိုင်သောလက်ဝတ်တန်စာများကိုသာလိုချင်သဖြင့် ဥပါယ်တမိဖြင့် တောင်ပေါ်သို့နှစ်ဦးသားသွားရောက်အောင်ခေါ်ယူခဲ့ပြီးတောင်ပေါ်ရောက်သောအခါ ဇနီးသည်အားသတ်၍ လက်ဝတ်လက်စားများယူရန်ကြံသဖြင့်၊သူဌေးသမီးလဲ သူအလွန်ချစ်တဲ့ လင်သားအားတောင်ပေါ်မှတွန်းချခဲ့ပါတယ်။ ဒီဇတ်လမ်းမှာစဉ်းစားမရနိုင်တာက ရာဇ၀တ်သားက ဘာကြောင့်များ မိမိကိုအလွန်ချစ်တဲ့ဇနီးကိုပိုင်ဆိုင်ပါလျှက် ဇနီးသည်ရဲ့လက်ဝတ်တန်စာကိုရရှိရန် သတ်ဖို့အထိကြံစီရပါသလဲ ?
အရှင်သုစိတ္တ(မော်ကျွန်း)ဆရာတော်ရဲ့တရားကိုနာရတော့မှ ရာဇ၀တ်သားဟာ ရာဇဂြိုလ်ဘုရင် အဇာတသတ်မင်းရဲ့ပရောဟတ်ကြီးရဲ့တစ်ဦးတည်းသောသားဖြစ်ပြီး၎င်းအားမွေးဖွါးစဉ်က တစ်မြီု့လုံးရှိ လက်နက်များအေ၇ာင်တောက်ကာစောရနက္ခတ်နဲ့ယဉ်မွေးခဲ့ပါတယ်။ဒါကြောင့်သိတတ်တဲ့အရွယ်ထဲကသူတစ်ပါးပစ္စည်းများကိုခိုးယူခဲ့တာ တစ်မြို့လုံးသူမခိုးဘူးတဲ့အိမ်မရှိပါဘူး။ မိဘများကလဲဆုံးမ၍မရသည့်အဆုံးအိမ်မှနျင်ချထားရသူဖြစ်ပါတယ်။ နောက်ဆုံး မြို့လူထုရဲ့တောင်းဆိုချက်ကြောင့် ဘုရင်ကိုယ်တိုင်ဖမ်းမိန့်ပေး၍ဖမ်းခဲ့ရတာပါ။
ရာဇ၀တ်သားဟာ မခိုးရရင်မနေနိုင်တဲ့ ၀ါသနာပါလာသူပါ (Kleptomania) ဒါကြောင့် အဖိုးတန်ဇနီးတင်မက မိမိအသက်ပါဆုံးရှုံးရတာပါ။ ကျမတို့တွေသံသရာလည်နေစဉ်အတွင်း အလုပ်တစ်ခုခုကိုအကြိမ်များစွာလုပ်လာတဲ့အခါ အဲ့ဒီ ကောင်း(၀ါ) မကောင်းတဲ့အလုပ်က အထုံ (အကျင့်)ပါလာပါတယ်။ ဘ၀ပေါင်းများစွာဆက်ခါဆက်ခါလုပ်မိရင်တော့ အကျင့်ကနေမဖြောက်နိုင်တော့တဲ့ ၀ါသနြာ
ဖစ်သွားပါပြီး။ ၀ါသနာဖြစ်သွားရင်တော့ ရဟန္တာဖြစ်ရင်တောင်မပယ်နိုင်ပါဘူးတဲ့။ ဒါကြောင့် ကိလေသာကိုပယ်ရာမှာမြတ်စွာဘုရားနဲ့ကျန်တဲ့ရဟန္တာတွေမတူတဲ့အချက်က မြတ်စွာဘုရားက ကိလေသာ သာမက ၀ါသနာကိုပါအကျွင်းမဲ့ပယ်သတ်နိုင်ပါတယ်တဲ့၊ ဥပမာအားဖြင့် အရက်ထဲ့ထားသောခွက်ကို မှောက်သွန်လို့ အရက်မရှိတော့ပေမဲ့ အရက်နံကတော့ခွက်မှာဆွဲကျန်နေသလို၊ရဟန္တာတွေမှာ အရက်နဲ့တူတဲ့ကိလေသာတွေမရှိတော့ပေမဲ့ ၀ါသနာနဲ့တူတဲ့အနံတော့ကျန်နေပါတယ်တဲ့။
PS။ စပ်စံထွန်းဆေးရုံမှာတာဝန်ကျစဉ်က ဆရာဝန်မတစ်ဦးနဲ့ဆုံခဲ့ပါတယ်။ အဲ့ဒီဆရာဝန်မက ဆေးကျောင်းသူဘ၀တုံးကလဲ အဆောင်နေကျောင်းသူတွေဆီကပစ္စည်းခိုးတာကြောင့် အဆောင်ကထုပ်ပယ်ခံခဲ့ရပါတယ်။ တစ်နေ့မှာသူ့ကိုယ်ပိုင်ဆေးခန်းမှာလူနာတစ်ယောက်ကိုဆေးထိုးရင် shock ဖြစ်ပါတယ်။ ကံကောင်းတောက်မစွာ၊ လူနာကို shock မှကယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်နေ့မှာ လူနာက သူဆေးခန်းသွားစဉ်က၀တ်သွားသောစိန်လက်စွပ်ပျောက်မှုနဲ့ဆရာဝန်မကိုစွပ်စွဲတာကြောင့် လက်စွပ်ဖိုးလျော်လိုက်တယ်လို့သိရပါတယ်။ လူနာတစ်ယောက် shock ဖြစ်တယ်ဆိုရင် ဆရာဝန်ပါ shock ဖြစ်တာပါ။ အဲ့ဒီလိုအချိန်မှာတောင် ၀ါသနာကအနားမပေးပါလားလို့ သတိရမိပြီး၊ထိုဆရာဝန်မကို သနားမိပါတယ်။ သူ့မျာအတော်ရှက်ရှာမှာပါ။ ဒါတွေကိုသင်ခန်းစာယူပြီးမကောင်းတဲ့အကြံအစည်၊အပြောအဆို၊အပြုအမူတွေကိုဝါသနာအထိမရောက်အောင်ကြိုးစားသင့်လှပေသည်။