လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, October 27, 2013

ပီတိမျက်ရည်





 
 

 


 

အောက်တိုဘာလ၊၂၄ ရက် ပါရီမြို့ရဲ့မှောင်မှောင်မဲနေတဲ့နံနက် နာရီမှာ ပြင်သစ်နိုင်ငံ Strasbourg မြို့ (ဂျာမနီနိုင်ငံ နယ်စပ်)၊ ဥရောပပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည်အား (Sakharov Prize for Freedom of Thought) လူ့အခွင့်အရေးဆုပေးပွဲ အမှီသွားရောက်အားပေးရန် မြန်မာနိုင်ငံသား ဦး ကားတစ်စီး ယူရို ၆၀၀ နဲ့စုငှါးပြီး ထွက်ခဲ့ကြ ပါတယ်။  မနက် ၁၀ နာရီ ခွဲလောက်မှာ Strasbourg မြို့  European အဆောက်အဦးဆီ ရောက်ပါတယ်။ အဲ့ဒီမှာ မြန်မာတိုက်ပုံဝတ်ထားတဲ့ အမျိုးသားတစ်ဦး တွေ့လို့ မေးလိုက်တော့ ဂျာမနီနိုင်ငံ၊ ဒိန်မတ်နိုင်ငံတွေက မြန်မာတွေဖြစ်နေကြပါတယ်။
ကားကို နေရာရှာရပ်ပြီး အဆောက်အဦးဆီ လာခဲ့ကြပါတယ်။ အခန်းအနားက ၁၂ နာရီမှ စမှာမို့ အချိန်စောသေး တဲ့အတွက် အဆောက်အဦးရှေ့မှာစောင့်ရင်း အမှတ်တရ ဓါတ်ပုံတွေ ရိုက် ကြပါတယ်။ ဒါပေမဲ့ ၁၁ နာရီကျော်လာလို့ အဆောက်အဦးထဲ ၀င်ရမဲ့ အချိန်မှာတော့ ကျမတို့ စောင့်နေတဲ့ အဆောက်အဦးကနေ ၀င်လို့မရဘူးတဲ့။ သူ့နောက်မှာရှိတဲ့ အဆောက်အဦးက ၀င်ရမယ်တဲ့။                  ၀င်ရမဲ့ အဆောက်အဦးက ကြောခြင်း ကပ်နေပေမဲ့ ချောင်းခြားနေတဲ့အတွက် ဖြတ်လို့ရမဲ့ တံတားဆီ သွားကြ ရပါတယ်။ ကားပြန်ယူပြီ ချောင်းဖြတ် မယ်ဆိုတော့လည်း တံတားက ကားဖြတ်လို့မရဘူး။
အခန်းအနားမမှီမှာ စိုးတဲ့အတွက်အပြေး အလွှား သွားကြပါတယ်။ အဖွဲ့ထဲမှာ ဂျာမနီက အသက် ၈၁ နှစ် အန်ကယ်ပါလာလို့ သူလျောက်မှလျောက်နိုင်ပါ့မလားလို့ စိတ်ပူနေကြပါတယ်။ ဒါပေမဲ့ အံသြစရာ လူငယ် တွေနည်းတူ လျောက်နိုင်တာတွေ့ရလို့စိတ်အေးသွားပါတယ်။

ဒါပေမဲ့ မကြာပါဘူး ဒိန်မတ်က အမျိုးသမီးရဲ့ညာဘက်ဒေါက်ဖိနပ်ကဒေါက်ပြုပ်ထွက်သွားပါတယ်။ ဖိနပ်ချွတ်လျောက်ဖို့ကလည်းရာသီဥတုအေးတာရယ်၊ နိုင်ငံခြားသားအမြင်မှာ မတင့်တယ်တာရယ် ကြောင့်ဒီအကြံကိုစွန့်လွှတ်လိုက်ရပါတယ်။။ ဖိနပ်တစ်ဘက်မြင့်၊တစ်ဘက်နိမ့်နဲ့လျောက်ဖို့ကလည်းလျောက်လို့မရတာကြောင့် ဘယ်ဘက်က ဒေါက်ကို ဖြုတ်ဖို့ကြိုးစားကြပါတယ်။ ဖြတ်ချင်ပါတယ်ဆိုမှ ဒေါက်ကတော်တော်နဲ့ဖြုတ်လို့မရဘူး။ ရာသီဥတုအေးပေမဲ့ အချိန်မမှီမှာစိုးလို့ချွေးစလေးတွေထွက်စပြုလာပါတယ်။ ကံကောင်းစွာ နောက်ဆုံးမှာဒေါက်ဖြုတ်လို့ရ သွား ပါတယ်။ အမြန်ပြေးကြရင်း ၀င်ရမဲ့အပေါက်ရောက် လာပါ တယ်။ ၀င်ပေါက်တွေကလည်းအများကြီး၊ ဘယ်ကနေ    ၀င်ရမှန်းလဲမသိ။ အခန်းအနားဆီခေါ်သွားမဲ့ ပြင်သစ်အမျိုးသမီးက အရင်ရောက်နှင့်တဲ့မြန်မာအဖွဲ့ကိုအထဲသွင်းသွားပြီတဲ့။ ဒုက္ခပဲ အပင်းပန်းခံပြီး လာခဲ့သမျှ အလကားဖြစ်သွားပြီလား။

တော်သေးတယ်။ ပြင်သစ်အမျိုးသမီးထွက်လာပါတယ်။ လုံခြုံရေး အရ လေဆိပ်တွေမှာစစ်သလို ပါလာတဲ့ပစ္စည်းတွေနဲ့လူတစ်ဦးဆီစစ်ဆေးပါတယ်။ ဆုပေးတဲ့ခမ်းမထဲ မ၀င်ရသေးပါဘူး။ လာခေါ်မဲ့သူကိုစောင့်နေရပါတယ်။ မနက်စောစောထွက်လာရတဲ့အပြင် စိတ်ရော လူရော ပန်းသွား တဲ့အတွက်အန္တရာယ်မလွယ်နိုင်လို့ အိမ်သာရှာတော့ မတွေ့ပါဘူး။ အဆောက်အဦးမှာ တွေ့တဲ့               ၀န်ထမ်းတွေကိုမေးမှသူ့ ကပ်ပါးနဲ့ အထဲဝင်ပြီးလိုက်ပြပါတယ်။ ဒါပေမဲ့ သန့်ရှင်းရေးလုပ်နေလို့ ၀င်လို့မရပါဘူး။ နောက်ထပ်အိမ်သာထပ်ရှာရပြန်ပါတယ်။ တွေ့ပါပြီ။ အခုမှအန္တရာယ်လွယ် ထား ရာက ဖြေရှင်း နိုင်ကြပါ တော့တယ်။ ဒါပေမဲ့တစ်ယောက်သောသူမှာတော့ အန္တရာယ်ထုပ်ကြီး လမ်းမှာတင် ထွက်ကျ သွားခဲ့ တယ်လို့သိရပါတယ်။

အိမ်သာကထွက်လာပြီးချိန်မှာ ခမ်းမထဲဝင်ဖို့ဝန်ထမ်း တစ်ဦး လာခေါ်ပါတယ်။ အချိန်ကလည်း   ၁၂ နာရီထိုးတော့မယ်။ ရှေ့မှာခမ်းမထဲဝင်ဖို့စောင့်နေတဲ့ လူတန်းကြီး ကလည်းနဲနဲရှည်နေတယ်။  အချိန်မှီမှာ မဟုတ်တော့ဘူးလို့စိတ်ပျက်နေတုန်း ပြင်သစ် အမျိုးသမီးတစ်ဦးကဦးဆောင်ပြီး  ဒါမြန်မာအုပ်စု လမ်း ဖယ်ပေး ပါဆိုပြီးဦးဆောင်ပြီးခမ်းမထဲခေါ်သွားပါတယ်။ (နောက်မှသိရတာက အဲဒီအမျိုးသမီးက             ၀န်ထမ်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံကိုချစ်တဲ့ Strasbourg မြို့မှာနေတဲ့ပြင်သစ် အမျိုးသမီးပါ။ ငါကနင်တို့နဲ့ ကပ်လိုက်တာတဲ့။ ဘာပဲဖြစ်ဖြစ်အချိန်မှီရောက်လို့ကျေးဇူးတင်ပါတယ်)

ခမ်းမထဲကမြန်မာအဖွဲ့အတွက်နေရာ ရောက်လို့ထိုင်လိုက်တာနဲ့ အခန်းအနားစပြီး အမေစု ၀င်လာပါတယ်။ ဘုရားမလို့ ချိန်ကိုက်ရောက်တာပါလားလို့ဝမ်းသာရပါတယ်။ အမေစုပြောတာ တွေကို ၀မ်းသာ အားရ လက်ခုတ်တီးအားပေးရတာ၊ဓါတ်ပုံရိုက်ရတာလဲ မမောနိုင်ပါဘူး။ အခမ်းအနားပြီးလို့ထွက်လာတော့ ဖြစ်နိုင်ရင် အမေစုကိုသီထင်းကျွတ်လမို့ ကတော့ချင်ကြောင်း တွေ့ခွင့် ရမယ်ဆိုရင် မိနစ်လောက်တွေ့ချင်ကြောင်းပြောဆိုကြပါတယ်။ တာဝန်ကျ ၀န်ထမ်းက ဖြစ်နိုင်မယ်တော့ မထင်ဘူး ဒါပေမဲ့မေးပေးပါ့မယ်လို့ပြောပါတယ်။ ၁၀ မိနစ်လောက်ကြာတော့ အမေစုက တွေ့မယ်တဲ့။ အခုထမင်းကျွေး နေတာမို့ နောက်တစ်နာရီမှထွက်လာနိုင်မယ်တဲ့။ အို တွေ့မယ်ဆိုလို့ကတော့ တစ်နာရီမက စောင့်နိုင်တယ်။ အဆောက်ဦးအပြင်ထွက်ပြီး ဓါတ်ပုံ တွေ ရိုက်ရင်းစောင့်နေကြပါတယ်။ တစ်နာရီပြည့်ပါပြီ အဆောက်အဦးထဲကို ခုဏကလို အစစ်ဆေး ခံပြီးပြန်ဝင်ကြပါတယ်။ အမေစုထွက်လာပါပြီ။ အမေစုကို ပထမဦးဆုံးအကြိမ် နီးနီးကပ်ကပ် မြင် လိုက်ရတာပါ။ အမေစုက ဘာလို့တွေ့ချင်တာလဲလို့မေးပါတယ်။ အဖွဲ့ထဲက လူငယ် တစ်ဦးက အမေစုကို သီတင်ကျွတ်လ မှာကြုံကြိုတ် တုန်းကတော့ချင်ပါတယ်ဆိုတော့။ ဒါဆိုရင် အမေ အပါအ၀င် အဖွဲ့မှာပါလာတဲ့ ရဟန်းနှစ်ပါးကို အရင်ကတော့ကြမယ်။ ပြီးမှ အမေ့ကိုကတော့ပေါ့ဆိုပြီး တမံတလင်း ပေါ်ထိုင်ချလိုက်ပါတယ်။ အနားမှာရှိတဲ့ နိုင်ငံခြားသား တွေလဲ အံသြသင့်နေရာက  ဓါတ်ပုံတွေ တစ်ဖြတ်ဖြတ်ရိုက်ကြပါတယ်။
 
               မြန်မာနိုင်ငံတွင်သာမကနိုင်ငံတကားက လေးစားရတဲ့ အမေစု။ မာနတရား ဆိုတာ ဘာမှ မရှိပါလား။ ရိုးသားလိုက်တာ၊ မြန်မာဆန်ဆန်အ၀တ်ဝတ်ရုံသာမဟုတ်။ နှလုံးသား ကလည်း မြန်မာ ပိပိသသ ရိုးသားဖြူစင်ပါလားဆိုတဲ့အသိကြောင့် ၀မ်းသာပီတိနဲ့အတူ မျက်ရည်တွေ ဝေ့ တက်လာပါတယ်။ အမေစုပြောနေတဲ့ စကားတွေကိုနားထောင်ရင်း နောက်ဆုံး အမေစုပြန်ထွက် သွားမှ အမေစုနောက်က အမြဲအားပေးနေပါတယ်ဆိုတဲ့စကားတွေ ပလုံပထွေးနဲ့ ပြောလိုက် မိပါ တယ်။ အမေစုကြားမကြားတော့ မသိပါဘူး။ ကြားတာမကြားတာကအရေးမကြီးပါဘူး။ အမေစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ တိုင်းပြည်အကျိုးကို ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းရင်း ကိုယ်တတ်နိုင်တဲ့ အခန်းဏ္ဍန်ကနေ အတတ်နိုင်ဆုံးအားပေးနေရမှာပါ။

လမ်းရောက်တော့မှ မနက်စာစားဖို့ သတိရကြပါတယ်။ လမ်းဘေး အနားယူရာနေရာမှာ ပါလာတဲ့   ခေါက်ဆွဲ ကျော်တွေထုတ်စားကြပါတယ်။ အခက်အခဲအမျိုးမျိုးတွေ့နဲ့ကြုံခဲ့ရပေမဲ့ လာရကျိုး နပ် တယ်။ ကျေနပ်တယ်။ ၀မ်းသာတယ်။ မလာနိုင်တဲ့သူတွေကိုလည်း ကြွားရအုံးမယ်။ လို့ တစ်ယောက် တစ်ပေါက်ပြော ဆိုမိကြ ပါတယ်။
 
                                                     Andrei Sakharov
 
Sakharov Prize ကိုပြင်သစ်နိုင်ငံ Strasbourg မြို့ ရှိဥရောပပါလီမန်မှာ ပေးအပ်ပါတယ်။ ပထမဆုံး ဆုကို ၁၉၈၈ မှာစတင်ပေးခဲ့ပြီး၊နှစ်စဉ်ပေးအပ်ပါတယ်။ အမေစုက ၁၉၉၀ ခုနှစ်အတွက် ရရှိတာ ဖြစ်ပါတယ်။ ဆုကြေးအနေနဲ့ ယူရို ငါးသောင်းဖြစ်ပါတယ်။ ၁၉၇၄ နှစ်အတွက် Peace Prize ရရှိသော ဆိုဗီရက် နိုင်ငံသား သိပ္ပံပညာရှင် Andrei Sakharov ကိုဂုဏ်ပြုသောအားဖြင့် (Sakharov Prize for Freedom of Thought) ကို ၁၉၈၅ တွင်ဥရောပပါလီမန်တွင်စတင်တည်ထောင်ခဲ့ပါတယ်။  လူပုဂ္ဂိုလ်တစ်ဦးချင်း သော၎င်း၊ အဖွဲ့အစည်း အနေအားဖြင့်၎င်း လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာတွေးခေါ်မှုအတွက် အသက်ပေး၍ ဆောင်ရွက် သည်များကိုဂုဏ်ပြုသောဆုဖြစ်ပါတယ်။

 

**အမေ
**သမီးတစ်ယောက်အနေနဲ့ ဖခင်ကို စွန့်လွတ်ခဲ့ရတယ်                               
**ဇနီးတစ်ယောက်အနေနဲ့ ခင်ပွန်းသည်ကို စွန့်လွတ်ခဲ့ရတယ်          
**မိခင်တစ်ယောက်အနေနဲ့ ရင်သွေးတွေကို စွန့်လွတ်ခဲ့ရတယ်                               
**လူသား တစ်ယောက်အနေနဲ့ စည်းစိမ်တွေကို စွန့်လွတ်ခဲ့ရတယ်
**အမျိုးသမီးတစ်ယောက်အနေနဲ့ လွတ်လပ်ခွင့်တွေကို စွန့်လွတ်ခဲ့ရတယ်

**အသက်ရှင်လျက်နဲ့ စွန့်လွတ်ခဲ့ရတဲ့......သူ လုံးဝမစွန့်လွှတ်တာဆိုလို့  
ငါတို့ပြည်သူ သန်းခြောက်ဆယ်၊၊ ၊၊

မိုဃ်းဇော် (မနေ့က စာပေဟောပြောပွဲမှာ ဆရာညီမင်းညိုက အမေစု အကြောင်းပြော
သွားရင်းနဲ့ ရွတ်ဆိုခဲ့တဲ့ ကဗျာလေးပါ)
Facebook မှကူးယူထားပါသည်။ 
 
ကျမ်းကိုး
Sakharov Prize . Wikipedia

Wednesday, October 23, 2013

ကံ(ကမ္မ) နိယာမ။



           ကိုယ်နှတ်စိတ်ဖြင့်ပြုလုပ်သော်လည်းပြုလုပ်တိုင်းကံမဖြစ်ပေ။ ကံအရာမရောက်ပေ။ ထိုင်တာ ထတာ စသည်တို့ဖြစ်သည်။ 
            အကောင်း(ဝါ)အဆိုး ရည်ရွယ်ချက်တစ်ခုခုဖြင့်တက်ကြွထက်သန်သော စိတ်ဦးဆောင်ပြုလုပ် မှသာကံအရာမြောက်၍ကံဟုခေါ်သည်။ တနည်း ကမ္မပထ မြောက်သည် ဆိုတာ ထူးခြားထင်ရှားတဲ့ အကျိုးကိုဖြစ်စေနိုင်လောက်အောင် အင်အားပြည့်ဝတဲ့အကြောင်းတရားအလုပ်ကိုဆိုလိုတယ်။ ယင်းတက်ကြွထက်သန် သောစိတ်ကို စေတနာ ဟုခေါ်သည်။
ဥပမာ။ အိုက်တဲ့အခါယပ်ခတ်သည်။ တရားနာရင်းနဲ့လက်ကသူ့အလိုလိုသဘောမျိုးယပ်ခတ်နေသည်။တက်ကြွထက်သံသောစိတ်မပါ။ အကျိုးအနေနဲ့  အေးခြင်းသာဖြစ်သည်။ ထူးခြားသော ကောင်းကျိုး ဆိုးကျိုးမရှိ။ အပြစ်မကင်း မကောင်းသောရည်ရွယ်ချက်(ဝါ) အပြစ်မရှိသော ကောင်းသော ရည်ရွယ်ချက် လဲမပါ။
       သို့ရာတွင် ကမ္မပထ မြောက်သော အကုသိုလ်စိတ်များ သည်အကုသိုလ်ကံများ ကိုဖြစ်ပေါ်စေပြီး ကုသိုလ်စိတ်များ သည် ကုသိုလ်ကံ များကိုဖြစ် ပေါ်စေသည်။ မိမိ၏အကျိုးရှိမှုကိုရှေ့ရှု၍သူတစ်ပါးတို့ အားထိခိုက်နစ်နာစေလိုသော စေတနာ ဖြင့်ပြု လုပ်လျှင်ဖြစ်စေ၊ပြောလျှင်ဖြစ် စေ၊ ကြံတွေးလျှင်ဖြစ်စေ၊မောဟနှင့်လောဘ (ဝါ) မောဟနှင့်ဒေါသတို့အရင်းခံသည့် အကုသိုလ်စိတ်များကုဋေသိန်း ပေါင်းများ စွာဖြစ်ပွားကြသည်။ စိတ္တနိယာမ အရစိတ်သည် လက်တစ်ဖျစ်၊မျက်စိတစ် မှိတ်၊လျှပ်တစ်ပြက်၊ကာလအတွင်း၌ ကုဋေတစ်သိန်း ကျော်ဖြစ်ပျက်သွား နိုင် သည်။ ဤစိတ်တို့ဖြစ်ပေါ်ပြီးချုပ်သွား သော်လည်းကံပေါင်းကုဋေသိန်း ပေါင်းများစွာတို့ သည်မိမိ၏ စိတ်အစဉ်၌ ကျန်ရစ်သွား ပြီဖြစ်သည်။ ဤကံတို့သည် ဤမျက်မှောက်ဘဝတွင်သာမက နောင်ဘဝ ကုဋေကုဋာ တွင်မကောင်းကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ အပါယ် ဘဝ ပေါင်း များစွာကိုလည်း ဖြစ်ပေါ် စေတတ်သည်။ ထိုကြောင့်လိုချင်တပ်မက် မှုလောဘနှင့်ယှဉ်သော အကုသိုလ်စိတ်ဖြင့် တစ်ခုခုပြုလုပ် ပြောဆိုလိုက်သည့်အတွက်လတ်တလောအကျိုးကျေးဇူးရှိသည်ထင်ရသော်လည်းရေရှည်တွင်အကျိုးမရှိပါ၊အနာခံရသောသူသည်မိမိနှင့်နောက်ထပ်ဆက်ဆံ လိုတော့မည် မဟုတ်ပါ။ လတ်တလော်ရ ရှိလိုက်သော အကျိုးအမြတ်မှာ လည်း သံသရာအပြစ်နှင့် နှိုင်း စာလျှင်လားလားမျှမကာမိပါ။
ဥပမာ၊ပိုက်ဆံတစ် ထောင် ခါ ပိုက် နှိုက်လျှင်၊ လူမိကဤဘဝတွင်ပင်ထောင်ကျမည်၊နံမည်ပျက်မည်၊အကုသိုလ်ကံ ကုဋေသိန်း ပေါင်းများစွာတို့ကအပါယ်လေးဘုံသို့အ ကြိမ်ကြိမ်ပစ်ချကြမည်ဖြစ်သ ဖြင့်မိမိ မကောင်းမှုကြောင့်သူတစ်ပါးနစ်နာဆုံးရှုံး၍စိတ်ဆင်းရဲရသည်ထက်အဆအပြန်ပေါင်းကုဋေသိန်းချီ၍မိမိ
အဆင်းရဲခံရလိမ့်မည်။ ဒါန၊သီလ၊ဘာဝနာ၊ ကောင်းမှု များကိုမည်မျှ သေး ငယ်သည် ပင်ဖြစ်ပါစေ နည်းသည်ဟူ၍ မအောက်မေ့နှင့်။ ခြင်ကိုက်သည် ကိုရိုက်မသတ်ဘဲ အသာတ ကြည် ဖယ်ရှားလိုက် သည့် အခိုက်၌ ၎င်း၊မြတ်စွာဘုရားအားရည်မှန်း၍သောက်တော်ရေတစ်ခွက်ကပ်လှူနေသည့် အ ခိုက်၌၎င်း၊အရဟံဟူသောဘုရားဂုဏ်တော်ကို တစ်ကြိမ်မျှ နှလုံးသွင်းသည့် အ ချိန်၌၎င်း၊ကုသိုလ်စိတ်များ ကုဋေသိန်း ကျော်ဖြစ်ပွားသွားသည်။ထိုကုသိုလ် စိတ် များချုပ်ငြိမ်းသွားသောအခါ ကုသိုလ်ကံများ ကုဋေသိန်းကျော် မိမိစိတ် အစဉ်၌ ကျန်ရစ်ခဲ့သည်။ ဤကုသိုလ်ကံကုဋေတစ်သိန်းသည် ငွေကုဋေတစ်သိန်း ထက်ပို၍ တန်းဘိုးကြီးသည်မျက်မှောက်ဘဝ၌လည်း ကောင်းကျိုးချမ်းသာ များကိုပေး နိုင်သည့်အပြင် တမလွန် ဘဝများ၌သုဂတိဘဝအကြိမ်ကြိမ်ဖြစ်စေနိုင်သည်။

ကုသိုလ်ကံတစ်ခုသည်ဘဝတစ်ခုကိုဖြစ်စေသည်။သေးငယ်သောညောင်စေ့တစ်စေ့မှညောင်ပင်တစ်ပင်ပေါက်လာသကဲ့သိုပင်။

သိပံပ္ပညာမှာစွမ်းအင်တည်မြဲမှု နိယမအရစွမ်းအင်ကိုဖျောက်ဖျက်၍မရအသစ်ဖန်တီးယူ၍လည်းမရချေ။ စွမ်းအင်ကိုသုံးပြီး အလုပ် လုပ်နိုင်သည် ဒါပေမဲ့ စွမ်းအင်သည် ပျောက်ပျက်သွားခြင်းမရှိ အခြား အသွင် တစ်မျိုးနှင့် တည်ရှိနေသည်။ ထို့အတူခြင်ရိုက်တဲ့အခါ ရိုက်ချင်တဲ့ စိတ်ရဲ့စွမ်းအင် ကိုသုံးပြီး ခြင်သတ်တဲ့ အလုပ်ကိုလုပ်တယ်၊ ဒီစွမ်းအင်တို့ကပျောက်မသွားဘဲ စိတ်အစဉ်မှာ ကံသတ္တိအနေဖြင့် ကျန်ခဲ့ပြီး အကုသိုလ်အကျိုးများပေးမှာ ဖြစ်ပါသည်။

ကျမ်းကိုး။
၁။ ချမ်းမြေ့ဆရာတော်၏တရားတော်များ။
၂။ ဒေါက်တာမင်းတင်မွန်၏အဘိဓမ္မာအနှစ်ချုပ်။

Wednesday, October 16, 2013

အာဇီဝဋ္ဌမကသီလနှင့်ငါးပါးသီလ။ဘယ်သီလကပို၍အကျိုးများ။



                                            ၈ > ၅


နှစ်ပါးစလုံးအကျိုးများတာချည်းပါပဲ။ ဘယ်သီလကပိုအကျိုးရများတယ်လို့ မပြောနိုင်ပါဘူး။
သည်လိုဖြေလိုက်တော့ အာဇီဝဋ္ဌမကသီလက ၈ ပါး၊ ငါးပါးသီလက ၅ပါး တည်းဆိုတော့ အရေအတွက်ကွာခြားနေတဲ့အတွက်  အကျိုးအနည်း အများ လည်းကွာခြားရမှာပဲလို့ယူဆပြီး အဖြေကိုလက်ခံနိုင်ချင်မှလက်ခံနိုင်မယ်။ ဒါကြောင့်နည်းနည်းရှင်းပြလိုက်ပါတယ်။

၅ ပါးသီလကိုတကယ်လုံခြုံအောင်စောင့်ထိန်းတဲ့ပုဂ္ဂိုလ်ဟာ အရှိအတိုင်း ငါးပါးမျှကိုသာ စောင့်ထိန်းရုံနဲ့ လုံခြုံတယ်လို့မဆိုနိုင်ပါဘူး။ ဆိုင်ရာသိက္ခာပုဒ် တွေရဲ့အခြံအရံသီလ တွေကိုပါစောင့်ထိန်းလုံခြုံနိုင်ပါတယ်။
ဥပမာ ပါဏာတိပါတကံကိုတကယ်လုံခြုံအောင်စောင့်ထိန်းလိုရင် ပါဏာတိပါတရဲ့ အခြံအရံဖြစ်တဲ့   ပိသုဏ၀ါစာ၊ဖရုသ၀ါစာ၊ဗျာပါဒတွေကိုပါရှောင်ကြဉ်ရပါတယ်။ အဒိန္နာဒါန၊ကာမေသု မိစ္ဆာစာရကံတို့ကိုလုံခြုံအောင်စောင့်ထိန်းလိုရင် သူတို့ရဲ့ အခြံအရံဖြစ်တဲ့ အဘိဇ္ဈာကိုပါရှောင်ရပါတယ်။
မုသာဝါဒကံကို လုံခြုံအောင်စောင့်ထိန်းလိုရင် သူ့ရဲ့အခြံအရံဖြစ်တဲ့ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ၊အဘိဇ္ဈာ၊ဗျာပါဒတွေကိုပါရှောင်ကြဉ်ရပါတယ်။

သုရာပါနကိုရှောင်ကြဉ်ရင်သိက္ခာပုဒ်အားလုံးလုံခြုံနိုင်ပါတယ်။

မိစ္ဆာဒိဋ္ဌိအယူမရှိမှငါးပါးသီလလုံခြုံနိုင်ပါတယ်။

ဒါတွေအားလုံးခြုံကြည့်လိုက်ရင်ငါးပါးသီလလုံခြုံအောင်စောင့်ထိန်းခြင်းဟာသုစရိုက် ဆယ်ပါး လုံးပြည့်စုံအောင်ကျင့်သုံးစောင့်တည်ရာ ရောက်နေကြောင်းတွေ့ရပါမယ်။

 
အာဇီဝဋ္ဌမသီလကိုကြည့်ရအောင်။
အာဇီဝဋ္ဌမသီလဆိုတာ ပါဏာတိပါတ၊ အဒိန္နာဒါန၊ကာမေသုမိစ္ဆာစာရ၊မုသာဝါဒ၊
ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊သမ္ဖပ္ပလာပ၊မိစ္ဆာအာဇီဝ၊တို့မှရှောင်ကြဉ်ခြင်းဆိုတာ သိကြပြီးဖြစ်ပါလိမ့်မယ်။ သည်ဟာတွေကိုရှောင်ကြည်ခြင်းဖြင့် သုရာပါန၊ အဘိဇ္ဈာ၊ဗျာပါဒ၊မိစ္ဆာဒိဋ္ဌိ တို့ကိုလည်း ရှောင်ကြဉ်ပြီးဖြစ်တယ်ဆိုတာ အထက် ငါးပါးသီလမှာ ဖေါ်ပြပြီးဖြစ် ပါတယ်။

ဒီတော့ အာဇီဝဋ္ဌမသီလဆိုတာလည်း သုစရိုက်ဆယ်ပါးကိုကျင့်သုံး ဆောက် တည်တာပဲ ဖြစ်တဲ့အတွက် ငါးပါးသီလနဲ့ အာဇီဝဋ္ဌမသီလတို့ဟာ အတူတူပဲဖြစ် တာကြောင့် ဘယ် သီလကပိုအကျိုးများတယ်လို့မပြောနိုင်တာဖြစ်ပါတယ်။

 
ငါးပါးသီလလုံရင်အပါယ်မကျဘူးဆိုတာ ငါးပါးသီလကိုအထက်ဖေါ်ပြပါ အတိုင်းအခြံအရံ နှင့်တကွစောင့်ထိန်းလို့ဖြစ်ပါတယ်။ ငါးပါးသီလအရှိအတိုင်း

မျှကို သာစောင့်ထိန်းလို့မဟုတ်ပါဘူး။ အရှိအတိုင်းငါးပါးမျှကိုသာ စောင့်ထိန်းလို့ မဟုတ်ပါဘူး။ အရှိအတိုင်း ငါးပါး မျှကို သာစောင့်ထိန်းတဲ့အတွက် အပါယ်မကျ တာဆိုရင် ပိသုဏ၀ါစာ၊ဖရုသ၀ါစာ၊သမ္ဖပ္ပလာပ၊အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိတို့ ဟာ အပါယ် မကျစေနိုင်ဘူးဆိုတဲ့အလွန် လွဲမှားသော အဓိပ္ပါယ်ရောက်သွားမှာဖြစ်ပါတယ်။

ပိသုဏ၀ါစာစတဲ့ကံတွေဟာ အကုသလကမ္မပထ တရားထဲမှာပါဝင်နေတဲ့ အပါယ်ကျစေနိုင် တဲ့ကံတွေဖြစ်ပါတယ်။

အလားတူပါပဲ အာဇီဝဋ္ဌမသီလကိုအရှိအတိုင်းစောင့်ထိန်းရုံနဲ့လုံခြုံတယ်ဆိုရင် သုရာပါန၊အဘိဇ္ဈာ၊ဗျာပါဒ၊မိစ္ဆာဒိဋ္ဌိ တို့ကိုမစောင့်ထိန်းပဲလည်း အာဇီဝဋ္ဌမသီလ လုံခြုံတယ်ဆိုတဲ့ လွဲမှားသော အဓိပ္ပါယ်ရောက်သွားမှာဖြစ်ပါတယ်။

 အဲ့ဒီနည်းအားဖြင့် ငါးပါးသီလနဲ အာဇီဝဋ္ဌမသီလတို့ဟာသုစရိုက် ၁၀ ပါးလုံးကို လုံခြုံအောင်စောင့်ထိန်းတာချင်းတူကြ တာကြောင့် ဘယ်သီလက ပိုအကျိုးများ တယ်လို့ မဆိုနိုင်ဘူးလို့ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 
ဟံသာသီရိ၏ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ(ဒုတိယတွဲ) မှကူးယူတင်ပြပါသည်။


 
 

Thursday, October 10, 2013

လူသိနည်းသော ၀စီဒုစရိုက်နဲ့ အာဇီဝဋ္ဌမကသီလ။



ဝစီဒုစရိုက်။
ဝစီကံဆိုတာ သူများနားလည်အောင်ပြောသောစကားဖြစ်ပါတယ်။ ဒါပေမဲ့ သူများနားလည် အောင်စာရေးတာလည်း ၀စီကံပဲဖြစ်ပါတယ်။ ၀စီကံမှာ အသိများတာက မုသာဝါဒဆိုတဲ့
လိမ်လည်ခြင်းပါ။ ဒါပေမဲ့ မုသားဝါဒအပြင် အခြားသော  ၀စီဒုစရိုက် ၃ မျိုးရှိပါတယ်။

 ၁။ ပိသုဏဝါစာ။ ၎င်းကံထမြောက်ရန်အချက်လေးချက်ပြည့်စုံရမည်။ 
ပိသုဏဝါစာ=ပိယ+သုည+ဝါစာ။ ချစ်ခြင်း+ခွဲသော+စကား။                             

၁။ ကုန်းချောရန်ပုဂ္ဂိုများရှိခြင်း။                                                                        
၂။ ကုန်းချောရန်ဆန္ဒရှိခြင်း။                                                                             
၃။ ကုန်းချောရန်ကြိုးပမ်းခြင်း။                                                                       
၎။ ကုန်းချောစကားကိုအဟုတ်ထင်မှား၍စိတ်ဝမ်းကွဲခြင်း။

 ပိသုဏဝါစာကံကြောင့်ငရဲကျသည်။ အပါယ်မှလွတ်ပြီးလူဖြစ်လျှင်လည်း အကြောင်း မရှိဘဲမိတ်သင်္ဂဟများပျက်ပြားရသည်။ မြတ်စွာဘုရားသည်ပိသုဏဝါစာ ရှောင်ကြဉ်  ခဲ့သော ကြောင့်သွားတော်လေးဆယ်ရှိပြီး၊ ထိုသွားတော်များ မကြဲခြင်း လက္ခဏာ နှစ်ပါးရရှိတော်မူသည်။

 
၂။ ဖရုသဝါစာကံ။ ဆူဆဲကြိမ်းမောင်းခြင်း၊ကြမ်းတမ်းစွာပြောဆိုခြင်း။ ၎င်းကံထမြောက်ရန်အချက်သုံးချက်ပြည့်စုံရမည်။                                       
၁။ ကြိမ်းမောင်းခံရသူရှိခြင်း။                                                                   
၂။ စိတ်ဆိုး၍ကြိမ်းမောင်းလိုခြင်း။                                                                 

ဖရုသဝါစာကံကြောင့်ငရဲကျသည်။ လူဖြစ်လျှင်လည်းအရုပ်ဆိုးသည်၊အသံကြမ်းထော် သည်၊ရန်သူများသည်၊အကြောင်းမရှိဘဲလူမုန်းများသည်။မြတ်စွာဘုရားရှင်သည် ဖရုသ ဝါစာမှရှောင်ကြဉ်ခဲ့ သောကြောင့် ရုည်လျားနူညံ့သောလျာတော်၊အင်္ဂါရှစ်ပါးနှင့် ပြည့် စုံသောအသံတော်ဟူသော လက္ခဏနှစ်ပါးကိုရရှိတော်မူသည်။ 

၃။ သမ္ဖပ္ပလာပကံ။ ၎င်းကံထမြောက်ရန်အချက်နှစ်ချက်ပြည့်စုံရမည်။                                     
၁။ အတင်းအဖျင်းပြောဖို့စိတ်ညွတ်ခြင်း။                                                     
၂။ အတင်းအဖျင်းပြောခြင်း။

သမ္ဖပ္ပလာပလက်ငင်းအကျိုးယုတ်တာကမိမိနှင့်သူတစ်ပါးအချိန် ဖြုန်းခြင်း။မမှန်သော စကား၊ဂုံချောစကား၊ ကြမ်းတမ်းသောစကားများပြောမိခြင်း။ကုသိုလ်ပြုရန် မေ့ခြင်း။ သေလျှင်အပါယ်ကျပြီးလူဖြစ်ပါကမိမိစကားသူများမယုံကြည်မလေးစားခြင်း။ မဟုတ် မမှန်စကား ပြောခြင်း၏ အပေါ့ဆုံးအပြစ်သည်လူဖြစ်လျှင် မဟုတ်မမှန် စကားဖြင့် စွပ်စွဲခံရတတ်၏။    

မုသာ ပိသု၊ ဖရု သမ္ဖာ၊ ဤလေးဖြာ၊
မိစ္ဆာဝါစာတည်း။                                       
မိစ္ဆာဝါစာ၊ ရှောင်ကြဉ်တာ၊
သမ္မာဝါစာတည်း။

အာဇီဝဋ္ဌမကသီလ = မြတ်သောအကျင့်၏အစဖြစ်သောသီလ။ ဗုဒ္ဓဘာသာသို့ဝင်လာကာစ
သူတို့ဆောက်တည်သောသီလဖြစ်ပါတယ်။၎င်းတွင်အောက်ပါ သိက္ခာပုဒ်များပါဝင် ပါသည်။

၁။ ပါဏာတိပါတာဝေရမဏိသိက္ခာပဒံသမာဒိယာမိ။
၂။ အဒိန္နာဒါနာဝေရမဏိသိက္ခာပဒံသမာဒိယာမိ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။                                                                                                        

၎။ မုသာဝါဒါဝေရမဏိသိက္ခာပဒံသမာဒိယာမိ။                                             
၅။ ပိသုဏဝါစာဝေရ မဏိ သိက္ခာပဒံသမာဒိယာမိ။                                                                                           

၆။ ဖရုသဝါစာဝေရ မဏိ သိက္ခာပဒံသမာဒိယာမိ။                                                                                           
၇။ သမ္ဖပ္ပလာပါဝေရမဏိ သိက္ခာပဒံသမာဒိယာမိ။                                                                                          
၈။ သမ္မာအာဇီဝ= မှန်သောအသက်မွေးခြင်း။
ကာယဒုစရိုက်နှင့်ဝစီဒုစရိုက်များမကျူး လွန်သော အသက်မွေးမှု။


ဝစီဘေဒထိတိုင်းရှ။
ဝစီဘေဒသည်အသွားနှစ်ခုရှိသည့်သံလျှက်နှင့်တူ၏။သူတစ်ပါးကိုတိရှသလိုမိမိကိုလည်းပြန်ရှစေ၏။ လက်နစ်လုံးမျှသာရှိသောပါးစပ်ကိုသတိနှင့် မစောင့်စည်း နိုင်လျှင် လွှတ်ကနဲပြောထုတ် လိုက် သည့်စကားကြမ်းတစ်ခွန်းကြောင့်သူတစ်ပါး အားများ စွာ စိတ်မချမ်းမသာဖြစ်စေနိုင်၏။ သူတစ်ပါးစိတ်မချမ်းမသာဖြစ်ရသည်ထက် အဆပေါင်း များစွာတန်ပြန်သော ကံသတ္တိအရ မိမိပြန်ကြုံရမည်ကိုအလေးမူသင့်ပေည်။   

 
အပြော ဝစီကံ (ချမ်းမြေ့ဆရာတော်ဇနကဘိဝံသ)
ပြောမည်ကြံလည်း၊သင့်စိတ်ထဲ၊အမြဲဆင်ခြင်ပါ။ မိမိသူတစ်ပါး၊နှစ်ဦးသာ၊
ဘယ်သူ့များထိမည်လဲ၊ ထိခိုက်နိုင်ငြား၊အပြောများ၊မမှားရှောင်ကြဉ်ပါ။
ပြောဆဲမှာလည်း၊ သင့်စိတ်ထဲ၊အမြဲဆင်ခြင်ပါ။ မိမိသူတစ်ပါး၊နှစ်ဦးသာ၊
ဘယ်သူ့များထိသလဲ၊ ထိခိုက်နိုင်ငြား၊အပြောများ၊မမှားရှောင်ကြဉ်ပါ။
ပြောပြီးပြန်လည်း၊ သင့်စိတ်ထဲ၊အမြဲဆင်ခြင်ပါ။ မိမိသူတစ်ပါး၊နှစ်ဦးသာ၊
ဘယ်သူ့များထိပြီလဲ၊ ထိခိုက်နိုင်ငြား၊အပြောများ၊မမှားရှောင်ကြဉ်ပါ။

အင်္ဂါငါးပါးနှင့်ပြည့်စုံပြီး၊အပြစ်မဖြစ်၊ပညာရှိတို့လည်းမကဲ့ရဲ့သော
ကောင်းသော စကား။                                                       
၁။ အခါအားလျော်စွာပြောဆိုခြင်း။                                                           
၂။မှန်ကန်သောစကားဖြစ်ခြင်း။                                                                   
၃။ သိမ်မွေ့သောစကားဖြစ်ခြင်း။                                                        
၎။အကျိုးစီးပွားနှင့်ဆိုင်ပြီးပြောဆိုအပ်သည်လည်းဖြစ်ခြင်း။                                 
၅။ မေတ္တာစိတ်ဖြင့်ပြောဆိုခြင်း။                         

မာဃဒေ၀လင်္ကာ (၂၂၃)
မိယုတ်နှုတ်ကြမ်း၊ဖသရမ်းက၊ညစ်ညမ်းမူဆိုး၊
အမျိုးမမှန်၊အကျင့်တန်၏၊
သူကောင်းသားမူ၊ယဉ်ပါးအဟုတ်၊
သူယုတ်၏သား၊ရမ်းကားတတ်စွ။


သူကောင်းသားယဉ်ပါး၊သူယုတ်သားရမ်းကားဟုဆိုသဖြင့် မိမိ၏ကျေးဇူးရှင် မိဘနှစ်ပါးအကဲ့ရဲ့မခံရစေရန် ယဉ်ကျေးလိမ်မာနိုင်ကြပါစေ။  

ကျမ်းကိုး
၁။ ဟံသာသီရိ၏ ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ။
၂။ ဒေါက်တာမင်းတင်မွန်၏ ဘ၀မြင့်မြတ်လှပတင့်တယ်ရေး မြတ်သီလ။   

Friday, October 4, 2013

မှတ်ဥာဏ်ကောင်းစေသောအစာ ၁၀ မျိုး။


၁။ Rosemary ရှိ canosic acid သည် ဥဏှောက်ကြောများကိုကာကွယ်ခြင်းကြောင့် Alzeimer သတိမေ့ရောဂါနှင့်အခြားသောဥဏှောက်ပျက်စီးသည့်ရောဂါများ neuro-degenerative brain disorders ကိုကာကွယ်နိုင်တယ်လို့ယူဆကြပါတယ်။ စမ်းသပ်ချက်တစ်ခုမှာ Rosemary ရဲ့ အနံ့ကိုရူရှိက်ရုံဖြင့်
ရုံးဝန်ထမ်းများမှတ်ဥာဏ်ကောင်းစေတယ်လို့ဆိုပါတယ်။

၂။ ဟင်းနုနွယ်ကြွေးသောကြွက်များတွင်သတိကောင်းမွန်စေသည့်အပြင်သတိမေ့ရောဂါဖြစ်နေ

သောကြွက်များကိုပင်ပြန်ကောင်းမွန်စေတယ်လို့ဆိုပါတယ်။ ဒီလိုကောင်းမွန်စေတာဟာ ဟင်းနုနွယ်မှာ

ပါဝင်တဲ့ folic acid ဓါတ်ကြောင့်လို့ယူဆကြပါတယ်။ folic acid ဟာAlzeimer သတိမေ့ရောဂါနဲ့

အသက်ကြီးလိုသတိမေ့တာတွေကိုကာကွုယ်နိုင်ပါတယ်။ လ္ဘက်ရည်တစ်ခွက်စာခန့်ချက်ထားတဲ့

ဟင်းနုနွယ်ဟာ လူတစ်ယောက်တစ်နေ့တာလိုအပ်တဲ့ folic acid  သုံးပုံနှစ်ပုံကိုရရှိစေပါတယ်။


၃။ အနီရောင်ကြက်သွန်နီ မှာ Quercetin နဲ့ anthocyanin ဓါတ်များပါ ပါတယ်။  ကြက်သွန်နီအဖြူနဲ့
အ၀ါမျိုးမှာ Quercetin များစွာပါဝင်ပါတယ်။ အိန္ဒြိယနိုင်ငံမှာ နှစ်ပေါင်းများစွာကပင်ကြက်သွန်နီ
အဖြူရောင်နဲ့အ၀ါမျိုးကိုသတိကောင်းစေတဲ့ဆေးအဖြစ်အသုံးပြုခဲ့ကြပါတယ်။


၎။ စတော်ဘယ်ရီသီးအပါအ၀င် ဘယ်ရီသီးအမျိုးမျိုးတို့မှာ anthocyanin အပြင်အခြား phytochemical များပါဝင်ပြီးဥဏှောက်နဲ့ မှတ်ဥာဏ်ကိုအံသြလောက်အောင်ကောင်းမွန်စေတယ်လို့သိရပါတယ်။ ဘယ်ရီသီးအပြာရောင် (Blue berries) ကြွေးထားတဲ့ကြွက်အိုတွေဟာ ကြွက်ငယ်တွေလို မှတ်ဥဏ် ကောင်း မကောင်းစမ်းသပ်ရာမှာ အမှတ်တူရတယ်လို့ဆိုပါတယ်။

၅။ ဘရိုကိုလီ (Broccoli) ခေါ် ကော်ဖီပန်းအစိမ်းရောင်မှာ Quercetin နဲ့ folic acid  များစွာပါဝင်ပါတယ်။

၆။ သပျက်သီး မှာ Quercetin နဲ့ anthocyanin ဓါတ်များပါ ပါတယ်။

၇။ ချယ်ရီသီးမှာလည်း anthocyanin များစွာပါရှိပါတယ်။

၈။ ခရမ်းသီးမှာ anthocyanin ဓါတ်များပါ ရှိတဲ့အပြင် Nasunin ခေါ်သော ဓါတ်တိုးဖြေဆေး(antioxidant)  ပါရှိပါတယ်။ Nasunin က ဥဏှေက်မှာရှိတဲ့ အဆီလွှာကိုထိန်းသိမ်းစောင့်ရှောက် ပေးပါတယ်။

၉။ ပန်းသီးမှာ Quercetin ခေါ်သောဓါတ်တိုးဖြေဆေး (antioxidant) များစွာပါဝင်ပါသည်။ ၎င်းသည် Alzeimer ခေါ်သောသူငယ်ပြန်သတိမေ့ရောဂါကိုကာကွယ်ကြောင်းတွေ့ရှိရပါတယ်။ antioxidant ကို ပန်းသီးအသားတွင်တွေ့ရသော်လည်း အရေခွံတွင်အများဆုံးရှိပါတယ်။ ပန်းသီးအနီရောင်ရဲ့အခွံမှာ anthocyanin ခေါ်တဲ့ဓါတ် တစ်မျိုးလည်းပါ ပါတယ်။ ဒီဓါတ်က မှတ်ဥာဏ်ကောင်းစေသော phytochemical တစ်မျိုးဖြစ်ပါတယ်။


 ၁၀။ Red beets မှာ anthocyanin နဲ့  folic acid  များစွာပါဝင်ပါတယ်။

 

အမှတ်သညာကောင်းမွန်ကြပါစေ။
 

 Ref