လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, September 16, 2013

ဝေဒနာနုပဿနာ


 
ဓမ္မဒူတဆရာတော်အရှင်ပညာဇောတ၏ဝေဒနာရှုပွါးနည်း စာအုပ်မှ ကေါက်နှုတ် တင်ပြပါသည်။


ဝေဒနာနုပဿနာမှာအရေးကြီးတဲ့အချက်တွေက။

၁။ ဝေဒနာဆိုတာကုန်အောင်လုပ်လို့မရဘူး။ ကုန်တဲ့အရာမျိုးမဟုတ်ဘူး။            
၂။ ဖြစ်တူ၊ချုပ်တူ၊အာရုံတူ၊၀တ္ထုတူဖြစ်လို့ စိတ် မကုန်သမျှ ဘယ်လိုမှမကုန်နိုင်ဘူး။
၃။ ဝေဒနာကိုကုန်အောင်လုပ်တယ်ဆိုတာ လမ်းမမှန်ဘူး။ မိစ္ဆာအယူဖြစ်တယ်။              
၎။ နာကျင်ကိုက်ခဲမှုသည် ပရမတ်ရုပ်၏ဖေါက်ပြန်မှုသာဖြစ်သည်။                       
၅။ ခံစားမှုသည် နာမ်ဖြစ်သည်။ ပါဠိတော်အရ  
ဝေဒနာဟုခေါ်သည်။                                    
၆။ ရုပ်နာမ်များသည် ဒုက္ခသစ္စာများဖြစ်သဖြင့် ပိုင်းခြားသိရပါမည်။ ပယ်ပျောက်အောင်လုပ်ရမည့်တရားမဟုတ်ပါ။                                                      
၇။ ခံစားမှု (ဝေဒနာ) ကိုမှီ၍ဖြစ်သော လောဘ၊ဒေါသ၊မောဟ ကိုသာ ပယ်ရပါမည်။


ဝေဒနာဘာကြောင့်ဖြစ်သလဲ။ ဘယ်ထဲမှာရှိသလဲ (ကိမတ္ထိယဗြဟ္ခာစရိယသုတ္တန်)
စက္ခုဝတ္ထု၊ သောတ၀တ္ထု၊ ဃာန၀တ္ထု၊ ဇိဝှာဝတ္ထု၊ ကာယ၀တ္ထု၊ ဟဒယ၀တ္ထု၊ ခေါ်သော အာရုံကိုဖမ်းယူနိုင်သော ပသာဒရုပ် ၆ ပါးနှင့် ၎င်းတို့နှင့် သက်ဆိုင်သည့် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓါရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မရုံ၊ဆိုသောအာရုံ ၆ ပါး တို့တိုက်ခိုက်မှုကြောင့် ဝေဒနာ အပါအ၀င် ခန္ဓာ ၅ပါးပေါ်လာသည်။ ဥပမာ အားဖြင့် ဖောဋ္ဌဗ္ဗာရုံ၊နှင့် ကာယ၀တ္ထု၊ တိုက်လျှင် သိစိတ်ဆိုတာဖြစ်တယ်။ အဲဒီ သိစိတ်နဲ့ဝေဒနာဆိုသောစေတသိတ်ဟာ ဖြစ်တူပျက်တူမို့ သိစိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ခံစားမှု  ဝေဒနာဖြစ်ပါတယ်။ ဒါကြောင့် ဝေဒနာဟာ        ၀တ္ထုရုပ်ထဲမှာ လည်းမရှိ၊ အာရုံရုပ်ထဲမှာလည်းမရှိလို့ ဘယ်အထဲမှာမှ မရှိဘူး။ ရုပ်နှစ်ခု တိုက်မှဖြစ်လာတဲ့ နာမ်တရားလေးပဲ။ ရုပ်နှစ်ခု ဆက်တိုက်နေရင် ဆက်ဖြစ်နေမယ်။ အတိုက်ရပ်သွားရင်ရပ်သွားမယ်။ ဥပမာ လက်ခုတ်တီးလို့ လက်ခုတ်သံထွက်တယ်။ လက်ခုတ်မတီးတော့ရင် လက်ခုတ်သံမထွက်တော့ဘူး။


ဝေဒနာကဘာကိုခံစားတာလဲ။
အာရုံရဲ့အရသာကိုခံစားတာ။ အာရုံတိုင်းမှာ အရသာဆိုတာရှိတယ်။ အာရုံရဲ့အရသာကိုခံစားတတ်လို့ ဝေဒနာလို့ခေါ်တာ။ နာလို့ ကျင်လို့ ဝေဒနာလို့
ခေါ်တာ မဟုတ်ဘူး။ မြန်မာစကားမှာ နာတာ၊ကျင်တာ စတာတွေနဲ့ ဝေဒနာဆိုတာနဲ့ရောနေကြတယ်။ အာရုံရဲ့အရသာ ၃ မျိုးရှိတယ်။

၁။ ကောင်းတဲ့အာရုံ။
၂။ မကောင်းတဲ့အာရုံ။                                                                                    ၃။ ကောင်းဆိုးနှစ်ခုတို့ရဲ့အလယ်အလတ်အာရုံ။


ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ နာကျင်၊ကိုက်ခဲ၊မူးဝေ၊အော်ဂလီဆန်၊ နှလုံးတုန်၊ရင်ခုန်၊
ယားယံ၊စသည်တို့ဟာ ရုပ်ဖေါက်ပြန်နေတာ။ တစ်နည်းအားဖြင့်သူတို့ဟာ ရုပ်အာရုံတွေပါ။
အဲ့ဒီဖေါက်ပြန်နေတဲ့ရုပ်အာရုံတိုင်းရဲ့ အရသာကိုဝေဒနာစေတသိတ်က လိုက်ခံစားနေတာ။
ဒါကြောင့် ရုပ်အာရုံကသတ်သတ်၊ ခံစားတတ်တဲ့ ဝေဒနာကနာမ်လို့ ကွဲအောင်ရှုရမယ်။
ဖေါက်ပြန်မှုရုပ်အာရုံက ထင်ရှားပါတယ်။ ခံစားမှုဝေဒနာက မထင်ရှားဘူး။ သိမ်မွေ့တယ်။

ဝေဒနာရှု့ပွါးသူဟာ အဲ့ဒီခံစားတဲ့သဘောတရားကိုရှုရမှာ။

 
ရှုပွါးနည်း။

တရားထိုင်ရာမှာ နာကျင်ကိုက်ခဲတဲ့ရုပ်ဒုက္ခကိုအရူများကြတယ်။ ဒါပေမဲ့ သူ့သဘော၊
ဘယ်လိုဖြစ်၊ဘယ်လိုပျက်တယ် လို့သိအောင်၊မြင်အောင်၊ထင်အောင် ရှုပွါး အားထုတ်မှု

မပြုဘဲ၊ နာကျင်ကိုက်ခဲတဲ့ ရုပ်ဒုက္ခကြီးကုန်အောင်၊ ပျောက်အောင် ရှုကြတယ်။
ကုန်အောင်ရှုရမှာမဟုတ်ဘူး။ သူ့သဘော သဘာဝ ကို သိအောင်မြင်အောင်ရှုရမှာ။
ရှုပွါးတဲ့အခါ ကိုယ်နဲ့အမျိုးမတော်စပ်တဲ့ သူစိမ်းလူမမာ တစ်ယောက်ကို ကြည့်ရှု သလို

ရှုပွါးများရမယ် ။ ဆွေမျိုးလူမမာ ဆိုရင် ငါ့ဆွေမျိုးဆိုတဲ့ အဆွဲအလမ်းပါနေတော့

စိတ်နေစိတ်ထားမမှန်ကန်ပဲ ရှုပွါးပုံမှားနိုင်တယ်။

သူစိမ်းလူမမာ ကို အေးအေးဆေးဆေး လူမမာမေးသလို ဝေဒနာကိုလည်း ငါ နှင့်မဆိုင်၊

ငါ မပိုင်တဲ့ သူစိမ်းပြင်ပလို သဘောထားရမယ်။ အနာဆုံးနေရာ၊ အကျင်ဆုံးနေရာကို

တစ်နာပြီးတစ်နာ၊တစ်ကျင်ပြီးတစ်ကျင် ဖြစ်ပျက် နေတာကို မြင်အောင်၊သိအောင်

ရှုကြည့်နေရမှာ။ နာကျင် ကိုက်ခဲမှု ဒုက္ခဝေဒနာတွေ ကုန်သွားအောင်ပျောက်သွားအောင်

မရှုရဘူး။ ကိုယ်ကိုလည်းချုပ်မထားရ။ တောင့်တင်းမထားရဘူး။ အလိုက်သင့်မျှမျှတတ

လေးနေပါ။


ဝေဒနာနုပဿနာရူသူတွင်ရှိရမဲ့တရား ၃ ပါး။
၁။ ၀ီရိယ။
၂။ သတိ၊
၃။ ပညာ။

၁။ ၀ီရိယ ဆိုတာ တုံးတိုက်တိုက်၊ကျားကိုက်ကိုက်ဆိုတဲ့ တစ်ဇွတ်ထိုးဝီရိယ မျိုးကို

ဆိုလိုတာမဟုတ်ပါဘူး။ ဝေဒနာကိုအာရုံပြု၍ဖြစ်တဲ့ကိလေသာကို လွန်စွာ ပူပန်စေတတ်တဲ့

သမ္မပ္ပဓာန်လုံ့လမျိုးကိုဆိုတယ်။  သမ္မပ္ပဓာန်လုံ့လ ဆိုတာ ထိုင်ရာမထ ၀ီရိယမျိုးလဲ မဟုတ်

ဘူး။ သမ္မပ္ပဓာန်လုံ့လဆိုတာ-


၁။ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေမဖြစ်အောင် လုံ့လပြုခြင်း။
၂။ ဖြစ်ပြီးသားအကုသိုလ်တရားတွေကိုပယ်နိုင်အောင်၊နောက်ထပ်မဖြစ်အောင်
လုံ့လပြုခြင်း။

၃။ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေမဖြစ်အောင် လုံ့လပြုခြင်း။
၎။ ဖြစ်ပြီးသားကုသိုလ်တရားတွေကိုတိုးပွါးအောင်၊နောက်ထပ်မဖြစ်အောင် လုံ့လပြုခြင်း။

တရားအားထုတ်နေစဉ်မှာ ဖြစ်ပေါ်လာမဲ့ ကိလေသာကို ပယ်နိုင်တဲ့ ၀ီရိယကိုဆို လိုပါတယ်။

ဝေဒနာကိုပယ်တဲ့ဝီရိယမဟုတ်ဘူး။ ကိုယ်မှာအထိုင်ကြာရင် နာတာ၊ကျင်တာဖြစ်လာပါ

တယ်။ အဲဒါတွေက ရုပ်ဒုက္ခတွေပါ။ နာကျင်တာကို ဝေဒနာ လုပ်ပြီး၊နာကျင်တာတွေ

မပျောက်၊မချုပ်သေးရင် မထရဘူး ဆိုတာ ဘုရားရှင်ဆို လိုတဲ့ ၀ီရိယမဟုတ်ပါဘူး။

ဝေဒနာက ပိုင်းခြားသိရမဲ့ ဒုက္ခသစ္စာပါ။ ပယ်ရမဲ့ တရား မဟုတ်ပါဘူး။ ဝေဒနာကို

အာရုံပြုပြီးဖြစ်ပေါ်လာတဲ့ ကိလေသာတွေကသာ ပယ်ရမဲ့ သမုဒယသစ္စာပါ။ သစ္စာတရား

တွေကို မှားသိနေရင် မိစ္ဆယဒိဋ္ဌိဖြစ်သွားတယ်။
                                         

အရှင်ကုမာရ ၊ညောင်လွန့်ဝိပဿနာနည်းပြဆရာတော်။

ဝေဒနာကုန်အောင်၊ဝေဒနာချုပ်အောင်၊                         
ကျင့်နည်းဆောင်၊အလွဲမြင့်မိုရ်တောင်။

 

သတိ။

ဝေဒနာကိုအောက်မေ့အမှတ်ရတဲ့သတိနှင့်ပြည့်စုံရမယ်။ သတိကိုဝေဒနာပေါ် တင်ထားရမယ်။ ဝေဒနာဟာ သတိရဲ့တည်ရာအဖြစ် ထား ပြီးရှုပွါးမှ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်းဖြစ်ပါတယ်။


ဝေဒနာပေါ်မှာ သတိကိုတင်မထားပဲ ဝေဒနာကိုပျောက်အောင် ၀ီရိယစိုက်လိုက်ရင် သတိမှာတည်ရာမရှိတော့ပါ။ သတိဟာ ဝေဒနာပေါ်မှာမတည်ရင် ဝေဒနာရဲ့ သဘော သဘာဝ၊ အဖြစ်အပျက်၊အကြောင်းအကျိုးတွေ ကိုမသိနိုင်တော့ပါ။ ၎င်းအပြင် နာကျင်ကိုက်ခဲမှုတွေက အကြောင်းချုပ်လို့ အကျိုးချုပ်တဲ့သဘောနဲ့ ခဏချုပ် ချုပ်သွားတာကို ငါမှတ်လိုက်လို့ ဝေဒနာကုန်သွားပြီလို့ ယူဆလိုက် တတ်ပါတယ်။ အဲ့ဒါဆိုရင် အကြီးအကျယ်မှားသွားပါပြီ။ အဲ့ဒါဆို ဝေဒနာဟာ အနတ္တမဟုတ်တော့ဘဲ အတ္တဖြစ်သွားပါပြီ။ ၀ိပဿနာရှုတယ်ဆိုတာ  အနတ္တမြင်အောင်ရှုရတာပါ။


 
ပညာ။

ဝေဒနာကို ကောင်းစွာ သိတတ်သော ပညာ အဆင်အခြင်နှင့်ပြည့်စုံသော အသိပညာရှိရပါမယ်။ ဆိုလိုတာက ဝေဒနာရဲ့ သဘော သဘာဝ အကြောင်း အကျိုး၊အဖြစ်အပျက် ကိုသိတဲ့ပညာ ကိုခေါ်ပါတယ်။



ဒုက္ခဝေဒနာ။
ဒုက္ခဝေဒနာဟာ တည်နေစဉ် ဆင်းရဲတယ်။ ပျက်စီးသွားရင်ချမ်းသာတယ်။ ဒီတော့ ဒုက္ခဝေဒနာမဖြစ်စေချင်တဲ့၊ပျက်စေချင်တဲ့ ဒေါသကိလေသာဖြစ်တယ်။ ဒုက္ခဝေဒနာ ရဲ့ အဖြစ်အပျက် မြင်မှ ဒုက္ခဝေဒနာပေါ်မှာကိန်းတဲ့ ပဋိဃနုသယ ဆိုတဲ့ ဒေါသ ချုပ် သွားတယ်။

ဒုက္ခအစဉ်၊ပျက်ပြယ်ထင်၊အမြင်မှန်တော့တာ။


ဒုက္ခရှုစဉ်၊ဒုက္ခထင်လျက်၊စည်ပင်တိုးပွါး၊ဒုက္ခများမှာ၊ ပျက်သွားမရှိ၊တိုးလာဘိ၊မှားသည့်အမြင်သာ။


ဒုက္ခဝေဒနာရှုတဲ့အခါ ဒုက္ခဝေဒနာရဲ့ အဖြစ်အပျက်ကိုမြင်အောင်ရှုရပါမယ်။ ရုပ်ဒုက္ခ ဟာ တစ်ဖြစ်တည်းဆက်ဖြစ်နေတာမဟုတ်ပါဘူး။ တစ်ဖြစ် ဖြစ်၊ တစ်ဖြစ်ပျက်ပြီးမှ တစ်ဖြစ်ထပ်ဖြစ် တစ်ဖြစ်ထပ်ချုပ်တာပါ။ ဒါပေမဲ့ အလွန်လျှင်မြန်တာကြောင့် တစ်ဆက်တည်းလို့ထင်တာပါ။ စာစကားအနေနဲ့ သန္တတိပညတ်လို့ခေါ်ပါတယ်။


ဒုက္ခဝေဒနာကိုရှုပွါးနည်း ၂ မျိုးရှိပါတယ်။ တိုက်ရိုက်ရှုခြင်းနဲ့ခွါရှုခြင်းလို့ခေါ်ပါတယ်။ တိုက်ရိုက်ရှုခြင်းဆိုတာ ဒုက္ခဝေဒနာကိုသည်းခံပြီး အဆင်းရဲဆုံးနေရာမှာ သတိကပ် ပြီး အထပ်ထပ် ဒုက္ခဝေဒနာ ပျက်ပြယ်တာမြင်သည်အထိရှုကြည့်ရပါမယ်။ နာကျင်တဲ့ ဒုက္ခကို သည်းမခံနိုင်တော့ဘူးဆိုရင် မူလကမ္မဋ္ဌာန်းဖြစ်တဲ့ နှာခေါင်းမှာ လေ၀င် တိုင်း ထွက်တိုင်း တိုးတဲ့ ထိတဲ့ သဘောကိုပြောင်းရှုပါ။ ဒါပေမဲ့ ဒုက္ခဝေဒနာကပိုပြင်း လာတယ်ဆိုရင် က္ကုရိယာပုတ်ကိုပြောင်းပေး ပြင်ပေးပါ။ ပြောင်းဆဲပြင်ဆဲမှာ အနာဆုံး နေရာကို သတိကပ်ပြီး ဒုက္ခဝေဒနာဘယ်လိုပြောင်းလဲနေတာသိအောင်လုပ်ပါ။


ဒုက္ခဝေဒနာကိုခွါရှုခြင်းဆိုတာကတော့ ဒုက္ခဝေဒနာကိုမရှုပွါးပဲ အခြားသောအာရုံ တို့ကို ရှုပွါးခြင်းပါ။ ဥပမာ ခိုးသားတွေအဖမ်းခံရတဲ့ ရှင်တိဿဟာ မိမိခြေနှစ်ချောင်း ကိုချိုးပြီးနောက်မိမိရဲ့ သီလစင်ကြယ်ပုံကိုအာရုံပြုပါတယ်။ ခြေကျိုးလို့နာတဲ့ ဒုက္ခ ဝေဒနာကိုမရှုပွါးပါဘူး။





သုခဝေဒနာ။                                                                                          ဒုက္ခဝေဒနာထက် သုခဝေဒနာကပိုပြီးနူးညံ့သိမ်မွေ့တယ်။ ဒါကြောင့် သုခဝေဒနာ ကိုတိုက်ရိုက် ရှုဖို့မလွယ်ဘူး။ ဝေဒနာဟာ ရုပ်လိုမထင်ရှားဘူး။ အများအားဖြင့် ရုပ်သုခ၊ရုပ်ဒုက္ခကို နာမ်ဝေဒနာလုပ်ပြီးရှုနေကြတယ်။ နာမ်ဝေဒနာဟာ တစ်ဆင့်ခံ ဖြစ်နေတော့ အရှုရခက်တယ်။ ဥပမာ။ ပူနေတဲ့ အချိန် လေအေးလေး တိုက်တယ် ဆိုပါစို့။ လေအေးကြောင့် ချမ်းသာတာက ရုပ်။ ချမ်းသာတယ်လို့ သိတာက ၀ိညာဏ် (သိစိတ်)၊ ချမ်းသာတာကိုခံစားတာက ဝေဒနာ။ အဲ့ဒီလို ကွဲပြားအောင်ရှုကြည့် ရမှာ။

သုခဝေဒနာအာရုံကို သတိမလစ်ပဲရှုပွါးရင် သုခခံစားမှုကွယ်ပျောက်ပြီး၊ ဆင်းရဲတဲ့ ခံစားမှု (ဒုက္ခဝေဒနာ) ပေါ်လာပါမယ်။ ပရမတ်တရားတွေရဲ့ မမြဲတတ်တဲ့ သဘော အတိုင်း သုခဝေဒနာချုပ်သွားပျက်သွားလို့ပါ။ `သုခဝေဒနာသည် တည်သဖြင့် ချမ်းသာ၏။ ဖေါက်ပြန် ပျက်စီးသဖြင့် ဆင်းရဲ၏။ ဆိုတဲ့ ပါဠိတော်အတိုင်း ပါပဲ။ သုခဝေဒနာပြန်ဖြစ်စေချင်တဲ့ သဘောနဲ့မျှော်ရတာ ဆင်းရဲပါတယ်။ ဒါကြောင့် သုခဝေဒနာကိုရှုလို့ ဒုက္ခမြင်မှ အမြင်မှန်ပါတယ်။ သုခဝေဒနာကို သုခပဲမြင်နေ သေးရင် တရားမတက်သေးပါဘူး။ သုခဝေဒနာရဲ့ အပျက်မြင်ပြီး သုခကိုဒုက္ခထင်ပြီ ဆိုတော့မှ သုခဝေဒနာပေါ်မှာဖြစ်တဲ့ ရာဂနုသယ ဆိုတဲ့လောဘ မရှိတော့ပါဘူး။

   ဒီနေရာမှာ သိထားရမှာက သုခဝေဒနာ ကုန်သွားတာ မဟုတ်ပါဘူး။ သုခဝေဒနာကိုအာရုံပြုပြီး ဖြစ်တဲ့လောဘကိလေသကုန်သွားတာပါ။ ဒါကြောင့် သုခဝေဒနာကိုတွယ်ပြီး မပျက် မပျောက်စေချင်တဲ့ သဘောနဲ့ မရှုရပါဘူး။ ဒုက္ခထင်အောင်ရှုရပါမယ်။

 
ဥပေက္ခဝေဒနာ။
ဥပေက္ခဝေဒနာဟာ အဖြစ်အများဆုံးဝေဒနာဖြစ်ပေမဲ့  အသိခက်တဲ့ဝေဒနာ ဖြစ်ပါ တယ်။ ဘာလို့အသိခက်သလဲဆိုတော့ မောဟကိန်းနေလို့ပါ။ ဥပေက္ခဝေဒနာသည်သိမြင်သဖြင့်ချမ်းသာ၏။ မသိမမြင်သဖြင့်ဆင်းရဲ၏ လို့ အနိစ္စ မြင်အောင် အဖြန်ဖြန်ရှုရပါမယ်။ ကောင်း မကောင်းနှစ်ခုတို့၏ အလယ်အလတ်အာရုံ ကြောင့် ဥပေက္ခဝေဒနာဖြစ်တယ်လို့ ဖြစ်ကြောင်းနှင့်တကွမြင်အောင်ရှုရပါမယ်။ ဝေဒနာသုံးမျိုးလုံးရှုရာမှာ ဖြစ်ပြီးပျက်သွားတဲ့ အနိစ္စမြင်မှ မှန်ပါတယ်။
 ဝေဒနာ သုံးအင် အနိစ္စထင်၊အမြင်မှန်တော့တာ။
 
 
 
ချမ်းသာစွာဖြင့်တရားရ ကြပါစေ။


Tuesday, September 10, 2013

ဝေဒနာနဲ့ ကျမ နုပမ်းလုံးခဲ့သည်များ။


 
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဝေဒနာနုပဿနာရှုမှတ်နည်း။
မြတ်စွာဘုရား ရောဂါအသည်းအသန်ခံစားနေရသော ဖဂ္ဂုဏရဟန်းအား ဟောတော်မူသောတရားတော် (အင်္ဂုတ္တိုရ်ပါဠိတော်၊ဖဂ္ဂုဏသုတ္တန်) ကို မိုးကုတ်ဆရာတော်ဘုရားကြီးပြန်လည်ဟောတော်မူသည့် ဝေဒနာခွါ နည်း အလုပ်ပေးတရားတော်။

 

ဝေဒနာနဲ့ ငါနဲ့မရောစေနဲ့။
ဝေဒနာဆိုတာ ဝေဒနာက္ခန္ဓာ။ ဝေဒနာက္ခန္ဓာက သူ့ဟာသူ ဝေဒနာက္ခန္ဓာ၊ ငါက သွားပြီး မရောပါနဲ့၊ ဝေဒနာက သူ့ဟာသူ ဟိုကနာလိုက်၊ ဟိုကကျင်လိုက်၊ ဒီက ကိုက်လိုက်၊ဟိုကထိုးလိုက်၊ဒီကထိုးလိုက်နဲ့ ခန္ဓာကိုယ် ရှိနေရင် ဝေဒနာက္ခန္ဓာ ချည်းဆိုသောကြောင့်    ဝေဒနာ ကတော့ ရှိနေမှာပဲ။ ဝေဒနာက္ခန္ဓာကို ဝေဒနာက္ခန္ဓာ လို့ပဲသိထားရမယ်။ ငါမှ ဖြစ်မှဖြစ်ရလေခြင်းလို့ ဝေဒနာထဲမှာ ငါ ၀င် မပါလိုက်နဲ့။ ဝေဒနာက နေရာတိုင်း ဟိုနေရာ ဒီနေရာမှာ နာမှာပဲ။ အဲ့ဒါကို ငါ့လက် နာတယ်။ ငါ့လည်ချောင်းနာတယ်။ အစရှိသည်ဖြင့်    ဝေဒနာနဲ့ ငါ နဲ့ သွားသွားပူးတယ်။ ဝေဒနာကို ငါ ဆိုပြီးသွားရှု့နေတယ်။ ငါက တခြား၊        ဝေဒနာကလဲ တခြား။ ငါဆိုတာက ရှိတာ လဲမဟုတ်ဘူး။ ဝေဒနာဟာ ဝေဒနာက္ခန္ဓာပေါ့။    ဝေဒနာက္ခန္ဓာဆိုတာ ဝေဒနာ စေတသိက်ပဲ။ နာမ်ဓမ္မခန္ဓာ တစ်မျိုးပဲ။ ခန္ဓာငါးပါး တစ်ပါး အပါအ၀င်မို့ အနိစ္စပဲ။ ဒီနေရာမှာ ဝေဒနာပေါ်ပြီး ဒီနေရာမှာ ဝေဒနာ ပျက်တယ်။ ဟိုနေရာမှာ ဝေဒနာပေါ်ပြီး ဟိုနေရာမှာ ဝေဒနာပျက်တယ်။ ဒီလိုသာ ဥာဏ်နဲ့ လိုက်နေပါ။ မမာတဲ့ သူကလည်း တရားထိုင်သူလိုပဲ ဝေဒနာကို ငါ နာတယ်လို့ မမှတ်ပဲ ဥာဏ်ကလေးနဲ့ အထက်ကအတိုင်း ဒီနေရာမှာ ဝေဒနာပေါ်ပြီး ဒီနေရာမှာ ဝေဒနာ ပျက်တယ်။ ဟိုနေရာမှာ ဝေဒနာပေါ်ပြီး ဟိုနေရာမှာ ဝေဒနာပျက်တယ်။ အဲ့ဒီလို မှတ် နေရမယ်။ ဝေဒနာကဖြင့်    အနှံ့အပြား ပေါ်လိမ့်မယ်။ ဘယ်ကနာ သလဲ။ တစ်ကိုယ်လုံးက နာတယ်။ တစ်ကိုယ်လုံးက နာပေမဲ့ ပြင်းထန်တဲ့ နေရာကိုဖြစ်ပျက် ရှု့ပေး။

ငါဆိုတာ ဒိဋ္ဌိဓမ္မတစ်မျိုး။ လူတွေက ဒိဋ္ဌိနာမ်နဲ့ ဝေဒနာနာမ်ကိုသွားပြီး ရောထွေးပစ် နေကြတယ်။ ဒိဋ္ဌိဓမ္မနဲ့ ဝေဒနာနာမ်တွေက ပရမတ်နာမ်တွေဖြစ်ပေမဲ့ ပရမတ်သဘာဝ ချင်းတခြားစီပဲ။ ပရမတ်သဘာဝချင်းက မရောဘူး။ ဒါပေမဲ့ ခင်ဗျားတို့က လောကွတ် ချော်ပြီး သွားရောကြတယ်။ ဝေဒနာက ကာယဒွါရ ကိုယ်ပေါ်မှာ ပေါ်နေတာ။ ဒိဋ္ဌိက မနောဒွါရမှာ။ ကိုယ်နဲ့ မနော အဝေးကြီးကိုသွားရောကြတယ်။ ဒါကြောင့်သေခါနီး            ဝေဒနာဖြစ်တော့ ငါနာတယ်ဆိုပြီး။ ဝေဒနာကို ငါလုပ်တဲ့အတွက် ဒိဋ္ဌိတန်းလန်းနဲ့       သေလို့ အပါယ်လားရတယ်။ ကိုယ်ကျိုးနဲ ရတယ်။ နာလိုက်တာ။

အဲ့ဒီလို မဖြစ်အောင် မိစ္ဆာဒိဋ္ဌိအစား သမ္မာဒိဋ္ဌိနဲ့ပြောင်းရှု့ရမယ်။ ဘယ်လိုလဲဆိုတော့          ဝေဒနာဟာ ငါလည်းမဟုတ်ဘူး။ အနိစ္စပါလို့ သိလိုက်ရင် သမ္မာဒိဋ္ဌိနဲ့သိတာဖြစ်လို့            ဝေဒနာနောက်က သမ္မာဒိဋ္ဌိမဂ္ဂင်လိုက်တယ်။ တစ်နည်း မဂ်ဖြစ်သွားတယ်။ အဲ့ဒီလို  ရှုမှတ်ရင် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ၀ိပဿနာမဂ်ဥာဏ် ရနေတယ်။

လူမမာဟာ ဝေဒနာကို မရှု့တတ်ရင်၊ နာလိုက်တာ ဘယ်လိုနေရမှန်း မသိဘူး။ ဘယ်လိုထိုင်ရမှန်း မသိဘူး။ ရှေ့သာတိုးနေတယ်။ နောက်မဆုတ်ဘူး။ မသက်သာဘူး။ ပိုဆိုးနေတယ်။ ဆိုပြီး ဝေဒနာတစ်ခုတည်းကိုပဲ ရှေတိုးလိုက် နောက်ဆုတ်လိုက် ဆိုတော့   ဝေဒနာကို အတ္တဒိဋ္ဌိဖြစ်နေတာ။

ဝေဒနာကို ဖြစ်ပျက်လို့ သိနေတာကြောင့် (ဝေဒနာ ပစ္စယာ တဏှာ) ဝေဒနာကြောင့် တတ်မက်ခြင်း တဏှာဆိုတာမဖြစ်တော့ဘူး။ တဏှာမဖြစ်တော့ တဏှာကနေ ဆက်ဖြစ်မဲ့ တရားတွေဆက်မဖြစ်တော့ဘူး။ တနည်း စက်ဝိုင်းသဏ္ဍန်လည်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ပြတ်ပြီး  သံသရာ ဆက်မလည်တော့ဘူး။

            အထက်ပါမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဝေဒနာရှုနည်းကို ရှု့မှတ်ဖို့
ခန္ဓာ ငါးပါး၊သက္ကာယဒိဋ္ဌိ၊ပရမတ်၊ပဋိစ္စသမုပ္ပါဒ် ဆိုတာ တွေကိုနားလည်ဖို့ လိုပါ တယ်။   ခန္ဓာ ငါးပါး၊သက္ကာယဒိဋ္ဌိ၊ကို ဒီBlog မှာ စိတ် (mind) ဆိုပြီးအကျဉ်းဖေါ်ပြ ထားပါတယ်။

     နားလည်လွယ်အောင်ရေးရရင် ပရမတ်တရားဆိုတာ တကယ်ရှိတဲ့ တရား ဒါပေမဲ့ ဆုပ်ကိုင်ပြလို့မရဘူး။ ပရမတ်တရား လေးပါးပဲ ရှိပါတယ်။ စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန်ပါ။ ဒီလေး ပါးထဲ မပါတာမှန်သမျှ ပရမတ်တရားမဟုတ်ပါဘူး။ ပညတ်များ (အမည်ပေး ထား သောအရာများလို့အဓိပ္ပါယ်ရပါတယ်) သာဖြစ်ပါတယ်။ ဒါကြောင့် ငါ၊ သူ၊ ယောကျာ်း၊ မိန်းမ၊ ၀င်လေ ထွက်လေ၊ ခြေ၊လက် စသည် တို့ဟာ ပညတ်တွေပါ။

ပရမတ်တရားက ၀ိပဿနာ တရားလုပ်မဲ့ သူတွေအတွက်အလွန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၀ိပဿနာရှုတဲ့သူက ပရမတ်တရားကိုသာရှု့ရလို့ပါ။ ရှုမှတ်ရမဲ့ ပရမတ် တရား လေးပါးထဲက စိတ်၊စေတသိတ်၊ရုပ်၊ဆိုတဲ့ တရားသုံးပါးကို သာရှု ရ  ပါတယ်။ စိတ်နဲ့စေတသိတ်ဆိုတာကျမတို့လို လူပြိန်းအတွက်တော့ တစ်ခုထဲပါ။ စိတ်နဲ့ စေတသိတ်ကိုမြတ်စွာဘုရားခွဲဟောလို့သာသိရတာပါ။ ကျမတို့အနေနဲ့ ခွဲ မသိပါဘူး။  စိတ်နဲ့စေတသိတ်အပေါင်းကိုနာမ်လို့ခေါ်ပါတယ်။

ဒီတော့ ကျမတို့အတွက် ၀ိပဿနာရှု့ရမှာ စိတ်(နာမ်)နဲ့ရုပ် နှစ်ခုပါပဲ။ ဝေဒနာဆိုတာ ခံစားချက်တွေ (feeling) ဖြစ်တဲ့အတွက် နာမ်တရားပါ။ အကြမ်းအားဖြင့် ရှုမှတ် ရမဲ့         ဝေဒနာကို၊ ကောင်းတဲ့ခံစားချက် (သုခဝေဒနာ)၊ မကောင်းတဲ့ ခံစားချက် (ဒုက္ခ ဝေဒနာ)၊ မသိမသာ ခံစားချက် (ဥပေက္ခာဝေဒနာ) လို့ခွဲခြားနိုင်ပါတယ်။ နာတာ၊ ကျင်တာ ကိုက်ခဲတာစတဲ့ မခံစားချင်တဲ့ဝေဒနာတွေက ဒုက္ခဝေဒနာ ပါ။ စိတ်ချမ်း သာတာ၊ပျော်ရွှင်တာတွေက သုခဝေဒနာပါ။ လေ တိုးဝင်တာ တိုးထွက် သွားတာ တွေက စိတ်ချမ်းသာတာလဲ မဟုတ်၊စိတ်ညစ်စရာလဲမဟုတ်တာမို့ အဒုက္ခမသုခ                  (ဥပေက္ခာဝေဒနာ) လို့ခေါ်ပါတယ်။

    တရားအားထုတ်စ သူတွေကို ဒုက္ခပေးတာက မကောင်းတဲ့ခံစားချက်တွေဖြစ်တဲ့၊  နာတာ၊ကျင်တာ၊ ကိုက်တာ၊ ယားတာစတဲ့ ဒုက္ခဝေဒနာ တို့ဖြစ်ပါတယ်။

ကျမ တရားစ ထိုင်စဉ်က အဲ့ဒါတွေ ဘာမှ မသိပါဘူး။ သိအောင်လည်းမကျိုးစားပဲ ကိုယ့်ဘာသာ ထင်ရာလျှောက် လုပ်နေခဲ့ပါတယ်။ ပထမ အကြိမ် သင်္ကြန်တွင်း တရား   စခမ်းဝင်တော့ တရားထိုင်တာ ၅မိနစ်တောင်မရှိသေးဘူး။ ခြေထောက်က နာလာပါတယ်။ နာတာကို နာတယ်လို့  မှတ်နေရင်း ပိုပိုနာ လာတယ်။ ဒီတော့ ခြေထောက်ကို နဲနဲ နေရာပြောင်းလိုက်တယ်။ နာတာသက်သာသွားတယ်။ ဒါပေမဲ့ မကြာပါဘူး။ ထပ်နာပြန်တယ်။ ထပ်နာ ထပ်ရွေ့နဲ့ တရားထိုင်ချိန် တစ်နာရီသာ ကြာသွားတယ်။ ခြေနာတာက မပျောက်ဘူး။ စိတ်ထဲမှာ ခြေထောက်နှစ်ချောင်းကို အင်္ဂတေလိုမျိုး၊သံခြေကျင်းလိုမျိုးနဲ့စွပ်ထားပြီး တစ်ဖြေးဖြေးချင်း တင်းကြပ်ပေးတာ လိုမျိုးခံစားရတယ်။ တရားဖြုတ်လိုက် ပေမဲ့လည်းခြေထောက်အနာက လုံးဝ ပျောက် မသွားဘူး။ နောက်တစ်ချိန်ပြန် တရားထိုင်ရမှာတောင်ကြောက်နေတယ်။ တစ်နာရီ စင်္ကြန် လျှောက်ပြီးတော့ ပြန် တရားထိုင်တယ်။ ခြေထောက်ပေါ် ကိုယ် အလေးချိန် မပိအောင် တတ်နိုင်သမျှ အ၀တ်တွေခုပြီး ထိုင်တယ်။ ဒါပေမဲ့မရဘူး။ နာတာပဲ။ နာတယ်မှတ်လည်း မရဘူး။ ပိုပို တောင်နာ လာတယ်။ အဲ့ဒီတော့ တရား အပေါ် သံသယ ၀င်လာတယ်။ တရားတော်က ဘယ် အရာမှမမြဲဘူး။ အနိစ္စတဲ့။ ငါ့ခြေထောက် အနာကတော့ မြဲနေပါလား။ မြတ်ဘုရားဟောတဲ့ အနိစ္စဆိုတာ ပရမတ်တရားတွေရဲ့ အနိစ္စကိုပြောတာကို ကျမ တရားအသိ ကြားဖူးနားဝ ပညာ (သုတမယဥာဏ်) မရှိပဲ တရားတော်ကို သံသယ တွေဖြစ်နေခဲ့တာပါ။ ငါဆိုတဲ့ သက္ကယဒိဋ္ဌိဖြစ်နေတာ၊ မသိတဲ့အတွက် တရားထိုင်ရင်း မတရားဖြစ်နေခဲ့ တယ်။

   ကိုယ်သိတဲ့ ဆေးပညာနဲ့စဉ်းစားလိုက်တယ်။ ခြေထောက်ပေါ် ကိုယ် အလေးချိန် ဖိနေတဲ့အတွက် သွေးအသွားအလာ မရှိဘူး။ ဒီတော့ ဆဲလ်တွေက ထွက်တဲ့ အဆိပ် တွေခြေထောက်မှာစုနေလို့ နာတာ။ ဒီ့အပြင် ၀င်လေထွက်လေကို သာမာန် ထက် မြန်မြန်ရှုသွင်းနေ ရှုထုတ်နေတာကြောင့် ထုတ်လေ မှာပါသွားတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် (CO2) နည်းသွားလို့ ကိုယ်ထဲ့မှာ အက်စစ် ဓါတ် (acidic) များလာ တဲ့အတွက် ကြွက်သားတွေ လိုအပ်တဲ့ ကယ်စီရမ်ဓါတ် (Calcium) တွေ အလုပ် မလုပ်နိုင်လို့ကြွက်သား တွေနာ တာစသည်ဖြင့် ကိုယ့်ရဲ့ မတတ်တစ်ခေါက် အသိ ဥာဏ်နဲ့လိုက်စစ် နေတယ်။ မပြည့်တဲ့အိုးဘောင်ဘင်ခတ် (little knowledge is dangerous) ဆိုတဲ့အတိုင်း မတရားတွေး တွေးနေခဲ့တယ်။

               တရားအားထုတ်ခါစမှာ အထူးသဖြင့် အာနာပါန နည်းနဲ့ရှုမှတ်တဲ့အခါ သာမာန်အသက်ရှုသလိုရှု့ရင် သမာဓိ မရသေးတဲ့အတွက် မှတ်လို့ မရပါဘူး ဒီတော့ သာမာန်ထက်ပိုပြီးပြင်းပြင်းရှုပါတယ်။ ပြင်းပြင်းရှုတဲ့အတွက် အထက်မှာရှင်းပြသလို    acidic ဖြစ်လာပြီး ပိုမိုနာကျင်ကိုက်ခဲတဲ့ ဒုက္ခဝေဒနာ တွေ ဖြစ်ပါတယ်။ အဲ့ဒီလို မဖြစ်အောင်  အသက်ပြင်းပြင်းရှုမဲ့အစား သတိကို ပိုထားပြီး၊  အသက်ရှုမှုကိုတော့ တတ်နိုင်သမျှ သာမာန်အတိုင်းဖြစ်အောင်ရှုရင် မခံနိုင် လောက်အောင် နာကျင်တဲ့       ဒုက္ခဝေဒနာတွေ အဖြစ်နည်းပါတယ်။ ဒုက္ခဝေဒနာတွေ မဖြစ်လို့ တရားရနေတယ်
လို့လည်း အထင်မကြီးလိုက်ပါနဲ့။ ရှုမှတ်ရမဲ့အာရုံမှာ စိတ်မရောက်ပဲ အတွေးထဲ မျောနေရင်လည်း ဒုက္ခဝေဒနာတွေ မဖြစ်ပါဘူး။ အတွေးတွေထဲ ရောက် နေမှန်း သိရင်      ၀င်လေ၊ ထွက်လေကြောင့် ဖြစ်တဲ့ လေထိတဲ့ ခံစားမှုအပေါ် စိတ်ကိုပြန် ထားပါ။ ထိနေတဲ့နှခေါင်းဆိုတာကိုလည်းမမှတ်ပါနဲ့၊ ထိတဲ့ခံစားမှု ကိုသာ သိနေဖို့ လိုပါတယ်။ သိတယ်ဆိုတဲ့ ခံစားမှုကသာ ဝေဒနာ (ဥပေက္ခာဝေဒနာ) လို့ ခေါ်တဲ့ ပရမတ်နာမ် တရားဖြစ်ပါတယ်။ နှခေါင်းဆိုရင် ပညတ်ရုပ်ပေါ် မှတ်စိတ် ရောက် သွားပါပြီး။ ၀င်လေ ထွက်လေ လို့ သိပြန်ရင်လည်း ၀င်လေ ထွက်လေဆိုတဲ့ ပညတ်ရုပ် ပေါ် ရောက်
သွားပြီး  သမထဘာဝနာ ဖြစ်သွား ပါတယ်။

  ဝေဒနာနုပဿနာဖြစ်ဖို့ နာတာ ကျဉ်တာကိုအာရုံပြုရင်  နာတာ ကျဉ်တာ သက်သက် ကိုသာ သိနေရမှာပါ။ နာနေတဲ့ ခြေထောက်၊ခါး စသည် မပါဖို့ လိုပါတယ်။ နာတာ ဘယ်လိုလေး လဲ ၊ဆူးစူးသလိုလား၊ တူနဲ့ထုသလိုလား ပိုပိုဆိုးလာသလား၊ နဲနဲ လျော့သွားသလား စသည်ဖြင့် သူ့ရဲ့ သဘော သဘာဝကို စိတ်ဝင်စားစွာ ဂရုစိုက် ကြည့်မယ်ဆိုရင် ပို မနာပါဘူး။ တစ်ခါတရံ အနာလျော့ သွားပြီး ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ နာတာ ကိုပျောက်စေလိုတဲ့စိတ်နဲ့ မကြည့်ရပါဘူး။ ပျောက်ချင်တဲ့ စိတ်ဆိုတာ လောဘကိလေသာ ပါ။ ကိုယ် မသိတဲ့ နာနေတဲ့ သူကို ဘေးကထိုင်ကြည့်ရ သလိုမျိုး ဖြစ်ရပါ မယ်။ ငါ့ခြေထောက်နာတယ်လို့သိနေရင် ငါဆိုတဲ့ အတ္တပါ လာလို့ ပိုနာတာပါ။ ဥပမာ အားဖြင့် ကိုယ်မသိတဲ့သူသေဆုံးခြင်း အတွက် သိပ်မခံစားရပဲ၊ ကိုယ်ချစ်တဲ့သူ သေဆုံး တဲ့အခါ အလွန်အမင်း ခံစားရ သလို ပါပဲ။ သေတာခြင်းတူပေမဲ့ ချစ်ခင်ခြင်း    ဆိုတဲ့ တဏှာကိလေသာကြောင့် ပိုခံစားရတာပါ။

          သမာဓိအားကောင်းတဲ့အခါ တခါတရံ ဒုက္ခဝေဒနာ မဖြစ်ပဲ ခန္ဓာကိုယ်ရဲ့ တစ်စိတ် တစ်ပိုင်း (၀ါ) တစ်ကိုယ်လုံး မရှိတော့ဘူးလို့ ခံစားရပါတယ်။ ကျမ စပြီး ခံစားရစဉ်က ဗဟုသုတ မရှိတာကြောင့် မျက်စိဖွင့်ကြည့်ခဲ့ မိပါတယ်။ မျက်စိဖွင့် လိုက်တဲ့ အတွက် ရထားတဲ့ သမာဓိလေးပျောက်သွားပါတယ်။

         တခါတလေ သမာဓိအားကောင်းတဲ့အခါ မျက်စိထဲမှာအလင်းတွေမြင် ပါတယ်။  ကျမ စမြင်စဉ်က ညဘက် တရားစခမ်းမှာတရားထိုင်နေစဉ် တခန်းလုံး လင်းထိန်သွားတဲ့ ခံစားချက်ကြောင့် ဘယ်သူများ စလိုက်မီးထိုးသလဲဆိုပြီး မျက်စိဖွင့်ကြည့်ခဲ့ဘူးပါ တယ်။ အခုမှ အဲ့ဒါတွေဟာ ၀ိပဿနာညစ်ညူးကြောင်း တရား ၁၀ ပါးတွေဖြစ်တယ် ဆိုတာ သိရပါတယ်။

      တခါကတော့ တစ်ကိုယ်လုံးပေါ့ပါးပြီး ဘာမှမရှိတော့ဘူး။ အဲ့ဒီတုံးကလည်း              ရှု့မှတ်  စရာ ကိုယ်လည်းမရှိ၊ နာခေါင်းတွေလည်းမရှိနဲ့ ဘာရှု့ရမှန်း မသိဖြစ်ခဲ့ ဘူး     ပါတယ်။ တကယ်က သမာဓိအားကောင်းလာတဲ့အတွက် ကြမ်းတမ်းတဲ့ ရုပ်တရားကို        ရှု့မှတ်လို့ မရတာပါ။ သိမ်မွေ့တဲ့ နာမ်တရားဖြစ်တဲ့ သိ နေတာလေးကို ရှု့မှတ်ရမှာပါ။ ဒါပေမဲ့ ၀ိပဿနာတရား ဗဟုသုတမရှိတဲ့ကျမ ကိုယ်ထင်ရာဆိုင်းခဲ့တဲ့အတွက် အဖိုတန်းလှတဲ့ အချိန်တွေ၊ သမာဓိတွေဆုံးရှုံးခဲ့ပါတယ်။

တခါတလေတော့ ဒုက္ခဝေဒနာမဖြစ်ပဲ စိတ်ထဲမှာပျော်နေတယ်။ အဲ့ဒီလို နေရ တာကိုကြိုက်နေတယ် ဆက်ပြီးဖြစ်နေချင်တယ်။ တကယ်က သုခဝေဒနာဆိုတဲ့ ခံစားချက်ပါပဲ။ အဲ့ဒါကို ပျော်တယ် (သုခဝေဒနာ) လိုမှတ်နေရမှာ။ ကြိုက်တယ်။ ဆက်ပြီးဖြစ်ချင် နေတယ်ဆိုရင် တဏှာဖြစ်သွားပြီ။ ဒါကြောင့် ၀ိပဿနာ ညစ်ညူး ကြောင်းလို့ပြောတာ။

ဝိပဿနာ ဆိုတာကိုယ်မှာ ဖြစ်နေသမျှကို သိရုံသိနေရမှာ။ ဥပမာအားဖြင့်ရုပ်ရှင်ကို ရုပ်ရှင်ပဲ၊ ဒါရိုက်တာခိုင်း သလို လုပ်နေကြတာလို့ဥာဏ်ပါပါကြည့်နေရမှာ။ ရုပ်ရှင် ထဲက ဇတ်ကောင် တွေလို လိုက်ခံစားရမှာမဟုတ်ဘူး။ ရွှေဘ ဆိုတဲ့ဇတ်လိုက် နံမည်ကြီး စဉ်က သူ့ကိုရုပ်ရှင်ထဲမှာလူဆိုးတွေကရိုက်နေကြရင်ပွဲကြည့် ပရိတ် သတ်က ပိတ်ကားကိုခဲတွေနဲ့ပစ်ကြတယ်ဆိုတာကြားတုံးက ဒီလူတွေတော်တော် ရူးတာပဲလို့ ထင်ခဲ့ မိတယ်။ ကိုယ်တိုင်တရားထိုင်မှ ကိုယ်လည်းဘာထူးလဲ။ (ငါ) မဟုတ်တာကို ငါထင်ပြီး ငါနာတယ်။  ငါဝမ်းသာတယ်။ ဖြစ်နေခဲ့တာ။ ဒါကြောင့် မြတ်ဘုရားက ပုထုဇဉ်တွေဟာ အရူးတွေလို့ ဟောခဲ့တာကိုး။

ဝိပဿနာတရားလုပ်ရာမှာ သောတာပန်မရမချင်း တရားထိုင်စဉ်ရတဲ့ သမာဓိတွေ        ဟာ မတည်မြဲပါဘူး။ အခုရထားပေမဲ့နောက်ရချင်မှ ရပါတယ်။ ဥပမာ ပြောရရင် သောတာပန်ဆိုတာ ၁၀ တန်းအောင်လက်မှတ်နဲ့တူပါတယ်။ ၁၀ တန်း တစ်ခါ အောင်ထားရင် ဒီဘ၀အတွက်တော့ ထပ်ဖြေစရာမလိုတော့ပါဘူး။ သောတာပန်     ကတော့ တစ်ခါရထားရင် တစ်သံသရာလုံး valid ဖြစ်ပါတယ်။ ထပ်ဖြေ စရာမလို       ပါဘူး။ အဲ့ဒါမရရင်တော့ အစက အမြဲပြန်စရပါတယ်။ အခုဏက သမာဓိကောင်း       ထားလို့ အခုပြန်ထိုင်ရင် ခုဏက သမာဓိရလိမ့်မယ်မထင်ပါနဲ့။ တခါတရံ လုံးဝ သမာဓိမရတဲ့အပြင် ခံရခက်တဲ့ ဒုက္ခဝေဒနာတွေတောင်  အပြင်းအထန်ပြန် ခံစားရ  ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုဏက ငါသမာဓိ ကောင်းတယ်ဆိုပြီး  ကိုယ် သတိ မထားလိုက်မိတဲ့ ငါ ဆိုတဲ့ အတ္တဒိဋ္ဌိနဲ့ မာနပါသွားလို့ပါ။ တရားသဘောဟာ အင်မတန်မှ သိမ်မွေ့ပါတယ်။

တခါက တရားစခမ်းတစ်ခုမှာ ၁၀ ရက်စခမ်းဝင်ပါတယ်။ တရားထိုင်ဖက်တွေ တရားတက်တယ်ဆိုတာတွေကြားနေရတယ်။ သူတို့ရရင် ငါလည်းရ ရမယ်ဆိုပြီး အပြင်းအထန် လုပ်ပါတယ်။ ဒါပေမဲ့ ၁၀ ရက်သာကုန်သွားတယ်။ ဒုက္ခဝေဒနာကို လက်မြှောက်အရှုံးပေးပြီးပြန်ခဲ့ရပါတယ်။ ဘာ သမာဓိမှမရပါဘူး။ အိမ်ရောက်မှ စဉ်းစား မိတယ်။ ငါ ဆိုတဲ့ အတ္တ (သက္ကာယဒိဋ္ဌိ) နဲ့ မာန ဖြစ်နေခဲ့တာ ဘယ်လိုလုပ် တရား ရမှာလည်း။

 ဆက်လက်ဖေါ်ပြပါမယ်။

Friday, September 6, 2013

ကျမသဘောပေါက်သောဝိပဿနာတရားအားထုတ်ခြင်း။



ကျမ လွန်ခဲ့တဲ့ အနှစ် ၃၀ ထဲက (inferron shock) ရပြီးသေဘေးကသီသီလေးလွတ်ခဲ့ကထဲက ၀ိပဿနာ တရားအားထုတ်ခဲ့ပါတယ်။ သင်္ကြန်ရုံးပိတ်ရက်တွေမှာ ၁၀ ရက်စခမ်းတွေလည်းဝင်ခဲ့ဘူးပါတယ်။ ကျမရဲ့ အလွန်သေးငယ်တဲ့ ဥဏှောက်လေးနဲ့ ၀ိပဿနာတရားအားထုတ်နည်း (Theory) တွေကိုလေ့လာရင် တကယ်မမြင်ပဲ အထင်နဲ့ (imaginatory) မြင်တာတွေဖြစ်မယ်လို့ထင်တာကြောင့် စာတွေ့တွေသင်တဲ့ မိုးကုတ်တရားစခမ်းတွေ၊တရားတော်တွေကိုရှောင်ခဲ့သလို ၀ိပဿနာနဲ့ပတ်သက်တဲ့ စာတွေကို လည်း မလေ့လာခဲ့ ပါဘူး။  

ယခု ပင်စင်စားဖြစ်လို့တရားတော်တွေလေ့လာတော့မှ တရားအားထုတ်တယ်ဆိုတာ ဆရာဝန်သင်တန်း တက်သလို စာတွေ့ရော၊လက်တွေ့ပါလိုအပ်တာကိုသိလာရပါတယ်။

ဝိပဿနာတရားအားထုတ်တာ ရုပ်တရား၊နာမ်တရားတွေရဲ့ဖြစ်ပျက်ကိုမြင်ရမယ်ဆိုတာတော့ ကြားဖူး နားဝ ရှိပါတယ်။ ဒါပေမဲ့ မြင်ရမဲ့ ၀ိပဿနာဖြစ်ပျက်ဆိုတာကို ကျမ ဘယ်လိုမှမမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပရမတ်ရုပ်နဲ့ ပရမတ် နာမ်တရား တွေကသာ အဆက်မပြတ်ဖြစ်နေပျက်နေပြီး၊ပရမတ်ရုပ်ဆိုတာ အမေမွေး တဲ့ မျက်စိနဲ့ မြင်နေရတဲ့ ကိုင်လို့လဲရတဲ့ ရုပ်ခန္ဓာကိုယ်ကြီးမဟုတ်ဘူးဆိုတာကျမ မသိခဲ့လို့ပါပဲ။ ဥပမာပေးရရင် ကိုယ်မမြင်ဘူးတဲ့သူရဲ့ အရိပ်ကိုကျမလိုက်ရှာနေခဲ့သလိုပါပဲ။

ဝိပဿနာဖြစ်ပျက်ဆိုတာကိုမြင်ဖို့ ပထမဦးဆုံး ပရမတ်ရုပ်၊ပရမတ်နာမ်တွေကိုမြင်ရပါမယ်။ ပရမတ်ရုပ်၊ ပရမတ်နာမ်တွေကိုမြင်အောင် ပရမတ်ရုပ်၊ ပရမတ်နာမ်တွေဆိုတာဘာလဲဆိုတာသိရပါမယ်။ ပရမတ်တရားတွေဆိုတာ ကိုင်ပြလို့မရတဲ့ ဥပမာ ပူတာ၊အေးတာ၊ နာတာ၊ကျင်တာ၊ ဒေါသဖြစ်တာ၊         ၀မ်းသာတာ၊စိတ်ဆင်းရဲတာစတဲ့လို သဘောတရားတွေပါ။ ဒေါသဖြစ်တာ၊၀မ်းသာတာ၊စဉ်းစားတာ စတဲ့စိတ်ခံစားမှုတွေက ပရမတ်နာမ်တွေဖြစ်ပါတယ်။ ပရမတ်ရုပ်တွေကတော့ မာတာ၊ပျော့တာ၊ပူတာ အေးတာစတဲ့ ခံစားလို့ရတဲ့ သဘောတရားတွေပါ။ အဲ့ဒီ ပရမတ်ရုပ် နာမ်တွေကို စူးစူးစိုက်စိုက်ကြည့် မယ်ဆိုရင်သူတို့ရဲ့ဖြစ်ပျက်ကိုမြင်ပါလိမ့်မယ်။

ပရမတ်နာမ်တွေကတစ်စက္ကန့်မှာကုဋေတစ်သိန်းလောက်ဖြစ်ပျက် နေကြပြီး၊ ပရမတ်ရုပ်၊တွေကတော့ ပရမတ်နာမ်တွေထက် ၁၇ဆ ပိုနှေးပါတယ်။ ဒီလောက်မြန်နေတာကိုကျမတို့မျက်စိက တစ်ခုဆီခွဲပြီး မမြင်နိုင်ပါဘူး။ တစ်စက္ကန့်မှာရုပ်ပုံ ၁၆ ပုံကိုပြရင်တောင် အဲ့ဒီရုပ်ပုံတွေ ကိုတစ်ပုံချင်းမမြင်ပဲ တစ်ဆက် ထဲမြင်ပါတယ်။ အဲ့ဒီအချက်ကိုအသုံးပြုပြီးအခုခေတ်မှာ ရုပ်ရှင်ဆိုပြီးလှုပ်ရှားတဲ့ပုံတွေအဖြစ်ပြကြတာပါ။ တကယ်က ရုပ်သေဓါတ်ပုံတွေကိုဆက်တိုက်ပြနေတာပါ။ နောက် ဥပမာအားဖြင့် အမြန်လည်နေတဲ့ ပန်ကာတစ်ခုကိုကြည့်ရင် အ၀ိုင်းကြီးလိုမြင်ပေမဲ့ တကယ်က အရွက် လေးရွက်ဖြစ်တယ်ဆိုတာ ပန်ကာ အလည်နှေးသွားမှ မြင်တာပါ။ အဝေးက ရထားတစ်ဆင်း ကိုကြည့်တဲ့အခါမှာလည်း ရထားတစ်တွဲ
ထဲမြင်ရ ပေမဲ့၊အနားကပ်ကြည့်တဲ့အခါ တွဲတွေအများကြီး ဆက်နေတာ ကိုတွေ့ရပါမယ်။

အထက်ပါဥပမာတွေထက် အဆများစွာလျှင်မြန်စွာဖြစ်ပျက်နေတဲ့ ပရမတ်ရုပ်နာမ်တွေကိုမြင်ဖို့နဲ့အဲ့ဒီ ရုပ်နာမ်တွေ တစ်ခုချင်းဖြစ်နေပျက်နေတာကိုတိတိကျကျ ပြတ်ပြတ်သားသား မြင်ဖို့အတွက် ကျမတို့ရဲ့မြင်နိုင်စွမ်း ကိုမြှင့် ရပါမယ်။ အဲ့ဒါကတော့ သမာဓိဆိုတဲ့ မှန်ဘီးလူးတပ်ခြင်းဖြစ်ပါတယ်။ သမာဓိဆိုတာ ကျမတို့ရဲ့ စိတ်ကို တစ်နေရာထဲမှာပဲစူးစိုက်ထားတာပါ။ အဲ့ဒီလိုထားနိုင်ရင် အမြင်အား သန် လာပါတယ်။ ဥပမာ ပစ္စည်း တစ်ခုကိုစိတ်ဝင်စားစွာစူးစူးစိုက်စိုက်ကြည့်တဲ့အခါ ပစ္စည်းရဲ့ သေးငယ်တဲ့ အနာအဆာ တွေ ကိုမြင်နိုင် ပါတယ်။

ဝိပဿနာအားထုတ်တဲ့အခါ အလွယ်ဆုံးက ဖြစ်ပျက်နှေးတဲ့ ပရမတ်ရုပ်ပေါ်အားရုံစူးစိုက်တဲ့ အာနာပါန ခေါ်တဲ့ ထွက်လေ ၀င်လေမှာ စိတ် စိုက်ပြီးကြည့် တာပါ။ ၀င်လေ၊ထွက်လေ ပေါ်မှာအားရုံစိုက်ရင် သမာဓိရပေမဲ့ ၀ိပဿနာ မဖြစ်ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ၀င်လေထွက်လေဆိုတာ ပရမတ် တရား မဟုတ်လို့ပါ။

ဝိပဿနာဖြစ်အောင် လေ နှာခေါင်းက ၀င်ထွက်တဲ့ အခါ ခံစားရတဲ့ ပူတာ၊အေးတာ၊ လှုပ်တာ၊ ထိတာကို အားရုံစိုက်မှ ပရမတ်ရုပ်တရားပေါ်အားရုံစိုက်တာမို့ ပထမ ပရမတ်ရုပ်ကိုတွေ့ပါမယ်။ နောက် သမာဒီအား ပိုမိုကောင်းလာတဲ့အခါ ပရမတ်ရုပ်ရဲ့ဖြစ်ပျက် ကိုတွေ့ပါလိမ့်မယ်။

မိုးကုတ်ဆရာတော်ဘုရားကြီးက ဖြစ်ပျက်မြင်ရင်လူဖြစ်ကျိုးနပ်ပြီးလို့ ဟောတော်မူပါတယ်။

လူဖြစ်ကျိုးနပ်ကြပါစေ။