လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, July 11, 2013

တရားဘယ်လိုနာမလဲ

တရားသစ်နဲ့တရားဟောင်း။
တရားသစ်နာရမှ နာရကျိုးနပ်တာလား။
တရားအဟောင်းနာတော့ နာရကျိုးမနပ်တော့ဘူးလား။
တရားအသစ်ပဲနာနာ။
တရားအဟောင်းပဲနာနာ။
တရားကိုတကယ်စိတ်ဝင်တစားနာရင်။
တရားကိုတကယ်ကျင့်သုံးချင်တဲ့စိတ်နဲ့နာရင်နာရကျိုးနပ်ပါတယ်။
အဟောင်းအသစ်ရွေးဖို့ထက်။
အကောင်းအနှစ်ဖွေးဖို့အရေးကြီးပါတယ်။

ဗဟုသုတဖြစ်ရုံလောက်ပဲတရားနာတဲ့သူက အချက်အလက်အသစ်တွေစုဆောင်းလောက်ဖို့
ပဲစိတ်ဝင်စားတယ်။ တရားအရသာခံစားဖို့၊တရားအတိုင်းလိုက်နာကျင့်သုံးဖို့စိတ်မ၀င်စားဖူး။
ဒါကြောင့်သူကတရားအသစ်နာရမှစိတ်ကျေနပ်တယ်။တရားအဟောင်းနာရင်စိတ်မကျေနပ်ဘူး။

တရားအရသာကိုသေချာခံစားပြီးနာတဲ့သူ၊တရားအတိုင်းလိုက်နာကျင့်သုံးချင်တဲ့သူစိတ်နဲ့နာတဲ့သူကတော့
တရားအသစ်ပဲနာနာ။ တရားအဟောင်းပဲနာနာ။စိတ်ကျေနပ်နာပါပဲ။

တရားအဟောင်းအသစ်ရွေးဖို့ထက်ကိုယ့်စိတ်အစဉ်မှာကုသိုလ် အကောင်းအနှစ်တွေ ဖွေးနေဖို့က ပို အရေးကြီးပါတယ်။

တရားတစ်ပုဒ်နာတဲ့နေရာမှာ နာတဲ့ကိစ္စဘယ်တော့မှပြီးဆုံးသလဲဆိုရင်ရဟန္တာဖြစ်မှပြီးဆုံးတာ။
တရားအပုဒ်တိုင်းအပုဒ်တိုင်းဟာ ရဟန္တာဖြစ်တဲ့အထိဟောထားတာချည်းပါပဲ။

တရားတစ်ပုဒ်ထဲပေမဲ့
ရှေ့တစ်ခေါက်နာတုန်းကထက်
နောက်တစ်ခါနာတော့
ဥဏ်တစ်မျိုးပွင့်တယ။်
သဒ္ဓါတစ်မျိုးတိုးတယ။်

အရှင်ဆန္ဒာဓိက၏ တရားလိုက်နာမှာလား၊ တရားနာလိုက်မှာလား မှ။


တရားနာခြင်း၌ အကျိုး ၅-မျိုး-
၁။ မကြားဖူးသည်ကို ကြားနာရ၏။
၂။ ကြားဖူးသည်ကို ဖြူစင်စေ၏။
၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏။
၎။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်၏။
၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။

မဟာစည်ဆဂာတော်ဘုရား။
သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊
ယုံမှားပယ်သတ်၊ ဖြောင့်မတ်ယူမြင်၊
စိတ်ကြည်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။


ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ လင်္ကာ
မကြားဘူးငြား တရားများ နာကြားရပေသည်။.
ကြားဘူပြီးသား ထပ်လို့နာ သေချာရှင်းပေသည်။.
ယုံမှားကင်းကွာ ယူဖြောင့်စွာ စိတ်မှာကြည်လင်သည်။.
တရားနာက ကျိုးငါးဝ မုချရပေသည်။


“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသင်္ချေ”
တရားနာရခြင်းကြောင့် ဘ၀ပေါင်း ၉ ကုဋေဒုဂ္ဂတိသို့မလာရောက်ဟုဆိုလိုသည်။

“တရားနာလျှင် သဒ္ဓါရွှင် ပညာအသိတိုး”
 
တရားနာခြင်း အနုပညာဟာ
အ၀ိဇ္ဇာ အမိုက်အမှောင်ကို ပယ်ဖျောက်ပြီး၊ 
ဝိဇ္ဇာအလင်းရောင်ကို ရစေပါတယ်။
 
အပါယ်တံခါးကို ပိတ်စေပြီး၊
နတ်ရွာနိဗ္ဗာန်တံခါးကို ပွင့်စေပါတယ်။
တဏှာပိုက်ကွန်ကို ဖောက်ဖျက် ပေးပြီး
မာရ်နတ်ရဲ့လက်ကလည်း လွတ်မြောက်စေပါတယ်။
သန့်စင်တဲ့ ကိုယ့်ကျင့်တရား မြေပြင်မှာ
ကောင်းမွန် မြင့်မြတ်တဲ့ စိတ်ဓာတ် ကျောက်တိုင်ကို
ခိုင်ခိုင်မတ်မတ် စိုက်ထူ ထားနိုင်တာမို့
ကံကြမ္မာရိုင်း၊ လော ကဓံလေမုန်တိုင်းတို့ရဲ့
တိုက်ခတ်တဲ့ဒဏ်ကို မတုန်မလှုပ်
တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရခံနိုင်ရည်ပြည့်ဝစေ ပါတယ်။
***~~~***~~~***
တကယ်တော့ တရားတော်တွေဆိုတာ
ငြင်းခုံစရာတွေ မဟုတ်ပါ။
ငြင်းခုံမှု၊ပဋိပက္ခ၊ ၀ိဝါဒတွေကို
ပြေငြိမ်းသွားစေတဲ့
ငြိမ်းချမ်းရေးသံတမန်ပါ။
ပြီးတော့ တရားတော်မြတ်ရဲ့
အဆီအနှစ်တွေဆိုတာ
သဘောထားကြီးကြီး
အသိဥာဏ်ကျယ်ကျယ်၊
စိတ်နေမြင့်မြတ်တဲ့သူတွေ
နှလုံးသားမှာသာ
ကိန်းရိုးထုံးစံရှိပါတယ်။
(တော်ဝင်နွယ်)
 

Saturday, July 6, 2013

အဆိုးထဲက အကောင်း။




                    Red Cross တည်ထောင်ခဲ့သော ဆွစ်စလန် လူမျိုး Henri Dunant

ကျေးဇူးတော်ရှင် ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရဲ “ငုံ့ကြည့် ၊ မော့ကြည့်၊ တည့်တည့်မြင် တတ်စေ”့  ဆိုတဲ့ဆောင်းပါးမှာ  “အထိုက်အလျှောက် နည်းနည်းပါးပါးဖြစ်စေ ရှိနေတဲ့ ပါရမီ ဓာတ်ခံ ကလေးတွေဟာ တစ်ခါ တစ်ခါတော့လည်း ကံမကောင်း အကြောင်းမလှမှုလေးတွေရဲ့ အကူအညီ အထောက်အပံ့ကို ရကြမှ ပိုပြီး ပီပြင် ထင်ရှားလာ သလိုလို ဖြစ်ခဲ့ရပုံ”  များကိုဖေါ်ပြထားပါတယ်။
ဒီအချက်က ကျမဘ၀အတွက်အလွန်မှန်ကန်နေတာတွေ့ရပါတယ်။

ကျမ အမေကတစ်ဦးတည်းသောသမီးဖြစ်ပြီး တောမြို့မှာမွေးခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာက မြန်မာတို့ရဲ့
ခံယူ ချက်ဖြစ်တဲ့ မိန်းခလေးများအနေနဲ့ကျောင်းနေစရာမလို အချိန်တန်ရင် မိဘများရှာဖွေပေးတဲ့
လင်ယောက်ျားကရှာဖွေကြွေးလိမ့်မယ်။ ကျောင်းနေလို့စာဖတ်တတ်ရင် ရီးစားထားလိမ့်မယ်ဆိုတဲ့
အယူအဆကြောင့်ကျောင်းမနေခဲ့ရပါဘူး။ အိမ်တွင်းမှုအတတ်ပညာနဲ့ အတွက်အချက်သာ သင်ခဲ့ရပါ တယ်။စစ်အတွင်း မိဘများပိုင်တဲ့ လယ်မြေများထားပြီးစစ်ပြေးခဲ့ရတာမို့ ၀င်ငွေရှာနိုင်တဲ့ပညာလည်းမရှိ
ပစ္စည်းဥစ္စာလည်းမရှိဖြစ်ခဲ့ပါတယ်။

ကျမ အဖေက တော့ ကျောင်းနေခဲ့ရသော်လည်း ရ တန်းနှစ်ရောက်တဲ့အချိန်မှာ စစ်ဖြစ်ခဲ့တယ်။ စစ်အတွင်းမိဘများနဲ့ကွဲပြားသွားခြင်း၊ မိဘများပိုင်ဆိုင်တဲ့ အထည်ဆိုင်များဗုံးချရာပါသွား တာကြောင့် မေမေနဲ့တွေ့တဲ့အချိန်မှာ ကားမောင်းသင်ပြီးသူများကားအငှါးမောင်းရတဲကားရိုင်ဘာဖြစ်နေ ပါတယ်။

ကျမအထက်မှာသား ၃ ယောက်နဲ့ သမီးတစ်ယောက်ရှိပါတယ်။ ကျမ မမွေးခင်မှာ ကျမရဲ့အကို ၃ယောက်
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုသေဆုံးသွားကြတယ်လို့ဆိုပါတယ်။ မေမေတို့ပြောပြတဲ့လက္ခဏာအရ အကို
တစ်ယောက်မှာ တစ်ကိုယ်လုံးကအကျိတ်တွေရောင်လာပြီးသေဆုံးတာကြောင့် အကျိတ်ကင်ဆာဖြစ်ဖို့
များပါတယ်။ ကျန်အကိုကတော့ တစ်ကိုယ်လုံးရောင် ပြီးဆုံးတယ်ဆိုတော့ ခလေးတွေမှာ အဖြစ်များတဲ့ ကျောက်ကပ်ရောဂါလို့ထင်ပါတယ်။ ကျန်အကိုကတော့ နမိုးနီးယားနဲ့သေဆုံးတယ်လို့ပြောပါတယ်။ အဲ့ဒီအချိန်က နမိုးနီးယားဖြစ်ရင် ပိုးသတ်ဆေးတွေမရှိသေးတာကြောင့်ယခုခေတ် ကင်ဆာဖြစ် သလိုပဲ သေကြရတာပါပဲ။

ကျမ ကိုယ်ဝန်နဲ့ မေမေလိမ့်ကျပြီး ညာလက်ကောက်ဝတ်ကျိုးသွားပါတယ်။ တရုပ်ဆေးတွေနဲ့ကုသ ခဲ့ရ တဲ့အတွက် လက်ကပုံမမှန်ပဲဆက်သွားလို့ သေဆုံးတဲ့အထိ ညာလက်နဲ့ အသေးစိတ်လှုပ်ရှားမှု ဥပမာ
အပ်ကဲ့သို့သောသေးငယ်သောပစ္စည်းများကိုကိုင်လို့မရပါဘူး။

အဲ့ဒီအချိန်မှာ အဖေမောင်းတဲ့ကားကို စဥ့်အိုးတန်းက ကမ်းစပ်မှာရပ်ထားပြီးထမင်းသွားစားစဉ် ကားက
ရေထဲသူ့ဘာသာကျသွားတဲ့အတွက် မရှိရတဲ့ကြားထဲက ကရိန်းနဲ့ဆွဲတင်ရတယ်တဲ့။ မေမေကသူ့မှာဝတ် ထားတဲ့လက်ဝတ်လက်စားတွေရောင်းပြီးအိမ်ဆိုင်လေးဖွင့်ပြီးတဘက်တလမ်းမှဝင်ငွေရအောင်ရှာပေမဲ့ လုပ်ငန်း မကျွမ်းကျင်မှုကြောင့် မမြတ်ပဲ အရင်းပါပျောက်ခဲ့ပါ တယ်။ မေမေတို့ရဲ့စီးပွါးရေးကလည်းအလွန့်ကို
ကျဆင်းနေပါတယ်။ အဖေမှာဝတ်စရာရှပ်အကျီ င်္တစ်တည်သာရှိတာမို့ အဖေအလုပ်ကပြန်လာတာနဲ့
ချက်ချင်းလျော်ပြီး တစ်ညလုံးခြောက်အောင်လှမ်းထားရကြောင်း မိုးရွာလို့ မခြောက်ရင် မနက်ဝတ်ဖို့အိမ်နီး
ချင်းဆီကမီးပူငှါးပြီးတိုက်ရတယ်တဲ့။ အဲ့ဒီအချိန်မှာမွေးလာရတဲ့ကျမကို ကျောင်းလခ ပေးရတဲ့
ကျောင်းမှာမထားနိုင်တာကြောင့် ပိုက်ဆံမပေးရတဲ့ ဓမ္မာရုံကျောင်းမှာထားခဲ့ပါတယ်။

ဓမ္မာရုံကျောင်းဆိုတာ ရပ်ကွက်ဓမ္မာရုံရဲ့အောက်မှာ တစ်တန်းကနေ လေးတန်းအထိအစိုးရမူလတန်းအဖြစ်
လုပ်ထားတဲ့ကျောင်းပါ။ ကျောင်းမှာ အခန်းဖွဲ့ထားခြင်းမရှိပါဘူး။ လေးတန်းစလုံးကကျောင်းသားတွေ အတူတူစာသင်ရတာပါ။ ၅ တန်းရောက်တော့ အစိုးရအထက်တန်းကျောင်းကိုပြောင်းနေရပါတယ်။

၅ တန်းကျမှ A,B, C, D စသင်ရပါတယ်။ ၈ တန်းရောက်တော့ tense တွေသင်ရပါတယ်။ ဒါပေမဲ့
ကျမ သိပ်နားမလည်ပါဘူး။ go  ကနေဘာဖြစ်လို့ goes ဖြစ်သွားမှန်းလည်းမသိပါဘူး။ ဒါနဲ့ပဲ ၁၀ တန်း
ရောက်လာပါတယ်။ ၁၀ တန်းက အင်္ဂလိပ်စာသင်တဲ့ဆရာမက မင်းတို့ရဲ့ အင်္ဂလိပ်စာကသိပ်ကိုညံ့နေတယ်။
တတ်အောင်သင်နေဖို့အချိန်မရှိတော့ဘူး။ စာမေးပွဲအောင်အောင်ပဲလုပ်ရတော့မယ်ဆိုပြီး အင်္ဂလိပ် text
(Anapuna ဆိုတဲ့စိတ်ဝင်စားစရာမကောင်းတဲ့ မြန်မာတွေအတွက်လည်းအသုံးမ၀င်လှတဲ့ တောင်တတ်တဲ့ အကြောင်း) ထဲက တစ်နေ့တစ်ပုဒ်ကို အခေါက် ၅၀ ရေးခိုင်းပါတယ်။ အဓိပ္ပါယ်မသိပဲ အလွတ်ရ အောင်
လုပ်ခိုင်းတာပါ။ စာမေးပွဲမေးခွန်းမှာ reading conprehension ဆိုတဲ့ မေးခွန်း တစ်ခုပါ ပါတယ်။  အကြောင်း အရာတစ်ခုကိုရေးထားပြီး အဲ့ဒီအကြောင်းကို နားလည်လား ဆိုတာစမ်းတဲ့အနေနဲ့မေးခွန်းတွေ မေးထားပါတယ်။ ကျမ reading conprehension မှာရေးထားတာတွေ ဘာမှနားမလည်ပါဘူး။ ဒါကြောင့်မေးခွန်မှာပါတဲ့စာကြောင်းတွေကို reading conprehension ထဲမှာရှာပြီး ကူးရေးပေးလိုက် ပါတယ်။

ကျမ ၅ တန်းလောက်မှာ မေမေတို့စီးပွါးရေးတွေအစဉ်ပြေလာလို့ ယောကျာ်းလေးဖြစ်တဲ့ ကျမ မောင်ကို လက်ပတ်နာရီတစ်လုံးဝယ်ပေးပါတယ်။ ကျမ ၁၀ တန်းဖြေမဲ့နေ့မှာ မေမေက မောင်လေးရဲ့ လက်ပတ် နာရီကို ကျမပတ်သွားဖို့ မောင်လေးစီကယူပေးပါတယ်။ ကျမလည်း နာရီကို အချိန်တိုက်ပြီး စာမေးပွဲသွား ဖြေပါတယ်။ စာဖြေနေရာက နာရီကြည့်လိုက်တော့ အချိန်ပြည့်ကာနီးနေပြီးမို့ အမြန်ဆုံးရေးနေပါတယ်။
ကျမနာရီအချိန်ပြည့်လို စာဖြေတာခဏနားပြီးပတ်ဝန်ကျင်ကိုကြည့်လိုက်တော့ တစ်ခန်းလုံးငြိမ်နေပြီှး
စာရွက်ထပ်တောင်းနေတာတောင်တွေ့ရပါတယ်။ ဒါနဲ့ ကျမဖြေထားတဲ့ အဖြေစာရွက်ပြန်ကြည့်ပြီး ကျန်နေ တာတွေထပ်ရေးစရာမရှိလို့ မျှားတွေပြပြီးဖြေခဲ့ရပါတယ်။ ကျမအဖြေစာရွက်က အဖြေစာရွက်နဲ့မထူပဲ မြေပုံတစ်ခုလိုဖြစ်နေပါတယ်။ (ပထမဆုံးအကြိမ် ကျမ နာရီတိုက်တာ မှားပြီး တစ် နာရီစော နေတာ နောက်မှ သိရပါတယ်။) အဲ့ဒီကထဲက ကျမစာမေးပွဲဖြေတိုင်း နောက်ထပ် ရေးလို့ရအောင် ဘေးနှစ်ဘက်မှာ နေရာများများချန်ထားတဲ့အပြင် စာတစ်ကြောင်းနဲ့တစ်ကြောင်းမှာလည်း နေရာချန် ရေးပါတယ်။ ( double spacing) ဒါကြောင့်ကျမ ပထမ မိနစ် ၃၀ လောက်ကထဲက စာရွက်ထပ်တောင်းရပါတယ်။ ကျမ သူငယ်ချင်း တွေက ကျမ နားမှာမဖြေချင်ဘူးတဲ့ ငါတို့ကစဉ်းစားလို့မရသေးဘူး နင်က စာရွက်ထပ်တောင်း နေပြီ စိတ်ဓါတ်ကျတယ်တဲ့။  အဲ့ဒီအကျင့်ကြောင့် ကျမနဲ့စာတူတူကျက်တဲ့ ကျမသူငယ်ချင်းထက်ကျမကအမှတ်အမြဲပိုရပါ တယ်။ စာမေးပွဲမှာ မေးတာထက်ပိုဖြေလို့ အမှတ်နှုတ်တာမှမဟုတ်တာ။ မေးတာ မပါရင် သာ အမှတ်နှုတ်ခံရတာပါ။ (ကျမ သူငယ်ချင်းက ကျမ ရှိုတယ်လို့ထင်ရှာတယ်။ ဒီပြင့်ကံတွေမကောင်းပေမဲ့ ကံကောင်းစွာကျမ မှာအဲ့ဒီလို စိတ်ဆိုးစိတ်ယုတ်မျိုးပါမလာခဲ့ဘူး။)

အချိန်ပြည့်နေပြီးအထင်နဲ့အမြန်ရေးခဲ့တာမို့ ကျမစာရေးတာလဲအလွန်မြန်သွားပါတယ်။ စာရေးမြန် တာ
 ကြောင့် စာမေးပွဲမှာ မေးခွန်အကုန်၊အဖြေအပြည့်အစုံရေးနိုင်တဲ့အပြင် တက္ကသိုလ်ရောက်တော့ lecture
ကိုအပြည့်အစုံလိုက်ရေးနိုင်ပါတယ်။

၁၀ တန်းအောင်စားရင်းထွက်တော့ ဂုဏ်ထူးနှစ်ခုနဲ့အောင်ပါတယ်။ အဲ့ဒီအချိန်က tution တွေမရှိသေးတဲ့ အချိန်၊ဂုဏ်ထူးတွေပေါ်ကာစပါ။ အမှတ်ပြည့်တာကြောင့်မေမေတို့ဖြစ်စေချင်တဲ့ ဆေးကျောင်းကို ရောင်တောင်ပေါင်တောင်နဲ့ ရောက်ခဲ့ပါတယ်။ ဆေးကျောင်းမှာ အင်္ဂလိပ်လိုရေးထားတာကို မြန်မာ အင်္ဂလိပ်ရော်ပြီး သင်ပါတယ်။ ဖြေတဲ့အခါ အင်္ဂလိပ်လိုဖြစ်ဖြစ်၊ အင်္ဂလိပ်မြန်မာ ရော်ပြီးဖြစ်ဖြစ် ဖြေနိုင် ပါတယ်။ ကျမ အနေနဲ့ အင်္ဂလိပ်လိုမကျွမ်းကျင်တာမို့ဆေးကျောင်းမှာ သူများ တကာတွေ ဘာသာရပ်ကို လေ့လာနေတဲ့အချိန်မှာ ကျမက အင်္ဂလိပ်ဘာသာကို ပါလေ့လာနေရ ပါတယ်။

ရုပ်ရှင်နဲ့ ၀တ္ထုသိပ်ကြိုက်တဲ့ ကျမ ဆေးကျောင်းရောက်ကထဲက ရုပ်ရှင်နဲ့ ၀တ္ထုကိုစွန့်လွှတ်ခဲ့ရပါတယ်။
ကျောင်းမှာလူကြားထဲ စာမေးခံရပြီး မဖြေနိုင်မှာစိုးလို့ အရောင်ဖျော့ဖျော့ တက်ထရွန်လောင်းဗြောင်
အကျီ င်္တွေသာဝတ်ခဲ့ပါတယ်။ အလှပြင်ဖို့ဆိုတာတော့ဝေးရောပဲ။ သနပ်ခါးဘဲကြားနဲ့ကျစ်ဆံမီးတစ်ချောင်း
ထဲသာကျစ်လေ့ရှိပါတယ်။ အချိန်မရှိတာရော။ စာတော့မရဘူး။ အလှတော့ပြင်နိုင်တယ်လို့ အပြောခံရမှာ ကြောက်တာလဲ ပါ ပါတယ်။

ပထမနှစ်မှာ အင်္ဂလိပ်စာသင်ရပါတယ်။ အဲ့ဒီအချိန်ဟာ ကျမအတွက် စိတ်ဆင်းရဲ စရာ အကောင်းဆုံး အချိန်ပါပဲ။ အင်္ဂလိပ်စာသင်ချိန်မှာ အင်္ဂလိပ်လိုအများဆုံးပြောတာမို့ ကျမ ဘာမှနားမလည်ပါဘူး။ ကျောင်းသားတော်တော်များများက သူငယ်တန်းကထဲကအင်္ဂလိပ်စာသင်ခဲ့တဲ့ ကျောင်းတွေကလာတာမို့
သူတို့ကတော့နားလည်ပါတယ်။ တစ်နေ့မှာဆရာက (listening comprehension အနေနဲ့ အကြောင်းအရာ တစ်ခုကိုဖတ်ပြပြီးမေးခွန်းတွေမေးတာပါ။) သင်ခန်းစာမှာ ဟင်နရီဒူနံ အကြောင်းဖတ်ပြပါတယ်။ ကျမ ဘာမှနားမလည်ပါဘူး။ ဟင်နရီဒူနံ ဆိုတဲ့စကားလုံး ပဲကြား နေပါတယ်။ ဟင်နရီ ဆိုတာ အင်္ဂလိပ်နံမည် ဆိုတာ တော့ကျမသိပါတယ်။ ဒူနံ ဆိုတာမျိုးရိုးနံမည်ဆိုတာမသိပါဘူး။ ကျမသိတာက ဒူးနံ့ တယ်ဆိုတဲ မြန်မာစကားပါ။ ဒါကြောင့် ဘာလို့ ဟင်နရီ ဆိုတဲ့လူ ဒူးနံ့တဲ့အကြောင်း ကို ဘာလို့များကြီးကြီးကျယ်ကျယ် ဖတ်ပြပါလိမ့်လို့သာတွေးနေခဲ့မိပါတယ်။ နောက်မှ နံနည်ကျော်  red cross အဖွဲ့ကြီးတည်ထောင်ခဲ့တဲ့
ဟင်နရီဒူနံ  Henri Dunant မှန်းသိရတယ်။

ပထမနှစ် (botany) သစ်ပင်တွေ အကြောင်းသင်ရတဲ့ lecture မှာ lecture  ပေးတဲ့ botany ဌာနက ပရောဖက်စာက သစ်ပင်ရဲ့အမြစ်ကနေ သစ်ပင်ထိပ်ဖျားကိုရေတွေဘယ်လိုရောက်တယ် ဆိုတာ သင်ပါ တယ်။ သစ်ပင်ထိပ်ဖျားမှာရေတွေ minimum ရောက်ရင် အမြစ်ကရေတွေသစ်ပင်အပေါ်ကိုတွန်းပို့ပေး လိုက်ပြီး၊ရေတွေ maximum ရောက်ရင် အမြစ်ကရေတွေ သစ်ပင်အပေါ်ကိုတွန်းပို့မှုရပ်လိုက် ကြောင်း ပြောပါတယ်။ မသိတာရှိရင်လည်းသူ့အခန်းမှာ အချိန်မရွေးလာမေးနိုင်ကြောင်းပြောပါတယ်။ ကျမရဲ့ အကျင့်တစ်ခုက ကျမနားမလည်တာကို အသေမှတ်လို့မရတာပါပဲ။ ဒါကြောင့် ပရောဖက်စာကို စာ သွား မေး ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျမ ကျောင်းက ကျမတစ်ယောက်ထဲဆေးကျောင်းရောက်ခဲ့တာမို့ကျမ မှာ သူငယ်ချင်းလည်းမရှိတာမို့ ကျမတစ်ယောက်ထဲ ပရောဖက်စာအခန်းသွားခဲ့ပါတယ်။ ကျမ မှာ သူငယ်ချင်း မရှိတာ တောင်ကျေးဇူးတင်ရမလိုဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ကျမ အရှက်ကွဲခဲ့လို့ပါ။
ပရောဖက်စာက lecture တုံးကလိုပဲ ပြန်ရှင်းပြပါတယ်။ ကျမက အားလုံးနားလည်ကြောင်းကျမ နားမလည်တာက minimum နဲ့ maximum ဆိုတာပါလို့ပြောလိုက်တော့ ပရောဖက်စာက သူ့နဖူးလက်နဲ့
ရိုက်ပြီး မင်းဘယ်ကျောင်းကအောင်တာလဲလို့မေးပါတယ်။ minimum  ဆိုတာအနည်းဆုံး၊ maximum
ဆိုတာအများဆုံးဆိုတာ ကျမ နားမလည်ခဲ့တာပါ။ ကျမဆေးကျောင်းရောက်တဲ့အထိ အင်္ဂလိပ်မြန်မာ
အဘိဓါန်တောင်မကြည့်တတ်ခဲ့တာပါ။ ပရောဖက်စာ တော့ ကျမ ခုံနံပတ်မှတ်မိတော့မှာပဲ စာမေးပွဲကျရင်
တော့ သိတော့မှာပဲဆိုတဲ့စိတ်နဲ့ကျမကြိုးစားလိုက်တာနောက်ဆုံးစာမေးပွဲမှာ botany နဲ့ zoology နှစ်ခုပေါင်းတဲ့  Biology subject မှာ ဂရိတ် ၅ ခုမှာ ၅ နဲ့အောင်ခဲ့ပါတယ်။

ဆေးတက္ကသိုလ်မှာ အခက်အခဲအမျိုးမျိုးကိုကျော်လွှာခဲ့ရတာကြောင့်ကျမ တော်တော်တန်တန် အခက် အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပါတယ်။ ၁၉၉၄ ကျမ အပါအ၀င် ပြင်သစ်နိုင်ငံကို မြန်မာ ဆရာ
ဝန် ၃ ယောက် ပညာတော်သင်ရောက်ခဲ့ပါတယ်။ ကျန်တဲ့ ၂ ယောက်က နှလုံး ရောဂါအထူးကုဆရာဝန်
ကြီးနဲ့ အရိုးအကြောအထူးကုဆရာဝန်ပါ။

အရိုးအကြောအထူးကုဆရာဝန်က လူငယ်ဆရာဝန်ပါ။ အထူးကုအောင်ပြီးတာမကြာသေးပါဘူး။ ပြင်သစ် ကို တစ်နှစ်ပညာသင်လာရတာပါ။သားဦးလေးမွေးထားတာလည်းမကြာသေးဘူးလို့သိရပါတယ်။ ပထမ ၆ လမှာ ပြင်သစ်စကားသင်စေပါတယ်။  နောက် ၆ လမှာ အရိုးအကြောဆေးရုံကိုပို့လိုက်ပါတယ်။ ပြင်သစ်စာသင်တော့မှ ခက်ပါတယ်ဆိုတဲ့အင်္ဂလိပ်စာဟာအလွန်လွယ်နေတာသိရပါတယ်။ (ကျမ ပြင်သစ်စာ သင်နေတာ ၁၀ နှစ်နီးပါးရှိပါပြီ အခုထက်ထိ ကောင်းကောင်းမွန်မွန် မပြောနိုင်သေးပါဘူး။) အရိုးအကြောအထူးကုဆရာဝန်လေးလဲ ပြင်သစ်စကားကောင်းကောင်းနားလည်းမလည် ပြောလည်း မပြောနိုင်တာကြောင့် ဆေးရုံကလူနာတွေနဲ့ စကားပြောလို့မရဖြစ်နေပါတယ်။ ခွဲစိပ်ခန်းထဲဝင်ပြီးခွဲစိပ်ဆရာဝန်ကြီးကိုကူညီရတဲ့အခါကြတော့လည်း mask  တတ်ထားတဲ့ ဆရာဝန်ကြီးပြောတဲ့ စကားတွေကို နားမလည်နိုင်တဲ့အတွက် ခွဲခန်းထဲမှာလည်း အဆင်မပြေဖြစ်နေပါတယ်။ နောက်ဆုံးမှာ လူငယ်ဆရာ ၀န်လေးလည်း စိတ်ဓါတ်တွေကျပြီး တစ်နေ့မှာ မြန်မာသံရုံကိုဖုန်းဆက်လာပါတယ်။ ပြင်သစ်တွေကတင် ကျနော့်ကိုဆန့်ကျင် တာ မဟုတ်ဘူး။ ပြင်သစ်ရထားတွေကပါကျနော့်ကိုဆန့်ကျင် နေကြတယ်။ ကျနော်က တောင်ဘက်ကိုသွားဖို့တောင်ဖက်သွားတဲ့ ရထားစီးရင် ရထားက မြောက်ဘက် သွားတယ်။ ကျနော်က မြောက်ဘက်ကိုသွားဖို့မြောက်ဖက်သွားတဲ့ ရထားစီးရင် ရထားက တောင်ဘက် သွားတယ် လို့ပြောတာနဲ့သူ့ကို သံရုံး ခေါ်လာပြီး၊ စိတ်ရောဂါအထူးကုနဲ့ပြ၊ဆေးတိုက်ပြီး ရန်ကုန်ပြန်ပို့လိုက်ရပါတယ်။

နှလုံးအထူးကုဆရာဝန်ကြီးကတော့ ၃လ သာလာရတာမို့ ပြင်သစ်စာ မသင်ရပါဘူး။ သူလည်း ဘာသာစကားပြဿနာ (language barrier)  ကြောင့် လူနာနဲ့လည်းဆက်သွယ်လို့မရ၊ ကျန်တဲ့ပြင်သစ် ဆရာဝန်တွေနဲ့လည်းဆက်ဆံ လို့မရတာကြောင့် ၃လ မပြည့်ခင် ပြင်သစ်တွေမသိအောင် တိတ်တဆိတ် ရန်ကုန်ပြန်လာခဲ့ပါတယ်။ အဲဒီထဲကမြန်မာပညာတော်သင်တွေကို အပြန်လေယာဉ်လက်မှတ် ပေး မထားတော့ပါဘူး။

ကျမကတော့ ငှက်ဖျားနဲ့ပတ်သက်တဲ့သုတေသနလုပ်ဖို့နောက်ဆုံးပေါ်နည်းပညာတွေသင်ဖို့ WHO အထောက်အပံ့နဲ့ ပါရီမြို့က Pasteur Institute ကို ပထမဆင့်အနေနဲ့ တစ်နှစ် လာရပါတယ်။ သုတေသနလုပ်ရတာဆိုတော့ ဆေးရုံမှာလောက် လူတွေနဲ့ဆက်ဆံမှုမရှိလို့ သူတို့လောက်တော့ အခြေအနေမဆိုးဖူးလို့ဆိုနိုင်ပေမဲ့ အရှေ့နဲ့အနောက် ယဉ်ကျေးမှု ပြောင်းပြန်ဖြစ်နေတာ၊ စကား မပေါက်တာတွေကတော့ နေ့စဉ်နီးပါးတွေ့ကြုံ ရပါတယ်။ ဆေးကျောင်းမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲ တွေကြောင့်ကျမခံနိုင်ရည်ရှိနေပါတယ်။ တစ်နှစ်ပြည့်လို့တိုင်းပြည်ပြန်ရောက်တော့ ကျမ ဒါရိုက်တာက ပြောပါတယ်။ မင်းမရူးပဲ တစ်နှစ်နေနိုင်တာနဲ့တင်မင်းကို Ph.D ပေးသင့်တယ်တဲ့။

အခက်အခဲများအားအောင်မြင်စွာကျော်လွှားနိုင်ကြပါစေ။


Sunday, June 23, 2013

ပါရီမြို့ကကြွေထည် museum



                                                           Museum



 
Museum အ၀င်ကျောက်ရုပ်
 
 
 
                                             ခြံဝင်းအတွင်းကြွေထည်ရုပ်ထုများ။

မြေထည်၊ဆင့်ထည်နှင့်ကြွေထည်များမှာမြေကြီးကိုမီးဖုတ်ခြင်းဖြင့်ရရှိသောပစ္စည်းများဖြစ်ပါတယ်။ အစဦးဆုံးမီးအပူချိန်နည်းစဉ်တွင်ရေမထိမ်းနိုင်သော အပေါက်ငယ်များပါသောမြေထည်များရပါသည်။
ဥပမာ အိမ်ဆောက်အုတ်များ။ ပိုမိုမြင့်သောအပူချိန်တွင် ရေမစိမ့်နိုင်သောမြေအိုးများရပါသည်။ ဥပမာ
မြေထည်သောက်ရေအိုး၊ထမင်းအိုးစသည်များ။အပူပေးရာ၌လေအနည်းအများပေါ်မူတည်၍ မြေထည် အရောင် အနီ၊အနက်ဖြစ်ပါတယ်။ ၎င်းအချက်ကိုအသုံးပြုပြီး အနက်ခံတွင်အနီရောင်အရုပ်ဆွဲခြင်း၊ အနီရောင်တွင်အနက် ရောင်ပုံဆွဲခြင်းများပြုလုပ်ကြပါတယ်။

မြေတွင်ပါသောဓါတ်သတ္တုများမီးအပူရှိန်ကြောင့်အရောင်ပြောင်းခြင်းကိုအသုံးပြု၍အစိမ်းရောင်များ၊အပြာရောင်များ တည်ထွင်ခဲ့ကြပါတယ်။ ရွှေများကိုလည်းထဲ့သွင်းအသုံပြုခဲ့ကြပါတယ်။ နောက်ပိုင်းတွင်
မြေထည်များကိုပြောင်ချော်ထောက်ပအောင်ပြုလုပ်နိုင်ခြင်းဖြင့်ကြွေထည်များရရှိလာပါတယ်။ ကြွေထည်များကို တရုပ်နိုင်ငံတွင် ၉ ရာစုခန့်ကပင်ထုတ်လုပ်နိုင်သော်လည်းဥရောပတွင် ၁၈ ရာစုမှသာ ပြုလုပ်နိုင်ခဲ့ပါတယ်။


 
ခရစ်မတိုင်မီ ၃-၂ ရာစုမှစ၍စုဆောင်းရရှိသောမြေထည်များ။
 
 
 
 
 
 
အီဂျစ်လူမျိုးများမြေထည်ပစ္စည်းများတွင်အရောင်များထည့်လာနိုင်ခြင်း။
 
 
 
မြေထည်များတွင်ပန်းချီများရေးဆွဲလာခြင်း။
 
 
 
၉ ရာစုကပင်တရုပ်လူမျိုးများသာကြွေထည်များပြုလုပ်နိုင်ပြီးကမ္ဘာအရပ်ရပ်သို့တင်ပို့ရောင်းချကြသဖြင့်
ဥရောပဈေးကွက်အတွက်ထုလုပ်ထားသောတရုပ်ကြွေထည်များမှာတရုပ်မျက်နှာပေါက်နှင့်ဥရောပ        အ၀တ်အစားများဝတ်ဆင်ထားသည်။

 
အီရန်လူမျိုးများကြွေထည်များတွင်အနီရောင်ထဲ့နိုင်လာခြင်း။ ထဲ့ထားသောအနီရောင်ဆေးများမေါက်နေခြင်း။
 
၁၄ ရာစုတွင်အီရန်လူမျိုးများဆင့်ထည်များပြုလုပ်နိုင်လာခြင်း။
 
 
Museum အ၀င်မှကြွေရုပ်ထု။
 
 
 
ယခုခေတ်ကြွေပန်းအိုးများ။
 
 
 

 
 
 
 
 
 
 
 
 
 
 
ကြွေထည်တွင်အသုံးပြုသောအရောင်ဆိုးဆေးများ။ ၎င်းအရောင်များသည်သေသတ်ပြတ်သားသော    အရောင်များဖြစ်စေသည်။



              အထက်ပါအရောင်ဆိုးဆေးများက မပြတ်သားသောအရောင်များဖြစ်စေသည်။
 
 
 
 
 
 

Wednesday, June 19, 2013

အရှင်ဆန္ဒာဓိက၏သြ၀ါဒ။

ရလေလိုလေ  ဒါပေမဲ့ တဒင်္ဂလေးတွေ။
ဒီအရသာ တစ်ကြိမ်ခံစား၊
စိတ်ကျေနပ်သွားမယ်ထင်ပါရဲ့၊
ပါစင်အောင် အလွဲကြီးလွဲ၊
ဘယ်လိုမှ မရောင်ရဲ နိုင်ပါလား။
ထပ်တလဲလဲ ခံစားချင်၊
ဘာအပြစ်မှလည်း မမြင်နိုင်တော့၊
အမျှင်မပြတ်နိုင်အောင်များ၊
အရသာက မရပ်မနားလားဆိုတော့၊
ဖျက်ခနဲပျော် ဖျက်ခနဲပျောက်၊
အိပ်မက်မှာ ထီပေါက်သလိုပါပဲ။
ရေပေါက်ရေပွက်ကလေး။
ငုတ်တုတ်ထိုင်ငေးနေရသလို၊
သေးသေးလေးမှ တကယ့်သေးသေးလေး။
အခိုက်တန့်လေးမှ တကယ့်အခိုက်အတန့်လေး။

Thursday, June 13, 2013

ဝိပဿနာဥာဏ်ဆိုတာစကားလုံးတွေရဲ့နယ်ပယ်ကိုလွန်နေတယ်။



ဗုဒ္ဓဘာသာတရားဟာ သုတမယ၊စိန္တာမယလောက်နဲ့တင်ရပ်ထားလို့မရဘူး။ ဘုန်းကြီးကိုယ်တိုင်လည်း
သုတမယ၊စိန္တာမယလောက်ရှိခဲ့တုန်ုးကကိုယ့်ဟာကိုယ်တော်တော်သိပြီလို့ထင်ခဲ့တာ။ တရားအားထုတ်ကြည့်လာတဲ့အခါမှာ ကိုယ့်ဥာဏ်နဲ့ကိုယ်သိလာတဲ့အခါမှာ သုတမယ၊စိန္တာမယနဲ့ ဘာဝနာမယဥာဏ်ကြားမှယခြားနားမှုဘယ်လောက်ကြီးကျယ်သလဲဆိုတာပိုသိရတယ်။

 စာတွေဘယ်လောက်ဖတ်ဖတ် ရုပ်တရား နာမ်တရားဆိုတာတွေကို စာဖတ်ရုံနဲ့မသိနိုင်ပါဘူး။ ကိုယ်တိုင်တရားအားထုတ်ပြီးသတိ၊သမာဓိရင့်ကျက်လာတဲ့အခါကျမှ ရုပ်တရားနာမ်တရားတို့ရဲ့သဘောကိုပိုင်းပိုင်းခြားခြားသိတဲ့ နာမရူပပရိစ္ဆေဒဥာဏ်ဆိုတာကိုသဘောပေါက်လာတယ်။
တဆင့်တက်ရရင်ရုပ်တရားနာမ်တရားတို့ရဲ့အကြောင်းအကျိုးကိုသိတဲ့ပစ္စယပရိဂ္ဂဟဥာဏ်ဆိုတာကို
သတိ သမာဓိပိုကောင်းလာတဲ့အခါသဘောပေါက်လာတယ်။ ပိုပြီးနက်နဲ သိမ်မွေ့ပါတယ်။
သူ့ထက်တစ်ဆင့်ထပ်တက်ရရင် အနိစ္စ၊ဒုက္ခ၊အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးကို နက်နက်နဲနဲ သိတဲ့ သမာသဏဥာဏ်ကိုသဘောပေါက်လာပြန်တယ်။ ဒီနေရာမှာရှုမှတ်မှုနဲ့ဆင်ခြင်မှုရောနေတတ်တယ်။
ဝိပဿနာဥာဏ်ရင့်ကျက်လာတဲ့အခါမှာတော့ဆင်ခြင်မှုမပါတော့ပဲ ဖြစ်ခြင်းပျက်ခြင်းကို ကိုယ်ပိုင်ဥာဏ်နဲ့တိုက်ရိုက်ကြည့်ပြီးသိနေတဲ့ဥာဏ်ကိုရောက်တယ်။ဒီဥာဏ်မျိုးကိုရောက်တဲ့အခါမှာ အနိစ္စဆိုတာကို ဘယ်လိုမှပြောပြလို့မဖြစ်နိုင်ပါလားဆိုတာ သဘောပေါက်သွားတယ်။ လူတိုင်းပြောနေတဲ့ဖြစ်ပြီးရင်ပျက်တာပဲ မမြဲဘူးဆိုတာ အတွေးသက်သက်နဲ့ပြောတာပါ။တကယ့်ပရမတ္ထတရားတွေဟာ စကားလုံးရဲ့နယ်ပယ်ကိုလွန်နေတယ်။

  လက်ကလေးနှစ်ဖက်ထိထားတဲ့အခါမှာနွေးနေတာရှိတယ်။ပျော့နေတာရှိတယ်။လှုပ်နေတာရှိတယ်။
အဲ့ဒါကိုစကားနဲ့ဘယ်လိုမှပြောလို့မရဘူး။အဲ့ဒီသဘောတွေကိုထိပြီးသိနေမှရတယ်။ဒီလိုထိနေတာလေးမှာ လက်လည်းမပါ၊ငါလည်းမပါ၊ပုံသဏ္ဍန်လည်းမပါပဲနဲ့နွေးတဲ့သဘောသက်သက်
ပျော့တဲ့သဘော သက်သက်၊လှုပ်တဲ့သဘောသက်သက်ကိုသိစေချင်တယ်။တော်တော်ကြိုးစားယူရမယ်။
အဲ့ဒါစကားလုံးရဲ့နယ်ပယ်ကိုလွန်သွားပြီ။ အင်မတန်ရိုးတဲ့အောက်ဆုံးအဆင့်ဥာဏ်တောင်မှစကားနဲ့ပြောလို့မရတော့ဘူး။

ဆရာတော်ဦးဇောတိက၏ သတိဆိုသောနေအိမ်စာအုပ်မှ

Friday, June 7, 2013

သြဝါဒပါတိမောက်မြတ်တရား။


အပါယ်ဘေးမှကင်းဝေးစေ သောအဆုံးအမတော်ဟုအနက်ရသည်။ မဟာသက္ကရာဇ် ၁၀၃- ခု၊ရှင်တော် ဂေါတမဘုရားဖြစ်တော်မူပြီး ကိုးလ တိတိမြောက်သည့် တပို့တွဲလပြည့် (ဂရုဓမ္မအခါတော်) နေ့ညနေ၊နေဝင်စ လပြည့်ဝန်းကြီးထွက်ပြူစ၊အလွန်သာယာကြည်နူးဖွယ်ကောင်းသောဆည်းဆာချိန်တွင်  ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း ဗုဒ္ဓါသနပလ္လင်တော်ထက်ဝယ် ရောင်ခြည်တော် ခြောက်သွယ် ထွန်းပ ကွန်းမြူးလျက်သီတင်းသုံးစံပယ်တော်မူစဉ် ကိုယ်တော်မြတ်၏လက်ဝဲဘက်တွင် ရှင်မောဂ္ဂလ္လာန် မထေရ်မြတ်ကြီးနှင့်လက်ယာဘက်တွင် ရှင်သာရိပုတ္တရာ မထေရ် မြတ်ကြီးတို့ခြံရံခစား ဖူးမြော်လျက် ရှိနေကြ၏။ ဤအခါသမယကား။                                                                                  
၁။ တပို့တွဲလပြည့်နေ့ဖြစ်ခြင်း။               
၂။ပရိသတ်မှာ ဧဟိဘိက္ခုတို့ချည်းသာလျှင်ဖြစ်ကြခြင်း။
၃။ပဋိသမ္ဘိဒါပတ္တရဟန္တာတို့ချည်းသာလျှင်ဖြစ်ကြခြင်း။
၎။ မည်သူကမျှမပင့်ဖိတ်အချိန်းအချက်မရှိကြပါဘဲအလိုအလျောက်ရောက်ရှိစည်းဝေးမိကြခြင်း။
ဂါထာ (၃) ပုဒ် မျှသာဖြစ်ပြီးရှင်ရော၊ လူတို့အတွက်ပါ အဆုံးအမတော် ကြီး (၁၃) ချက်ပါဝင်သည်။မြတ်စွာဘုရားများသာသြဝါဒပါတိမောက်မြတ်တရားကို ဟောကြားတ်ာမူသည်။ အနှစ်ချုပ်အားဖြင့်-           ၁။ သည်းခံမှုခန္တီသည်မြတ်သောအကျင့်တည်း။                                   
၂။ နိဗ္ဗာန်ကိုအမြတ်ဆုံးဟုဘုရားရှင်တို့ဟောကြားတော်မူကုန်၏။                           
၃။သူတစ်ပါးကိုညှဉ်းဆဲသောသူသည်အကုသိုလ်နှင်ထုတ်သူပဗ္ဗဇိတအစစ်မဖြစ်နိုင်။
၎။သူတစ်ပါးကိုညှင်းဆဲသူသည်ကိလေသာကုန်စေသူသမဏမဖြစ်နိုင်။
၅။မကောင်းသောအကုသိုလ်ဟူသမျှမပြုမကျင့်ရ။
၆။ကောင်းမြတ်သောကုသိုလ်ဟူသမျှပြည့်စုံစေရမည်။
၇။မိမိစိတ်ကိုဖြူစင်အောင်ပြုရမည်။            
၈။သူတစ်ပါးကိုနှုတ်ဖြင့်မကဲ့ရဲ့မစွပ်စွဲရ။                                                   
၉။သူတစ်ပါးကိုကိုယ်စိတ်တို့ဖြင့်မညှင်းဆဲမနှိပ်စက်ရ။                               
၁၀။ပါတိမောက္ခသံဝရသီလကိုစောင့်စည်းရမည်။
၁၁။စားဖွယ်တို့၌အတိုင်းအရှည်ပမာဏကိုသိရမည်။
၁၂။ဆိတ်ငြိမ်သောကျောင်းအိပ်ရာနေရာတို့၌ကိန်းအောင်းနေထိုင်ရမည်။           
၁၃။ဝိပဿနာ၏အခြေခံဖြစ်သောလွန်ကဲသောသမာဓိအကျင့်ကိုလွန်စွာကျိုးကုတ် အားထုတ်ရမည်။ထိုကြောင့်ပါတိမောက်တရားသည်ပိဋကတ်သုံးပုံ၏အနှစ်ချုပ်။သီလ၊ သမာဓိ၊ပညာ၊သာသနာ သုံးရပ် လုံး၏အနှစ်ချုပ်ဟူ၍ဆိုမိန့်ကြခြင်းဖြစ်ပါသည်။
သဗ္ဗပါပဿ အကရဏံ၊ကုသလဿ ဥပသမ္ပဒါ။                                        
သစတ္တ ပရိယောဒါပနံ ဧတံဗုဒ္ဓါနသာသနံ။

အဓိပ္ပါယ်။ (ဓမ္မပဒ-၁၈၃)             
မကောင်းမှုဟုသမျှကိုမပြုလုပ်ရာ၊ကုသိုလ်ကောင်းမှုများနှင့်ပြည့်စုံစေရာ၏။ မိမိစိတ်ကိုဖြူစင်စေရာ၏။ဤသည်ကားဘုရားရှင်တို့၏အဆုံးအမတော်ပေတည်း။
မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေးလျှင်သတိယှဉ်၊ဆင်ခြင်ဥဏ်ရှေ့ သွား။
စိတ်ထားဖြောင့်မှန်၊ခွင့်လွှတ်ရန်၊သီခံမေတ္တာထား။
လုံလနှင့်ဇွဲမလျော့ဘဲ၊အမြဲတင်းတင်းထား။
အရာရာတွင်အသုံးဝင်၊အောင်မြင်ကြောင်းတရား။  

မဟာစည်ဆရာတော်ဘုရား။
အကုသိုလ်တရားရှောင်ရှားပယ်လေ၊ကုသိုလ်တရားဖြစ်ပွါးစုံစေ၊                       မိမိစိတ်ထားဆွတ်ဆွတ်ဖြူစေ၊ ဤသုံးပါးဘုရားမိန့်ခဲ့ပေ။
       
သဒ္ဓမ္မရံသီရိပ်သာဆရာတော်အရှင်ကုဏ္ဍလာဘိဝံသ။
မကောင်းရှောင်ခွါ၊ကောင်းတာသာ၊ဆောင်ကာယူသင့်သည်။       
    
ချမ်းမြေ့ဆရာတော်။                                                          
မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊                     
ဖြူအောင်စိတ်ကိုထား၊ခုလည်းချမ်းသာ၊                  
နောင်ချမ်းသာ၊မြတ်စွာဟောမိန့်ကြား။                                   

အရှင်ဆေကိန္ဓ။                                                
မပြုချင်ပြု၊ပြုချင်ပြု၊ကောင်းမှု့ ကုသိုလ်တွေ၊                 
မရှောင်ချင်ရှောင်၊များမြောင်အကုသိုလ်တွေ။                      

Sunday, June 2, 2013

ဒေါက်တာအရှင်ဆေကိန္ဒ၏ သြ၀ါဒ



ဒေါက်တာအရှင်ဆေကိန္ဒ။
သဒ္ဓါရှိတဲ့စိတ်က လှူတယ်။
တဏှာရှိတဲ့စိတ်က ယူတယ်။

မိမိစိတ်ကလေးကမကောင်းရင်
လုပ်သမျှလည်းမကောင်းဘူး၊
ပြောသမျှလည်းမကောင်းဘူး၊
ကြံစသည်သမျှလည်းမကောင်းပါဘူး၊

မကောင်းရင်နောက်ကနွားလှည်းဘီးက
နွားခြေထောက်ကိုတက်နင်းမိသလိုပါဘဲ။