လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, August 17, 2012

အစာမကြေရောဂါ။


အစာမကြေတဲ့ရောဂါကို ဆေးပညာမှာ Dyspepsia or upset stomach or indigestion လို့ခေါ်ပါတယ်။  အဲ့ဒီရောဂါမှာ ဗိုလ်အထက်ပိုင်းမှာ မကြာခဏ နာခြင်း၊ အစာစားသည့်အခါ ဗိုလ်ပြည့်သလိုခံစားရခြင်း၊ များဖြစ်ပါတယ်။ များသောအားဖြင့်  ဗိုလ်အထက်ပိုင်းရောင်ခြင်း၊ လက်ဖြင့်ဖိကြည့်ပါက နာခြင်း၊ လေတက်ခြင်း၊ ပျို့ခြင်း၊ အံခြင်းနှင့် ရင်ပတ်နေရာကပူခြင်း များလည်းခံစားရတတ်ပါတယ်။ အစာမကြေတဲ့ရောဂါဟာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး၊  အစာအိမ်မှအစာများအထက်ပြန်တဲ့ ရောဂါ (gastroesophageal reflux disease) နဲ့ အစာအိမ် ရောင်ရောဂါ (gastritis) တွေကြောင့်ဖြစ်တတ်ပြီး၊ တစ်ခါတစ်ရံအစာအိမ်အနာ (stomach and duodenal ulcer) ကြောင့်လည်းဖြစ်တတ်သလို အစာအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက် ၅၅ နှစ်ကျော်မှ ဘာကြောင့်မှန်းမသိပဲ အစာမကြေတဲ့ရောဂါဖြစ်ရင် အရေးကြီးတဲ့အထက်ဖေါ်ပြပါရောဂါများ ဟုတ်မဟုတ်ဆိုတာ စမ်းသပ်စစ်ဆေး ဖို့လိုပါတယ်။ အထက်ပါရောဂါများကြောင့် မဟုတ်ပဲ တစ်နည်း ဘာရောဂါမှမရှိပဲ အစာမကြေတာကိုတော့ Functional dyspepsia  လို့ခေါ်ပါတယ်။ အနောက်နိုင်ငံမှာ လူ ၁၅ % ဟာ Functional dyspepsia  ကိုခံစား နေရတယ်လို့ဆိုပါတယ်။

အရေးဂရုပြုရမည့် လက္ခဏများ။

၁။ ဗိုလ်အထက်ပိုင်းနာခြင်း၊ ရောင်ခြင်း၊ ဟာ ကိုယ်လက်လှုပ်ရှားတဲ့အခါ (physical activity) ပိုဆိုးလာရင်၊ ပျို့ခြင်း၊ချွေးထွက်ခြင်းများလည်းခံစားရပါက နှလုံးရောဂါဖြစ်နိုင်တဲ့အတွက် ဆရာဝန်နှင့် အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။

၂။ အံဖတ်တွင်သွေးပါလျှင်၊ အစာမျိုရာတွင်ခက်ခဲခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်းများဖြစ်ပါက အစာအိမ်နာ (၀ါ) အစာအိမ်ကင်ဆာဖြစ်နိုင်တာမို့အသေအချာဆေး စစ်ဖို့လိုအပ်ပါတယ်။

၃။ အစာမကြေရောဂါဟာ ဆေးများကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဥပမာ သွေးတိုးကျဆေးနဲ့နှလုံးဆေးများ (calcium antagonists, nitrates),  ရင်ကျပ်ရောဂါဆေး (theophylline), ဘိုင်စဖိုနိတ် (bisphosphonates), ကော်တီကိုဆတီရှိုက် (corticosteroids) နဲ့ အနာပျောက်ဆေး (non-steroidal anti-inflammatory drugs) များကြောင့်လည်းဖြစ်နိုင်ပါတယ်။

ကုသခြင်း။

အထက်ပါအရေးကြီးသောရောဂါများကြောင့် မဟုတ်သော Functional dyspepsia  ရောဂါသည်များ၊ အထူးသဖြင့်အသက် ၅၅ နှစ်အောက်များကို

၁။  Helicobacter pylori  ဘက်တီးရီးယားရှိပါက ၎င်းကိုကုသပါက ရောဂါ ၅၀% သက်သာတာတွေ့ရတယ်လို့ဆိုပါတယ်။

၂။ အစာအိမ်ရှိအက်စစ်ကိုခြေသောဆေး (antacid ) ဥပမာ Gelmag, Magnesium tablet ။ လေလည်ကာကွယ်ဆေး (antiflatulents) များအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါမှာ အနောက်တိုင်းဆေးတွေထက် ဆေးမြီးတိုများကပိုပြီးအကျိုးရှိတာတွေ့ရပါတယ်။ ဆေးမြီးတိုများထဲက စစ်ဆေးတွေ့ရှိတဲ့ဆေးတွေက ကရဝေး၊ ချင်းနဲ့ ပင်စိမ်းမျိုးမှရသောပက်ပါမင့် (peppermint) တို့ဖြစ်ပါတယ်။ ပက်ပါမင့် ပါသောပူရှိမ်းသကြားလုံး၊ပီကယ်များစားကြည့်နိုင်ပါတယ်။



၃။ အစားအစာစားသောက်သောအလေ့အကျင့်ပြောင်းခြင်း။
အစာအာဟာရများကို မှီဝဲသုံးဆောင်ရာတွင် အစာလည်း ဆေး၊ ဆေးလည်း အစာ-ဟူသော လမ်းညွှန်ချက်ကို သတိပြု၍ မိမိတို့အတွက် ဆေးဖြစ်မည့် အစားအစာများကို ဉာဏ်ဖြင့် ရွေးချယ်မှီဝဲရန်နှင့် မှီဝဲနည်းမှန်ကန်ရန် အလွန်အရေးကြီးပေသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော် အနာယုသာသုတ်များ၌ အသက်ရှည်ကြောင်း ၇-ပါးတို့ကို မြတ်စွာဘုရား ဟောကြား တော်မူရာတွင် အစာအာဟာရ မှီဝဲသုံး ဆောင်နည်းများနှင့် ပတ်သက်၍ အချက် ၄-ချက်ကိုအောက်ပါအတိုင်းညွှန်ကြားခဲ့ပေသည်။
၁။ အချိန်မှန်မှန် စားရခြင်း ( ကာလစာရီ )
၂။ မိမိနှင့် သင့်လျော်ရာကိုသာ စားရခြင်း ( သပ္ပါယကာရီ )
၃။ သင့်လျော်စေကာမူ ကြေကျက်လွယ်သည်ကိုသာ စားရခြင်း ( ပရိဏတ ဘောဇီ )
၎။ သင့်လျော်ကြေကျက်စေကာမူ အတိုင်းအတာနှင့် စားရခြင်း ( သပ္ပါယေ မတ္တံ ဇာနာတိ )
အစာအာဟာရများကို အချိန်မှန်မှန် စားသောအခါ စားချိန်ကျရောက်လျှင် အလိုလို ဆာလောင်လာတတ်ပေသည်။ ထိုဆာလောင်လာသည့် အချိန်ကား အမှန် အစာအာဟရ စားသင့် သည့် အချိန်ဖြစ်ပါသည်။ ဆာလောင်ခြင်းဆိုသည်မှာ အစာသစ်အိမ်တွင် ပါစက၀မ်းမီး တောက်လောင်စရာ အစာမရှိတော့သဖြင့်၊ ၀မ်းမီးက အစာအိမ်ကို လောင်ကျွမ်း နေသဖြင့် အစာအိမ်က -ငါ့မှာ ၀မ်းမီး အလောင်ခံနေရသည်။ ငါ့ထံသို့ အစာများ ပို့ပေးပါ-ဟု ပူဆာနေသကဲ့သို့ ဖြစ်နေခြင်းမျိုး ဖြစ်ပါသည်။ ထိုအချိန်တွင် အစာမစားပါက ၀မ်းမီးကြောင့် အပူနှင့်လေတို့ ထိပြီး ရင်ဝတွင် လေခံရကား အစာမစားချင် ဖြစ်လာတတ်၏။ ကြာလျှင် အစာအိမ် အချဉ်ပေါက်သည့် ရောဂါ၊ လေပူရောဂါများလည်း ဖြစ်ပွားလာတတ်၏။ ထို့အတူ အစာအိမ်က လောင်စာမတောင်းသေးချိန်တွင် (၀ါ) မဆာသေးသည့်အချိန်တွင် စားပြန်လျှင်လည်း အစာမကြေရောဂါ၊ ပျို့အန်သော ရောဂါများ ဖြစ်လာတတ်သည်။ ထို့ကြောင့် သဘာဝကပေးထားသည့် အစာ စားသောက်ချိန်တွင် အစာမှန်မှန် စားခြင်းဖြင့် ကျန်းမာအောင် ပြုပြင်ကြရမည်။

ဒုတိယအချက်မှာ-ဆာလောင်ချိန်၌ အချိန်မှန် အစာစားရမည်ဆိုသော်လည်း တွေ့သမျှ အစာ အာဟာရတို့ကို မစားရ။ မိမိကျန်းမာရေးနှင့် လျော်ကန် သင့်မြတ်သည့် အစားအစာ များကိုသာ ရွေးချယ်စားကြရခြင်းဖြစ်သည်။ ဥပမာ-အအေးစာ၊ အပူစာ နှစ်မျိုးတွင် မိမိခန္ဓာကိုယ်က အပူစာနှင့်မှ သင့်မည်ဆိုက အအေးစာများကိုရှောင်၍ အပူစာကို ရာသီဥတုအလိုက် ဉာဏ်ဖြင့် ရွေးချယ်စားရ၏။ ထို့အတူ တက်စာ၊ သက်စာ၊ ပွင့်စာ၊ ပိတ်စာ၊ ဖျက်စာ၊ ဖြည့်စာတို့၌လည်း မိမိနှင့် သင့်လျော်ရာအစာများကို ဉာဏ်ဖြင့်ချင့်ချိန်၍ ရွေးချယ်စားတတ်ရမည်။

ထို့ကြောင့် မလတ်ဆတ်ခြင်း၊ မသန့်ရှင်းခြင်း၊ ပိုးရှိခြင်း၊ ပုပ်သိုးခြင်း၊ မှည့်လွန်း စိမ်းလွန်းခြင်း၊ အလွန်ကျက်ခြင်း၊ မနူးမနပ်ခြင်း စသည့် အင်္ဂါလက္ခဏာများ ရှိသော အစားအစာများ မှာလည်း မသင့်လျော်သောအစာများဖြစ်ရာ ထိုအစားအစာမျိုးကို လုံးဝရှောင်ရှားရမည်။



အစာစားပြီး တိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက် ရေနွေးကြမ်း သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကို လည်း ကာကွယ်ပြီး သွေးတွင်းအဆီကျ စေသည့် အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေး ကျနည်းသော ဆေးကောင်းဖြစ် ပါသည်။


ထာဝယ်မိုင်း အရွက်နုကို ပြုတ်၍ လက်သုပ် လုပ်စားနိုင်သည်။ သနပ် ပြုလုပ်၍ စားနိုင်သည်။ လေထိုး၊ လေအောင့်၊ အစာမကြေ ရောဂါများ အတွက် အရွက်ကို ပြုတ်၍ သောက်ပါက ရောဂါ ပျောက်ကင်းသည်။


ဆီးဖြူသီး ခြောက်ဆေးသည် အစာကိုကြေလွယ်စေသည်။ ယောကျာ်းတို့၏ ခွန်အားကို ဖြစ်စေသည်။ကာမအားကို ဖြစ်စေသည်။



ကျမ်းကိုး။

၁။ ဓမ္မာစရိယ ဦးအေးနိုင် ( ဘီအေ) http://www.mawluu.com/2009/08/blog-post_1447.html
၂။  လေဖြတ်ခြင်းကိုကာကွယ်နိုင်မည့်ရေနွေးကြမ်း http://blog.irrawaddy.org/2012/07/blog-post_2480.html
၃။ ထားဝယ်မိုင်း http://myittaryik.blogspot.fr/2010_10_01_archive.html
၎။ ဆေးဖက်ဝင် ဆီးဖြူသီး http://www.mawcity.com/2011/05/blog-post.html
၅။ http://en.wikipedia.org/wiki/Dyspepsia


Monday, August 13, 2012

ကံအကြောင်း မကြံစည်ကောင်း၊ မစဉ်းစားကောင်း ။


မကြံစည်အပ်တဲ့အကြောင်း ၄ ပါးရှိပါတယ်။
၁။ ဘုရားအကြောင်း။
၂။ လောကအကြောင်း။
၃။ ဈာန်အကြောင်း။
၎။ ကံအကြောင်း။

ဘာလို့မစဉ်းစားအပ်တာလဲဆိုတော့ ကျမတို့ရဲ့ဖြုတ်ဥဏှောက်လိုအလွန်သေးငယ်တဲ့ဉာဏ်နဲ့ အလှမ်း မမှီ အောင်ဝေးကွာလှတဲ့အတွက် စဉ်းစားရင်းရူးသွားနိုင်လို့ပါ။ မမှီတဲ့ပန်းတုံးခုလှမ်းရင် လိမ့်ကျပြီး ကြိုးနိုင် ကန်းနိုင်သလိုပါပဲ။

ကံတွေက ပြုသူတွေ၊ခံရသူတွေ၊မေ့သွားပေမဲ့ သူက မမေ့ပါဘူး။ ခံရသူက ခွင့်လွှတ် ပေမဲ့လည်း သူက ခွင့်မလွှတ်ပါဘူး။ ခံရသူက အပြစ်မယူပေမဲ့လည်း သူက အပြစ်ပေးပါတယ်။ လူတွေလို ချစ်လို့ ခွင့်လွှတ် တာ၊ မုန်းလို့အပြစ်ပိုယူတာ၊ ကြောက်လို့အပြစ်ယူတာ၊ လိုချင်တာ ရှိလို့ ခွင့်လွှတ်တာစတဲ့ ဘက်လိုက်ခြင်း များ မရှိပဲ တိကျမှန်ကန်စွာအပြစ်ပေးပါတယ်။ ဒီလို တိကျ မှန်ကန်ပေမဲ့ လူတွေက မယုံကြည်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကံရဲ့ အားနည်းချက်က အပြစ်ပေးနိုင်ဖို့ အတွက် အခြေအနေ အချိန်အခါ လိုအပ် ပါတယ်။ အခြေအနေ ပြည့်စုံမှသာ အကျိုးပေးနိုင် ပါတယ်။ များသောအားဖြင့် ဘ၀ပေါင်းများစွာခြားသွား နိုင်ပါ တယ်။ အကျိုးပေးတဲ့ အချိန်မှာ လုပ်ခဲ့တဲ့ သူက သူ့အပြစ်တွေကိုမေ့ကုန်ပြီ။

ကံနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုမြတ်ဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ရှင်းလင်း ဟော တော် မူခဲ့လို့ကျမတို့ ဗုဒ္ဓဘာသာ တွေသိခွင့်ရနေတာပါ။

မြတ်ဘုရားလက်ထက်က အမျိုးသမီးတစ်ဦးကြိုးဆွဲချနေတာကိုအမျိုးသားတစ်ဦးက လှမ်းမြင် လိုက်တယ်။ သူမြင်တဲ့အချိန်မှာ အမျိုးသမီးရဲ့ခြေထောက်ကမြေနဲ့ထိနေသေးတယ်။ သူ့ နောက်ကျော် မှာလည်းဓါးတစ်ချောင်းအသင့်ပါလာတယ်။ အမျိုးသားလည်း သူ့ဓါးကို လှမ်းယူပြီးအမျိုး သမီးရဲ့ လည်ပင်း က ကြိုးကိုခုတ်ဖြတ်ဖို့အပြေးသွားပါတယ်။ ဒါပေမဲ့ အနားရောက် တော့ ကြိုး မဟုတ်ပဲ မြွေကြီးဖြစ်နေတာနဲ့ ကြောက်အားလန့်အားနဲ့ထွက်ပြေးခဲ့ပါတယ်။ အံသြဖွယ် ကြိုးက မြွေဖြစ်သွားတယ်ဆိုတဲ့စကားပြန့်သွားပြီး၊ မြတ်ဘုရားအား လျောက်ထား တဲ့အခါ။ ကြိုးကမြွေဖြစ်သွားတာမဟုတ်ဘူး။ ကြိုးနဲ့သေရမဲ့ ကံပါလာတဲ့ အတွက်၊ အဲ့ဒီကံက ဖြက်ဖို့လာတဲ့သူကို တားတာကြောင့် ဓါးနဲ့ကြိုးကိုခုတ်ဖြတ်မဲ့သူရဲ့မျက်စိမှာ မြွေလို့မြင်တာဖြစ် ကြောင်း ရှင်းပြတော်မူခဲ့ပါ တယ်။

ဒီအတိုင်းပဲ ကျမတို့ အတော်များများ နာဘူးတဲ့ ရဟန္တာအရှင်မြတ်ရဲ့ဆွမ်းကို သွန်ပြစ်ခဲ့ တဲ့ ရဟန်း ဟာသူ့ရဲ့နောက်ဆုံးရဟန္တာဖြစ်ရမဲ့ဘ၀မှာတောင် ဘယ်လိုဆွမ်းခံထွက်ပေမဲ့ ဆွမ်းဝ အောင် ဖုန်း မပေးခဲ့ ရပါဘူး။ ဆွမ်းလောင်းတဲ့သူတွေရဲ့မျက်စိထဲမှာ သူ့သပိတ်က ဆွမ်းတွေ၊ ဟင်းတွေနဲ့ ပြည့်နေပြီး လောင်းထဲ့ စရာနေရာတောင်မတွေ့တဲ့အတွက်ဖြစ်ပါတယ်။ သူလုပ်ခဲ့တဲ့ ကံကအပြစ် ပေးနေတာပါ။

နောက်ရဟန်းတစ်ပါးဆိုရင်လည်း နတ်သားဘ၀က ရဟန်းနှစ်ပါးအမြင်မှားအောင်၊ ရဟန်းတစ်ပါး အပေါ့သွားရာကပြန်အလာမှာ အမျိုးသမီးနဲ့အထင်မှားအောင်လုပ်ခဲ့တဲ့အတွက် သူရဟန္တာဖြစ်တဲ့ အချိန်မှာ တောင် အများမျက်စိမှာသူ့နောက်ကအမျိုးသမီးတစ်ယောက်က ကောက်ကောက်ပါအောင်လိုက် နေခဲ့ပါ တယ်။
ဒီလိုမျိုးအကြောင်းတွေက ရေးမပြနိုင်လောက်အောင်အလွန်များပါတယ်။ ကျမတို့ယခု လက်ရှိ ဘ၀မှာလည်း ကြည့်တတ်ရင် မြင်နိုင်တဲ့ ကံတရားရဲ့အပြစ်ပေးမှုတွေကို မြင်နေ တွေ့နေရပါတယ်။ ဥပမာ။ အိမ်ထဲမှာကိုယ့်ဘာသာနေနေတဲ့သူကို ကားကလာတိုက်လို့သေသွားတာ။ လေယာဉ်ပျက်ကျပြီး လေယာဉ် ပေါ်ပါတဲ့သူကမသေပဲ အိမ်ထဲကလူကသေတာ။

ကျမတို့ လက်တွေ့စမ်းသပ်တဲ့ ဓါတ်ခွဲခန်းတွေမှာလည်း ဥပမာ မြွေဆိပ်ရဲ့ အစွမ်း သတ္တိ တွေ စမ်းသပ်တဲ့အခါ ကြွက်တွေကိုအုပ်စုအမျိုးမျိုးခွဲထားပါတယ်။ မြွေဆိပ်အချိန်အဆ အနည်း ကနေ အများ အထိ ဥပမာ ၁၊၂၊ ၃၊ ၄၊ ၅ ဂရမ် အထိုးခံရမဲ့ ကြွက်အုပ်စုတွေအပြင်၊ (Control အုပ်စု) ဒီအုပ်စုကတော့ မြွေဆိပ်မပါပဲ မြွေဆိပ်မှာပါဝင်တဲ့ ဆားရည်သန့်ကိုသာ အထိုးခံရ မဲ့ အုပ်စုပါ။ ဒီအုပ်စုမှာပါတဲ့ကြွက်တွေက အစမ်းသပ်ခံရပေမဲ့ မသေပါဘူး။ မြွေဆိပ် အများကြီး အထိုးခံရတဲ့ကြွက်တွေ ကတော့သေကြရပါတယ်။ ဒါပေမဲ့ မြွေဆိပ်နဲ့ မသေမဲ့ကြွက်က ကြံဖန်ပြီး လွှတ်သွားတတ်ပါတယ်။ တခါတရံ ဆေးထိုးသူက ဆေး ပုလင်း မှားယူမိတာမျိုး၊ ကြွက် မကိုင်တတ် လို့ကြွက် လွတ်ထွက်သွားတာမျိုး၊ ကြွက်ထောင်ခြောက်မှား တာမျိုး စတာ တွေဖြစ် တတ်ပါတယ်။ အကြောင်းတိုက်ဆိုင်လို့ ကျမဆေးကျောင်းသူဘ၀က အဖြစ်ဆန်း လေး ၂ခု ကို လည်း ပြောပြချင်ပါတယ်။

ပထမ အကြောင်းကတော့ လူတစ်ဦးကအလွန်သေချင်တဲ့အတွက် ကန်တော်ကြီး စောင်းကို နံနက်စောစောလူပြတ်တဲ့အချိန်သွားပါတယ်။ အဲ့ဒီတုန်းက ကန်တော်ကြီးစောင်းမှာ ဘာအကာရံမှ မရှိ သေးပါဘူး။ ကမ်းစပ်မှာပေါက်နေတဲ့သစ်ပင်တစ်ပင်ရဲ့ ရေထဲကိုထိုးထွက် နေတဲ့ အကိုင်းကနေ ကြိုးဆွဲချဖို့စီစဉ်ပါတယ်။ အလွန်သေချင်နေတဲ့အတွက်ကြောင့်အကြောင်း အမျိုးမျိုးကြောင့်ကြိုးဆွဲချတာ မအောင်မြင် မှာစိုးတဲ့အတွက် ကြိုးဆွဲမချခင်မှာ အဆိပ်လည်း သောက်လိုက်ပါတယ်။ ကြိုးဆွဲချရင်းနဲ့လည်း၊သေနတ်နဲ့သူ့နှားထင်ကိုပစ်ပါတယ်။ သုံးမျိုးနဲ့ သတ်တာမို့ မသေစရာအကြောင်းမရှိနိုင်ဘူးလို့လဲသူမှတ်ယူ ထားပါ တယ်။ ဒါပေမဲ့ သူမသေပဲ ဆေးရုံရောက်လာပါတယ်။ ဘာလို့မသေတာလဲ။

သေချင်လို့ သေကြောင်းကြံကြပေမဲ့ တကယ်သေရမှာကိုတော့ လူတွေအလွန်ကြောက် ကြပါတယ်။ ဒါကြောင့် သေနတ်ပစ်ကျွမ်းကျင်သူမဟုတ်တဲ့ သူဟာ ကြောက်ကြောက်နဲ့ပစ်လိုက် တဲ့အတွက် သေနတ် ကျည်ဆံက နှားထင်ကိုမထိပဲချည်ထားတဲ့ကြိုးကိုသွားမှန်ပါတယ်။ ကျည်ဆံ ကြောင့်ကြိုးပြတ်ပြီး ရေထဲကို ကျသွားပါတယ်။ ရေထဲကိုအရှိန်နဲ့ကျတဲ့အတွက် ကြောင့်ရယ် ကန်ရေရဲ့အေးမြတဲ့အထိအတွေ့ကြောင့် သူ မျိုထားတဲအဆိပ်တွေ အံထွက်သွားပါတယ်။ သေနတ်သံနဲ့ ရေထဲကျတဲ့အသံကြောင့် နံနက်ထပြေး တဲ့ သူများကြားပြီးလာကယ်ကြတာပါ။

နောက်တစ်ဦးကတော့ ပုဇွန်တောင်ချောင်းနားမှာနေတဲသူပါ။ သူကတော့ ရှေးမြန်မာ မင်းများ လက်ထက်ကတံကျင်လျှိုအသတ်ခံရသလို သစ်သားချောင်းကြီး စအိုကနေ တံကျင် လျှိုသလိုအလျှိုခံရလို့သေဆုံးပြီးရန်ကုန်ဆေးရုံကြီးရင်ခွဲရုံကိုရောက်လာတာပါ။ ယခုလို ခေတ်မှီတဲ့ အခါမှာကြံကြံဖန်ဖန် အသေဆိုးနဲ့ သေရတာကတော့ သူကနံနက်တိုင်း ပုဇွန်တောင် ချောင်းတံတားမှာထိုင်ပြီး မဆင်ယိုလေ့ရှိ တယ်တဲ့ တစ်နေ့မနက်မှာ မဆင်ယိုနေရင်း တံတား ပေါ်ကပြုတ်ကျပြီး တံတားနားမှာ ငုတ်တိုကျန်နေတဲ့ လှေချီတဲ့တိုင်ချောင်းပေါ်ကျတာတဲ့။

ပြီးခဲ့တဲ့နှစ်ကတောင်ပြင်သစ်နိုင်ငံမှာ လိင်တူချစ်သူ အမျိုးသားနှစ်ယောက် အရှင် လတ်လတ် မြေမြုပ် အသတ်ခံခဲ့ရပါတယ်။ အဲ့ဒီမြို့က ဘာသာတရားယုံကြည်တဲ့သူတွေက လိင်တူဆက်ဆံတာကို ဘာသာတရားကလက်မခံလို့သတ်ပြစ်ခဲ့တာပါ။
ဒီအကြောင်းတွေမြင်နေ၊သိနေ၊ကြားနေရတာ အလွန်မှကြောက်စရာ၊သံဝေဂ ရစရာပါ။
လုပ်တုန်းကပြုံးပြုံးကြီးလုပ်ခဲ့ကြပြီး၊ခံရမဲ့အလှည့်မှာပြုံးနိုင်ကြပါ့မလားဆိုတာစဉ်းစားကြစေလိုပါတယ်။


ကျမ်းကိုး။
ကြာနီကန်ဆရာတော်၏တရားတော်များ။

Friday, August 10, 2012

Paris Plage (Paris Beach) ပါရီကမ်းခြေ



ပြင်သစ်နိုင်ငံအပါအ၀င်ဥရောပနိုင်ငံနှင့်အနောက်နိုင်ငံများတွင် တစ်နှစ်လျှင်နှစ်ကြိမ် ဆောင်းလနဲ့ နွေလများမှာ အပန်းဖြေခရီးထွက်ကြပါတယ်။ ဆောင်းတွင်းမှာ နှင်းစီးသွားခြင်းနဲ့ နွေမှာပင်လယ်ကမ်းခြေ တို့ကို သွားလေ့ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦးတွေ့ရင်လဲ အပန်းဖြေခရီး ထွက်တာကိုဂုဏ်ယူပြောကြသလို အသားအရေနေလောင်လို့ ညိုသွားတာကို လည်းသက်သေ ပြကြပါတယ်။ ကျမတို့တစ်တွေ လက်ဝတ် လက်စားတွေဝတ်ပြီးကြွားကြသလိုပါပဲ။ အပန်းဖြေခရီးမထွက်နိုင်ရင် သိမ်ငယ်တယ်လို့ခံစားကြပါတယ်။ နားကပ်ကလေးမှ  မ၀တ်နိုင်လို့ နားပေါက်ဟောင်းလောင်းနဲ့မြန်မာ မလေးတွေအားငယ်ကြသလိုပါပဲ။
 
၂၀၀၂ နှစ်က စပြီး ပါရီမြို့ဝန်က အပန်းဖြေခရီးမထွက်နိုင်သူတွေအတွက် နွေလဖြစ်တဲ့
ဂျွန်လိုင် ၂၀ ရက်ကစပြီး သြဂုတ်လ ၁၉ ရက်အထိ ပါရီမြို့တော်ခန်းမနားက သိမ်းမြစ်နခမ်းမှာ
ကားလမ်းတွေပိတ်ပြီး ပါရီကမ်းခြေ ဆိုပြီး မြစ်ကိုမျက်နှာမူပြီး သဲသောင်အတုတွေ၊ရေပန်းတွေ၊
ရေကူးကန်တွေပါလုပ်ပေးပါတယ်။ အပန်းဖြေခရီးထွက်ဖို့ မတတ်နိုင်တဲ့ မိသားစုများ အခမဲ့ သွားရောက်ဆော့ ကစားနိုင်ပါတယ်။ ပါရီကမ်းခြေ ကို နံနက် ကနေ ညသန်းခေါင် အထိ ဖွင့်ထားပါတယ်။ ညနေပိုင်းတွေမှာ သီချင်းများ၊ ပြဇတ်များနှင့်လည်းဖျော်ဖြေပါတယ်။ ယခုနှစ် မှာတော့ အလွန်ကြီးသော screen ဖြင့် လန်ဒန်မှ အိုလံပစ်ပွဲတော်ကို တိုက်ရိုက်လွင့်ထုတ် ပေးပါတယ်။






























Monday, August 6, 2012

ကြောင်မွေးသက်သေ။


အမေရိကန်နိုင်ငံသူ Lori (အသက် ၁၉နှစ်) အထက်တန်းကျောင်းပြီးတာနဲ့ ၎င်းထက် ၁၀ နှစ်ပိုကြီးတဲ့ Robert နဲ့လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပြီးမကြာခင်မှာ သားတစ်ယောက်ရ ခဲ့ပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီး တစ်နှစ်ခွဲမှာ ကွဲကြပြီး သက်ဆိုင်ရာမိဘများနှင့် ပြန်နေထိုင် ကြပါတယ်။ သားဖြစ်သူ Matures ကိုမိခင်ဆီမှာထားပြီး အဖေဖြစ်သူထံ တစ်ပတ်တစ်ခါသွား နေပါတယ်။ Lori ဟာ တိရိစ္ဆာန်များချစ်တတ်ပြီး၊ မြို့ Commercial centre ရှိတိရိစ္ဆာန်ဆိုင် မှာအလုပ်ဝင်လုပ်ပါတယ်။ ညနေ ၁၆-၁၉ တွင်အလုပ်လုပ်ရပါတယ်။ အချိန်တိကျပြီး၊ အများ ၏ချစ်ခင်ခြင်းခံရပါတယ်။

Robert ဟာ Lori အပေါ်ချုပ်ချယ်တတ်ပြီး၊သားဖြစ်သူ အားလည်း ဒါဏ်ပေးတတ်ခြင်း ကြောင့် Lori နှင့် အဆင်မပြေရာက လမ်းခွဲခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် တစ်ရက်မှာ Lori ခါတိုင်း လိုအလုပ်သို့ထွက်သွားခဲ့ပါတယ်။ သားဖြစ်သူလည်း အဖေနဲ့ သွားနေသောနေ့ဖြစ်သဖြင့် သား ကိစ္စလည်းလုပ်ရန်မရှိပါ။ ဒါပေမဲ့ အလုပ်ရှင်မှ အလုပ်ကိုရောက်သင့်တာထက် တစ်နာရီခွဲ နောက်ကျနေသဖြင့် Lori မိဘများအား ဖုန်းဆက် မေးမြန်း ပါတယ်။

Lori ဖခင်က Lori လမ်းမှာကားပျက်သည်ထင်သဖြင့် ၎င်းသွားနေကျ ကားလမ်း ကြောင်းသို့ သွားကြည့်သော်လည်းမတွေ့ပါ။ Lori ရဲ့ကားကို ၎င်းရပ်နေကျ Commercial centre ရှေ့ကားရပ်ရာနေရာတွင်ရပ်ထားတာတွေ့ပါတယ်။ ကားထဲမှာ ကားသော့လည်းမရှိ။ ပုံမှန်အတိုင်းသာ ရှိနေပါတယ်။ ၎င်း၏ယောက်ျားဟောင်းဖြစ်သူ Robert အားမေးမြန်းရာ
ယနေ့တစ်နေ့လုံး၎င်းနဲ့မတွေ့ကြောင်း။ သား Matures နဲ့အတူရှိနေကြောင်း မိခင်ဖြစ်သူ အတွက် ဆပ်ပြာသွားဝယ်ကြောင်း၊ အရိုးအထူးကုနဲ့တွေ့ဆုံပြီး အစိုးရထံမှအကူအညီရအောင်
စာရွက်စာတမ်းများသွားယူကြောင်း၊ Lori ပျောက်ဆုံးမှုကိုဘာမှ မသိကြောင်းထွက်ဆိုပါတယ်။

Lori ၏မိသားစု၊ Commercial centre မှအလုပ်သမားများ Lori အားရှာဖွေကြ သော် လည်း အစအနမှ မတွေ့ပါ။ Lori ပျောက်ဆုံးပြီး ၃ ပတ်ခန့်အကြာတွင် Commercial centre
နောက်ရှိ အမှိုက်များပြစ်သောနေရာတွင် အလောင်းတစ်လောင်းတွေ့ကြောင်း အကြောင်း ကြားပါတယ်။

အလောင်းမှာပုပ်ပွပြီး အရိုးလောက်သာကျန်တော့သဖြင့်မည်သူမည်ဝါမှန်းမသိနိုင် တော့ပါ။ ခေါင်းရိုးရဲ့ အရွယ်ကြောင့် အမျိုးသမီးအလောင်းဖြစ်ကြောင်းသိရပါတယ်။

အလောင်းကိုစစ်ဆေးသည့်နည်း ၂ နည်းဖြစ်သည့် DNA စမ်းသပ်ခြင်း၊ သွားများ စစ် ခြင်းတွင် အလောင်းမှာပုပ်ပွနေသဖြင့် ၎င်း၏သွားဆရာဝန်ထံမှသွားမှတ်တမ်းများနှင့်အလောင်းမှ သွားများ အား တိုက်ကြည့်ရာ။ Lori ၏သွားများနှင့်တူနေသဖြင့် Lori ၏ အလောင်းဖြစ်ကြောင်းသိရပါတယ်။

အလောင်းနားတွင် လူသတ်လက်နက်မတွေ့ရသော်လည်း ၎င်းဝတ်ထားသော အင်္ကျီးရင်ပတ် နေရာတွင် ဓါးပေါက်ရာတွေ့ရပါတယ်။ ၎င်းအင်္ကျီးအား ကျွမ်းကျင်သူထံပို့၍စစ်ဆေး စေရာ၊ ဓါးဒါဏ်ရာ ဖြစ်ကြောင်း အနည်းဆုံး ၇ ကြိမ်ထိုးခဲ့ကြောင်း ၁၁ ကြိမ်ထိုးခဲ့ခြင်းဖြစ်နိုင်ကြောင်းထွက်ဆိုပါတယ်။ ထိုကြောင့်ဓါးဖြင့်ထိုးသတ်ခံခဲ့ရကြောင်း သိရပါတယ်။

နောက်ထပ်သိဖို့လိုသည်မှာ ဘယ်အချိန်ကသေဆုံးခဲ့တယ်ဆိုတာပါပဲ။ လူသေဆုံး သည့်အခါ ကိုယ်အပူချိန် ၃၇ ဒီဂရီမှ ပတ်ဝန်ကျင်အပူချိန်သို့ တစ်နာရီလျှင် တစ် ဒီဂရီစင်တီ ဂရိတ်ကျသဖြင့် အလောင်း၏ အပူချိန် ကိုတိုင်းတာခြင်းဖြင့် သေဆုံးသည့် အချိန်ကိုသိနိုင် ပါ တယ်။ နောက်တစ်နည်းမှာ မသေဆုံးခင်က စားသောက်ခဲ့သော အစာများ၏ အခြေအနေကို အလောင်း၏အစာအိမ်တွင်စစ်ဆေးခြင်းဖြင့် လည်း သိနိုင်ပါတယ်။ ယခုအမှုတွင် အသားတွေ၊ ကိုယ်တွင်းအင်္ဂါတွေမရှိတော့သဖြင့် အထက်ပါနည်း၂ မျိုး လုံး သုံး၍မရတော့ပါ။

တတိယနည်းဖြစ်တဲ့အလောင်းပေါ်တွင်ပေါက်ပွါးနေသောပိုးကောင်များကိုစစ်ခြင်းနည်းသာကျန်ပါတော့တယ်။ လူတစ်ယောက်သေဆုံးသည်နှင့်လူပုပ်နံ့ကိုရင်ကောင်များ ကီလိုမီတာ အတော်အတန် အကွာအဝေးကပင် သိနိုင်ကြသဖြင့် အလောင်းဆီ ရောက်လာကြပြီး သေဆုံး ပြီး မိနစ်အနည်းငယ်တွင်ပင် ဥများဥချကြပါ တယ်။ ရင်ကောင်တို့၏ အရွယ်ပေါ်မူတည်၍ သေဆုံးသောအချိန်ကို သိနိုင်ပါတယ်။ ယခုအမှုတွင် ရင်ကောင်ကျွမ်းကျင်သူ၏ တွက်ချက် ချက်အရ သေဆုံးသည်မှာ ၁၉ ရက်ရှိပြီ ဖြစ်ကြောင်းသိရပါတယ်။ ၎င်းရက်မှာ Lori ပျောက်ဆုံး သည့်ရက်နဲ့ တိုက်ဆိုင်နေသဖြင့် ၎င်း ပျောက်ဆုံးသည့်နေ့မှာပင် အသတ်ခံရ ကြောင်းသိရ ပါ တယ်။

စုံထောက်များအတွက်သတင်းကောင်းမှာ Lori ရဲ့ကားရပ်နေကြနေရာကို Commercial centre ၏ အ၀င်အ၀တွင်ရှိသော ပိုက်ဆံထုတ်သည့်စက်တွင်တပ်ထားသော ကင်မရာ၏ မြင်ကွင်းတွင်ရှိနေခြင်းဖြစ်ပါတယ်။ ကင်မရာက ၁၀ စက္ကန့်တစ်ခါ ဓါတ်ပုံရိုက်ယူပါတယ်။ ကင်မရာမှ ဓါတ်ပုံများစစ်ဆေးရာ Lori ပျောက်ဆုံးသည့်နေ့ နံနက်က Lori ကားဘေးတွင်ကား
တစ်စီးရပ်ထားပြီး၎င်းကားဘေးတွင် Lori ၀တ်ထားသောအ၀တ်များနှင့် အမျိုးသမီးတစ်ဦး ရပ် နေတာတွေ့ပါတယ်။ နောက်တစ်ပုံတွင် ထိုကားထွက်သွားတာတွေ့ရပါတယ်။ ဓါတ်ပုံများမှာ ထင်ထင်ရှားရှားမရှိသဖြင့် FBI ဋ္ဌာနသို့အကူအညီတောင်းပြီး၊ ဓါတ်ပုံများထင်ရှားအောင်ပြုလုပ် သော်လည်းသိပ်ကောင်းမလာပါ၊ NASA ဋ္ဌာနမှ ဂြိုလ်တုမှဓါတ်ပုံများကို ထင်ရှားအောင်ပြုလုပ် သောဋ္ဌာနသို့သွားရောက်အကူအညီတောင်းရာမှ ဓါတ်ပုံများပိုမိုထင်ရှားလာပြီး ကားအမျိုး အစားမှာ Robert ၏မိဘများပိုင်သည့် Celebrity အမျိုးအစာဖြစ်ကြောင်းသိရပါတယ်။ ထို ကားမှာ Lori ပျောက်ဆုံးပြီး တစ်ပတ်တွင် ကားအဟောင်းရောင်းဝယ်သည့်အရောင်းဆိုင်သို့
ရောင်းခဲ့ပါသည်။ ကားမှာ အရောင်းအေဂျင် ၃ ခုပြောင်းခဲပြီးနောက်ဆုံး ပုလိပ်အရာရှိ တစ်ဦးမှ ၎င်း၏သမီးအတွက်ဝယ်ထားပါတယ်။ ကံကောင်းချင်တော့ သမီးဖြစ်သူ အသက်မစေ့သေး သဖြင့်ကားမှာ ဂိုဒေါင်တွင်ဒီအတိုင်းရှိနေပါတယ်။ စုံထောက်များ ကားအားစစ်ဆေးရာ ဆေး ထားလို့သန့်ရှင်းနေပါတယ်။ Robert အိမ်နားချင်းများက Lori ပျောက်ဆုံးပြီး နောက်နေ့ တွင် Robert ကားရေဆေးတာတွေ့ကြောင်းအစစ်ခံပါတယ်။ ကားနောက်ရှိ ပစ္စည်းထဲသည့်နေရာ ကို အသေအချာစစ်ဆေးရာ အမွေးတစ်ချောင်းတွေ့ကြပါတယ်။ အမွေးကျွမ်းကျင် သူအား စစ်ဆေးစေရာ လူမွေးမဟုတ်ပဲ ကြောင်မွေးဖြစ်ကြောင်း သိရပါတယ်။ ထိုကြောင်မွေးမှာ Lori ၏ကြောင်မွေး ဖြစ်နေကြောင်း သိရပါတယ်။ ကြောင်စသောတိရစ္ဆာန်များ၏အမွေးများသည် လူတို့၏လက်ဗွေရာကဲ့သို့ တိရစ္ဆာန်တစ်ကောင်ချင်းရဲ့ထူးခြားချက်ဖြစ်ပါတယ်။ ဒီအချက်ကို ၂၀၀၅ က ကနေဒါနိုင်ငံတွင် ဖြစ်ပွါးခဲ့သောလူသတ်မှုမှ စ၍သိခဲ့ကြရပြီး၊ နောက်ပိုင်းရာဇ၀တ်မှု များတွင် အသုံး ပြုခဲ့ကြပါတယ်။

Robert မိဘအိမ်တွင်ဘာတိရစ္ဆာန်မှမရှိပါ၊ Lori လည်း၎င်းယောက္ခမမ၏ ကားပေါ် သို့ တစ်ခါမှ မတက်ခဲ့ပါ။ ထိုကြောင့် ကားနောက်တွင် Lori ကိုထဲ့ပြီးအလောင်းကိုပစ်ခဲ့တယ်လို့ သိ ရပါတယ်။ Lori ပျောက်ဆုံးသည့်နေ့က Robert က သားနေမကောင်း စသည်ညာ၍ Lori ကိုကားပေါ်သို့တက်စေခဲ့ပြီး၊ ဓါးဖြင့်ထိုးသတ်ကာ၊ အလောင်းကိုပစ်ခဲ့တယ်လို့ယူဆပါတယ်။

ဘာကြောင့်သတ်တာလဲ။ လူသတ်မှုတိုင်းမှာသတ်ရတဲ့ရည်ရွယ်ချက်ကအလွန်အရေး
ကြီးပါတယ်။ Robert ဟာ Lori နဲ့ကွဲပြီးတစ်ပတ်အကြာမှာ Lori နဲ့သားတို့အတွက် အသက် အာမခံထားခဲ့ပါတယ်။ ၎င်းတို့သေဆုံးပါက ၎င်းတစ်ဦးတည်း အာမခံကြေးရမှာဖြစ်ပါတယ်။
ထိုကြောင့်ဒီအမှုမှာငွေကြေးကြောင့်ဖြစ်သလို နောက်တစ်ချက်မှာသားကိုရလိုမှုလည်း ဖြစ်ပါ တယ်။

ဗီဒီယိုတွင်တွေ့ရသော ကားမှာ Robert မိဘရဲ့ကားဖြစ်ကြောင်းကို ၎င်းတို့၏ကား ကို ဗီဒီယိုတွင်တွေ့ရသည့်အတိုင်း ဗီဒီယိုဖြင့်ရိုက်ခဲ့ရာ ဗီဒီယိုဓါတ်ပုံများအတူတူပင်ဖြစ်နေပါ တယ်။ အမှုထင်ရှားသဖြင့် Robert ကိုတစ်သက်တစ်ကျွန်းချခဲ့ပါတယ်။ အမှုရဲ့သော့ချက်သက်သေမှာ Lori ရဲ့ကြောင်မွေးဖြစ်ပါတယ်။

Friday, August 3, 2012

စကားထာ

 စကားထာဆိုသောဝေါဟာရ၏ အနက်ကို အချို့ ပညာရှိများက “စကား+အတ္ထ=စကတ္ထ” တို့မှတဆင့် “စကားထာ”ဟူ၍ ဖြစ်လာကြောင်းပြောပါသည်။ အဓိပ္ပာယ်မှာ “စကား၏ အနက်”ဟုဆိုလိုပါသည်။
အချို့ပညာရှိများကလည်း “စကား+ထပန” ဟူသည့်ပုဒ်နှစ်ခုကို မြန်မာ့အသံဖြင့် ပေါင်းဖတ်လျှင် “စကားထာပနာ”ဟု ရသည်ဖြစ်ရာ အတိုကောက်အားဖြင့် စကားထာ ဟုတွင်လာကြောင်း ပြောပါသည်။ ပါဠိဘာသာ “ထပန”ပုဒ်သည် သွင်းနှံထားရှိသည် (ဝါ) မြုပ်၍ထားသည် ဟူသောအနက် ကိုရပါသည်။ “ထပန” ကို မြန်မာတို့က မြန်မာသံဖြင့်ဖတ်လျှင် “ထာပနာ (ဝါ) ဌာပနာ” ဟုဖတ်ကြပါသည် ။

တချို့ပညာရှိကြီးများကလည်း “စကားထာဟူသည်မှာ စကား၏အထာ ကို ဆိုလိုကြောင်း၊ မြန်မာ စကားတွင် သူ့အထာဟုပြောလေ့ပြောထရှိကြရာ အထာဆိုသောပုဒ်၏ အနက်မှာ အနေအထား သဘောသရုပ်ကို ဆိုလိုကြောင်း”၊ “ကျွန်တော် သူ၏ အထာကို ကောင်းစွာသိပါသည်” ဟုပြော သောစကားတွင် အထာမှာ ထိုပုဂ္ဂိုလ်အနေအထား၊ သဘောသရုပ်ကိုဆိုလိုကြောင်း၊သို့ဖြစ်၍ စကားထာ ဟူသည်မှာ အကြင် စကားရပ် တခု၏အနေအထား၊ သဘောသရုပ်ကို ကြည့်၍အဖြေကို ထုတ် ဖော် ရသည့်စကားမျိုးဖြစ်ကြောင်းမိန့်ဆိုကြ ပါသည်။
စကားထာအမျိုးအစားနှင့်ပတ်သက်၍ မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင်
-ကာရန်အားဖြင့် ဝှက်သော စကားထာ
-ဥပမာအားဖြင့် ဝှက်သောစကားထာ
-အနက်အားဖြင့် ဝှက်သောစကားထာ
-စကားလိမ်အားဖြင့် ဝှက်သောစကားထာ
-သင်္ချာအားဖြင့် ဝှက်သောစကားထာ ဟူ၍ခွဲခြားဖော်ပြထားသည်ကိုတွေ့ရပေသည်။
အမျိုးအစားခွဲခြားပုံ မရှင်းလင်းဘဲ ထွေးရောယှက်တင် ဖြစ်၍နေပေသည်။ သို့ဖြစ်၍ ဤစာအုပ်တွင်မူ မြန်မာစကားထာများကို အမျိုးအစားအားဖြင့် (၆)မျိုးခွဲခြားဖော်ပြထားပါသည်။ယင်းတို့မှာ -
၁-စကားထာ(ရိုးရိုး)
၂-စကားလိမ်
၃-စကားဝှက်
၎-သင်္ချာစကားထာ
၅-ပုစ္ဆာစကားထာ
၆-ပုံပြင်စကားထာ ဟူ၍ဖြစ်ပါသည်။

နမူနာ စကားထာများ။
၁။ သူ့အပင်က တစ်ရုံကီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)
၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)
၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)
၎။ ခေါင်းကီးလို လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)
၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)
၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)
၇။ နွားနိုတစ်မြူ၊ ပြည်လုံးဖြူ။ (လ)
၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)
၉။ အမြင်နီး ခရီးဝေး။ (တောင်)
၁၀။ စည်ကီးတီး မျက်နှာမည်းကီးငို သေသူရှင် ပုန်းသူပေါ်။ (မိုးဦကျကာလတွင် မိုးကိုးပစ်၊ မိုးရွာ၊ မြက်ပေါက်၊ ဖားအော်)
၁၁။ မတီးဘဲမြည်။ (မိုးခိမ်းသံ)
၁၂။ ခုတ်လိုမပြတ် သတ်လိုမသေ။ (ရေ)
၁၃။ အိမ်ရှိပေမယ့် လူမရှိ၊ လူရှိပေမယ့် အသံမကြားရ။ (သင်္ချိုင်း)
၁၄။ ငမဲဖင် ငနီလျက်။ (အိုးနှင့် မီး)
၁၅။ သွားတော့ခွေခွေ နေတော့စင်းစင်း။ (ခေါင်းခု)
၁၆။ ငယ်စဉ်က ရင်ခွင်ပိုက်၊ ကီးစေလိုလိုတုတ်နဲရိုက်၊ မာစေလိုလို မီးနဲ့မြှိုက်။ (အိုး)
၁၇။ သားကရိုက်တော့ အမေငို၊ ၀မ်းဗိုက်တစ်လုံး ခေါင်းတစ်လုံး။ (မောင်း)
၁၈။ သံသာငှက်ကီး ရင်ပတ်တီး၊ အမီးခါးလယ်မှာ။ (လယ်ကွင်း)
၁၉။ နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်တော့လဲ တစ်ပေါက်တည်း။ (အပ်)
၂၀။ ကျိုးကျိုးကျည် မြည်လိုလာ၊ အိမ်ရောက်ခါမှ မေးထောက်ကာ။ (လှည်း)
၂၁။ ရေလယ်ကောင် သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း။(ကျောက်ပြင်)
၂၂။ အသီးပေါ်အပင်ပေါက် ခြေထောက်တစ်ချောင်းထောက်။(နာနတ်သီး)
၂၃။ နေ့ချွတ်၊ည၀တ်။(တံခါးမင်းတုပ်)
၂၄။ အစိမ်းပေါ်အဖြူတင်၊အဖန်လာမှအနီရောင်ဆင်။(ကွမ်းယာ)
၂၅။ သူ့ကိုရိုက်တော့ချာချာလည်၊ကြိုးကိုဆွဲပြီးငိုရှာတယ်။(ကြေးစည်)
၂၆။ ကန်ထဲမှာရေ၊ရေထဲမှာမြွေ၊မြွေခေါင်းမှာရွှေ။(မီးခွက်)
၂၇။ အညာကဆင်ဖြူ၊အမွှေးထူ။(ကြက်သွန်ဖြူ)
၂၈။ ဖူးကနဲထောင်၊ဖောင်ကနဲလဲ၊ရဲရဲနဲ့တွဲလွဲဆွဲ။(ငှက်ပြောဖူး)
၂၉။ သူ့အပင်နွဲ့ချောင်း၊မတက်ကောင်း၊စားကောင်းပါရဲ့ဖူးတံနဲ့။(ပြောင်းဖူး)
၃၀။ ပ၀ါခြုံလုံပါပေ့၊ဆံမြိတ်ချ၊လှပါပေ့၊ကျောက်တန်းစီညီပါပေ့။(ပြောင်းဖူး)
၃၁။ ခြုံကြားထဲကမင်းကုသ၊ခေါင်းပေါင်းစနှင့်ထ။(နာနတ်သီး)
၃၂။ ခြုံကြားထဲကမင်းကုသ၊ခေါင်းပေါင်းစနှင့်ထ။(နာနတ်သီး)
၃၃။ ဆုပ်လျှင်စူး၊နမ်းလျှင်မူး၊စားလျှင်ရှုး။(ပဒိုင်းသီး)
၃၄။ ဒို့နွားတစ်ကောင်၊ဘို့တစ်ထောင်။(ကြက်ဟင်းခါးသီး) ခြေရာလည်းပျောက်၊ရေလည်းနောက်။(ဆန်ဆေးရေ)
၃၅။ နွားမတစ်ရာရေဆင်းလာ၊ ခြေရာလည်းပျောက်၊ရေလည်းနောက်။(ဆန်ဆေးရေ)
၃၆။ သူ့ပင်စည်ကမြွေပွေးပြောက်၊သူ့အသီးကပြည်တောင်လောက်။(သင်္ဘောသီး)
၃၇။ ဖတ်လတ်ဖတ်လတ် ၂ဖတ်လတ်၊တွဲလွဲတွဲလွဲ ၂ တွဲလွဲ၊ဒေါက်လောက် ၊ဒေါက်လောက် ၊၄ ဒေါက်လောက်။(ဆင်)
၂ ဖတ်လတ်= နားရွက် ၂ခု။
၂ တွဲလွဲ = နှမောင်းနဲ့အမြီး။
၎ ဒေါက်လောက် = ခြေလေးချောင်း။
၃၈။ ရေမရှိမြစ်လယ်ကောင်၊ထင်းမရှိတောင်၃တောင်၊နှမ မရှိ ၆ ယောက်မောင်။ (မေတ္တတရား)

ထင်းမရှိတောင်၃တောင် = အနိစ္စ၊ဒုက္ခ၊အနတ္တ။
နှမ မရှိ ၆ ယောက်မောင်= အာရုံ ၆ ပါး။

၃၉။ ပန်းဇော်တကို၊နေ့ညမဆို၊ဆင်စေလိုသည်၊ဗဟိုရင့်ကျူး၊နာရီမှူး။(ကြက်ဖ)
၄၀။ ဆယ့်ခြောက်ပြည်ထောင်ပိုင်စိုး၊မင်းမျိုးငဲ့ရာဇာရှေးကုသိုလ်ကံမကောင်းတာကြောင့်၊

ခေါင်း၊ခြေ၊လက်မပါ။(၁၆ ပြည်ဆံသည်။တင်းတောင်း)

၄၁။ သဒ္ဒါလည်းမတတ်၊ပရမတ်လည်းမကျေ၊လူရှေ့မှာလည်းနေ၊မှန်လျှင်မှန်စေ၊မမှန်လျှင်လျှာထုတ်ပြသည်။(ချိန်ခွင်)
၄၂။ ခြေ ၈ ချောင်း၊ခေါင်းဘယ်ညာ၊အမြီး ခါးလယ်မှာ။(ချိန်ခွင်)
၄၃။ ချောင်းငယ်ကောက်ကောက်၊ရေလယ်နောက်နောက်။(ကျောက်ပျဉ်)
၄၄။ ရေလယ်ကောင်သောင်ထွန်း၊နတ်သမီးနေတဲ့ကျွန်း။(ကျောက်ပျဉ်)
၄၅။ ငုပ်ချည်၊ပေါ်ချည်၊သူ့ဖင်ကိုကြိုးနဲ့ချီ။(အပ်နဲ့အပ်ချည်)
၄၆။ နွားနို့တစ်ပန်းကန်၊တစ်ပြည်လုံးလျှံ။(လနဲ့လရောင်)
၄၇။ နတ်သမီးသောက်ရေကန် တံတိုင်းသုံးထပ်ရံ။(အုန်းသီး)
၄၈။ မဖွပ်ဘဲဖြူ၊မခပ်ဘဲပြည့်။(အုန်းသီး)
၄၉။ မဖွပ်ဘဲဖြူသည့်နတ်ပုဆိုး၊မခပ်ဘဲပြည့်သည့်နတ်ရေအိုး။(အုန်းသီး)
၅၀။ ဒိုက်ခုတ်တော့အုတ်ပေါ်၊အုတ်ခုတ်တော့ကြွေပေါ်၊ကြွေခုတ်တော့ရေပေါ်။

(အုန်းသီး)

၅၁။ သွားတော့ခွေခွေ၊နေတော့စင်းစင်း။(ခေါင်းခု)
၅၂။ လေးထောင့်စပ်စပ်၊သူ့မျက်နှငြါ့မှာကပ်။(မှန်)
၅၃။ အပင်နွဲ့နှောင်း၊အသီးဖောင်ဖောင်မစားကောင်း။(ဆံပင်နဲ့သန်းဥ)
၅၄။ ငါ့နွားနက်နက်ချုံပေါ်တက်၊ချက်ချက်သံမျှမကြားရ။ ဆံပင်နဲ့သန်း)
၅၅။ နှစ်ယောက်တစ်တွဲ၊နေ့မှာခွဲ၊ညဘက်ကျလျှင်ပြန်ပေါင်းချုပ်။(တံခါးရွက်)

ကျမ်းကိုး။
၁။ http://wikimyanmar.co.cc/
၃။ ကြည်ဦးရေး မြန်မာ့ရိုးရာစကားထာများစာအုပ်
၎။ http://mmfreethinker.wordpress.com/


Wednesday, August 1, 2012

Public Toilettes ရှိ လက်အခြောက်ခံသော hand dryers များ၏အန္တရာယ်။



Hand dryer တွင် internal screen ပါရှိသည်။ ၎င်းကို ၁-၂ ပတ်တစ်ခါလဲရမည်။ သို့ရာတွင်
၁-၂ နှစ်တစ်ခါလဲသော hand dryer တွေ့လျှင်အလွန်ကံကောင်းသည်ဟုဆိုပါသည်။ မလဲ ပဲထားသော internal screen ရှိသော hand dryer တွင် ဘက်တီးရီးယားပိုးများ စုဆောင်း နေသဖြင့် လက်ကိုအခြောက်ခံပါက လက်တွင် ဘက်တီးရီးယားပိုး ၂၅၄% နှင့်၊ လက်ချောင်း များတွင် ၁၉၄% ပိုများလာပါသည်။