လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Sunday, May 31, 2015
အုန်းပင်ပေါ်က အုန်းသီးပေါ်မှာ ငှက်လည်း နားနေတယ်။ အိမ်မြောင်လည်း နားနေတယ်။
အုန်းပင်ပေါ်က အုန်းသီးပေါ်မှာ
ငှက်လည်း နားနေတယ်။
အိမ်မြောင်လည်း နားနေတယ်။
အုန်းသီးလည်း ကြွေရော
ငှက်က အတောင်ပံခတ် ပျံပြီး
နောက်တစ်ကိုင်းပေါ် နားနိုင်တယ်။
အိမ်မြောင်ကတော့ အုန်းသီးနဲ့အတူ
ပါသွားပြီး အောက်ကိုပြုတ်ကျသေရသလိုပဲ ...
ဒါနနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွရှိတယ်။
သီလနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွေရှိတယ်။
ဝိပဿနာနဲ့ ရောက်တဲ့ အရိယာနတ်တွေရှိတယ်။
သက်တမ်းကုန်တော့
ဒါန သီလနဲ့ လာတဲ့နတ်တွေက
အပါယ်ပြန်ကျကုန်တယ်။ ကံလမ်းကိုး။
သောတာပန် အရိယာနတ်တွေကတော့
အောက်ကို မလာတော့ဘူး။
ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်ကြတယ်။
ဥာဏ်လမ်းကွဲ့။ အနိမ့်ဆုံး သောတာပန်
ဖြစ်ရင်ကို လောကမှာ နေပျော်သေပျော်ပြီ။
ပေါ့ပေါ့လေးနဲ့တော့ မရဘူး။
ဝေဒနာ ကျေးဇူးရှင်, ခန္ဓာနဲ့ရင်းမှရတယ်။
တရားက အင်မတန် ချမ်းသာတာ။
တရားချမ်းသာထက် ချမ်းသာတာ
လောကမှာ မရှိဘူး။
အင်မတန်အဖိုးတန်တဲ့ လူ့ဘဝကို
ရနေကြတာနော်,
လူတွေမသိကြလို့ မကျင့်ကြတာ။
သေခါနီးမှ နောင်တရကြတယ်။
အင်မတန် သနားစရာကောင်းတယ်။
ပြည် ဝိဇ္ဇောဒယ သဲအင်းဂူဆရာတော်ကြီး
မေတ္တာဖြင့်
_/\_ _/\_ _/\_
31.5.15
Friday, May 29, 2015
((( -ပါရမီ (၁၀) ပါး-)))
((( -ပါရမီ (၁၀) ပါး-)))
---------------------------
ပါရမီ = မြတ်သော ဘုရားလောင်း စသော သူတော်ကောင်း တို့၏ ကုသိုလ်ကံ တရားစု၊ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်စေတတ်သော ကုသိုလ်ကံ တရားစု။
ပါရမီ (၁၀) ပါး
(၁) ဒါန ပါရမီ၊
(၂) သီလ ပါရမီ၊
(၃) နိက္ခမ ပါရမီ၊
(၄) ပညာ ပါရမီ၊
(၅) ဝီရိယ ပါရမီ၊
(၆) ခန္တီ ပါရမီ၊
(၇) သစ္စာ ပါရမီ၊
(၈) အဓိဋ္ဌာန် ပါရမီ၊
(၉) မေတ္တာ ပါရမီ၊
(၁၀) ဥပေက္ခာ ပါရမီ။
(၁) ဒါန ပါရမီ
ဒါနသည် စွန့်ခြင်း လက္ခဏာ ရှိ၏၊ ငြိတွယ်သော လောဘကို ဖျက်ဆီးခြင်း ကိစ္စ ရှိ၏၊ မငြိ မတွယ်ခြင်းလျှင် ဉာဏ်၌ထင်သော အခြင်းအရာ ရှိ၏၊ စွန့်လှူထိုက်သော ဝတ္ထုလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(၂) သီလ ပါရမီ
သီလသည် ကိုယ်,နှုတ် နှစ်ပါးကို သိမ်းဆည်းသောအား ကောင်းစွာထားခြင်း လက္ခဏာ ရှိ၏၊ မကောင်းသော ကိုယ်,နှုတ်အမှု ဟူသော အကုသိုလ် ဓမ္မကို ဖျက်ဆီးခြင်း ကိစ္စရှိ၏ ကိုယ်,နှုတ် အမှု ဖြူစင် သန့်ရှင်းခြင်း လျှင် ထင်သော ပစ္စပဋ္ဌာန်ရှိ၏၊ မကောင်းမှု တို့ပြုရန် ရှက်,ကြောက်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
(၃) နိက္ခမ ပါရမီ
နိက္ခမသည် ကာမမှ လည်းကောင်း, ဘဝမှ လည်းကောင်း ထွက်ခွာ ကျွတ်လွတ်ခြင်း လက္ခဏာ ရှိ၏။ ကာမ၏ အပြစ်, ဘဝ၏အပြစ် တို့ကို အလင်းထင်အောင် ပြခြင်း ကိစ္စ ရှိ၏။ ထိုကာမ ဘဝကိုသာလျှင် မတွေ့လိုမှု, မျက်ကွယ်ပြု လိုသော အဖြစ်လျှင် ထင်သော ပစ္စပဌာန် ရှိ၏၊ ကာမဘေး, ဘဝဘေး တို့မှ ထိတ်လန့်သော အကြောင်း ပဒဌာန် ရှိ၏။
(၄) ပညာ ပါရမီ
ပညာသည် သဘာဝ ဟုတ်မှန်တိုင်းသော သဘောတရားကို ထိုးထွင်း၍ သိမြင်ခြင်း လက္ခဏာ ရှိ၏။ ဉာဏ်၏အရာ အာရုံ ဓမ္မ သဘာဝကို ထွန်းပြခြင်း ကိစ္စ ရှိ၏။ မတွေမဝေခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏။ စိတ်၏ တည်ကြည်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
(၅) ဝီရိယ ပါရမီ
ဝီရိယသည် အားသစ် ကြိုးပမ်းခြင်း လက္ခဏာ ရှိ၏၊ စိတ်ကို မလျော့မရဲ ခိုင်မြဲ တင်းရင်းအောင် ထောက်ပံ့ခြင်း ကိစ္စ ရှိ၏၊ မတွန့်မဆုတ် ခြင်းလျှင် ထင်သော ပစ္စုပဌာန် ရှိ၏၊ ဇာတိဘေး, ဇရာဘေး, ဗျာတိဘေး, မရဏဘေး, စသည်တို့ကို တွေးမိလေတိုင်း အလှိုင်းတကြီး အားသည်းဆွေ့ခုန် နှလုံးတုန်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဌာန် ရှိ၏။
(၆) ခန္တီ ပါရမီ
ခန္တီသည် နှလုံးခိုင်ခန့်ခြင်း လက္ခဏာ ရှိ၏၊ လောက ဓလေ့ ကြိုက်ကြုံတွေ့လည်း မရွေ့မယိုင် သည်းခံနိုင်ခြင်း ကိစ္စ ရှိ၏၊ သူတထူးတို့ ကျူးကျူး လွန်လွန် ဝန်တာပြစ်ဖို့ ပြု့သည်တို့ကို သူသို့တဖန် အမျက်မာန်ဖြင့် လှန်ပြန် မရှိ သည်းခံချိခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာ ရှိ၏၊ ဟုတ်မှန် တိုင်းသော ဓမ္မ သဘောကို မြင်နိုင်သော ဉာဏ်လျှင် ပဒဋ္ဌာန် ရှိ၏။
(၇) သစ္စာ ပါရမီ
သစ္စာသည် သူတပါးကို မှတ်မှား,ယူမှား တိမ်းပါးချော်ချွတ်အောင် မပြုခြင်း လက္ခဏာ ရှိ၏၊ မိမိသိတိုင်း မြင်တိုင်း ဟုတ်မှန် တိုင်းကိုသာ အလင်းဖွင့်ပြခြင်း ကိစ္စ ရှိ၏၊ မြွက်ဆိုသမျှ ယုံကြည်ရ၍ သြဇာနှစ်ဆီ ချိုဆိမ့်အီသော စကား ရှိသည်၏ အဖြစ်လျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ကိုယ်အမှု, နှုတ်အမှု ဖြူဖြောင့်မွေ့ခြင်း၌ အလေးဂရုပြုခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။
(၈) အဓိဋ္ဌာန် ပါရမီ
အဓိဋ္ဌာန်သည် သဗ္ဗညု ဗောဓိ- ပစ္စေက ဗောဓိ- သာဝက ဗောဓိ ဟူသော ဗောဓိသုံးမျိုးတို့၏ အချေမူလ သမ္ဘာရ ဖြစ်ကုန်သော ဒါနမှု, သီလမှု, နိက္ခမမှု, ပညာမှု စသည်တို့၌ မရွေ့မယိုင် ကြံ့ခိုင်စွဲမြဲခြင်း လက္ခဏာ ရှိ၏၊ ထိုသမ္ဘာရမူ တို့၏ ဆန့်ကျင်ဘက် အသင်းကို နှိပ်နင်း ပယ်ရှားခြင်း ကိစ္စ ရှိ၏၊ ထိုသမ္ဘာရမူတို့၌ မလှုပ်မရှားသည်၏ အဖြစ်လျှင် ထင်ရှားသော ပစ္စုပဋ္ဌာန် ရှိ၏၊ ဒါန စသော ဗောဓိမူလ တရားစုလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
(၉) မေတ္တာ ပါရမီ
မေတ္တာသည် သတ္တဝါတပါး ကျေးဇူးများအံ့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ သူတပါး၏ ကောင်းကြိုးကို လွန်စွာ သယ်ပိုးခြင်း ကိစ္စ ရှိ၏၊ လပြည့်ဝန်း ကဲသို့ ရွှန်းရွှန်းကြည်ဆွ အေးမြ ငြိမ်းချမ်းသော စိတ်သဘောလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ သတ္တဝါတို့၏ နှစ်သက်ဖွယ်သော ဂုဏ်ကိုသာ ရှုမြင်တတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
(၁၀) ဥပေက္ခာ ပါရမီ
ဥပေက္ခာသည် ချီးမြှောက်, ရှုတ်ချ နှစ်ဌာန၌ တူမျှ သမှု လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ ညီမျှသော သဘောအားဖြင့် ရှုခြင်း ကိစ္စ ရှိ၏၊ မုန်းသည်, ချစ်သည် နှစ်မည်နှစ်သင်း ကင်းငြိမ်းခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ဘယ်သူမပြု မိမိမှုဟု အရှုအဆင်ခြင်း ကောင်းစွာမြင်သော ဉာဏ်ပညာလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
ဤတွင် ပါရမီ ဆယ်ပါးတို့၏ အသီးသီးသော သဘော လက္ခဏာကို ပြဆိုသော အခန်း ပြီး၏။
(အဂ္ဂမဟာပဏ္ဍိတ- အသျှင် ဥာဏဓဇ ) - လယ်တီဆရာတော် ဘုရားကြီး ၏
"ဥတ္တမပုရိသ ဒီပနီ" ကျမ်းမှ ယူ၍ ဓမ္မဒါန လက်ဆောင်အဖြစ် ဖြင့် ပြုပါသည်။
ဈေးဝယ်တဲ့ အိမ်ရှင်မတွေ သတိထားဘို့ပါ
မုံရွာ က ဈေးဝယ်တဲ့ အိမ်ရှင်မတွေ သတိထားဘို့ပါ
အခုရာသီက ပိန္နဲသီးနုတွေပေါ် ချိန်မို့ ခဏခဏ ချက်စားဖြစ်တယ်
ဒါပေမယ့် ဈေးဝယ်တဲ့အခါ တော်တော် သတိထားရတယ်
ပိန္နဲသီးနု တွေက စေးအလွန်များတဲ့ အမျိုးမို့ ဓါးနဲ့လှီးပြီးပြီခြင်း အရောင်မည်းမည်း ညိုညိုဖြစ်သွားပါတယ်
ဒါပေမယ့် ဈေးမှာရောင်းတဲ့ ပိန္နဲသီးနု တွေက ဓါးလှီးပီးသားတွေကတော့ ဖွေးဆွတ်ပြီးလတ်ဆပ် တဲ့ပုံ ပေါက်နေလို့ ဈေးသည်တွေ တော်လိုက်တာ ဘယ်လိုများလှီး ထားသလဲ လို့မေးတော့
လတ်ဆပ်ပြီး ဖွေးနေတာက ဆေးစိမ် လို့ပါတဲ့
ဆေးက ဘာဆေးများ စိမ်လဲလို့ မေးတဲ့အခါ အကျီင်္တွေ မှာချွတ်ရင် သုံးတဲ့ ချွတ်ဆေးပါတဲ့
ပိန္နဲသီးနု တွေတင် မကဘူး မျှစ်စိမ်း ကျောင်းဈေးတွေမှာ ရောင်းတဲ့ သရက်သီးစိမ်း
သဘောင်္သီးစိမ်းတွေ မှာလဲ ဒီဆေးဘဲစိမ် ရောင်းကျပါတယ်တဲ့
ဘုရား ဘုရား ဘုရား လူတွေ ရောဂါတွေ ထူပြောတာလဲမပြောနဲ့ အတက်စမ်းလိုက်ကျတာတွေ
ဈေးသည်တွေက မိမိ အတွက်သာ ကြည့်တပ်ကျပြီး
ကျန်းမာရေး အသိနည်း စာသုံးသူအတွက် အကာအကွယ် ပေးမည့် အဖွဲ့ အစည်းကလည်းဘယ်ဆီ မှန်းမသိ နဲ့ သီလရှိသလောက် တော့ အသက်ရှည် ရအုံးမယ်ပေါ့
Wednesday, May 27, 2015
ရဟန်းဖြစ်လာသော အမေရိကန် သိပ္ပံပညာရှင်
ရဟန်းဖြစ်လာသော အမေရိကန် သိပ္ပံပညာရှင်
=============================
အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ဓမ္မစရိယ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒ န္တအာစိဏ္ဏ၏ ဖားအောက်တောရရိပ်သာကျောင်းတွင် အနောက်တိုင်းသား နိုင်ငံခြားသား ယောဂီအများအပြား ရဟန်းဝတ်၍ တရားအားထုတ်နေသည်ကို တွေ့ရသည်။ ၄င်းတို့အထဲတွင် သန်းကြွယ်သူဌေးမိသားစုမှ ဆင်းသက်လာသော လခစား အမေရိကန် သိပ္ပံပညာရှင်တစ်ရှင်တစ်ဦးလည်း ရဟန်းဝတ်ပြီး တရားအား ထုတ်နေသည်။ - အဆိုပါ ရဟန်းကို မီဒီယာ ဂျာနယ်လစ်တစ်ဦးက မေးခွန်းထုတ်သည်။" အရှင်ဘုရားသည် သန်းကြွယ်သူဌေး သိပ္ပံပညာရှင် ကြီးဖြစ်ပါလျက် အဘယ်သို့သောအကြောင်းကြောင့် ရဟန်းဝတ်ပြီး သမထဝိပဿနာတရား စခန်းမှာ တရားအားထုတ်နေ ပါသနည်း။ အဘယ်အထိ ဤသို့တရားအားထုတ်ရန် ရည်မှန်းထားပါသနည်း'' ဟုမေးသည်။ - ထိုအခါ ရဟန်းကဖြေသည်မှာ " ဖားအောက်တောရ ဆရာတော်ဘုရားကြီး အမေရိက သာသနာပြုခရီးတွင် ဟောကြားညွှန်ပြတော် မူသော ဗုဒ္ဓတရားတော်များကို နာကြားရသောအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင်မှာ ဗုဒ္ဓဖြစ်နေကြောင်း ၊ ကမ္ဘာပေါ်တွင် ရှိရှိသမျှနှင့် ရှိခဲသမျှ ပုဂ္ဂိုလ်အပေါင်းတို့တွင် ပညာအကြီးမားဆုံးပုဂ္ဂိုလ်မှာ ဗုဒ္ဓဘုရားဖြစ်နေကြောင်း သိရှိလာရပြီး ဗုဒ္ဓ၏ စာပေများက ညွှန်ပြထားသော အဆုံးအမများ ကသာလျှင် မိမိဘဝတိုးတက်ရေးအတွက် ပစ္စုပ္ပန်သံသရာနှစ်ဖြာ ကောင်းကျိုးအတွက် အမှန်ဆုံး၊ အကောင်းဆုံး ၊ အမြတ်ဆုံးဖြစ်ကြောင်း ၊ ထို့ကြောင့် သည်တိုင်း ၊ သည်ဒေသ ပုဂ္ဂိုလ်များက လက်ခံထားသရွေ့ ဤတစ်ပါးကျောင်းကလေးတွင် တစ်သက်ပတ်လုံးနေပြီး တရားအားထုတ်သွားရန် ရည်ရွယ်ဆုံးဖြတ်ထားကြောင်း'' ရှင်းပြသွားသည်။ - ထိုကြောင့် ကကြီး ၊ ခကွေးကအစ မူလတန်းမှနေ တက္ကသိုလ်အဆင့်ဆင့်အထိ သင်ကြားခဲ့ကြသည့် စာပေပညာများ၊ အတတ်ပညာ နည်းပညာများသည် ပစ္စုပ္ပန်တစ်ဘဝစားဝတ်နေရေး ချမ်းသာရေးအတွက် အကျိုးပြုသည်။ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရားတော်များ၊ဗုဒ္ဓစာပေများမှာကား မိမိ၏ ပစ္စုပ္ပန်ဘဝနှင့် သံသရာအဆက်ဆက်တို့တွင် အမြင့်ဆုံး အမြတ်ဆုံး အချမ်းသာဆုံးနှင့် နိဗ္ဗာန်ချမ်းသာအထိ ရရှိအောင် ၊ရောက်အောင် ပို့ဆောင်ပေးနိုင်ကြောင်းမှာ ရှင်းလင်းလှပေသည်။ ==============
(ကျီးသဲညွှန့်နိုင်)
Credit to : Bhikkhu's Dhamma
“ကိုယ့်ကိုကိုယ်စစ် စိတ်မညစ်နဲ့”
“ကိုယ့်ကိုကိုယ်စစ် စိတ်မညစ်နဲ့”
•••••••••••••••••••••••••••••••••••
-ကိုယ်ကောင်းသလို
သူမကောင်းလည်း ကိုယ်မပြောင်းပါစေနဲ့။
သူမကောင်းရင် သူ့အကြောင်းပဲလေ။ 
သူ့အကြောင်းဟာ သူ့အကျိုးပဲပေါ့။
သူ့အကျိုးဟာ ကိုယ့်အဆိုးမဖြစ်ဖို့ပါပဲ။
-ကိုယ်ကျေးဇူးပြုဖူးသူက
ကိုယ့်ကျေးဇူး မသိရင်လည်း
ရှိပါစေတော့။ ကိုယ်သိနေရင်ပြီးတာပဲလေ။
သူမသိတတ်တာ သူ့အပိုင်းပဲပေါ့။
သူရိုင်းသလို ကိုယ်မရိုင်းဖို့က ကိုယ့်သမိုင်းပါပဲ။
- ကိုယ်နားလည်ပေးသလောက်
သူကောက်နေလည်း ကိုယ်မဖောက်မိပါစေနဲ့။
ကိုယ်ဘက်ကတော့ ဖြောင့်နေဖို့ပဲ မဟုတ်လား။
သူနားမလည်တာ ကိုယ်အားငယ်ဖို့မှ မဟုတ်တာ။
အချိန်တန်ရင် နားလည်မှုတွေရ ၊
အားငယ်မှုတွေ ကျသွားမှာပါပဲ။
-【ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】
Posted by►
www.facebook.com/youngbuddhistassociation.mm
Tuesday, May 26, 2015
ထေရဝါဒ
ကျော်ဦးဟာ
ထေရဝါဒကိုလက်ခံယုံကြည်ပါတယ်လို့
အကြိမ်ကြိမ်ပြောပြီးသားပါ
မိုးကုတ် ဖါးအောက်စတဲ့ဆရာတော်
တွေရဲ့တရားနဲ့အစပြုပြီး
ဦးညာဏရဲ့သာဝကဖြစ်ဖို့
လာဆွယ်နေတယ်။
ပဋ္ဌာန်းဆက်မပါဘူးတဲ့။
မှတ်ထားပါဗျာ ပါနေရင်တောင်ဖြတ်ချမှာပါ။
လွတ်လပ်စွာ တွေးတာ ရေးတာကလွဲရင်
ကျနော်ဟာ ထေရဝါဒ-ပါ။
ကျနော်ယုံတဲ့ထေရဝါဒဆိုတာ
သိဖို့ POST အဟောင်းနှစ်ခုကို
ထည့်ပေးလိုက်ပါတယ်
စိတ်ပျက်ပြီး
block တာ
unfriend လုပ်တာ
စိတ်ကြိုက်သဘောရှိလုပ်ပါ
နည်းနည်းလွမ်းတတ်ပေမဲ့
ကြာရင်မေ့သွားပါလိမ့်မယ်
{{{ ထေရဝါဒ }}}
ထေရာနံ ဝါဒေါ ထေရဝါဒေါ
ဟူသော ဝစနတ္ထအရ သုတ် အဘိဓမ္မာ
ဝိနည်း ပါဠိတော် အဋ္ဌကထာ၌လာသော
တိပိဋကစူဠနာဂ မဟာသုမ မဟာပဒုမ
စသောမထေရ်တို့၏ အယူဝါဒစကားအစဉ် ကိုဆိုလိုပေသည်။
သုတ္တန္တာဘိဓမ္မဝိနယဋ္ဌကထာ သု
အာဂတော သဗ္ဗောပိ ထေရဝါဒေါ
အတ္တနောမတိ နာမ
ကျမ်းကိုး (ဝိ ၊ ဋ္ဌ ၊ ၁ ၊ ၁၉၆)
တိပိဋကစူဠနာဂတ္ထေရာဒီဟိ ဝုတ္တော
ထေရဝါဒေါပိ သင်္ဂဟိတော ဟောတိ။
ကျမ်ကိုး (မူလဋီ ၊ ၁ ၊ ၁၁)
တနည်းအားဖြင့် အရှင်မဟာကဿပ စသော
မထေရ်တို့ဟောပြောပို့ချ ပေါင်းစု ရွတ်ဆိုအပ်သော
ပထမ ဒုတိယ သင်္ဂါယနာသို့ တင်အပ် သောပါဠိ
မဟာကဿပစသောမထေရ်တို့ ထိန်းသိမ်းစောင့်ရှောက်ထားအပ်သော
ဘုရားစကား ပါဠိတော်များကို (((ထေရဝါဒ))) ဟုခေါ်ဆိုလေသည်
ယင်းအနက်အရ ထေရဝါဒပုဒ်ကို
ဝဒီယတေတိ ဝါဒေါ ထေရေဟိ ၀ါဒေါ ထေရဝါဒေါ- ဟုဝစနတ္ထပြုရပါမည်။
အဓိပ္ပါယ်မှာ မထေရ်တို့ ရွတ်ဆိုအပ်သော
ပါဠိတော်ဟုအဓိပ္ပါယ်ရပါသည်။
သဗ္ဗံ ထေရဝါဒန္တိ ဒွေသင်္ဂီတိယော
အာရူဠာ ပါဠိယေဝတ္တ "ထေရဝါဒေါ"တိ
ဝေဒိတဗ္ဗော ။
သာ ဟိ မဟာကဿပ ပဘုတီနံ
မဟာထေရာနံ ဝါဒတ္တာ "ထေရဝါဒေါ"တိ ဝုစ္စတိ
ကျမ်ကိုး [သာရတ္ထ ၊ ၁ ၊ ၁၃၅]
သို့ဖြစ်၍ ထေရဝါဒ၌
(ထေရ)-အရ ရှင်မဟာကဿပ
အရှင်မဟာယဿစသောသင်္ဂါယနာတင်
ရဟန္တာမဟာထေရ်ကြီးများကိုယူရပါမည်။
(ဝါဒ)-အရသင်္ဂါယနာတင်ပွဲ၌ ထိုမထေရ်တို့
ရွတ်ဆိုအတည်ပြုအပ်သော
ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကို
ယူရပါမည်။
အကျဉ်းအားဖြင့်
(ထေရဝါဒ) ဟူသည် သင်္ဂါယနာတင်ဂန္ထ၀င်
ကျမ်းစာများကိုဆိုလိုပါသည်
ထိုသင်္ဂါယနာတင်ဂန္ထ၀င်ကျမ်းစာများဖြစ်သည်
အရှင်မဟာကဿပစသောရဟန္တာမထေရ်
ကြီးများမှစ၍ ယနေ့ခေတ်မြန်မာနိုင်ငံရှိ ဆရာတော်
သံဃာတော်များအစဉ်အဆက်လက်ခံ ကျင့်သုံးနေသော
ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ
ကျမ်းရွှေစာများကို (((ထေရဝါဒ))) ဟုဆိုခြင်း ဖြစ်ပါသည်။ ။
အရှင်းဆုံးစကားဖြင့် ---
{{{ ထေရဝါဒ}}} ဟူသည်မှာ ဘုရားဟောပိဋကတ်တော်များပင်
ဖြစ်သည်
ထေရဝါဒကိုလက်ခံယုံကြည်သူများကို ((( ထေရဝါဒဗုဒ္ဓဘာသာဝင်များ )))ဟု
ဆိုရပေသည်။
နောက်တစ်ခုက
ထေရဝါဒစည်းကမ်းသုံးချက်ကို အထူးသိရှိ ထားရမည်။
{{{ ထေရဝါဒစည်းကမ်း (၃) ချက် }}}
မဟာသက္ကရာဇ် (၁၄၈)
ဝါခေါင်လဆန်း (၅ )ရက်နေ့မှစ၍
တပေါင်းလ္ဆုပ် (၅ )ရက်နေ့ထိ
(၇)လတိုင်တိုင် ကျင်းပသော
ပထမသံင်္ဂါယနာတင်ပွဲကြီးအပြီး၌
သင်္ဂါယနာတင်မထေရ်မြတ်တို့က
အရေးကြီးသောမူကြီး (၃) ရပ်ကို တညီတညွတ်တည်း
သဘောတူဆုံးဖြတ်ချမှတ်တော် မူခဲ့ကြ၏။
ထိုမူကြီး (၃)ချက်သည်ကား
စစ်မှန်သော ထေရဝါဒသာသနာတော်၏အုတ်မြစ်ပေတည်း။
ထေရဝါဒစည်းကမ်း မူသုံးချက် (၃)ချက်မှာ
{၁} သံဃော အ ပညတ္တံ န ပညပေတိ။
သံဃာတော်သည် မြတ်စွာဘုရား မပညတ်ခဲ့သည်ကို အသစ်ပညတ်ခြင်းကို မပြုအံ့။
{၂} ပညတ္တံ န သမုစ္ဆိန္ဒတိ။
မြတ်စွာဘုရား ပညတ်ခဲ့သည်ကို ဖြုတ်ပယ် ဖျက်ဆီးခြင်း မပြုအံ့။
{၃} ယထာပညတ္တံ သိက္ခာပဒေသု သမာဒါယ ပဝတ္တိ။
မြတ်စွာဘုရား သတ်မှတ်ခဲ့သော သိက္ခာပုဒ်များကို ရိုသေစွာ လိုက်နာကျင့်သုံးပါအံ့။
ဒါတွေက အတိအကျလိုက်နာဖို့ ကျနော်ကြိုးစားနေတဲ့ အရာပါ ဒီလောက်ဆိုနားလည်သင့်ပါပြီ။
လူတိုင်းကို ဖြူစင်စွာ ဆက်ဆံချင်ပါတယ်
ဆက်ဆံလို့ လည်းရပါတယ်။
ဒီလောက်ပါဘဲဗျာ ။
— with ဝိဘဇ္ဇ ဝါဒီ
Monday, May 25, 2015
သိပ်တော်တဲ့ သူ
သိပ်တော်တဲ့ ယောကျာင်္းဆိုတာ.......
မိန်းမတစ်ယောက်ကို ကိုယ်စွမ်းကိုယ်စနဲ့ လူတန်းစေ့ထားနိုင်တဲ့ အပြင်
ဘာအကြောင်းကြောင့်မှ စိတ်ဆင်းရဲ မပေးတတ်သူ ကိုခေါ်တယ်....
.
သိပ်တော်တဲ့ မိန်းမဆိုတာ ........
ဘဝမှာ တယောက်တည်းကျန်ခဲ့လဲ လောကဓံကို မမှူဘဲ
ကိုယ့်စွမ်းကိုယ်စနဲ့ ကိုယ့်ဒူးကိုယ်ချွန် ရပ်တည်နိုင်တဲ့သူကို ခေါ်တယ်.....
.
သိပ်တော်တဲ့ သူငယ်ချင်းဆိုတာ ...............
ဝမ်းနည်းအားငယ်နေတဲ့အချိန် အားပေးနှစ်သိမ့်မှူနဲ့ ကူညီတတ်သူကိုခေါ်တယ်...
.
သိပ်တော်တဲ့လူဆိုတာ ..............
ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ကိုယ့်ဘဝဖြတ်သန်းမှူထဲ
ထိပ်ဆုံးရောက်အောင် ဘယ်လို ကြိုးစားခဲ့ရလဲဆိုတာ
နောက်လူသိအောင် လမ်းညွှန်ပေးတဲ့သူ ကိုခေါ်တယ်....
.
သိပ်တော်တဲ့ ပုဂ္ဂိုလ်ဆိုတာ .......
သေရတော့မဲ့အချိန်မှာ နောင်တ ကင်းကင်း အမှားနည်းနည်းနဲ့
ကောင်းမှူကုသိုလ်တွေကိုသာ စုဆောင်းထားသူ ကိုခေါ်တယ်....
.
တကယ်တော့ ....
.
လူ့ ဘဝဆိုတာ .....
သေခြင်းတရားမလာမီ အစွမ်းကုန်ကြိုးစားအသက်ရှင်စဉ်မှာ
လူ ပုဂ္ဂိုလ် ယောင်္ကျားမိန်းမ ဆိုတာတွေထက်.....
.
လောကမှာ .....
ကုသိုလ် အကုသိုလ်ကို ကောင်းစွာသိတဲ့အပြင်
တရားခြင်း မတရားခြင်းကိုလည်း နားလည်တဲ့ သိပ်တော်တဲ့ ပုဂ္ဂိုလ်
ဖြစ်တာက လူ့ ဘဝရတာ အတန်ဆုံးပါဘဲ...
.
ကျေးဇူးတင်ပါတယ်...
.
.
.
Nannan Oo
Saturday, May 23, 2015
.
အောင်ခမ်း (ရိုးရာလေး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com
(Unicode version)
စားပွဲထိုးကလေးငယ်များကို စာသင်ပေးတဲ့ကား
လမ်းထဲကို အဲ့လို ကားလေးတွေ ဝင်လာရင် ကြိုဆိုပါ။ ဦးစားပေးပါ။ သူတို့ဟာ လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေတဲ့ ကလေးငယ်များကို ပညာတတ်ကြီးများ ဖြစ်လာအောင် အခမဲ့ ပညာသင်ပေးဖို့ ရောက်ရှိလာမယ့် ကားများ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးရခြင်းမှာ ပညာကို လူတိုင်း စားသုံးခွင့်မရခြင်း ဖြစ်ပါတယ်။ ပညာစားသုံးခွင့် မရခြင်းကြောင့် လူစွမ်းအား အရင်းအမြစ် ထိထိရောက်ရောက် အသုံးမချနိုင်ပဲ ဆင်းရဲတဲ့ ဝဲဂယက်မှာသာ သံသရာ လည်ရခြင်း ဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Myanmar Mobile Education Project (myMe) ဆိုတာ ပေါ်ပေါက်လာ ပါတယ်။ ပြည်တွင်းက စေတနာ လုပ်အားပေး လူတစ်စုမှ စတင်ပြီး ယခုတော့ ကမ္ဘာက အသိအမှတ်ပြု အဖွဲ့အစည်း ဖြစ်လာပြီး ရွှေ့လျား ပညာသင်ကြားရေး အစီအစဉ်ကို တိုးချဲ့ လုပ်ဆောင်နေပါပြီ။
ယခင်တုန်းက ဗိုက်ပူကားကြီးများနဲ့ သင်ပေးခဲ့ပါတယ်။ ယခုတော့ စာသင်ကျောင်းငယ်ယခင်တုန်းက ဗိုက်ပူကားကြီးများနဲ့ သင်ပေးခဲ့ပါတယ်။ ယခုတော့ စာသင်ကျောင်းငယ်လေးတစ်ခုပမာ အဆင့်သင့် ဖန်တီးထားပေးတဲ့ ကားများကို Samsung Electornic (ဆမ်ဆောင်း အီလက်ထရောနစ်) မှ လှူဒါန်းခဲ့ပြီး ရန်ကုန်မှ စလို့ ဆင်းရဲနွမ်းပါး စားပွဲထိုး ကလေးငယ်များကို ရပ်ကွက်တကာလည့်လို့ သင်ပေးနေပါပြီ။ သူတို့ အကြောင်းကို သိချင်ရင်၊ လှူဒါန်းချင်ရင် http://www.mymeproject.org နဲ့www.facebook.com/myMEproject များသို့ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
Friday, May 22, 2015
သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ
သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ
တရားထိုင်တယ်ဆိုတာ စိတ်အတွက်သာမက ရုပ်အတွက်ပါ အထောက်အကူ ပြုပြန်ပါသေးတယ်လွယ်လွယ် ပြောရရင်တော့ ရှုပ်ထွေးပျံ့လွင့်နေတဲ့ စိတ်အာရုံကို ငြိမ်သက်အေးချမ်း သွားအောင် အာရုံတစ်ခုတည်းမှာ စုစည်းလိုက်တာပါ၊ တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရှေ့တိုင်း တွေးခေါ်ပညာရှင်တွေဟာ နှစ်ထောင်ပေါင်းများစွာ ကတည်းက သိရှိပြီးပါပြီ၊ အခုအချိန်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တွေကလည်း တရားထိုင်ခြင်းအကြောင်း လက်တွေ့သုတေသနပြုလေ့လာ ယုံကြည်လာပြီဖြစ်ပါတယ်။
ဘယ်လိုတရားထိုင်ရမလဲ....
တရားထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ တင်ပျဉ်ခွေထိုင်ပြီး လက်တွေကို ပေါင်ပေါ်တင် ထိကပ်ကာ၊ မျက်စိကို မှိတ်ထားပြီး၊ နှာသီးဝက ၀င်လေထွက်လေကိုပဲ အာရုံပြု ရှုမှတ်ရမှာပါ၊ အတွေးတွေ၊ ခံစားချက်တွေ၊ အသံတွေ၊ ပုံရိပ်တွေအားလုံးကို မေ့နိုင်သမျှ မေ့အောင်ကြိုးစားရင်း စိတ်ကို နှာသီးဝမှာ တိုးနေတဲ့ ၀င်လေထွက်လေကိုပဲ အာရုံစိုက်ရမှာပါ၊ စတင်တရားထိုင်ကာစမှာ ငါးမိနစ်လောက်ပဲ ကြိုးစားကြည့်ပြီး တဖြည်းဖြည်းချင်း ၁၀မိနစ်၊ ၁၅မိနစ်ကနေ တစ်နာရီ၊ နှစ်နာရီ အထိ ကိုယ်တတ်နိုင်သလောက် ထိုင်နိုင်ပါတယ်၊ တရားထိုင်ခြင်းအကြောင်းလေ့လာဖို့ သိပ်မခက်ခဲပါဘူး၊ စတင်လေ့ကျင့်ဖို့ပဲ လိုပါတယ်၊ တရားထိုင်တဲ့အချိန်မှာ စိတ်ဟာ ငြိမ်သက်အေးချမ်းမှု ရနေမှာကတော့ အမှန်ပါပဲ။
တရားထိုင်ခြင်းကြောင့် ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်ပါသလဲ....
တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို ညီညွတ်မျှတစေပါတယ်၊ တရားထိုင်ခြင်းကြောင့် နာတာရှည် နာကျင်မှုဝေဒနာ၊ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှုဝေဒနာ၊ အမျိုးသမီးရောဂါစတဲ့ ရောဂါဝေဒနာများစွာကို သက်သာစေပါတယ်။ တရားထိုင်ခြင်းကနေရတဲ့ စိတ်အပန်းဖြေမှု၊ စိတ်ငြိမ်းချမ်းမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝပျက်စီးမှုကို လျော့ကျစေကာ သွေးဖိအား ကိုလည်း ထိန်းညှိပေးပါတယ်၊ နှလုံးသွေးလည်ပတ်မှု အားကောင်းပြီး အသက်ရှု လမ်းကြောင်းစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် ဦးနှောက်လှိုင်းတွေကိုလည်း အားကောင်းစေ ပါတယ်။ ခန္ဓာကိုယ်ကြွှက်သား တွေရဲ့ တင်းအားနဲ့ ညောင်းညာမှုတွေကို နှိပ်နယ်လိုက်သလို အညောင်းပြေ စေပါတယ်။ ဒါကြောင့် တရားထိုင်တဲ့အကြိမ်နဲ့ အချိန်များလေလေ စိတ်ငြိမ်းချမ်းမှု ပိုမိုရှိလေလေပါပဲ၊ တရားထိုင်ခြင်းကြောင့် လျော့ပါးနိုင်တဲ့ ဝေဒနာတချို့အကြောင်းကို လေ့လာသုတေသနပြုထားချက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ပူပန်မှု
စိတ်ပူပန်မှုဟာ ကြောက်ရွံ့မှု၊ အခက်အခဲကြုံတွေ့မှု၊ ဆိုးရွားတဲ့အကြောင်းတစ်ခုခုစတာ တွေနဲ့ ဆက်စပ်နေတဲ့ မသက်မသာစိတ်ခံစားမှု တစ်မျိုးပါပဲ။ စိတ်ပူပန်မှုကြောင့် ခန္ဓာကိုယ်ဟာ ကတုန်ကယင်ဖြစ်ခြင်း၊ တုန်လှုန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးခုန်နှုံးမြန်ခြင်း၊ ချွေးထွက်ခြင်း၊ လက်တွေ စေးထန်းထန်းဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပူပန်မှုဖြစ်တာနဲ့ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းတွေကို အနှောက်အယှက်ပေးတဲ့အထိ ဒုက္ခရောက်ရတတ်ပါတယ်၊ ဒါ့အပြင် စိတ်ပူပန်မှုဟာ နှလုံးရောဂါ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်၊ ဒါကြောင့် ပူပန်တတ်တဲ့စိတ် မရှိအောင် တရားထိုင်ခြင်းနဲ့ ကုစားနိုင်ပါတယ်၊ တရားထိုင်ခြင်းဖြင့် စိတ်ဟာ ငြိမ်သက်အေးချမ်းနေပြီး ပူပန်စရာကြုံတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။
တရားထိုင်ခြင်းနဲ့ စိတ်ဖိစီးမှု
ဘ၀ရဲ့အပြောင်းအလဲ၊ အချိုးအကွေ့၊ စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေနောက် လိုက်ရတာ ကိုယ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလှပါတယ်။ စိတ်ဖိစီးမှုမှာ အဆင့်သတ်မှတ်ချက်တွေလည်း ရှိပါတယ်၊ စိတ်ဖိစီးမှုနည်းတဲ့အဆင့်ဆိုရင် သိပ်ပြီးတော့တောင် သတိမထားမိဘဲ ပြေပျောက်သွားတတ်ပါတယ်၊ စိတ်ဖိစီးမှု အလယ်အလတ်အဆင့်မှာဆိုရင်တော့ လူတွေဟာ ဘာမှမလုပ်ချင် မကိုင်ချင်တော့ဘဲ စိတ်ပန်း၊ ကိုယ်ပန်းဖြစ်နေတတ်ပါတယ်၊ စိတ်ဖိစီးမှုဟာ သည်ထက် ပိုများလာပြီဆိုရင်တော့ နာတာရှည်ရောဂါတွေ အပြင် ရောဂါပေါင်းများစွာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှု ဖြစ်ပေါ်နေချိန်မှာ လျော့ကျသွားအောင် တရားထိုင်ပေးနိုင်သလို စိတ်ဖိစီးမှု လုံးဝမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တရားထိုင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း
ဝမ်းနည်းအားငယ်ပြီး မျှော်လင့်ချက်ကင်းမဲ့နေသလို ခံစားရတဲ့ဝေဒနာဟာ စိတ်ဓာတ်ကျ ခြင်းပါ။ သာမန်ခံစားရတဲ့ ၀မ်းနည်းမှု၊ပူဆွေးမှုနဲ့ အားအင်မဲ့ခြင်းတွေနဲ့ မတူပါဘူး၊ စိတ် ဓာတ်ကျတဲ့လူဟာ သာမန်အချိန်မှာထက် တွေးတောခြင်းနဲ့ စကားပြောခြင်း နှေးကွေးလေး လံနေတတ်ပါတယ်။ စူးစိုက်မှုအားနည်းပြီး ဆုံးဖြတ်ချက်ချမှု ခဲယဉ်းကာ စားတဲ့ သောက်တဲ့ အကျင့်တွေတောင် ပြောင်းလဲ သွားတတ်ပါတယ်၊ အရင်တုန်းက စိတ်ဝင်စားခဲ့တဲ့အရာတွေကို စိတ်ဝင်စားမှု ကင်းမဲ့လာပြီး ဘ၀မှာ မရှင်သန်လိုတော့တဲ့အထိ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ ယောက်ျား မိန်းမ အသက်အရွယ် မရွေးဖြစ်တတ်ပြီး ဆေးကုသခြင်းနဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်၊ ဓာတ်ကျခြင်းမဖြစ်ပေါ်အောင် တရားထိုင်ခြင်းနဲ့ ကာကွယ်လို့ ရပါတယ်။
တရားထိုင်ခြင်းနဲ့ သွေးတိုးရောဂါ
လူတစ်ယောက်ရဲ့ ပုံမှန်သွေးဖိအားက အပေါ်သွေး ၁၂၀ mmHg နဲ့ အောက်သွေး ၈၀ mmHg လို့ အကြမ်းဖျင်းအားဖြင့် ဆိုပါတယ်။ အပေါ်သွေး ၁၄၀ mmHg နဲ့အထက်၊ အောက်သွေး ၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးနေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး ပုံမှန်သွေးဖိအားဟာ မတူတတ်ပါဘူး၊ ဒါကြောင့် နေကောင်းစဉ်မှာ ပုံမှန်သွေးဖိအားကို မှတ်သားသင့်ပါတယ်၊ သွေးတိုး ရောဂါဟာ ခံစားရတဲ့အချိန် ကြာလာတဲ့အခါ သွေးကြောတွေ၊ နှလုံးနဲ့ကျောက်ကပ်တွေကို ပျက်စီးစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါရှိရင် ဆေးဝါးနဲ့ ကုသခြင်းအပြင် ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲနေထိုင်မှသာ နောက်ဆက်တွဲ အန္တရာယ်တွေ မဖြစ်အောင် လျှော့ချနိုင်မှာပါ၊ သွေးတိုးရောဂါကြောင့် ခေါင်းမူးခြင်း၊ မောပန်းခြင်း၊ ရင်တုန်ခြင်းစတဲ့ လက္ခဏာရပ်တွေ သက်သာ လျော့ပါးအောင် တရားထိုင်ပေးနိုင်ပါတယ်။ ကြာရှည် ပုံမှန်တရားထိုင်တဲ့ သူတွေဟာ သွေးဖိအားကို ပုံမှန်ထိန်းညှိပေးနိုင်တယ် လို့ သုတေသီတွေက ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ HIV ပိုးရှိခြင်း
HIV ပိုးဟာ ခုခံအားကျဆင်းတဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး HIV ပိုးရှိတဲ့ ဝေဒနာသည်တွေဟာ ကူးစက်ရောဂါပိုးတွေနဲ့ တချို့သောရောဂါတွေကို ခုံခံတိုက်ဖျက်နိုင်စွမ်းလျော့နည်းတဲ့အတွက် တုပ်ကွေး၊ ဖျားခြင်း၊ ခန္ဓာကိုယ်အလေးအချိန် ကျဆင်းခြင်း၊ တီဘီရောဂါ၊ ရေယုန်နဲ့ မှက္ခရုပေါက်ခြင်း၊ မှိုရောဂါစွဲကပ်ခြင်း၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အကျိတ်များထွက်ခြင်းတို့ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ HIV ပိုးရှိတဲ့ ဝေဒနာသည် တွေဟာ စနစ်တကျဆေးကုသမှု ခံယူပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်ပြီး နေမယ်ဆိုရင် နှစ်အကြာကြီး အသက်ရှင်နေထိုင်နိုင်ပါတယ်၊ ဒါပေမယ့် HIV ပိုးရှိတဲ့သူတွေ အသက်ရှင် ကျန်းမာဖို့ အရေးအကြီးဆုံးအချက်က စိတ်ဓာတ်မကျဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပါပဲ၊ ဒီစိတ်ဓာတ် ကြံ့ခိုင်မှုရဖို့ တရားထိုင်သင့်ပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ကစဥ့်ကလျားရောဂါ
စိတ်ကစဥ့်ကလျားရောဂါသည်တွေဟာ ရှင်းလင်းစွာ တွေးခေါ်နိုင်မှု၊ လူအများနဲ့ ဆက်ဆံနိုင်မှု လုံးဝ မရှိတော့ပါဘူး၊ ဒါကို ကုသဖို့ ဆေးဝါးနဲ့ ကုသဖို့အပြင် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းနဲ့ ကောင်းစွာ ထောက်ပံ့ပေးနိုင်မယ့် အသိုင်းအ၀ိုင်းလည်း ရှိဖို့လိုအပ်ပါတယ်။ စိတ်ကစဥ့်ကလျားရောဂါသည်တွေ စိတ်တည်ငြိမ်လာအောင် တရားထိုင်ခိုင်းကြည့်တဲ့အခါ ဆေးကုသရာမှာ ထိရောက်တဲ့အကျိုးအာနိသင် ရတယ်လို့ လေ့လာမှုအရ ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ
တရားထိုင်ခြင်းနဲ့ နှလုံးရဲ့ ကျန်းမာရေးဆက်စပ်ပုံကို မရေမတွက်နိုင်လောက်အောင် သုတေသန တွေ ပြုလုပ်ခဲ့ပြီးပါပြီ။ နှလုံးရောဂါသည် အများစုဟာ ထိတ်လန့်စရာ နည်းနည်းကြုံတာနဲ့ ရောဂါက ဖောက်လာတတ်ပါတယ်၊ သူတို့ရဲ့စိတ်မှာ နှလုံးရောဂါ ရှိတယ်ဆိုတဲ့ အသိနဲ့ ထိတ်လန့်ချောက်ချားစရာ ကြုံလို့မရဘူးဆိုတဲ့ အသိက ဒွန်တွဲနေတာကြောင့်ပါ။ ဒီအသိတွေနဲ့ ထိတ်လန့်ချောက်ချားစရာအပေါ် တုံ့ပြန်နိုင်တဲ့ တည်ငြိမ်မှုရရှိအောင် တရားထိုင်ပေးနိုင်ပါတယ်လို့ စိတ်ပညာရှင်များစွာက အကြံပြု ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဂျာနယ်တစ်ခုရဲ့ လေ့လာဖော်ပြချက်အရ တစ်နေ့မှာ ၁၅မိနစ်ခန့် ၂ကြိမ် တရားထိုင်ပေးတဲ့ သွေးတိုးရောဂါရှင်တွေ အနေနဲ့ ၄လအကြာမှာ သွေးပေါင်ချိန်ဟာ သိသိသာသာ ကျဆင်းမှုရှိတယ်လို့ သိရပါတယ်။ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ သွေးသန့်စင်အားကောင်းကာ နှလုံးကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။
တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာ ခုခံစွမ်းအား
ခဏခဏ ရောဂါပိုးဝင်လွယ်၊ အအေးမိလွယ်၊ နှာစေးချောင်းဆိုးဖြစ်လွယ်နေရင် ကိုယ်ခန္ဓာခုံခံ စွမ်းအား တက်ဖို့အတွက် တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာခုခံစွမ်းအား တက်ခြင်းရဲ့ ဆက်စပ်မှုကို လေ့လာတဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ် ၁နာရီခန့် တရားထိုင်တဲ့ အုပ်စုနဲ့ လုံးဝမထိုင်တဲ့ အုပ်စု နှစ်ခုကို ၈ပတ်ကြာ လေ့လာအပြီးမှာ တရားထိုင်တဲ့အုပ်စုဟာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ ပဋိဇီဝပစ္စည်းပမာဏများနေတာကို တွေ့ရပါတယ်။
တရားထိုင်ခြင်းနဲ့ မှတ်ဉာဏ်
ပုံမှန်တရားထိုင်တဲ့သူတွေဟာ တရားမထိုင်တဲ့သူတွေနဲ့ နှိုင်းယှဉ်ပါက လေ့လာမှုနဲ့ ပျော်ရွှင်မှု ဆက်စပ်နေတဲ့ ဦးနှောက်ထဲက Gamma လှိုင်းရဲ့ လုပ်ဆောင်မှုကို သိသိသာသာ ကောင်းမွန်စေကာ စူးစိုက်မှုအား၊ မှတ်ဉာဏ်၊ လေ့လာမှုစွမ်းရည်နဲ့ အသိဉာဏ်တို့ကို ပိုမိုတိုးတက်စေပြီး စိတ်ကိုလည်း ရွှင်လန်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာ
အိပ်ရာထဲမှာနေပြီး အိပ်မပျော်နိုင်လို့ အတင်းအိပ်ပျော်အောင် ကြိုးစားရင် တလူးလူးတလိမ့်လိမ့်နဲ့ ပိုပြီး အိပ်မပျော်နိုင် ဖြစ်ရပါတယ်။ စိတ်ကို အနားပေးပြီး ခန္ဓာကိုယ်ကို အကြောလျှော့ကာ အနားယူ ပေးပါ၊ ပြီးမှ နှာသီးဝမှာ တိုးဝင်နေတဲ့လေနဲ့ ထွက်နေတဲ့လေကို အာရုံပြုပေးရင် မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။ တရားမှတ်ခြင်းဟာ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတွေလိုပဲ စိတ်ကို ငြိမ်သက်အေးချမ်းစေပါတယ်။
(အာရောဂျံ ကျန်းမာရေးမဂ္ဂဇင်း)
https://www.facebook.com/medicalarticlesforpeople…
ကျန်းမာရေးအသိပညာ အလှူဒါန ဖြစ်ပါသည်။ Share ပေးခြင်းဖြင့် ကုသိုလ်ယူပါ။
Thursday, May 21, 2015
အရှင်ဒေ၀ဒတ် (သို့) ပစ္စေကဗုဒ္ဓါအလောင်းတော်
အရှင်ဒေ၀ဒတ် (သို့) ပစ္စေကဗုဒ္ဓါအလောင်းတော်
ကဏ္ဍမ္ဗသရက်ပင် စေတီတော်ကြီး အနီးအပါးရှိ ကားလမ်းမှ ပေ-၂၀ခန့်အကွာတွင် ရေကန်တခုရှိသည်၊ ထိုရေကန်သည် သိပ်နက်ဟန်မတူ၊ ၂-ဧကလောက် ကျယ်မည်ဟု ခန့်မှန်းရသည်၊ ပတ်ဝန်းကျင်တွင် လယ်ယာများရှိသည်၊ ဤရေကန် ကမ်းစပ်တွင် အရှင်ဒေ၀ဒတ် မြေမျိုခံရသည်။
သူ၏အပြစ်များ လွန်စွာကြီးမားသဖြင့် ဘုရားရှင်အား ကိုယ်တွေ့ဖူးမြင်ခွင့် မရနိုင်တော့ပေ။
တဖြည်းဖြည်းချင်း မြေအတွင်းသို့ ၀င်သွားရာ လည်ပင်းလောက်အရောက်တွင် အောက်ပါစကားများ ရွတ်ဆို၍ နောက်ဆုံးအနေဖြင့် ဘုရားရှင်အား ကန်တော့ခဲ့လေသည်။
“နောင်တော်ဘုရားရှင်သည် တကမ္ဘာလုံးတွင် အမြတ်ဆုံး အစင်ကြယ်ဆုံး ယဉ်ကျေးအောင် ဆုံးမနိုင်ဆုံး၊ ဘုန်းကံ အကြီးမားဆုံး ဖြစ်တော်မူပါသည်၊ ထိုနောင်တော်ဘုရားရှင်ကို ကျွန်ုပ်၏ကိုယ်တွင် ကျန်ရှိနေသေးသော ဤအရိုးများ ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်များဖြင့် လေးလေးမြတ်မြတ် ကိုးကွယ်ဆည်းကပ်ခဲ့ပါသည်။”
ဟူ၍ ဖြစ်ပေသည်။
အရှင်ဒေ၀ဒတ်သည် ဒေ၀ဒဟ ( ယခု-နီပေါ ) ပြည့်ရှင် သုပ္ပဗုဒ္ဓ သာကီဝင်နှင့် အမိတာ မိဖုရားတို့မှ ဖွားမြင်ခဲ့သော မဟာမျိုး မဟာနွယ်ပင်ဖြစ်သည်။ အမိတာသည် ဗုဒ္ဓ၏ခမည်းတော် ကပ်လ၀တ်ပြည့်ရှင် သုဒ္ဓေါဒနသာကီဝင်၏ နှမတော်ဖြစ်သည်၊ သို့ဖြစ်၍ အရှင်ဒေ၀ဒတ်သည် ဘုရားရှင်နှင့် ညီအကို ၀မ်းကွဲတော်သည့်အပြင် ယသော်ဓရာ၏ မောင်အရင်း၊ ဘုရားရှင်၏ ယောက်ဖတော်၊ ရာဟုလာ၏ ဦးရီးတော်ဖြစ်သည်၊ ဤမျှ ဆွေမျိုးရင်းချာပါသည်။
ဗုဒ္ဓမြတ်စွာ သာသနာတော် တည်ထောင်ခါစ စောစောကပင်ရှင်ဒေ၀ဒတ် ရဟန်းပြုခဲ့သည်၊ ဘုရားရှင်သည် မိဂဒါဝုန်၌ ပထမ၀ါ ကပ်တော်မူပြီးနောက် ဒေသစာရီ လှည့်လည်တော်မူရင်း ရာဇဂြိုဟ်မှတဆင့် ကဆုန်လပြည့်ကျော် ၁-ရက်နေ့တွင် ရဟန္တာနှစ်သောင်းနှင့်အတူမိမိမွေးရပ်မြေ ကပိလ၀တ်သို့ရောက်၍ ခမည်းတော် အမှူးပြုသော ဆွေတော်မျိုးတော်တို့အား တရားဓမ္မ ဟောပြတော်မူလျက် ကပိလ၀တ်၌ သီတင်းသုံးတော်မူသည်။
ထိုမှတဖန် ဒုတိယ၀ါကပ်ရန်အတွက် ရာဇဂြိုဟ်ဘက်သို့ ခရီးပြန်လှည့်ခဲ့ရာ မလ္လတိုင်း အနုပိယနိဂုံး သရက်တောသို့ ရောက်တော်မူသည်၊ ထိုအချိန်တွင် ရှင်ဒေ၀ဒတ်သည် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဂု၊
ကိမိလ-သာကီဝင်မင်းသား ၅-ဦး အခိုင်းအစေ ဥပါလိဆတ္တာသည်တို့နှင့်အတူ ရဟန်းပြုခဲ့သည်၊ အခြားသူတို့ တရားထုးရ၍ အရိယာဖြစ်သော်လည်း အရှင်ဒေ၀ဒတ်မှာမူ ပုထုဇဉ်ဘ၀ဖြင့် ဈာန်အဘိညာဉ်ကိုသာ ရသည်။
နောင်အခါတွင် မိမိနှင့်အတူ ရဟန်းပြုလာသူတို့အား လူအများက အရေးပေး ဆက်ဆံလှူဒါန်းကြသည်ကိုမြင်၍ အဇာတသတ် မင်းသားလေးအား တန်ခိုးပြလျက် ဘုန်းကြီးရန် ကြိုးစားတော့သည်၊ အဇာတသတ်လည်း ရှင်ဒေ၀ဒတ်ကို တကယ့်ပုဂ္ဂိုလ်မြတ် ထင်မှတ်ကာ အကြီးအကျယ် ကိုးကွယ်လေသည်။
ဗုဒ္ဓမြတ်စွာ ၀ါတော် ၂၀-ကျော်တွင် == ငါကား ဘုရားတဆူလုပ်ကာ သံဃာကို ခေါင်းဆောင်မည်-ဟု ကြံစည်၍ သူ့အား သံဃာအုပ်ချုပ်ရေးတာဝန် လွှဲအပ်ရန် တောင်းလေရာ ဗုဒ္ဓက လက်မခံဘဲ ( တံတွေးစားသူ ) ဟု မိန့်တော်မူသည်ကို ( ငါ့ကိုတော့ နှိမ်သည်၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့ကိုသာ ချီးမြှောက်သည် ) ဟု ယူဆကာ ရန်ငြိုးဖွဲ့လေသည်၊ သို့ဖြစ်၍ ရရှိသော တန်ခိုးလည်း ကွယ်လေသည်၊ ( တံတွေးစား ) ဟု ဗုဒ္ဓမိန့်တော်မူရင်းမှာ မတရား ရသော ပစ္စည်းသည် တံတွေးနှင့်တူ၍ ရွံစရာကောင်းသည်၊ ထိုပစ္စည်းကို သုံးစွဲနေသူ-ဟု ဖြစ်ပေသည်။
ထိုနောက်တွင်မူ ရှင်ဒေ၀ဒတ်သည် အလွန်ကြီးလေးသော ပြစ်မှုများကို ဆက်ကာဆက်ကာ ကျူးလွန်လေသည်၊ အဇာတသတ်အား ခမည်းတော်ကို လုပ်ကြံခိုင်းသည်၊ ဘုရားရှင်ကိုသတ်ရန် လူသတ်သမားများကို စေလွှတ်စေသည်၊ ဂိဇ္ဈကုဋ်တောင်ခြေ၌ ဗုဒ္ဓမြတ်စွာ စင်္ကြံကြွ ( လမ်းလျှောက် ) နေစဉ် တောင်ပေါ်မှ ကျောက်တုံးကြီးကို လှိမ့်ချသည်၊ ဘုရားရှင်ကို နာဠာဂီရိဆင်ကြီးဖြင့် တိုက်စေသည်၊ သို့ရာတွင် မည်သို့မျှ ဗုဒ္ဓမြတ်စွာ၏ အသက်ကို အန္တရာယ်မပြုနိုင်ပေ။
အကြမ်းနည်းဖြင့် မရသဖြင့် အနုနည်းဖြင့် ကြံစည်ပြန်သည်၊
ရဟန်းများ-တသက်လုံး
( ၁) တောကျောင်းနေရန်
( ၂ ) ဆွမ်းခံစားရန်
( ၃ ) ပံသုကူသင်္ကန်း ဆောင်ရန်
( ၄ ) သစ်ပင်အောက်နေရန်
( ၅ ) သက်သတ်လွတ်စားရန် ဟူသော အချက် ၅-ချက်ကို ဗုဒ္ဓအား တင်ပြသည်၊
ဗုဒ္ဓက လက်ခံတော်မမူ။
လက်မခံခြင်းမှာ အကြောင်းရှိသည်၊ ရှင်ဒေ၀ဒတ်သည် သံဃာဂိုဏ်းခွဲလို၍ မဖြစ်နိုင်သည်ကို တောင်းဆိုခြင်း ဖြစ်သည်။
ဤ၌ ( ၁ ) တောရကျောင်းနေမှ တရားရမည့်သူ
( ၂ ) မြို့/ရွာ ကျောင်းနေမှ တရားရမည့်သူ
( ၃ ) မည်သည့်ကျောင်း၌ နေနေ တရားရမည့်သူ
( ၄ ) မည်သည့်ကျောင်း၌ နေနေ တရားမရနိုင်သူ -ဟု ပုဂ္ဂိုလ် ၄-မျိုးရှိသည်။
ထိုတွင် ဗုဒ္ဓမြတ်စွာက
( ၁ ) နံပါတ်ပုဂ္ဂိုလ်ကို မိမိအတွက် တရားထူးရအောင်၊ သူများအတုယူနိုင်အောင် တောကျောင်း၌သာ နေစေလိုသည်။
( ၂ ) နံပါတ်ကို မြို့/ရွာ ကျောင်း၌ပင် နေစေလိုသည်။
( ၃ ) နံပါတ်ကိုလည်း သူများ အတုယူနိုင်အောင် တောကျောင်း၌သာ နေစေလိုသည်။
( ၄ ) နံပါတ်ကိုလည်း ပါရမီဖြစ်အောင် တောကျောင်း၌သာ နေစေလိုသည်။
သို့ဖြစ်လျှင် ဗုဒ္ဓ၏အလိုတော်မှာ တောကျောင်းဘက်က ၄-ပုံ ၃-ပုံ အလေးသာကြောင်း သိနိုင်ပါသည်။
နောက်အချက်မှာလည်း ဆိုင်ရာဆိုင်ရာ အကြောင်းများရှိသည်၊ ဒေ၀ဒတ်ကား မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် တောင်းခြင်းမဟုတ်၊ ဂိုးဏ်းခွဲလို၍သာ ဖြစ်ပါသည်၊ ထို့ကြောင့် မျှော်လင့်ထားသည့်အတိုင်း ဗုဒ္ဓက ခွင့်ပြုတော် မမူသည်ကို ကျေနပ်လေသည်။
သေချင်နေသူ တယောက်သည် အဆိပ်ခွက်ကိုမြင်လျှင် ပျော်ရွှင်နေသလို မိမိအကျိုးပျက်မည့်အလုပ်ကိုပင် အဟုတ်ကြီးထင်ကာ သံဃာဂိုဏ်းခွဲ၍ နားမလည်သော ရဟန်းငယ် ၅၀၀-ကို ခေါ်ပြီး ဂယာသီသအရပ်သို့ ထွက်ခွာသွားလေသည်။
မကြာမီ လမ်းမှားလိုက်နေသော ရဟန်း ၅၀၀-အား အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ တရားဟောရန် ရောက်လာကြသည်။ ရှင်ဒေ၀ဒတ်သည် အဂ္ဂသာဝက ၂-ပါး ကြွလာသည်ကို မြင်၍ (ငါ့တရားကို နှစ်သက်၍ ငါ့ဘက်ကူးလာကြသည်) ဟု ထင်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်၍ တရားဟောရန် လွှဲအပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ ရှင်ဒေ၀ဒတ်၏ လက်ရုံး ကောကာလိက-ကမူ အကဲခတ်မိဟန် တူသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့သည် လူဆိုးများဖြစ်သည်၊ မယုံကြည်နှင့်၊ အရောမ၀င်နှင့်-ဟု သတိပေးလေသည်။
မထေရ်မြတ် ၂-ပါး တရားဟောသဖြင့် ရဟန်း ၅၀၀-တရားထူးရ၍ ဘုရားရှင်ထံ ပြန်ကြွသွားသောအခါ ကောကာလိက-က သင့်တပည့်ရဟန်းငယ်တို့ကို သာရိပုတ္တရာနှင့် မောဂ္ဂလ္လာန်တို့ ခေါ်သွားပြီ-ဟု ပြောပြောဆိုဆို အိပ်ပျော်နေသော ဒေ၀ဒတ်ရင်ဝကို ဒူးဖြင့် တိုက်နှိုးလေသည်။ ထိုဒဏ်ချက်ဖြင့်ပင် အရှင်ဒေ၀ဒတ် သွေးအန်၍ မကျန်းမမာ ဖြစ်ရှာသည်။
ကိုးလလောက်အကြာတွင် သတိသံဝေဂရ၍ ဘုရားရှင်ကို ဖူးမြင်လိုသဖြင့် တပည့်များအား ဘုရားရှင်ထံ လိုက်ပို့ပေးရန် တောင်းပန်ရှာသည်၊ သင်ကျန်းမာစဉ်က ဘုရားရှင်အပေါ် ရန်လုပ်၍ မကျန်းမာမှ ဖူးချင်နေရ သလား-ဟု တပည့်များကပြော၍ လိုက်မပို့ဘဲနေရာ ငါကသာ နောင်တော်ဘုရားအပေါ် ရန်သူလို သဘောထားပါသည်၊ နောင်တော်ကမူ ငါ့အပေါ် မေတ္တာမပျက်ပါ-ဟု အမှန်အတိုင်း ပြောရှာပေသည်။
လူတို့၏ မတူကွဲပြားခြားနားခြင်းတွင် အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်းနှင့် အနှစ်သာရပိုင်းအရ ခြားနားခြင်းဟူ၍ နှစ်မျိုးရှိသည်။ အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်းဟူသည်မှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ငွေကြေး၊ ရာထူးဂုဏ်သိန်၊ အခြံအရံ၊ သြဇာအာဏာ စသည်တို့အရ ခြားနားခြင်းမျိုးဖြစ်သည်။ အနှစ်သာရပိုင်းအရ ခြားနားခြင်းမှာမူ စိတ်နေစိတ်ထားနှင့် ကိုယ်ကျင့်တရားအရာတွင် ခြားနားခြင်း ဖြစ်သည်။
ကိုယ်ကျင့်တရားကို အနှစ်သာရပိုင်းဟူ၍ ဆိုရသော်လည်းမိမိ၏မကောင်းသော ကိုယ်ကျင့်တရားကို ကောင်းသယောင်ဟန်ဆောင် ဖုံးကွယ်တတ်သော၊ မိမိ၏ မရှိသောဂုဏ်သိက္ခာကို အရှိလုပ်တတ်သောပုဂ္ဂိုလ်မျိုးလည်းရှိပါသည်။ ထိုပုဂ္ဂိုလ်တွင် ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်၍ လေးစားချီးကျူးအပ်ဖွယ်တစ်စုံတစ်ရာသည် မရှိသော်လည်း ထိုသူနှင့် စရိုက်၊ ဥာဉ်တူသော ပတ်ဝန်းကျင်တွင်မူ ထိုသူတို့ဆောင်ရွက်ချက်အားလုံးကို "မှန်သည်"ဟူ၍ထင်မြင်တတ်သည်။ ဤအဖြစ်မျိုးကို "ပါရိဘာသိကသစ္စာ" ဟူ၍ ခေါ်ဆိုရ၏။ သူ့အရပ်သူ့ဇာတ်"လက်ဝါးချင်းကိုက်"သော၊ သူ့လူနှင့်သူ"ဟုတ်"သောတရားမျိုး ဟု အနက်အဓိပ္ပါယ် ရနိုင်ကောင်းပါသည်။ ဤသည်မှာ ရှင်ဒေ၀ဒတ်ကို ၀ဇ္ဇီတိုင်းသားများကမှန်သည်ဟူ၍ ထင်မြင်တတ်သည့် အတိုင်းပင်ဖြစ်ပါ၏။
ရှင်ဒေ၀ဒတ်က ..
(၁)ရဟန်းအားလုံး တောကျောင်း၌သာနေကြရန်။ (၂)ရဟန်းအားလုံး ပင့်ဆွမ်းကို လက်မခံဘဲ ဆွမ်းခံ၍သာဘုဉ်းပေးရန်။ (၃)ပံသကူသင်္ကန်းကိုသာ သုံးကြရန်။ (၄)သစ်ပင်ရင်း၌သာသီတင်းသုံးကြရန်။ (၅)သတ်သတ်လွတ်သာဘုဉ်းပေးကြရန်။
ထုတ်ပြန်ကြေငြာဖူးသည်။
ဤထုတ်ပြန်ချက်များသည်ကား အသွင်သဏ္ဍာန်အရ ကြည့်လျှင် ကြည်ညိုဖွယ်ရာရှိသော်လည်း အနှစ်သာရပိုင်းအရကြည့်လျှင်မူ တန်ဘိုးမဲ့လေ၏။ အဘယ့်ကြောင့်တန်ဘိုးမဲ့ရသနည်းဟူမူ ထုတ်ပြန်ကြေညာသူ၏ ကိုယ်ကျင့်တရား မကောင်းမွန်မှုကြောင့် တန်ဘိုးမဲ့ရလေသည်။ ဤကြေညာချက်သည်ကားမရိုးမသားကြံစည်မှု သက်သက်သာဖြစ်သည်။မှန်၏။
ရှင်ဒေ၀ဒတ်၏ နောက်ခံသမိုင်းကို သိကြသူများက ရှင်ဒေ၀ဒတ်၏ နောက်ကွယ်ကအကြံအစည်ကို ထွင်းဖောက်၍ မြင်ကြသည်။ မြင်ကြသဖြင့် ကရုဏာသက်ကြသည်။ပုထုဇဉ်ပညာရှိများကမူ သရော်ပြုံးပြုံးကြ သည်။ ရှင်ဒေ၀ဒတ်၏ အကြောင်းကိုလည်း မိမိတို့နီးစပ်ရာပုဂ္ဂိုလ်များအား ဤသို့ အကျဉ်းချုပ် ပြောပြကြ ကုန်သည်။
ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရားကို အနားယူရန်လျှောက်ကြားပြီး သူ့ကို ဘုရား ရာထူးလွှဲအပ်ပေးရန် တောင်းဆိုခဲ့ဖူးသည်။ ဤတောင်းဆိုချက်ကို ကြည့်လျှင်ရှင်ဒေ၀ဒတ်သည် ပုထုဇဉ်စစ်စစ်ကြီးဖြစ်မှန်းသိသာ၏။ စင်စစ် သဗ္ဗညုတဥာဏ်သည်ပေးအပ်၍ရသော တရားမဟုတ်။ ပါရမီဖြည့်မှရသောတရားဖြစ်၏။ အရိယာပုဂ္ဂိုလ် သာဖြစ်လျှင် ဤကဲ့သို့ မအပ်သော အတွေးအကြံများကို တွေးမိမည်မဟုတ်။ မဂ်ဥာဏ်ရအောင်အားထုတ်ရ သကဲ့သို့ သဗ္ဗညုတဥာဏ်ရရှိအောင် အားထုတ်ရမည်ဟူ၍သာ နားလည်နိုင်မည် ဖြစ်သည်။
ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို မယုံကြည်သူ၊ နားမလည်သူလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူ၏ဈာန်အဘိဥာဉ်များကို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်နှင့် နှိုင်းယှဉ်ခဲ့သူ ဖြစ်ကောင်းဖြစ်မည်။ အတိုင်းအရှည်ကို မသိခြင်းကားမိုက်မဲသူတို့၏ ဗီဇ ဖြစ်ပါသည်။
ရှင်ဒေ၀ဒတ်သည်ဈာန်အဘိဥာဉ်များရခဲ့ဖူးသည် မှန်၏။ သို့ရာတွင် ထိုဈာန်အဘိဥာဉ် များသည် မြတ်စွာဘုရားကိုသတ်၍ ဘုရားရာထူးကို ယူမည်ဟူသောစိတ်ရိုင်းအကြံအစည် ၀င်သည်မှစ၍ ပျောက်ကွယ်ခဲ့ပါသည်။ ကိလေသာဆင်ရိုင်းများကို ဈာန်တရားက ခေတ္တမျှ ချွန်းအုပ်ထားနိုင်သဖြင့် ပညာမရှိသောပုဂ္ဂိုလ်သည် မိမိသန္တန်တွင် အလုံးစုံသောကိလေသာကင်းပြီဟု ထင်တတ်သည်။ အကြောင်းတိုက်ဆိုင်၍ကိလေသာများ ပြန်လည်ပေါ်ပေါက်ထကြွလာမှ မိမိ၏အခြေအနေကို အမှန်အတိုင်း သိတတ်သည်။နောက်မကျခင် သိရှိရမှကောင်းပါသည်။နောက်ကျခြင်းသည် အ၀ီစိငရဲတွင်ကမ္ဘာပေါင်းများစွာ ခံနေရစေရန်အတွက် လုံလောက်သော "အမှားလုပ်ချိန်"ကို ဖြည့်ဆည်းပေးတတ်ပါသည်။
ရှင်ဒေ၀ဒတ်သည်ဘုရားရာထူးကို ရယူရန်အတွက် မြတ်စွာဘုရားကို သတ်ရန်ကြံစည်အားထုတ်သည်။ ဤကြံစည်အားထုတ်မှုသည်ပင်လျှင်ရှင်ဒေ၀ဒတ်၏ ယုတ်မာမှုကို ဖော်ပြနေခြင်းဖြစ်၏။ ရှင်ဒေ၀ဒတ်သည် ဥာဏ်ကြီးသူဖြစ်သည်။ ဈာန်အဘိဥာဉ်ရှင်ဖြစ်သည်။ အမျိုးဇာတ်ကောင်းသူ ဖြစ်၏။ အခြံအရံပေါသူ ဖြစ်သည်။ သြဇာရှိသူဖြစ်သည်။သို့ရာတွင် ဤအရာများသည်ကား အသွင်သဏ္ဍာန်များတည်း။ တကယ့် အနှစ်သာရ အပိုင်းမဟုတ်။ တကယ့်အနှစ်သာရပိုင်းသည်အခြံအရံ၊ ဗဟုသုတ ဥာဏ်ပညာနှင့် ကြောင်းကျိုး ညီညွတ်သည် ဟု ထင်ရသောဟန်ဆောင်ပန်ဆောင် စကားလုံးများမဟုတ်။ သီလဟုခေါ်ရသောကိုယ်ကျင့်တရား သာလျှင် ဖြစ်သည်။
ဤကြံစည်မှုကို ကြံစည်သည်ဟု ကြားသိရသည်နှင့်ပင် ရှင်ဒေ၀ဒတ်သည်အနှစ်ကင်းမဲ့သူ ဖြစ်ကြောင်း ပညာရှိများကသိကြသည်။ အမြစ်အခြေမရှိတော့သော အကိုင်းအဖျားသက်သက်နှင့် ကိုယ်သာ ဖြစ်ကြောင်း သိကြသည်။ ပညာရှိများအတွက် ကိုယ်ကျင့်တရားမရှိတော့သော ရှင်ဒေ၀ဒတ်သည် ကြည်ညိုဖွယ်ရာ အလျဉ်း မရှိတော့ပေ။
ရှင်ဒေ၀ဒတ်၏ ဘုရားရာထူးလွှဲအပ်ရန် တောင်းဆိုသံကို မြတ်စွာဘုရားကသုံးကြိမ်တိုင်တိုင် တားမြစ်သည်။ တားမြစ်၍ မရသဖြင့် မြတ်စွာဘုရားက "ဒေ၀ဒတ်...ငါသည် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန် တို့ကိုသော်မှ သံဃာအား လွှဲအပ်မည်မဟုတ်။ တံတွေးနှင့်တူသောပစ္စည်းများကို သုံးစွဲနေသူ သင့်အား အဘယ်ကြောင့် လွှဲအပ်ရမည်နည်း"ဟု သံဝေဂရဖွယ် မိန့်ကြားသည်။
မှန်၏။ မိမိနှင့်မထိုက် တန်သောပစ္စည်းများကို ကိုယ်ကျင့်တရားအားအပွန်းပဲ့ခံ၍သုံးစွဲနေခြင်းကား တံတွေးနှင့်တူသောပစ္စည်းများကို သုံးစွဲနေခြင်းပေတည်း။ တနည်းအားဖြင့် ကိုယ်ကျင့်တရားက အပွန်းပဲ့ခံ၍ရလာသောပစ္စည်းများသည်ကား တံတွေးမစင်ကဲ့သို့ရွံရှာစက်ဆုပ်ဖွယ်ရာဖြစ်ပေသည်။
ရှင်ဒေ၀ဒတ်ကား သံဝေဂရလောက်အောင် ပညာမရှိ။ တလွဲမာနသာရှိသည်။တလွဲမာနကြောင့် ဆုံးမခံရခြင်းကို ၀မ်းမသာတတ်။ ၀မ်းမသာတတ်သဖြင့်ပရိတ်သတ်အလယ်မှ ထွက်သွားသည်။ မြတ်စွာဘုရားက ရှင်ဒေ၀ဒတ် နှင့် ပတ်သက်၍"ပကာသနိယကံ" ကို ပြုစေ၏။ ပကာသနိယကံ၏သဘောကား ရှင်ဒေ၀ဒတ်ကို သာသနာမှ ကြဉ်လိုက်ခြင်း ဖြစ်ပါသည်။ ရှင်ဒေ၀ဒတ်သည်သာသနာနှင့် မပတ်သက်ဟူ၍ သဘောရသည်။ ထို့ကြောင့် ရှင်ဒေ၀ဒတ်အနေနှင့် အားကိုးရာသည် မရှိတော့ပေ။အခြံအရံကို အငတ်မွတ်ဆုံးသူဖြစ်ပါမှအခြံအရံ ပရိသတ် သည်လည်း မရှိတော့ပေ။ လာဘ်လာဘကို အမြတ်နိုးဆုံးသူဖြစ်နေပါမှ လာဘ်လာဘသည်လည်း မရှိတော့ပေ။
ရှင်ဒေ၀ဒတ်သည်မာယာ၊သာဋ္ဌေယျ အတတ်၌ အလွန်ကျွမ်းကျင်ဟန်တူ၏။ ကောက်ကျစ်သော အရာတွင်လည်းထိုခေတ်က အတော်ဆုံးဖြစ်ဟန် တူ၏။ပရိသတ်စုဆောင်းရန်အတွက်စဉ်းစားပုံကို ကြည့်ပါ။ လူတို့သည် ရုပ်ကိုအကြောင်း ပြု၍ ကြည်ညိုသူသုံးပုံနှစ်ပုံရှိ၏။ ကျော်စောသံကို အကြောင်းပြု၍ကြည်ညိုသူက ငါးပုံလေးပုံရှိ၏။ ခေါင်းပါးသောအကျင့်ကို ကြည်ညိုသူကဆယ်ပုံတွင် ကိုးပုံရှိ၏။ ထို့ကြောင့် ခေါင်းပါးသော အကျင့်ကို အကြောင်းပြု၍ဆွဲဆောင်စည်းရုံးရလျှင် ငါ့နောက်လိုက်များဖြစ်လာကြမည်ဟူ၍ စဉ်းစားသည် ဆို၏။ ထို့ကြောင့် ခေါင်းပါးသောအကျင့်နှင့် ပတ်သက်သောအထက်ကဖော်ပြခဲ့သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ ပါတော့၏။
အနှစ်သာရပိုင်းကို သိသူများကမူ ပြုံး၍ကရုဏာသက်ကြသည်။ ပုထုဇဉ်အချို့ကမူ တွေဝေကုန်ကြသည်။ ဟုတ်နိုးဟုတ်နိုးထင်ကြသည်။ ပုထုဇဉ်တို့သည် လေယူရာတိမ်းသောဝါးပင်များနှင့် တူသည်။ မိမိကိုယ်တိုင်သိသော တရားဟူ၍ဘာတစ်ခုမျှ မယ်မယ်ရရ မရှိသေးသဖြင့်သူတစ်ပါးက မုန်းစရာပြောလျှင် မုန်း၍၊ ချစ်အောင်ပြောလျှင် ချစ်ကြသည်။ ယုံအောင်ပြောလျှင် ယုံကြည်ကြ၍ မြှောက်ပြောလျှင် ကျေနပ်ကြသည်။ အကျင့်ကောင်းလျက်အပြောမတတ်သူကို မကြည်ညိုတတ်ဘဲ အပြောကောင်းလျက် အကျင့်မတတ်သော ပုဂ္ဂိုလ်များနောက်သာ တကောက်ကောက် လိုက်သွားချင်တတ်သည်။
အပြောကောင်းသောပုဂ္ဂိုလ်များက အလုပ်လည်းမှန်သယောင် ဟန်ဆောင် လိမ်ညာသည်လည်း ရှိတတ်ပါသည်။ အန္ဓပုထုဇဉ်များအတွက် ထိုအလိမ်အညာများကို ရှောင်ရှားရန်မှာမလွယ်ကူပါ။ အရိယာပုဂ္ဂိုလ်များနှင့် ၀ိပဿနာပညာဥာဏ် အားကောင်းသော ပုဂ္ဂိုလ်များကမူ ကိုယ်တိုင်သိသောပညာ၏ အစွမ်းကြောင့်အလိမ်အညာကို အလိမ်အညာဟူ၍ သိကြပေသည်။ သိကြသည့်အလျောက် ရှင်ဒေ၀ဒတ် ၏ အလိမ်အညာတရားများကို ထုတ်ဖော် ပြောသင့်သည့်အလျောက် ရှင်းလင်း ပြောကြားရပေသည်။ ထိုသို့ ရှင်းပြထားကြသဖြင့် ပရိသတ်အများစုကရှင်ဒေ၀ဒတ်၏ စကားကို မယုံကြည်ကြ။ ရှင်ဒေ၀ဒတ်၏ နောက်လိုက်လည်း မဖြစ်ကြ။ ရှင်ဒေ၀ဒတ်မှားသလိုလည်းအများစုက မမှားကြ။
သို့ရာတွင် ၀ဇ္ဇီတိုင်းသားရဟန်းများကမူ ရှင်ဒေ၀ဒတ်၏ တရားအဆန်းကို ယုံကြည်မိကြသည်။ ရှင်ဒေ၀ဒတ်ကို သစ္စာရှင်ဟု ထင်မှတ်မိခဲ့ကြသည်။ အတိတ်သမိုင်းနှင့်ကိုယ်ကျင့်တရားက ထည့်သွင်းစဉ်းစားခြင်း မပြုတော့ဘဲ ရှင်ဒေ၀ဒတ်၏တရားများကို သစ္စာတရားများ အဖြစ်လက်ခံမိခဲ့တော့၏။ ဤ သစ္စာတရားမျိုးသည်ကား အထက်တွင်ဖော်ပြခဲ့သော စရိုက်တူညဉ်တူချင်း ချီးမွမ်းသောအယောင်ဆောင်သစ္စာတရားသာ ဖြစ်လေသည်။
အဓမ္မသည် ဓမ္မကို ရေရှည်၌အံမတုနိုင်။ သစ္စာတရားကို အမှန်တကယ်ရှာဖွေနေသူကို အ၀ိဇ္ဇာတရားသည် ကြာရှည် ဖုံးပိတ်ထားလို့မရ။ ပါရမီပြည့်စုံသောအခါ ဖွင့်လှစ်ပြရသည်သာ ဖြစ်သည်။ ၀ဇ္ဇီတိုင်းသား ရဟန်းတို့သည်ရှင်ဒေ၀ဒတ် အနားယူနေခိုက်ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့၏ တရားများကို နာယူကြရသည်။ တရားကိုနာယူသဖြင့်သောတာပန်တည်ကြသည်။ သောတာပန်၏ ဂုဏ်သတ္တိတစ်ခုတွင် ရတနာသုံးပါးကို မမှိတ်မသုံယုံကြည်ခြင်းဟူ၍ ပါဝင်သည်။ သောတာပန်သည် အသိနှင့်ပတ်သက်၍၊ အကျင့်နှင့်ပတ်သက်၍ ယုံမှားသံသယမရှိတော့။ အသိအကျင့်အရာမှာ ဘယ်သူမှားသနည်း ဘယ်သူမှန်သနည်းဟူ၍ ငြင်းခုန်စရာမလိုတော့။
ကိုယ်ပိုင်ဥာဏ်ဖြင့်အမှန်တရားကို သိခဲ့သော ၀ဇ္ဇီတိုင်းသားရဟန်းများအတွက် မသိခင်က ကြည်ညိုခဲ့သော ရှင်ဒေ၀ဒတ်သည် ကြည်ညိုဖွယ်မရှိတော့။ မသိခင်က အထင်ကြီးခဲ့သော ခေါင်းပါးသောအကျင့် ကြေညာချက် သည် အထင်ကြီးဖွယ်မရှိတော့။ ရှင်ဒေ၀ဒတ်၏ ကျော်စောမှု၊ ဥာဏ်ကြီးမှုနှင့် အမျိုးမြတ်မှုတို့ သည် အခွံ၊ အကာသာလျှင်ဖြစ်ကြောင်း သိမြင်ကြသည်။ အနှစ်သာရသည်ကား သောတာပန်စသော အရိယာပုဂ္ဂိုလ်တို့ ပိုင်ဆိုင်သော သီလဂုဏ်သာလျှင် ဖြစ်ကြောင်း သိမြင်ကြသည်။
ဤသို့အမှန်အတိုင်းသိကြသဖြင့်ဝဇ္ဇီတိုင်းသား ရဟန်းများသည် အရှင်သာရိပုတ္တရာနှင့်အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်တို့၏ ဦးဆောင်မှုဖြင့် မြတ်စွာဘုရားထံ ပြန်ကြွသွားကြသည်။ ရှင်ဒေ၀ဒတ်၏ နိဂုံးကား သွေးပွက်ပွက်အံခြင်းနှင့်အ၀ီစိငရဲဖြစ်လေ၏ ။ ရှင်ဒေ၀ဒတ်နှင့် ပတ်သက်၍ မြတ်စွာဘုရားက ဤသို့ဟောကြားတော်မူသည်။ "မကောင်းမှုကိုပြုသူအတွက် ယခုဘ၀တွင်လည်း ပူပန်ရသည်။ တမလွန်ဘ၀တွင်လည်းပူပန်ရ၏။ မကောင်းမှုကို ပြုမိသည်ဟုသိသည်နှင့် ပူပန်ရ၏။ တမလွန်ဘ၀တွင်ကား ထို့ထက်ပို၍ပူပန်ရ၏။"
ဤဒေသနာ၏အဆုံးတွင်သောတာပန်ဖြစ်သူများ ဖြစ်ကြ၍ ကံကံ၏အကျိုးကို ယုံကြည်ကြသူများက ယုံကြည်ကြလေသည်။ ရှင်ဒေ၀ဒတ်သည်ကား အ၀ီစိငရဲမကျခင် သူ၏အမှားကို သိမြင်ခဲ့ဖော်ရသေးသည်။ သရဏဂုံတည်ရုံမက အလွန်လေးမြတ်စွာ ရှိခိုးခဲ့သေးသည်။ဤကားကုသိုလ်တည်း။ ကုသိုလ်သည် ကုသိုလ်၏အကျိုးကိုသာ ပေးမြဲဖြစ်သဖြင့် ရှင်ဒေ၀ဒတ်သည် ပစ္စေကဗုဒ္ဓါအဖြစ် ဖြင့်ကမ္ဘာတစ်သိန်းအထက်တွင် ကျွတ်တမ်းဝင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတစ်ပါး၏ အကုသိုလ်အမှုကံနှင့် အကုသိုလ်အကျိုးပေးများကို ကြည့်၍သံဝေဂယူ ထိတ်လန့်ရသလို ကုသိုလ်အမှုကံအတွက် သာဓုခေါ်ဆို ၀မ်းမြောက်ရမည် ဖြစ်ပါသည်။
အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ခွဲခြား၍မသိကြလျှင် ရုပ်ဝတ္ထုပစ္စည်းများသည်အထင်ကြီးဖွယ်ရာ ဖြစ်သည်။ ထိုပစ္စည်းများကိုပိုင်ဆိုင်နေကြသော ပုဂ္ဂိုလ်များသည်လည်း အထင်ကြီးဖွယ်ရာ ဖြစ်လေသည်။
ကိုယ်ကျင့်တရားတည်းဟူသောစံနှုန်းနှင့်တိုင်းတာမှသာကြည်ညိုဖွယ်ရာပုဂ္ဂိုလ်အစစ်အမှန်ကို သိမြင်ရာသည်။ တန်ဘိုးထားအပ်သော စကားအစစ်အမှန်၊ တရားအစစ်အမှန်ကို သိမြင်ရာသည်။
ဆင်းရဲဒုက္ခ၏ အကြောင်းကား စင်စစ် အကုသိုလ်ကံပင် ဖြစ်ပါသည်။ အကုသိုလ်ကံအမှုကို ပြု၍ ယခုဘ၀နှင့် တမလွန် ဘ၀တွင်ဆင်းရဲပူပန်မှုကို ကြုံရသည်ကို ရှင်ဒေ၀ဒတ်က သာဓကပြသွားခဲ့ခြင်း ဖြစ်ပေသည်။
ကျွန်ုပ်တို့၏ ဘ၀ရည်မှန်းချက်များစွာအနက် ဖြစ်သင့်သောရည်မှန်းချက်တစ်ချက်သည်ကား အကုသိုလ်အမှု များကို တတ်နိုင်သမျှ ရှောင်၍ ကုသိုလ်အမှုများကိုကား "နည်းနည်းအမည်ခံ များများလုပ်ကြရန်" သာ ဖြစ်ပါတော့သည်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ ..
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဆရာကြီးဦးရွှေအောင် နှင့် (အရှင်ပဏ္ဍိတာဘိဝံသ) ၏ မြတ်ဗုဒ္ဓနှင့် ရှင်ဒေ၀ဒတ် ပို့စ်တို့မှ ပေါင်းစပ်ဖော်ပြပါသည်။
Wednesday, May 20, 2015
✔ အောင်လံဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ၏ ဆုံးမသြဝါဒများ~နိဂုံး
✔ အောင်လံဆရာတော်ဘုရားကြီး
အရှင်စန္ဒိမာ၏ ဆုံးမသြဝါဒများ~နိဂုံး
<><<><<><<><<><<><<><<><<><
✔ ၃၆။ ယောက်ျားတွေ သတိထားဆင်ခြင်ရန်
လူ့ပြည်မှာ ယောက်ျားလေးနည်းပြီး အမျိုး
သမီးများနေတာရယ်, နတ်ပြည်မှာ နတ်သား
နည်းပြီး နတ်သမီးများနေတာရယ်, နွားပွဲဈေးမှာ
နွားထီးတွေများပြီး နွားမတွေနည်းနေတာရယ်
ဘာကြောင့်လည်းဟု ယောက်ျားတွေ သတိထား
စဉ်းစားသင့်ပြီ။
ဘာကြောင့်လဲဆိုတော့ ယောက်ျားတွေက
အမျိုးသမီးတွေထက် ကုသိုလ်စေတနာ နည်းပါး
လို့ပေါ့...
✔ ၃၇။ အတောင်းနှင့်အကျင့်
မြတ်စွာဘုရားရှေ့မှာ တကျော်ကျော်နှင့်
မဂ်ဖိုလ်နိဗ္ဗာန်ကို ပေးပါပေးပါလို့ တောင်းနေတာ
ထက် ဘုရားရှေ့မှာ မဂ်တရား ဖိုလ်တရားရ
အောင် ကျင့်နေတာကို မြတ်ဘုရားက ပိုကြိုက်
တယ်။
✔ ၃၈။ တန်ဖိုးထားခြင်း
တန်ဖိုးထားတယ်ဆိုတာ တန်ဖိုးထားစရာ
ကလဲ တန်ဖိုးရှိရတယ်။ တန်ဖိုးထားသူကလည်း
တန်ဖိုးရှိမှန်း သိရတယ်။ တန်ဖိုးရှိမှန်း သိလျှင်
လည်း တန်ဖိုးထားရတယ်။
✔ ၃၉။ ဆုံးမခြင်း
မသိတတ်လို့ ကလေးတွေဆိုးတာ ဆုံးမ
ရတာထက် အသိတရားရှိပြီး လူကြီးတွေကိုဆိုး
လို့ ဆုံးမရတာ ပိုပြီးခက်တယ်။ ဘာကြောင့်လဲ
ဆိုတော့ အရိုးမာပြီး အခေါက်ထူနေလို့ဘဲဖြစ်
တယ်။
✔ ၄၀။ တန်မှရမည်
ပြည်တန်တဲ့ ပတ္တမြားဟာ တန်ဖိုးကြီးလွန်း
လို့ လူတိုင်း မဝယ်နိုင်ဘူး။ တန်ရာ တန်ဈေးပေးမှ
ရမည်။
မဂ်တရား ဖိုလ်တရားဟာလည်း ချမ်းသာ
လွန်းလို့ လူတိုင်း မကျင့်နိုင်ဘူး။ ပြင်းထန်စွာ
အားထုတ်မှရမည်။
✔ ၄၁။ ရှိနိုင်ခဲမှုများ
တောတိုင်းမှာ သစ်ပင်ပေါင်းများစွာရှိပေ
မယ့် စန္ဒကူးရှိနိုင်ခဲတယ်။ တောင်တိုင်းမှာ
ကျောက်ခဲပေါင်းမြောက်များစွာရှိပေမယ့်
ပတ္တမြားရှိနိုင်ခဲတယ်။
လူသားတိုင်း ဆင်းရဲစွာ သေရမည့်သူ
များစွာရှိပေမယ့် ချမ်းသာစွာ သေမည့်သူ ရှိနိုင်
ခဲတယ်။
✔ ၄၂။ သန့်စင်သောစိတ်ရအောင်
ရေဟာ ရွှံ့နွံနှင့် ဘယ်လောက်ရောရော
ကျောက်ချဉ်နှင့် ခွဲလိုက်လျှင် သန့်စင်သော
ရေပြန်ရတယ်။
ရွှေဟာ အခြားသတ္ထု တွေနှင့် ဘယ်
လောက်ရောရော ငရဲမီးနှင့် ဓာတ်ခွဲလိုက်လျှင်
သန့်စင်သော ရွှေပြန်ရတယ်။
စိတ်ဟာ ကိလေသာနှင့် ဘယ်လောက်
ရောရော မဂ္ဂင်ရှစ်ပါးနှင့် ပယ်သတ်လိုက်ရင်
သန့်ရှင်းသော စိတ်ရတယ်။
✔ ၄၃။ မဂ္ဂင်တန်ခိုး
မြင်းကိုနိုင်တာ ဇက်ကြိုး၊
နွားကိုနိုင်တာ နဖားကြိုး၊
ကြောင်ကိုနိုင်တာ ဇက်ပိုး၊
တဏှာကိုနိုင်တာ မဂ္ဂင်တန်ခိုး...
✔ ၄၄။ အမြှောက်နှစ်မျိုး
အသံထွက်ပြီး အဆံမထွက်တဲ့ သင်္ကြန်
အမြှောက်ရယ်၊ အသံရော အဆံရောထွက်တဲ့
အင်္ဂလန်အမြှောက်ရယ်ဟု နှစ်မျိုးရှိတယ်။
အသံထွက်ပြီး အဆံမထွက်တော့ အသံနဲ့
လှန့်တဲ့ အမြှောက် အဖြစ်ဘဲ အသုံးပြုကြတယ်။
အဆံရော အသံရောထွက်တဲ့ အမြှောက်က ရန်
သူကို သေကြေပျက်ဆီးနိုင်တယ်။
ပညာမဲ့တို့သည် အသံကောင်းလွှင့်ပြီး ပြော
ဆိုနေပေမယ့် အကျိုးသက်ရောက်မှုမရှိ၊
ပညာရှိတို့ပြောဆိုသော အသံသည် အကျိုး
စီးပွားတည်းဟူသော အဆံပါလာသည်။
✔ ၄၅။ ရှာမှုသုံးမျိုး
လင်းတငှက်တို့သည် လူသေကောင်ပုပ်ကို
ရှာကြသည်။
ပုထုဇဉ်တို့သည် လူရှင်ကောင်ပုပ်ကို ရှာ
ကြသည်။
သူတော်ကောင်းတို့သည် အသင်္ခတဓာတ်
ကိုရှာကြသည်။
✔ ၄၆။ ဝန်မလေးမှုသုံးမျိုး
ငှက်တို့ လိုရာပျံတော့မည်ဆိုလျှင် အကိုင်း
ကို ကန်ရန် ဝန်မလေးဘူး။
လူမိုက်တို့ လိုရာဆန်တော့မည်ဆိုလျှင်
သခင်ကို ကန်ရန်ဝန်မလေးဘူး။
အရိယာတို့ လိုရာဆန်တော့မည်ဆိုလျှင်
ကိလေသာကို ကန်ရန်ဝန်မလေးဘူး။
✔ ၄၇။ အကြို က်သုံးမျိုး
ခွေး, ဝက်တို့သည် လူတို့စွန့်သော မစင်ကို
ကြိုက်နှစ်သက်ကြသည်။
လူမိုက်တို့သည် လူလိမ္မာတို့စွန့်သော
အရက်ကို ကြိုက်နှစ်သက်ကြသည်။
ပုထုဇဉ်တို့သည် အရိယာတို့စွန့်သော
ကာမဂုဏ်ကို ကြိုက်နှစ်သက်ကြသည်။
±±±±±±±±±±±
ကမ္မဋ္ဌာနစရိယဆရာတာ်
အရှင်စန္ဒိမာ
(၉-ရက်စခန်းနိဗ္ဗာန်လမ်း
တရားကျင့်စဉ်မှ)
*(ယနေ့တွင်ကျရောက်သော ဆရာတော်ဘုရား
ကြီး၏ မွေးနေ့၌ ဆရာတော်ဘုရားကြီး၏ ကျေး
ဇူးဂုဏ်ကို ရည်မှတ်၍ ဆရာတော်ဘုရားကြီး
ဆုံးမအပ်သော သြဝါဒများကို ပြန်လည်မျှဝေ
လိုက်ပါသည်။
ဆရာတော်ဘုရားကြီး၏ ယနေ့ကျရောက်
သောမွေးနေ့မှသည် သက်ရှည် ကျန်းမာစွာ
ဖြင့် သာသနာ့အကျိုးများကို ဆထက်တိုး၍
သယ်ပိုးရွက်ဆောင်နိုင်ပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။)
[ဆရာတော်ဘုရားကြီးအားရှိခိုးဦးခိုက်လျှက်]