လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, October 30, 2012

ဗုဒ္ဓဘာသာ ဆိုတာ Philosophy ဖီလိုဆိုဖီခေါ်တဲ့ ဒဿနိကဗေဒလား ?


ပါဠိကျမ်းပေါင်း (၅၂)၊ စာအုပ်ပေါင်း (၄၀)  ရှိသော ပိဋကတ်သုံးပုံသည် မြတ်စွာဘုရား၏ တရား အနှစ်သာရများကိုဆောင်ထားကြ၏။ အရွယ်ပမာဏအားဖြင့် ခရစ်ယန်သမ္မာကျမ်းစာ (၁၁) ဆခန့် ရှိမည်ဟုခန့်မှန်းကြ၏။

ပိဋကတ်သုံးပုံနှင့်ခရစ်ယန်သမ္မာကျမ်းစာတို့အကြားသိသိသာသာကွာခြားချက်  တစ်ရပ်မှာ ပိဋကတ်သုံးပုံသည် ခရစ်ယန်သမ္မာကျမ်းစာကဲ့သို့နှောင်းလူများတစ်ရွေ့ရွေ့ရေးသား၍တိုးတက် လာခြင်း မဟုတ်သည့်အချက်ပင်ဖြစ်၏။

ဗုဒ္ဓမြတ်စွာအသေးစိတ်ဟောကြားတော်မူခဲ့သောရန်လိုခြင်းမရှိသည့်ကိုယ်ကျင့်တရား ဆိုင်ရာနှင့် အတွေးအမြင်ဆိုင်ရာစနစ်သည် လိုက်နာကျင့်ကြံသူတို့ထံမှ မျက်ကန်းယုံကြည်မှုကို မတောင်းဆိုပါ။

တစ်ယူသန်အယူဝါဒများကိုလည်းမဟောကြားပါ။ အယူသည်းသော ဘာသာရေး ထုံထမ်း ဓလေ့များနှင့် အခမ်းအနားများကျင်းပခြင်းတို့ ကိုလည်းအားမပေးပါ။

သို့သော်လိုက်နာသူတပည့်များအား စင်ကြယ်စွာနေထိုင်ခြင်းနှင့် စင်ကြယ်စွာ တွေးခေါ် ခြင်းတို့မှတစ်ဆင့် အထွတ်အထိပ်ရောက်သည့် ဉာဏ်ပညာကို ရယူပြီးလျှင်ဝဋ်  ဆင်းရဲမှ လွတ် မြောက်ရန် ရွှေလမ်းစဉ်ကို ချပြပေး၏။ ဤမြတ်ဗုဒ္ဓ၏ ဟောကြားချက်များကို ဓမ္မ ဟုခေါ်တွင်၍  ဗုဒ္ဓဘာသာ ဟု လူအများကအသိအမှတ်ပြု ထားကြ ပါသည်။

 

Is it a Philosophy ?

The non-aggressive moral and philosophical system expounded by the Bhudda which demands no blind faith from its adherents, expounds no dogmatic creed, encourages no superstitius rites and ceremonies but advocates a golden means that guides a disciple through pure living and pure thinking to the gain of suprine wisdom and deliverance from all evils is called the Dhamma and is popularly known as Bhuddhism.


ကျမ်းကိုး။
ဒေါက်တာမင်းတင်မွန်၏ခေတ်အမြင်နှင့်သိမှတ်စရာဗုဒ္ဓဘာသာအကျဉ်း။

 

Sunday, October 28, 2012

မြတ်ဗုဒ္ဓ၏တရားဓမ္မများနှင့်လူအများအထင်ကြီးသည့် ခေတ်ပညာများ။


မြတ်စွာဘုရားသည်သူ၏တရားဒေသနာများကိုလူစုလူဝေးများအားလည်းကောင်း၊ ဉာဏ်ထက်မြက်၍ လွတ်လပ်စွာတွေးခေါ်နိုင်ကြသောသူများကိုလည်းကောင်း၊ ဟောကြားသွန်သင်တော်မူခဲ့သဖြင့် ပိဋကတ်သုံးပုံတွင် ခလေးငယ်များအတွက်နို့ချိုကို လည်းတွေ့ရှိနိုင်၏။ သန်မာထွားကြိုင်သူတို့အတွက် အသားကိုလည်းတွေ့ရှိ နိုင်၏။

ပိဋကတ်ကျမ်းစာတို့၌ပါရှိသောနက်နဲသိမ်မွေ့သည့်တရားဓမ္မများသည် အမှန်တရား များနှင့်    မှန်ကန်သည့် အချက်အလက်များကိုဖေါ်ပြထား၏။ ဤတရားဓမ္မများသည် ယနေ့ကြီးကျယ်တိကျ သည့် အမှန်တရားများ အဖြစ် လက်ခံယူဆ၍ မနက်ဖန်လွှင့်ပစ်လိုက်ရသော သီအိုရီများ၊အတွေးအခေါ် ဒဿနများနှင့်သက်ဆိုင်ခြင်းမရှိပါ။

 

         In the Tipitaka one finds milk for the baby and meat for the strong, for the Bhudda taught for His Doctrine both to the masses and to the intelligentsia. The subline Dhamma enshrined in these sacred textes, dealed, with truths and facts and is not concerned with theories, philosophies which may be accepted as profound truths today only to be thrown overboard tomorrow.

 

ကျမ်းကိုး။

ဒေါက်တာမင်းတင်မွန်၏ခေတ်အမြင်နှင့်သိမှတ်စရာဗုဒ္ဓဘာသာအကျဉ်း။

Friday, October 26, 2012

ကျန်းမာအောင်ရေဘယ်လိုသောက်မယ် ?



 
 ၁။ မနက်အိပ်ရာထတွင် ရေ ၂ ဖန်ခွက်သောက်ခြင်းဖြင့်ကိုယ်တွင်းအင်္ဂါများကိုနိုးထစေသည်။

၂။ အစားမစာမီ၊ နာရီဝက်ခန့်တွင် ရေ ၁ ဖန်ခွက်သောက်ခြင်းဖြင့် အစာကြေညက်စေသည်။ (နံနက်စာ၊နေ့လည်စာ၊ညစာ ပေါင်း ၃ ဖန်ခွက်)။

၃။ ရေမချိုးမီ၊ ရေ ၁ ဖန်ခွက်သောက်ခြင်းဖြင့်သွေးပေါင်ချိန်ကျစေသည်။ (မနက်၊ည ပေါင်း ၂ ဖန်ခွက်)။

၎။ အိပ်ရာမ၀င်မီ၊ ရေ ၁ ဖန်ခွက်သောက်ခြင်းဖြင့် ဥဏှောက်ကြောပြတ်ခြင်း (stroke)၊ နှလုံးသွေးကြောပြတ်ခြင်း(heart attack) တို့ကို ကာကွယ်သည်။

         ကျန်းမာရေးအတွက် တစ်နေ့လျှင် ရေ ၁၂ ဖန်ခွက်သောက်သင့်သဖြင့် ကျန်သော ၄ ခွက်ကို ကြားအချိန်များတွင်သောက်သင့်သည်။ နွေရာသီးများ၊ချွေးထွက်များသောအခါများတွင် ရေပိုမို သောက် ရန်လိုအပ်ပါသည်။

မှတ်ချက်။ ဟင်းချို၊ အသီးအနှံ့ စသည်များမှလည်းရေဓါတ်များစွာရရှိသည်။
         သက်ရှိသက်မဲ့ ၊လူ၊တိရိ စ္ဆာန်၊သစ်ပင်အားလုံး ရေ ၆၀-၉၅% ဖြင့်ဖွဲ့စည်းထား သဖြင့် ရေမရှိလျှင် မရှင်သန်နိုင် ထိုကြောင့် အသက်တမျှ အရေးကြီးသောရေ လှူပါက မတောင်းပဲ အောက်ပါအကျိုး (၁၀) ပါးပြည့်စုံသည်ဟု မြတ်ဘုရားဟောတော်မူခဲ့ပါတယ်။

ရေလှူကျိုး ဆယ်ပါး။
၁။ လျှင်မြင်ခြင်း။
၂။ ကျော်ောခြင်း။
၃။  စင်ကြယ်ခြင်း။                                                                                                           ၄။ မွတ်သိပ်ခြင်းမှ ကင်းခြင်း။
၅။ အခြံအရံများခြင်း။
၆။ အသက်ရှည်ခြင်း။
၇။ အဆင်းလှခြင်း။
၈။ ခွန်အားကြီးခြင်း။
၉။ ပညာကြီးခြင်း။
၁၀။ ချမ်းသာခြင်း။

သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ပညာ။
ချွေရံ, သန့်ရှင်း၊ ကျော်ဇောခြင်း၊ လျင်ခြင်း, မွတ်သိပ်ကွာ။

 
ကျန်းမာရေးအတွက် ရေအကျိုး ဆယ်ပါး။

၁။ ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်မှုနည်းသွားသည်။ ထို့ကြောင့်ကျောက်တည်          ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်ခန့် အနည်းဆုံး သောက်သင့်ပါသည်။

၂။ ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

၃။ ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။

၎။ ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

၅။ ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

၆။ ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက် အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံး ကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

၇။ ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံး များသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။

၈။ ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်း တို့ကို ခံစားရနိုင်ပါသည်။

၉။ အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

၁၀။ ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်။
၁။ အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
၂။ တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
၃။ ရေကို နည်းနည်းဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
၎။ ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ် အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
၅။ ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက် သောက် ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြား သွားပါ လိမ့်မည်။
၆။ ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။
၇။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
၈။ ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
၉။ ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
၁၀။ ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။


ကျမ်းကိုး။
ရေအကျိုးဆယ်ပါး @ Benefits of drinking water
http://sizaangseino.org/health-a-knowledge/tuimanphatna10.html

Tuesday, October 23, 2012

လူမိုက်နဲ့ပြိုင်မိုက်ခဲ့မိတဲ့ ကျမ ဒေါသအိုး။


ကျမ ဆေးခန်းက ဒေါ်တင်မြတ်ဝင်းရဲ့ ဓါတ်ခွဲခန်းနဲ့ တွဲဖွင့်ထားပါတယ်။ အဲ့ဒီအချိန်က တောင်ကြီးမြို့မှာ အပြင်ဓါတ်ခွဲခန်းတွေ မရှိသေးပါဘူး။ တောင်ကြီးမှာအဖြစ်များပြီး ဆေးခန်းကို ဖျားလို့လာပြတဲ့ ရောဂါအများစုက ငှက်ဖျားရောဂါ၊ အူရောင်ငန်ဖျားခေါ်တဲ့ တိုက်ဖိုက် (typhoid) ရောဂါနဲ့၊ ဆီးပိုးဝင်ရောဂါ တွေဖြစ်ပါတယ်။ ငှက်ဖျားရောဂါ၊ ဟုတ် မဟုတ်ဆိုတာကို လူနာရဲ့သွေးမှာ ငှက်ဖျားပိုးရှိမရှိစစ်ခြင်းဖြင့် ချက်ချင်းသိနိုင်သလို၊ ဆီးပိုးဝင်ရောဂါကိုလည်း လူနာရဲ့ဆီးမှာ ပိုးတွေ၊ပြည်တွေ ရှိမရှိစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ ရောဂါသိတော့ ရောဂါနဲ့ သက်ဆိုင်တဲ့ဆေး ပေးလိုက်ရင် ရောဂါချက်ချင်းနီးပါး သက်သာ ပါတယ်။ အဲ့ဒီ ၂ မျိုး မဟုတ်ရင် တိုက်ဖိုက်ဖြစ်နိုင်တယ်။ သူ့ ကိုတော့ သွေးစစ်ရင် ချက်ချင်း မသိနိုင်ပေမဲ့ လူနာကိုစမ်းသပ်ခြင်းဖြင့် တစ်ချို့ကိုခန့်မှန်းနိုင်ပါတယ်။ ဥပမာ၊ လူနာရဲ့ လျှာတွေထူနေခြင်း၊ အူနေရာ၊ အသဲနေရာတွေ ကိုင်ရင် နာခြင်းစတာတွေ ဖြစ်ပါတယ်။


ဝမ်းကိုက်ရောဂါတို့ သံကောင်ရောဂါတွေကလည်း ၀မ်းစစ်ခြင်းဖြင့် သိနိုင်တာမို့ ကျမ ဆေးခန်းက နံမယ်ရလာပါတယ်။ ဒီ့အပြင် သမားတော်ကြီးကလည်း သူ့လူနာတွေ ဓါတ်ခွဲခန်း စစ်ဆေးမှု တွေပြုလုပ်ဖို့ နဲ့ အားဆေးသွင်းဖို့လူနာတွေကို ကျမတို့ဆေးခန်းကိုလွှတ်ပါတယ်။ ရလဒ်က ကျမတို့ဆေးခန်းရှေ့မှာ corolla ကားသစ်တွေ တွေ့နေရပါတယ်။ အဲ့ဒါကို မနာလိုတဲ့ သူ ရှိနေ တယ်ဆိုတာ ကျမလုံးဝ မသိခဲ့ပါဘူး။


ဒေါ်တင်မြတ်ဝင်းတို့တိုက်က နှစ်ထပ်ဖြစ်ပြီး လမ်းဒေါင့်မှာရှိပါတယ်။ တိုက်မကြီးက လမ်းသွယ်ကိုမျက်နှာပြုပြီး၊ ဆေးခန်းကို တိုက်မကြီးရဲ့ အောက်ထပ်မှာ အခန်းဖွဲ့ထားပါတယ်။ တိုက်မကြီးရဲ့ဘေး တစ်ခြား လမ်းဘက်ကိုမျက်နှာပြုတဲ့ ဘက်မှာ အဆောင်ငယ်လေးရှိပါတယ်။ အဲ့ဒီအဆောင်မှာ စာအုပ် အငှါးဆိုင် ဖွင့်ထားပါတယ်။ စာအုပ်အငှါးဆိုင် ရှေ့တည့်တည့်မှာ စပ်စံထွန်းဆေးရုံက ဆရာဝန်မဒေါ်ရှမ်းမ မိသားစုရဲ့ ဆေးခန်းရှိပါတယ်။ သူမက အပျိုကြီးပါ၊ ဒါပေမဲ့ အမေရယ်၊ နံပါတ်ဖိုဆွဲလို့ ဆေးဖြတ်ပေးပြီး၊ မိန်းမ ပေးစား ကာ၊ လိုင်ကားထောင် ပေး ထားတဲ့ မောင် လင်မယားရယ်ရှိပါတယ်။ သူတို့ မိသားစုက ဆေးရုံဝင်းထဲက ကျမ အခန်းအပေါ်မှာနေပါတယ်။ စပ်စံထွန်းဆေးရုံ ဆရာဝန်quarter မှာ နှစ်ထပ်တိုက် ၃ လုံးရှိပါတယ်။ တစ်တိုက်မှာ အပေါ်အောက် ၄ ဦးနေရပါတယ်။ ကျမတို့ တိုက်က အလယ်တိုက်ဖြစ်ပါတယ်။ တောင်ကြီးမြို့ပေါ်ဆွဲတဲ့လိုင်းကားတွေက မြောက်ဘက်မှာရှိတဲ့ စပ်စံထွန်းဆေးရုံနဲ့ တောင်ဘက်မှာရှိ တဲ့ဈေးကြား ပြေးဆွဲ ပါတယ်။ အပေါ်ထပ်က ကားက ဂျပန်က လာတဲ့ ၅ ချိတ်ခေါ်တဲ့ pick-up ကားအနီပါ။ လိုင်းဆွဲပြီးရင် ကားကို ဆရာဝန် quarter ကကား ဂိုဒေါင် မှာသိမ်းပါတယ်။ ကျမကားနဲ့ သူတို့ ရဲ့လိုင်းကား ဂိုဒေါင်တစ်ခု ထဲမှာ အတူတူထားရပါတယ်။ ဒေါက်တာဒေါ်ရှမ်းမကဆေးခန်းမှာအပျင်းပြေဖတ်ဖို့ စာအုပ်နေ့တိုင်း လိုလို လာငှါးပါတယ်။ စာအုပ်ဆိုင်ကနေ ကျမဆေးခန်းကိုလှမ်းမြင်ရပါတယ်။

တစ်နေ့ ကျမ ဈေးဝယ်အထွက်မှာ လိုင်းကားအနီတစ်စီးနဲ့ မျက်နှာချင်ဆိုင်တွေ့ပါတယ်။ တိုက် မလိုလို ဖြစ်လို့ ကျမ ကားကိုရှောင်လိုက်ရပါတယ်။ ကျမ က ကိုယ့်ကား နံပါတ် တောင် မမှတ်မိတဲ့ သူ ဆိုတော့ တိုက်မလိုလို ဖြစ်တဲ့ ကားနံပါတ်ကို မမှတ်မိပါဘူး။ မတော်တဆဖြစ်တယ်လို့ပဲ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ -၃ ခါလောက် ဒီလိုင်းကားအနီနဲ့ချည်း တိုက်မလိုလိုဖြစ်နေတော့ ကျမ မသင်္ကာတော့တာနဲ့ ကားနံပါတ်ကို ဒေါ်တင်မြတ်ဝင်းကိုမှတ်ခိုင်းတော့ အပေါ်ထပ်က ကားဖြစ်နေပါတယ်။ နောက်တစ်ခါ တိုက်မလိုလိုဖြစ်တော့ ကျမ စဉ်းစား မိတာက ကျမ morris minor ကားက အလွန်ဆုံးတန် ၅ သောင်း၊ သူတို့ကားက ၁ သိန်းလောက်တန်မယ်။ ဘာ မတိုက်ရဲစရာရှိမလဲဆိုပြီး၊ ကျမ ကားကိုတိုက် မလိုလို လုပ်တဲ့ အခါတိုင်းလို မရှောင်တော့ပဲ ကားခေါင်းတဲ့ ပေးလိုက်ပါတယ်။ မထင်မှတ်ပဲ သူတို့ကား ရှောင်ထွက်သွားတဲ့ အတွက် ကားတိုက်မှု မဖြစ်တဲ့အပြင်၊ နောက်ထပ် ကားချင်းတိုက်ဖို့လဲ မကြိုး စား တော့ပါဘူး။

ကားချင်းတိုက်တဲ့ ရန်အေးသွားလို့ စိတ်အေးမယ်ကြံကာရှိသေးတယ်။ ကျမ ဆေးရုံက အိမ်ဝင်း ထဲကို လမ်းလျောက်ပြန်လာတာနဲ့ သူတို့ကား ပြန်လာတာနဲ့ တွေ့ ချိန်မှာ ကားနဲ့လူကို တိုက်ဖို့ လုပ်ပါတယ်။ အဲ့ဒီအချိန်မှာ လမ်းဥပဒေ အသစ်တစ်ခု ထွက်ပြီးတာ မကြာသေးပါဘူး။ ကားတိုက်လို့ သေဆုံးရင် လျော်ကြေး တစ်သောင်း သတ်မှတ်တာပါ။ (ရွှေဈေး ၁၆၀၀ ကျပ်)။ ကျမလည်း ငါသေရင် ငါ့အမေ တစ်သောင်းရမှာပဲ။ မသေရဲစရာမရှိဘူးဆိုပြီး ရှောင်မပြေးပဲ။ ကိုယ့်လမ်းကိုယ်ဆက်လျောက်ပါတယ်။ အဲ့ဒီအခါကျတော့လည်း။ မတိုက်ပဲ ထွက်သွားပြန်ပါတယ်။

တစ်ပတ်လောက်ကြာတော့ နောက်တစ်နည်းသုံးပြန်ပါတယ်။ ကျမတို့ အိပ်ခန်းနားမှာ လာပြီး ဆဲရေး တာပါပဲ။ ကျမတို့ ငယ်ငယ်ထဲက အဖေ အမေက လုံးဝ မဆဲရဘူးလို့ သင် ထားတာမို့ ပြန် မဆဲ တတ်ပါဘူး။ ဒါပေမဲ့ အခြောက်တိုက် အဆဲခံနေရတာကိုလည်း သဘောမကျဘူး။ ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေတုံး အကြံရတာနဲ့ သူလာဆဲလေ့ရှိတဲ့ နေရာမှာ Casette recorderကိုအရံသင့်ထားပြီး ဆဲ တာနဲ့ recorder လုပ်ပြီး ရုံးတင် တရားဆွဲမယ်လို့ စိတ်ကူးထားပါတယ်။ ကျမ အကြံ မအောင်ပါဘူး။ လာမဆဲတော့ပါဘူး။ ကျမ Casette recorder ထားတာ မှန်ပြူတင်ကမြင်ပြီး မဆဲတော့တာထင်တယ်။ ဆဲတဲ့ ကိစ္စပြီးလို့ အေးပြီထင်တာ မကြာပါဘူး။ ကျမ ဆေးရုံက အပြန်မှာ သူတို့အပေါ်ထပ် ၀ရံတာကနေ ရိုင်ဖယ် သေနတ်ကြီးတကားကားနဲ့ ပစ်မယ်ဆိုပြီးချိန်ထားပါတယ်။ ကျမလည်း သည်းမခံနိုင်တော့ဘူး။ မိုက်မိုက်ကန်းကန်း အောက်ကနေ လှမ်းအော်ပြောလိုက်တယ်။ သေနတ်နဲ့ ချိန်မနေနဲ့ သတ္တိရှိရင် အောက်ဆင်းခဲ့ သေနတ်ချင်းပစ်မလား၊ ဓါးချင်းထိုးမလား၊ ကြိုက်ရာရွေး။

မိန်းခလေး တစ်ယောက်က စိန်ခေါ်တယ်ဆိုတော့ သူလည်းရှက်ရှက်နဲ့ဆင်းမယ်လုပ်တာ၊ သူ့မိန်းမ၊အမနဲ့ အမေတွေ ၀ိုင်းဆွဲကြလို့ ဆင်းမလာပါဘူး။ အဲ့ဒီနောက်ပိုင်း ကျမကို ရန်မစတော့ပါဘူး။ အခုမှတွေးမိတယ်။ သူသာဆင်းခဲ့ရင် ကျမ သေချင်သေ၊ မသေရင် ဒါဏ်ရာအနာတရကြောင့် ဒုက္ခိတဖြစ်နိုင်တယ်။ သူ့ကိုတောင်ကျေးဇူးတင်ရမလိုဖြစ်နေတယ်။

အဲ့ဒီ ရန်ပွဲကြောင့် မေမေက ကျမကို နယ်ဆေးရုံတွေမှာ အလုပ်လုပ်ဖို့ စိတ်မချတော့ဘူး။ ဆရာဝန်လိုင်း မှာနေတာတောင် အန္တရာယ်များတယ်တဲ့။ ရန်ကုန်မှာနေရတဲ့ အလုပ်ဆိုရင် လုပ်၊ မဟုတ်လို့ကတော့ အလုပ်ထွက်လို့ ရာဇသံ အပေးခံရပါတော့တယ်။ ကျမရဲ့ ညီမ အငယ်ဆုံးကတော့ မလတ်ဆီ ကျမ လာမလည်တော့ဘူးတဲ့။ တော်ကြာ ညီအမချင်းဆိုတော့ ဆင်တယ်။ မှားပြီအသတ်ခံရမှာကြောက်တယ်တဲ့။ တော်တော်အားကိုးရတဲ့ညီမ။

ဗုဒ္ဓက မနာလိုခြင်း၊ ဣဿာနှင့် ၀န်တိုခြင်း၊ မစ္ဆရိယ ရှိသောကြောင့် လူနတ်သတ္တ၀ါအများတို့ သည် စိတ်ဆင်းရဲခြင်းဖြစ်ရသည်ဟု သိကြားမင်းအမေးကို အဖြေပေးတော်မူခဲ့ပါသည်။
(သုတ်မဟာဝါ ပါဠိတော်၊ သက္ကပဥှာသုတ်)

ကျမလို လူမိုက်နဲ့ ပြိုင်မိုက်တဲ့သူ မဖြစ်ကြပါစေနဲ့။

Thursday, October 18, 2012

ဓမ္မ န္တရာယ်။



ရှင်တော်မြတ်ဘုရားလေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီ စာဂ စရိယများကို ကြိုးစား အားထုတ်တော်မူပြီးမှရရှိတော်မူခဲ့သည့်သဗ္ဗညုတဉာဏ်တော်အစွမ်းဖြင့်သိမြင်ခဲ့သည့် ဓမ္မတရားများကို လေးဆယ့် ငါးဝါပတ်လုံး အနားမနေပဲ သတ္တ၀ါဝေနေယျတို့အား ၎င်းတို့ ၏စရိုက်၊ အကြိုက် အလိုက် ဟောပြတော်မူခဲ့သည့်အပြင်နောင်လာနောက်သားတို့အတွက်ရှင်ရဟန်းများမွေးထုတ်၍ သာသနာတော်ကို စနစ်တကျတည်ထောင်တော်မူခဲ့ပါသည်။ ရှင်တော်မြတ်ဘုရား၏ သာသနာတော်သည်အပြစ်ကင်း၍ သန့်ရှင်းဖြူစင်လှပါသည်။ ကျေးဇူးတော်ရှင်မြတ်ဘုရား၏ အမွေအဖြစ်ထားခဲ့သော ဓမ္မတရားများကို မပျောက် ပျက်အောင်၊တည်တံ့ပျံပွါးအောင်၊တရားအမှန် များကိုဟောပြောခြင်း၊ရေးသားခြင်း၊ပြသခြင်း၊ရှင်ရဟန်း များမွေးထုတ်ခြင်းများပြုလုပ်ရပါမည်။

        ဤသို့လုပ်ဆောင်ရာ၌ ပုဂ္ဂိုလ်ရေး မနာလိုဝန်တိုမှုများကြောင့်  တရားအမှန်များကို အန္တရာယ် မပြု သင့်ပါ။ အန္တရာယ်ပြုပါက ပြုသူမှာ ဓမ္မ န္တရာယ်သင့်ကာ မျက်မှောက်ဘေး၊မျက်မှောက်ရန်တွေ့ပြီး ဤဘ၀မှသေသော်အပါယ်လေးဘုံမှ အကုသိုလ်ကံကုန်၍ကျွတ်လွတ်လာကာ လူ့ဘ၀ရ သော်ငြား လည်း တရားမရ၊ဖြစ်တတ်ပါသည်။

မသိ၍ ဓမ္မ န္တရာယ်သင့်ခြင်း။

         မြတ်စွာဘုရားအလောင်းတော်စိတ်ဖြင့်ဘုရားဖြစ်ရန် ၇ အသင်္ချေ၊နှတ်မှဖွင့်ဟဆုတောင်းတာ ၉ အသင်္ချေကြာခဲ့ပါတယ်။ ဘုရားအလောင်းတော်တို့ဖြေကျင့်ခဲ့သည်များကိုစိတ်မှကြည်ညိုသဒ္ဓါ တရား ဖြစ် လျှင်ပင်သံသရာဝဋ်ဆင်းရဲမှကျွတ်လွတ်စေနိုင်တယ်လို့ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတိုင်ပင်လာတဲ့အခါ၊ဥပမာ ကိုရင်၊ ရဟန်း၊သီလရှင်၊၀တ်ချင်တာ၊ တရား အားထုတ်ချင် သည် များမှာ။

            မတူမတန် ရာရာစစ နင်ကစိတ်ကူးစိတ်သန်းနဲ့ သွားပြီးမကြံလိုက်ပါနဲ့ ဒီလိုအလုပ်မျိုး ဆိုတာ ပါရမီရှင်တွေမှဖြစ်တာ သာမန်လူတွေမဖြစ်ဘူး။ ဖြစ်လည်းဖြစ်နိုင်တာမဟုတ် ဘဲနဲ့ ကတုံးအဖတ်တင် နေမယ်၊ တော်တော်ကြာ ဟိုမရောက် ဒီမရောက်နဲ့ စသည်ဖြင့် ပြောကြား တားဆီးနှောက်ယှက်လိုက်ရင် ပုညန္တရာယ်၊ဓမ္မ န္တရာယ်သင့်ပါတယ်။ 

             တစ်ချို့ ဘုရားဆုပန်တာရှိပါတယ်။ နင်လိုလူက ဖြစ်မှာလား၊နင်ဘုရားဖြစ်ရင်နင့်ဆီမှာ ငါ တရားမနာဘူးလို့ပြောတတ်ပါတယ်။ ဘုရားဆုပန်ဖို့ရာမလွယ်ပါဘူး။ အဲ့ဒါမျိုးတားမြစ်တာလည်း
မလုပ် ကောင်းပါ ပုညန္တရာယ်၊ဓမ္မ န္တရာယ်သင့်ပါတယ်။ 

       တရားမှန်၊ဓမ္မမှန်များရေးသားထုတ်ဝေခြင်း၊ဟောပြောပို့ချခြင်းများအား တားဆီးခြင်း၊များသည် ပုညန္တရာယ်၊ဓမ္မ န္တရာယ်သင့်သလို မမှန်ကန်သောတရားများ၊ အဓမ္မများရေးသားထုတ်ဝေခြင်း၊ ဟောပြောပို့ချခြင်းများသည်လည်း ပုညန္တရာယ်၊ဓမ္မ န္တရာယ်သင့်ပါတယ်။ 

            ဒါနကုသိုလ်အရာမှာတားမြစ်ရင်ပုညန္တရာယ်၊လို့ခေါ်ပါ တယ်။ သီလ၊သမာဓိ၊ သမထ ကုသိုလ်၊  ၀ိပဿနာကုသိုလ်တွေကိုတားမြစ်ရင်ဓမ္မ န္တရာယ် လို့ခေါ်ပါတယ်။ 

               ကံတစ်ခုလုပ်ရင် အဲ့ဒီ ကံရဲ့အကျိုးက ၃ ပိုင်းအနေနဲ့အကျိုးပေးပါတယ်။ အကျိုးရင်း၊ အကျိုးဖျား၊အကျိုးဆက်လို့ခေါ်ပါတယ်။ ကုသိုလ်ရဲ့အကျိုးရင်းက လူ၊နတ် ဘ၀ရခြင်းဖြစ်ပြီး၊ အကုသိုလ်ရဲ့အကျိုးရင်းက ငရဲ၊အပါယ်ကျခြင်းဖြစ်ပါတယ်။

          ကုသိုလ်ရဲ့အကျိုးဖျားကသူဌေးသူကြွယ်ဖြစ်ခြင်းနဲ့ အကုသိုလ်ရဲ့အကျိုးဖျားက ဆင်းရဲ မွဲတေခြင်းတို့ဖြစ် ပါတယ်။

        ကုသိုလ်ရဲ့အကျိုးဆက်ကဖြစ်ရာဘ၀တွင် အများရဲ့ရိုသေလေးမြတ်ခြင်းခံရခြင်း၊ဖြစ်ပြီး အကုသိုလ်ရဲ့ အကျိုးဆက်ကနီးစပ်သူ၊တော်စပ်သူတွေပါဒုက္ခရောက်ခြင်း၊ဆင်းရဲခြင်းတို့ဖြစ်ပါတယ်။

 

ကျမ်းကိုး။

ဓမ္မဒူတအရှင်ပညာဇောတ၏ ဓမ္မ န္တရာယ်ကာကွယ်ရေးစာအုပ်။

Saturday, October 13, 2012

သိပ္ပံရုပ်ရှင်ထဲကလို သူ့ဘာသာမောင်းတဲ့ကား။





 
 
Driverless (or) self-driving car မှာ ရေဒါ (radar), Lidar, GPS , computer vision တွေထပ်ထားတဲ့ကားဖြစ်တဲ့အတွက် မျက်မမြင်တစ်ဦးပင်မောင်းလို့ရတဲ့ကားလို့ဆိုပါတယ်။ မောင်းတယ်ဆိုတာထက်စီးတယ်ဆိုတာကပိုမှန်ပါတယ်။ လူတစ်ယောက်က ဒရိုင်ဘာနေရာမှာထိုင်ပြီး ဘယ်သွားမယ်ဆိုတာပြောလိုက်ရုံပါပဲ။ ကားက သူ့ဘာသာ လိုရာနေရာကို မောင်းသွားမှာပါ။ ကားသွားရမဲ့လမ်းကို GPS ကပြပေးပြီး၊ radar, Lidar တွေက ကားရှေ့ဘေးပတ်ဝန်ကျင်မှာရှိတဲ့ တခြားကားတွေ၊လူတွေကိုသိနိုင်ပြီးရှောင်ရှားသွားမယ်လို့ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု Nevada state က ပထမဦးဆုံး ၂၀၁၁ ခုဂျွန်လမှာ အဲ့ဒီကားတွေမောင်းခွင့်ပြုလိုက်ပြီး မတ်လ ၁ ရက်မှာ လိုင်စင်ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ Florida , California မှာလည်း မောင်းခွင့်ပေးလိုက်ပါပြီး။ အဲ့ဒီကားတွေကို  Toyota Prius လို့ အမည်ပေးထားပြီး  Google ကထပ်မံပြီး ၉၅% အမြင်အားနည်းနေတဲ့ Steve Mahan ကိုအစမ်းမောင်းစေခဲ့ပါတယ်။

Wednesday, October 10, 2012

ကျမ စုံထောက်ဦးစံရှား။


ကျမ အပြင်လူနာဌာနမှာ တာဝန်ကျနေစဉ် အလုပ်ဝင်ပြီး တစ်နှစ်မပြည့်ခင်မှာ တီဘီရောဂါ ကူး ဆက်ခံရပြီး အဆုတ်ထဲ ရေ၀င် တဲ့ရောဂါဖြစ် ပါတယ်။၊ တီဘီဆေးတွေရဲ့ဒါဏ် (ဘေးထွက်ဆိုးကျိုး side effects ) တွေ ကျမ မခံနိုင်တာကြောင့် ဆေးခွင့် (လုပ်သက်ခွင့်မရှိသေးတာကြောင့်) ယူပြီး မိဘ များရှိရာ ရန်ကုန်ကိုပြန်ခဲ့ ပါတယ်။ ခွင့်တစ်လပြည့်ချိန်မှာ အဆုတ်ထဲကအရည်တွေ ပျောက်သွား တာမို့ အလုပ်ပြန် ၀င်ဖို့ပြန် လာခဲ့ပါတယ်။ ကျမ ရဲ့ရောဂါ အခြေအနေကြောင့် အပြင်လူနာဌာနမှာ တာဝန်မချ ထားတော့ပဲ သွေးဘဏ်မှာ တာဝန်ချ ထားခြင်း ခံရပါတယ်။

သွေးဘဏ်က ရောဂါဗေဒဌာနရဲ့ လက်အောက်ကဌာနခွဲလေးပါ။ ကျန်တဲ့ဌာနခွဲတွေက ဓါတ်ခွဲခန်း ပါ။ ဓါတ်ခွဲခန်းမှာ သွေးဥနီ၊ သွေးဥဖြူနဲ့ သွေးဥမွှားတွေ စစ်ဆေးတဲ့ Hematology section,သွေး၊ဆီး၊စတဲ့ ကိုယ်ထဲက အရည်အမျိုးမျိုးထဲမှာရှိတဲ့ ဓါတ်တွေကို စစ်ဆေးတဲ့Biochemistry section, ကိုယ်ထဲက ထွက် လာတဲ့ ဆီး၊၀မ်း၊စတာတွေမှာရှိတဲ့ရောဂါပိုးတွေကိုစစ်ဆေးတဲ့Parasitology section, ကိုယ်ခန္ဓာထဲမှာ ကင်ဆာ စသည် ရောဂါများ ရှိမရှိစစ်ဆေးတဲ့Histopatholgy section ဆိုပြီး ခွဲခြား ထားပါတယ်။

ရောဂါဗေဒဌာနရဲ့ ဌာနမှူးက ရောဂါဗေဒဆရာဝန်မကြီးပါ။ သူ့အောက်မှာ ဓါတ်ခွဲခန်းမှူး ၂ ယောက် ရှိပါတယ်။ ဓါတ်ခွဲခန်းမှူးတွေက တက္ကသိုလ်က ဘွဲ့ရတွေပါ။ သူတို့အောက်မှာတော့ ဓါတ်ခွဲခန်း တက်နစ်ရှင် (technician) အဆင့် ၁၊ နောက် အဆင့်၂ ၊ အောက်ဆုံးမှာ ဓါတ်ခွဲခန်းအကူဆိုပြီးရှိပါတယ်။ ဓါတ်ခွဲခန်းမှူး ၂ ယောက်က ဓါတ်ခွဲခန်းတက်နစ်ရှင်တွေရဲ့ စစ်ဆေး မှုတွေကို လိုအပ်သလို ပြန်လည် စစ်ဆေးရတဲ့အပြင် ဓါတ်ခွဲခန်းတက်နစ်ရှင် (technician) အဆင့်၂ ကျောင်းသားတွေကို သင်ကြား ပို့ချရ ပါတယ်။ ဓါတ်ခွဲခန်း တက်နစ်ရှင် (technician) အဆင့်၂ က တစ်နှစ်သင်တန်းဖြစ်ပါတယ်။ တစ်နှစ်ကို သင်တန်းသား ၁၀ ယောက် သင်ကြားပို့ချပါတယ်။

ဓါတ်ခွဲခန်းမှူး ၂ ယောက်အနက်တစ်ဦးက လူပျိုဖြစ်ပြီး၊ ကျန်တစ်ဦးကအပျိုဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှူး ဒေါ်တင်မြတ်ဝင်းနဲ့ ကျမ တီဗီ မဖြစ်ခင်ကပင် ခင်မင်ကြပါတယ်။ ကျမ တောင်ကြီးပြန် ရောက်တော့ သူမရဲ့ အိမ်မှာ ကိုယ်ပိုင်ဓါတ်ခွဲခန်းဖွင့်ထားပြီးကျမကိုလည်း သူမ ဓါတ်ခွဲခန်းနဲ့တွဲပြီးဖွင့်ထားတဲ့ အပြင်ဆေးခန်းမှာ ဆရာဝန်အဖြစ်တာဝန်ယူဖို့ကမ်းလှမ်းလာပါတယ်။ တောင်ကြီးမြို့မှာ ညနေပိုင်းဆို လူ သိပ် မရှိတော့ပါဘူး။ မနက်ဖက်မှာသာ ဈေးလာရောင်းသူတွေ၊ အလုပ်အကိုင်နဲ့လာကြသူတွေနဲ့ စည်းကား တာပါ။ ဒါကြောင့် အပြင် ဆေးခန်းတွေမှာ လူနာသိပ်မရှိပါဘူး။ ဘဲဥမကွဲတဲ့ ရက်တွေသာများပါတယ်။ အဲ့ဒီအချိန်က လက်ထောက်ဆရာဝန် လစာ ၄၅၀ ကျပ်နဲ့ ဆို လူတစ်ယောက်စာ စားလောက်ပါတယ်။ ဒါကြောင့် စပ်စံထွန်းဆေးရုံက လူလွတ်ဆရာဝန်တွေ ဘယ်သူမှဆေးခန်းမဖွင့်ကြပါဘူး။ အိမ်ထောင်သယ် နှစ်ဦး သာ ဆေးခန်း ဖွင့်ပါတယ်။ ကျမအနေနဲ့လည်း စီးပွါးရေးကြောင့် မဟုတ်ပဲ သူမကိုလည်းကူညီရင်း၊ သူမအိမ်မှာ အပျင်းပြေ အားလူးဖုတ်ရ အောင် သဘောတူခဲ့ပါတယ်။ ကျမ တီဗီရောဂါရထားတာကြောင့် မေမေလည်း ကျမကို ချက်ပြုပ်ကျွေးမွေးဖို့ လိုက်လာပါတယ်။

ယခင်က ဆရာဝန်အိမ်ခန်းတွေမလုံလောက်လို့ ကျမနဲ့ ကျန်အပျိုဆရာဝန် ဒေါ်ခင်နှင်းကို သူနာပြု ဆောင် မှာပဲနေစေပါတယ်။ အခု မေမေနဲ့အတူ ဆေးရုံဝင်းထဲက ဆရာဝန်အခန်းရလို့ အဲ့ဒီ မှာ ပြောင်းနေ ခဲ့ပါ တယ်။ အဖေကလည်း တောင်ကြီး မြို့ရဲ့အအေးထဲမှာ ဘက်စ်ကားစောင့်ရင်း အအေးမိမှာ စိုးလို့ သူ့ကားနဲ့ဆင်တူ (ကျမ ကားတစ်ခုခုဖြစ်ရင် သူ ရန်ကုန်က ကားအပိုပစ္စည်း ပို့ပေးနိုင်အောင်လို့) morris minor ကားတစ်စီး ၀ယ် ပေးလိုက် ပါတယ်။ ညနေဆေးရုံကပြန်လာပြီး ရေမိုးချိုး၊ထမင်းစား သောက်ပြီး မေမေနဲ့နှစ်ယောက်သား၊ဒေါ်တင်မြတ်ဝင်းရဲ့ အိမ်ကို (ဆေးခန်းက အိမ်အောက်ထပ်မှာ ဖွင့် ထားပါတယ်) ထွက်ခဲ့ကြပါတယ်။

သွေးဘဏ်မှာဘာမှ ထူးထူးထွေထွေ လုပ်စရာမရှိပါဘူး။ အဲ့ဒီအချိန်က လျှပ်စစ်မီးကလည်း ၂၄ နာရီ မရတာကြောင့် ဆေးရုံမှာ ရှိတဲ့ generater နဲ့ လယ်တဲ့ သွေးသိမ်းတဲ့ အထူးရေခဲသေတ္တာ(အမြဲတန်း ၄ ဒီဂရီ စင်တီဂရိတ်ရှိအောင်လုပ်ထားသော) ထဲမှာ ခွဲစိပ်မဲ့ လူနာနဲ့ သွေးလိုအပ်တဲ့ ရောဂါသယ်တွေ အတွက် လာလှူထားတဲ့ လူနာရှင်တွေရဲ့သွေးတွေကို သာထားနိုင်ပါတယ်။

ကျမအနေနဲ့ သွေးလှူရှင်တွေ သွေးလှူဖို့ သွေးပေါင်ချိန် ပြည့်မပြည့်စမ်းသပ်ခြင်း၊ အခြားသော သွေးမှတစ်ဆင့်ကူးဆက်နိုင်တဲ့ ရောဂါများရှိမရှိမေးမြန်းစစ်ဆေးခြင်း၊ လောက်သာလုပ်ပေးရတဲ့ အတွက် နလံထ အနားယူရာဌာနဖြစ်ပါတယ်။
 
ကျွန်ဇာတာပါတယ် လို့ပြောရမလား မသိ၊ ကျမက အားအား မနေတတ်ဘူး။ တစ်ခုခုလုပ်နေရမှ။ ဒေါ်တင်မြတ်ဝင်းကို ငါ့ကို နင်တို့ လုပ်တဲ့ သွေးစစ်တာတွေပြပေးပါလား။ ငါတို့ ဆေးကျောင်းမှာ အခြေခံ သွေးစစ် တာတွေသင်ခဲ့ရတယ်ဆိုတော့ ဒေါ်တင်မြတ်ဝင်းက အဆင်သင့်ပဲ။ အဆင့်၂ ကျောင်းသားတွေ သင်တန်းပြီးလို့ပြန်သွား ကြပြီ၊သူတို့ရဲ့ ဓါတ်ခွဲခန်းမှန်ဘီလူး (microscope) တွေတောင် မသိမ်းရသေးဘူး။ အမကို တစ်ခု ပေးထားမယ်။ အဲ့ဒါနဲ့ အမ လေ့လာ ပေါ့ဆိုပြီး၊ microscope ထည့်ထားတဲ့ သစ်သားဘူး တစ်ခုကို ဖွင့် လိုက်တော့ ဘူးထဲမှာ microscope မရှိပါဘူး။ microscope တစ်ခုချင်းကို ဘူးနဲ့ထဲ့ပြီး အပြင်ကဘူးကို သော့နဲ့ ပိတ်ထားပါတယ်။ ဒီဘူးက microscope ကိုယူသွားပြီး ပြန် သော့ပိတ်ထားလို့ အထဲမှာ ဘယ် အချိန်ထဲက microscope ပျောက်နေတယ်ဆိုတာ မသိပါဘူး။ ဒေါ်တင်မြတ်ဝင်းလည်း တော်တော်စိတ်ပူ သွား ပါတယ်။ microscope အားလုံးကို သူမကိုယ်တိုင် လက်မှတ်ထိုး ထုတ်ထားတာမို့ သူမ တာဝန်ပါ။



ကျမတို့လည်းရောဂါဗေဒဆရာဝန်မကြီးကိုအကျိုးအကြောင်းတိုင်တန်းဖို့သွားတော့ ဆရာမကြီး အိမ်ပြန် သွားပြီ ဖြစ်တာကြောင့် နောက်နေ့မှပဲ ကျမနဲ့ အတူတူ ဆရာမကြီးကိုသွားရောက်တိုင်ကြား ကြ ပါတယ်။ အံ့သြစွာ ဆရာမကြီးရဲ့ မျက်နှာက တစ်မျိုးပဲ၊ စိတ်မ၀င်စားသလိုလို၊ တကယ်ကသူ့မှာလည်း တာဝန်ရှိပါတယ်။

အဲ့ဒီအချိန်က ပုဒ်မ ၆၁ (ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု) နဲ့ လူတော်တော်များများထောင် ကျတာ ကြောင့် အလွန်ခေတ်စားနေတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ကျမလည်း စိတ်မပူနဲ့ ငါစဉ်းစားလိုက်အုံးမယ်လို့ အား ပေးပါတယ်။ ကျမ စဉ်းစားမိတာက microscope အသုံးပြုတတ် သူက ဓါတ်ခွဲခန်းကျွမ်းကျင် သူတွေပဲ ရှိ တယ်။ အဲ့ဒီသုံးတတ်သူတွေထဲမှာ ဒေါ်တင်မြတ်ဝင်းကလွဲရင် ဘယ်သူမှ ဓါတ်ခွဲခန်းမဖွင့်ဘူး၊ ဖွင့်မယ်လို့ ရည်ရွယ်တဲ့သူလည်းမရှိဘူး။ မသုံးရင် ဘာအတွက်ခိုးတာလဲ၊ ရောင်းစားဖို့ပဲဖြစ်မယ်။ ရောင်းစားရင် တောင်ကြီး၊ ဈေးကြီး တစ်ခု ပဲရှိတယ်။ ဈေးမှာတောင် ဆေးခန်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ အဆက်အသွယ်ရှိမဲ့ ဆေးရောင်း သူတွေပဲ ရှိတယ်လို့စဉ်းစားမိတာနဲ့ ကျမ ဆေးခန်း အတွက်ဆေး ၀ယ်နေကျ ကိုဟာရှင် ဆီ ပြေးရပါတယ်။(အဲ့ဒီအချိန်က အပြင်ဆေးခန်းတွေ ယိုးဒယားက မှောင်ခိုဝင်တဲ့ ဆေးကိုပဲ အသုံး ပြုရတာမို့ အတု မပါ စေ ရန် ဆေးရောင်းတဲ့သူကိုမိတ်ဖွဲ့ထားရပါတယ်)။ ကိုဟာရှင်ကို အကျိုးအကြောင်းပြောပြပြီး၊ ဆေးရုံက ပျောက်သွားတဲ့ microscope ပုံသဏ္ဍန်နဲ့ အမျိုးအစားပေးပြီး ၀ယ်ချင်လို့ စုံစမ်းတဲ့ အနေနဲ့ စုံစမ်း ခိုင်းပါတယ်။ ကံကောင်းချင်တော့ ကိုဟာရှင်က နောက်နေ့ မှာသတင်းလာပို့ပါတယ်။ သူတို့တောင်ကြီးဈေး ထဲက ဦး- ဆီမှာရှိကြောင်း ၀ယ်မယ်ဆိုရင်ပြ မယ်ဆိုတာ သိရတာနဲ့ နှစ်ယောက်သား ရောဂါဗေဒ ဆရာ ၀န် မကြီးရဲ့ အိမ်ကို အပြေးလေး သွားရောက်သတင်းပို့ကြပါတယ်။

ရောဂါဗေဒဆရာဝန်မကြီးက တောင်ကြီးရောက်တာကြာပါပြီး တောင်ကြီးစော်ဘွားသားနဲ့ အိမ် ထောင်ကျပြီးသားသမီးတွေတောင် ထွန်းကားနေပါပြီ။ ရောဂါဗေဒဆရာဝန်မကြီးရဲ့ အမျိုးသားလည်း ရဲအဖွဲ့နဲ့ ဈေးထဲက ဦး- ဆိုင်ကိုသွားရှာတော့ပျောက်နေတဲ့microscope ကို လက်ရဖမ်းဆီးမိပါတယ်။ ဆေးရုံက သန့်ရှင်းရေးအလုပ်သမား ဦးရခိုင်က ရောင်းဖို့ပေးထားတာလို့ ထွက်ဆိုပါတယ်။ ဦးရခိုင်ကို ဖမ်း တော့ သူ့ဖခင်ရခိုင်မှာအသဲအသန်နေမကောင်းနေကြောင်း သံကြိုးရတာကြောင့်အရေးပေါ်လိုက်သွားဖို့ စရိတ် လို လို့ ခိုးမိပါ တယ်လို့ အစစ်ခံပါတယ်။ ဒါပေမဲ့ ဦးရခိုင်အနေနဲ့ ဓါတ်ခွဲခန်းထဲမှာဘူးနဲ့သိမ်း ထားတဲ့ microscope ရှိတယ်ဆိုတာ၊ ရောင်းစားလို့ရတယ် ဆိုတာ၊ သော့ပိတ်ထားတဲ့ဘူးဖွင့်ဖို့ဆိုတာ မဖြစ်နိုင် ပါ ဘူး။ ဒါပေမဲ့ ဦးရခိုင်က သူ့ဘာသာ လုပ်တာပါလို့ ဖြောင့်ချက်ပေးပါတယ်။ ရောဂါဗေဒ ဆရာဝန်ကြီးကိုတွေ့ချင်ကြောင်းပြောပေမဲ့ ရောဂါဗေဒဆရာဝန်ကြီး လုံးဝသွား မတွေ့ပါဘူး။ ဦးရခိုင်ကို ရိုးသားလို့ ရောဂါဗေဒ ဆရာဝန်ကြီး က ဦးရခိုင်အားတဲ့အချိန် ဓါတ်ခွဲခန်းသန့်ရှင်းရေးလုပ်နိုင်အောင်လို့ သော့ အပို တစ်ချောင်း တောင် ပေးထားခဲ့တာတဲ့။ အခုလို ယုံကြည်မှု ကို အလွဲသုံးစား အလုပ်ခံရတာမို့ မတွေ့ချင် တော့လို့ သွားမတွေ့တာလို့ သိရပါတယ်။

          တကယ့်အဖြစ်က ဓါတ်ခွဲခန်းမှာ ဓါတ်ခွဲခန်းတက်နစ်ရှင် (technician) အဆင့်၁ လူပျိုသိုးကြီး တစ်ယောက်ရှိပါတယ်။ အသက်က ၄၀ ကျော်။ ဆွေမရှိမျိုးမရှိ တစ်ယောက်ထဲနေပါတယ်။ တခါတရံ ဓါတ်ခွဲခန်းကpressure cooker ထဲ ငါးတွေထဲ့ ပေါင်းစားလို့ ဓါတ်ခွဲခန်း တစ်ခုလုံးနံအောင် လုပ်တတ်ပါ တယ်။ ရောဂါဗေဒဆရာဝန်ကြီးက ဦးရခိုင်ကို ရိုးသားလို့ favour ပေးသလို လူပျိုသိုးကြီးကိုလည်း အသနား ပိုပြီး သူလုပ်တာတွေကို မသိချင်ရောင်ဆောင်နေပါတယ်။ လူပျိုသိုးကြီးက ကျမသူငယ်ချင်း ဒေါ်တင်မြတ် ၀င်းကို စိတ်ဝင်စားပါတယ်။ ဒေါ်တင်မြတ်ဝင်းက အထိုက်အလျောက်ချမ်းသာတယ်။ ဆေးပညာ ၀ါသနာ ပါတယ်။ အသက် ၃၀ ၀န်းကျင် ကိုယ်နေ ဟန်ထားရော၊ ရုပ်ရည်ပါချောမော လှပ တယ်။ လူပျိုသိုးကြီးက အို တဲ့အပြင် ချစ်ခင်စရာ ဘာတစ်ကွက်မှမရှိဘူး။ အရက်ကလည်း သောက်တတ် သေးတယ်။ ဒီတော့ ဒေါ်တင်မြတ် ၀င်းစိတ်မ၀င်စားတာမဆန်းပါဘူး။ ဒါကို သူကမကြေနပ်ဘူး။ ဦးရခိုင် ငွေရေး ကြေးရေး ပြဿနာဖြစ်တော့ လူပျိုသိုးကြီးကို တိုင်ပင် တယ်။ အဲ့ဒီမှာ သူက ဒေါ်တင်မြတ်ဝင်းဒုက္ခရောက်မဲ့ အကြံ အစည်ကို ဦးရခိုင်ကိုပေးတယ်။ သူ ည ဂျူတီကျတဲ့ညမှာ Microscope ဘူးသော့ ကို ဖွင့်ပြီး ဦးရခိုင်ကို ဈေးမှာရောင်းဖို့ပေးလိုက်ပြီး၊ ရောဂါဗေဒ ဆရာဝန်ကြီးကို ဒေါ်တင်မြတ်ဝင်းခိုးပြီး သူမအိမ်မှာ ကျမနဲ့အတူဆေးခန်းနဲ့ ဓါတ်ခွဲ ခန်းဖွင့် ထားတယ်လို့ တိုင်းထားကြတယ်။ ဒါကြောင့်ကျမတို့ Microscope ပျောက်ကြောင်း သွားတိုင်တော့ ရောဂါဗေဒဆရာဝန်ကြီး မျက်နှာ တစ်မျိုးဖြစ်နေတာကိုး။ သူ့ရင်ထဲမှာတော့ နင်တို့ ဘာသာခိုးပြီး၊ ငါ့လာတိုင်တယ်ပေါ့။

    ဦးရခိုင်ကတော့ ထောင်ကျသွားပါတယ်။ လူပျိုသိုးကြီးကတော့ အရင်အတိုင်း ဓါတ်ခွဲခန်းမှာပါပဲ။ ဒါပေမဲ့ ရောဂါဗေဒဆရာဝန်ကြီးရဲ့ favour ပေးမှုမရတော့တာကြောင့် ငါးပေါင်းတာတွေတော့ မလုပ် တော့ ပါဘူး။ နောက်၂ နှစ်လောက်မှာ သူ့ဇာတိရှိရာ အညာကို အပြန် ရထားပေါ် ကပြုတ်ကျသေဆုံးခဲ့ပါတယ်။


သူများကိုဒုက္ခရောက်အောင်ကြံစည်ခဲ့လို့ သူဒုက္ခရောက်တာလား?


Friday, October 5, 2012

သေကံမရောက်လို့ သက်မပျောက်သေးတာလား ?


တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံအပြင်လူနာဌာနမှာ လက်ထောက်ဆရာဝန် အဖြစ်နဲ့ တာဝန်ထမ်း ဆောင်တာ သုံးလလောက်အကြာမှာ ချမ်းတုန်ပြီးဖျားပါတယ်။ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှ မရှိတာမို့ ငှက်ဖျား ရောဂါလို့ ထင်ခဲ့ပါတယ်။ ငှက်ဖျားပိုး စစ်ဆေးပေးဖို့ ဓါတ်ခွဲခန်းကိုပို့လိုက်ပါတယ်။ ၃ ရက်ဆက်တိုက် စစ်ပေမဲ့လည်း ငှက်ဖျားပိုး မတွေ့ပါဘူး။ ဖျားနေတဲ့ အချိန်မှာယူတဲ့သွေးမှာလည်း မတွေ့ပါဘူး။ ဓါတ်ခွဲခန်းမှူး (medical technologist) ဒေါ်တင်မြတ်က ကျမကိုယ်တိုင်သေချာကြည့်ပါတယ်၊ ပိုးမတွေ့ပါဘူးတဲ့။ ဒေါ်တင်မြတ်က အလုပ် လုပ်တာ အလွန်သေချာစိစပ်ပါတယ်။ ငှက်ဖျားပိုးကို သူမ ရှာလို့မတွေ့ဘူးဆိုရင် ငှက်ဖျားရောဂါမဟုတ်တာသေချာပါတယ်။ ဒါနဲ့ ချမ်းတုန်ဖျား တတ်တဲ့ ဆီးပိုးဝင်တဲ့ ရောဂါ (urinary tract infection) များ ဖြစ်နေ မလားဆိုပြီး၊ ဆီးကို  ပိုးရှိမရှိ စစ်ဖို့ ဓါတ်ခွဲခန်း ပို့ရ ပြန် ပါတယ်။

ဆီးပိုးဝင်တဲ့ရောဂါက မသန့်တဲ့ရေကို သုံးမိရင်ဖြစ်နိုင်ပါတယ်။ အဲ့ဒီ အချိန်က  အပြင် လူနာဌာန (ရုံးဖွင့်ချိန်) အနေနဲ့ရော အရေးပေါ်ဌာန(ရုံးပိတ်ချိန်) အနေနဲ့ပါ အသုံးပြုတဲ့ နေရာမှာ အိမ်သာတစ်လုံးပဲ ရှိပါတယ်။ ဆေးဝန်ထမ်းတွေရော၊ လူနာတွေပါ အတူတူ သုံးရပါတယ်။ ရေကလည်း အမြဲမလာလို့ ပုံးတစ်ခု ထဲမှာထည့်ထားတဲ့ ရေကိုပဲ ခတ်သုံးရပါ တယ်။ ရောဂါရှိတဲ့ သူခတ်သုံးထားလို့ ရေထဲမှာပိုးတွေ ရောက် နေရင် နောက်သုံးတဲ့သူကို ကူးနိုင်ပါတယ်။ အထူးသဖြင့် တောင်ကြီးလို အေးတဲ့နေရာမှာ ပိုးတွေရေထဲမှာ ကြာကြာ ရှင်နေနိုင် ပါတယ်။ တစ်လလုံးလုံး အရေးပေါ် တာဝန်ယူရတဲ့ညတွေမှာ အဲ့ဒီရေအိမ်က ကျန်းမာရေးနဲ့ မညီတဲ့ရေကို သုံးခဲ့ရတာမို့ ဆီးပိုးဝင်တဲ့ရောဂါလည်း ဖြစ်နိုင်တယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ (၃)ရက် ဆက်တိုက် ပိုးမွေးခဲ့ပေမဲ့ ဘာပိုးမှမပေါက်ပါဘူး။ ဆိုလိုတာက ဆီးမှာ ဘာပိုးမှမရှိပါဘူး။ 

ဒါဆိုရင် တောင်ကြီးမြို့မှာ အဖြစ်များတဲ့ တိုက်ဖိုက်များဖြစ်မလားလို့၊ (တိုက်ဖိုက်ဖျားကာစမှာ၊ အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့သူတွေမှာ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှ မပြ တတ်ပါဘူး) ယူဆပြီး တိုက်ဖိုက်ဆေးတွေ စသောက်ရပါတော့တယ်။ တိုက်ဖိုက်ပိုးကို ကိုယ်ထဲမှာ ရှာလို့မတွေ့နိုင်ပါဘူး။ တိုက်ဖိုက်ပိုး ကိုယ်ထဲရောက်ဖူးတယ် ဆိုတာကို ပြောနိုင်တဲ့ အင်မူနိုဂလိုဘင် (immunoglobulins) ကို တော့ သွေးရည်ကြည်ထဲမှာ စစ်လို့ရပါတယ်။


ဒါပေမဲ့ မြန်မာပြည်မှာ လူတော်တော်များများရဲ့ ကိုယ်ထဲကို တိုက်ဖိုက်ပိုး တစ်ချိန်မဟုတ် တစ်ချိန်  ၀င်ခဲ့ တာ မို့ (တိုက်ဖိုက်ပိုးကိုယ်ထဲ ရောက်ပေမဲ့ ရောဂါမဖြစ်ခဲ့သူများ) တိုက်ဖိုက် အင်မူနိုဂလိုဘင်တွေ့ရုံနဲ့ တိုက်ဖိုက် ရောဂါလို့မပြောနိုင်ပါဘူး။ တိုက်ဖိုက်ရောဂါလို့ ပြောနိုင်အောင် တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေကို တစ်ပတ်ခြားပြီး စစ်ရပါတယ်၊ ဒုတိယ စစ်တဲ့သွေးမှာရှိတဲ့ တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေက ပထမစစ်တဲ့ သွေး ထက်အနည်းဆုံး လေးဆ ပိုများလာမှတိုက်ဖိုက် ရောဂါလို့ပြောနိုင်ပါတယ်။


ဟိုဟာစစ် ဒီဟာစစ်နဲ့ဖျားတာလဲ၊ နည်းနည်းကြာလာ၊ ဘာရောဂါမှန်းလည်း မသိသေးတာနဲ့       ဆိုးဝါးတဲ့ ရောဂါတွေ ဥပမာ ကင်ဆာများ ဖြစ်နေမလားလို့ တစ်ကိုယ်လုံး ကျန်းမာရေ စစ်ဆေးဖို့ ဆုံးဖြတ်ပြီး ရင်ပတ် ဓါတ်မှန် ရိုက်လိုက်တော့။ လုံးဝ မထင်ခဲ့တဲ့ အဆုတ်ထဲမှာ ရေ၀င်နေတာကိုတွေ့လိုက်ရပါတယ်။ များသော အားဖြင့် အဆုတ်ရေ၀င်ရင် ချောင်းဆိုး တာတို့၊ အသက်ရှုကျပ်တာတို့ ဖြစ်တတ်ပါတယ်။ ကျမမှာ အဲ့ဒီ လက္ခဏာတွေ လုံးဝမရှိပါဘူး။

အဆုတ်ရေ၀င်တယ် ဆိုတာတော့တွေ့ပါပြီး၊ နောက်သိဖို့လိုတာက ဘာကြောင့်ရေ၀င် ရတာလဲ။ အဲ့ဒါသိဖို့ အဆုတ်ထဲကအရည်ကို စုပ်ထုတ်ပြီးစစ်ဆေးရပါမယ်။ အဆုတ်က အရည်တွေထုတ်လိုက်တော့TB ကြောင့် အဆုတ်ရေ၀င်တာဖြစ်နေပါတော့တယ်။ တော်သေးတယ် ကင်ဆာမဟုတ်လို့။ 

အလုပ်မ၀င်ခင် ရင်ဘတ်ဓါတ်မှန်အပါအ၀င် ကျန်းမားရေးအတွက် (general medical chek-up) လုပ်ခဲ့ရတာမို့၊ စပ်စံထွန်းဆေးရုံ အပြင်လူနာဌာနမှာ ကူးဆက်ခံ ရတာ သေချာပါတယ်။ အပြင်လူနာဌာနမှာ လူနာတွေစမ်းသပ်နေတုံး၊ တစ်ချို့လူနာတွေ ချောင်းဆိုးလိုက်လို့ မျက်နှာ တည့်တည့်၊ တံတွေး စဉ် ပေါင်း လည်းမနည်းပါဘူး။ တစ်ချို့ လူနာများ ဆေးရုံရောက်မှ သလိပ်စစ်လိုက်တော့ သလိပ်ထဲမှာ TB ပိုးတွေ မြောက်မြား စွာရှိနေတာလည်းအခါခါပါ။

TB ရောဂါဆိုတော့  TB ဆေးဖြစ်တဲ့ streptomycin တစ်နေ့တစ်လုံးထိုးရပြီ၊ PAS ခေါ်တဲ့ ကြွက်ချီးလိုဆေးနဲ့  isoniazid ဆေး ၃ မျိုး သောက်ရပါတာ်။ TB ရောဂါ ဆေးက နှစ်နဲ့ချီသောက်ရတာမို့ ရောဂပိုးတွေဆေးယဉ် (drug resistance) တတ်လို့ ဆေး မျိုးတွဲသောက်ရတာပါ။ ဆေးထိုး ဆေး သောက်တာ တစ်လ လောက်ရောက်တော့ ကျမ ခေါင်းတွေမူးပြီး ခေါင်းထောင်လို့မရတော့ပါဘူး။ ကြက် လည်လိမ်ထားသလို ခေါင်းကြိုးကျနေပါတယ်။ ကျမငယ်စဉ်ကထဲက ပင်ဆံပင်အရှည်ထားပြီး နောက်မှာ ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်လေ့ရှိပါတယ်။ ကျမအိပ်ရာထဲမှာပဲ လှဲနေရပါတယ်။ အိပ်ရာထဲမှာ လှဲ နေပေမဲ့ ခေါင်းလေးတဲ့ဝေဒနာကိုခံစားနေရတာနဲ့ အနားမှာရှိတဲ့ သူငယ်ချင်းကို ကပ်ကြီး ယူခိုင်းပြီး ကျမ ချစ်တဲ့ဆံပင်တွေကို ညှပ်ပစ်လိုက်ပါတယ်။ အဲ့ဒီအချိန်ကစပြီးယခုထက်တိုင် ကျမ ဆံပင်ကို အနောက်မှာ ချီထားလို့ မရတော့ပါဘူး။ မေ့ပြီးချီထားမိရင် ခေါင်းကိုက်လာ ပါတယ်။ ဒီလိုဖြစ်တာ streptomycin ရဲ့ ဘေးထွက်ဆိုးကျိုး (side effect) ကြောင့်ပါ။ ဒါကြောင့် streptomycin  ထိုးဆေးကိုရပ်လိုက်ရပါတယ်။ ထိုးဆေးရပ် လိုက်တော့ ဆေး ၂မျိုး သာရှိတော့လို့  isoniazid  အစား ပိုပျင်းတဲ့  rifampicin ဆေးကို ပြောင်းသောက်ရပါတယ်။ ဒီဆေးက ပေါ်ကာစမို့ တောင်ကြီးမှာ လူကြီးသောက် တဲ့ဆေးလုံး ၀ယ်မရ သေး တာနဲ့ ခလေးသောက်တဲ့ ဆေးရည်ကို သောက်ရပါတယ်။ rifampicin သောက်တာ တစ်ပတ်လောက် အကြာမှာတော့ ဆေးသောက်တိုင်း အံပါတော့တယ်။ အဲ့ဒါကလည်း rifampicin ရဲ့ဘေးထွက်ဆိုးကျိုးပါ။ ဘယ်လိုမှ သောက်လို့ မရတာကြောင့် PAS ဆေးပဲပြန်သောက်ပါတယ်။ ဒါပေမဲ့ ကျမကိုယ်က PAS  လည်း လက်မခံတော့ပါဘူး။ ပြန်အံထုတ်နေပါတယ်။ PAS ဆေးရဲ့ဘေးထွက်ဆိုးကျိုးကလည်း အံခြင်း ဖြစ်ပါ တယ်။ ဒါနဲ့ isoniazid ဆေး တစ်မျိုးပဲ သောက် နေရပါတယ်။ တောင်ကြီးက TB အထူးကုဆရာဝန်က နင်ကဆေးတွေ လက်မခံနိုင်တော့ ငါလည်းဘယ်လို ကုရမှန်း မသိဘူးတဲ့။ ဟုတ်ပါတယ်။ အားပျော့တဲ့ isoniazid ဆေးတစ်မျိုး တည်းသောက်ရင် ကိုယ်ထဲက ပိုးတွေ မကြာခင် ဆေးယဉ်သွားပါမယ်။

TB ရောဂါဆေး မပေါ်ခင်က TB ကြောင့် လူနာတွေ ကမ္ဘာနဲ့ အ၀ှမ်း သောက်သောက်လဲ  သေခဲ့ကြ ပါတယ်။ TB ရောဂါကကူးဆက်မြန်တဲ့အပြင် အသေလဲမြန်ပါတယ်။ ဆေးပညာမှာ TB ကြောင့် သေတာကို galloping consumption မြင်းပြေးသလိုသေတယ်လို့ ဥပမာပေးပါတယ်။ ကင်ဆာ မဟုတ်လို့ တော်သေး တယ် ဆိုပေမဲ့  TB ရောဂါ ဖြစ်ပြီး TB ဆေးမသုံးနိုင်ရင် ဘာထူးလဲ။ အသေတောင် ပိုမြန် ပါ အုံးမယ်။

rifampicin ဆေးအရှိန်နဲ့ အံတာကလည်းရှိ နေပါသေးတယ်။ အစာ မ၀င်တာရယ်၊ ရောဂါ ကြောင့် ရယ်၊ ကျမ သွေးအားနည်းလာပါတယ်။ ဒါနဲ့ အဆောင်မှာနေတဲ့ သူငယ်ချင်း သူနာပြု ဆရာမကို သွေး အား တိုးဆေး inferon drip သွင်းပေးဖို့ ပြောပါတယ်။ ဆရာမလေးလည်း inferon drip သွင်းဖို့ပြင်ဆင်ရင်း အမ inferon ထိုးဖူးလားလို့မေးပါတယ်။ ကျမလည်း မထိုးဖူးဘူး။ ဒါပေမဲ့ ငါဘယ်ဆေးမဆိုတဲ့ပါတယ်။ penicillin တောင် တဲ့တယ်လို့ ပြောလိုက်ပါတယ်။ လူတော်တော်များများ penicillin ကို allergy ဖြစ်ပါ တယ်။ ဆေးမတဲ့ ဘူးဆိုတာ allergy ဖြစ်တာပါ။  ဆရာမလေးက အမ သေချာအောင် အစမ်းထိုး ရအောင် ပါဆိုတာနဲ့ အေးအေးလို့ပြောပြီ သူ inferon drip ထဲကဆေးရည်နဲနဲစုပ်ပြီး ကျမလက်မောင်းက သွေးကြော ထဲကို ထိုး ပေးပါတယ်။ ဆေးထိုးနေရင်း အားလူးဖုတ်နေလို့လား မသိ ဆေးနဲနဲပဲ ၀င်သွားပြီး ဆေးထိုးအပ် သွေးကြော အပြင်ကိုရောက်သွားပါတယ်။ ဆရာမလေးလည်း။ အမ ဆေးထပ်ထိုးရမလားဆိုတော့။ ကျမ က တော်ပြီး မထိုးနဲ့တော့ဆိုပြီ ရပ်ခိုင်းလိုက် ပါတယ်။ ခဏ နေတော့ ကျမကြောထဲကယားလာပါတယ်။ ကျမထင်တာ က အိပ်ရာမှာဂျပိုးရှိနေတယ်ပေါ့။ ဆရာမလေးကိုတောင် ဂျပိုးရှိတယ်ဟ။ ငါ့ကိုကိုက်တယ်လို့ပြောလိုက် ပါတယ်။ ၅ မိနစ်လောက်ကြာတော့ ကျမ အသက်ရှုရကျပ်လာပါတယ်။ ကျမသိပါပြီ။ ဂျပိုး ကိုက်တာ မဟုတ်ပါဘူး။ Inferon allergy ဖြစ်တာပါ။ ဆရာမလေးကိုလည်း shock မှာထိုးရမဲ့ ဆေး တွေ ကို ထိုးဖို့ပြော လိုက်ပါတယ်။ သူမလည်းမျက်လုံးမျက်ဆံပြုးသွားပါတယ်။ ဖြေဆေးတွေဖြစ်တဲ့ Burmeton, adrenalin တွေကို တင်ပါးထဲထိုးထဲ့ပါတယ်။ ကျမ စကားမပြောနိုင် တော့ပါဘူး။ ကျမရင်ပတ်ပေါ်မှာ ကျောက်တုံးကြီး တစ်တုံးနဲ့ ဖိနေသလိုမျိုးခံစားရပါတယ်။ အသက်ရှု လို့လဲမရပါဘူး။ မျက်စိလည်းမမြင် တော့ပါဘူး။ ဒါပေမဲ့ နားကတော့ အားလုံး ကြားနေပါတယ်။

အဆောင်မှာနေတဲ့ ဒေါက်တာဒေါ်နှင်းကိုသွားပြေးခေါ်တာကျမကြားနေပါတယ်။ ဒေါ်နှင်း ရုပ်ရှင် သွားကြည့်တယ်လို့ပြောနေသံတွေ၊ အခြားခန်းကဆရာမတွေ ရောက်လာပြီး ကျမ သွေးကြောတွေ ထဲကို နောက်ဆုံးအသက်ကယ်ဆေးဖြစ်တဲ့ corticosteroide ကို အကြောကနေထိုးသွင်းဖို့ကြိုးစားကြပေမဲ့ သွေးကြောထဲ အပ်မ ရောက်ဖြစ်နေ ပါတယ်။ shock ဖြစ်ရင် ခြေလက်တွေက သွေးတွေ ဆုတ်လာတာမို့ သွေးကြောရှာမရဖြစ်တတ်ပါတယ်။

ကျမလည်းသေကာနီးပြီဆိုတာသိလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ အဖွါးပြောဖူးတဲ့ စကားသွား သတိရ ပါတယ်။ အဖွါးက သေခါနီးရင် ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု တွေပြန်စဉ်းစား ရတယ်တဲ့။ ကျမ စဉ်းစားတော့ ကျမမှာ ဘာကောင်းမှုမှမရှိပါဘူး။ မကောင်းမှုလဲ ဘာမှမရှိပါဘူး။ ကျမ တစ်သက်လုံး စာမေးပွဲကျမှာစိုးလို့ စာကုံးကျက်ခဲ့တာပဲရှိပါတယ်။ ဒါနဲ့ ကျမရတဲ့ သြကာသ ဘုရားရှစ်ခိုးကိုပဲ ဆိုနေပါတယ်။ ဘုရားရှစ်ခိုး နေ တုံးမှာပဲ။ ဒေါက်တာဒေါ်နှင်းရုပ်ရှင်လက်မှတ်မရလို့ အဆောင်ပြန်လာကြောင်း။ ကျမ အကြောင်း ကြားလို့ ကျမ အခန်းရောက်လာတာ ကျမကြားနေပါတယ်။ ဒေါက်တာဒေါ်နှင်းအေးရောက်လာပြီး အကြော ဆေး ထိုးဖို့ ဆရာမတွေဆီက အပ်ယူလိုက်တော့။ အပ်ထဲမှာ ဆို့ထားတဲ့ ဂွမ်းကိုမထုတ်ပဲဆေးထိုး နေကြ တာကြောင့် အသက်ကယ်ဆေး အကြောထဲ ထိုးမရဖြစ်နေတာပါ။ ကျမ အခန်းမှာ ဆေးထိုးအပ်တို့၊ အပ်ပြုပ်တဲ့ပစ္စည်းတွေမရှိပါဘူး။ အဲ့ဒီခေတ်က တစ်ခါသုံးဆေးထိုးအပ်တွေ မပေါ် သေးတာကြောင့်၊ ဆေးထိုးအပ်တွေကိုသုံးပြီးရင်ပြန်ပြုပ်ရပါတယ်။ shock ဖြစ်မယ်လို့ မထင်ထားတာကြောင့် အပ် အပို ယူမ ထားပါဘူး။ shock ဖြစ်တော့ ပိုးသတ်ထားတဲ့ အပ်အဖြစ် inferon drip မှာ လေ၀င်အောင်တပ်ထားတဲ့ အပ်ကိုယူထိုးကြတာပါ။ အဲ့ဒီအပ်မှာ ဆေးရည်တွေထွက်မကျအောင် ၀ါဂွမ်းထဲ့ထားပါတယ်။ ဆရာမတွေ ကြောက်ကြောက်လန့်လန့် နဲ့ ဆေးထိုးကြတော့ အပ်က ဂွမ်းထုတ်ဖို့မေ့သွားကြတာပါ။ ဒါတွေကတော့ လက်တွေ့ ဖြေးရှင်းလို့ရတဲ့ရုပ်ဝတ္ထုနဲ့ဆိုင်တဲ့အကြောင်းတွေပါ။

         ရှင်းပြလို့မရတဲ့စိတ်နဲ့ဆိုင်တဲ့အကြောင်းတွေရှိနေပါတယ်။ ဒေါ်နှင်းအေးကဘာလို့ ကျမဘုရားစာဆိုမှ ပြန်ရောက်လာတာလဲ။ တောင်ကြီးမှာအဲ့ဒီအချိန်က လူဦးရေ သိပ် မများ သေးပါဘူး။ ရုပ်ရှင်ရုံပြည့်တယ်၊လျှံတယ်ဆိုတာတခါမှမကြားဖူးပါဘူး။ ကျမ သေကံမရောက်သေးလို့လား။ ဘုရားအာရုံပြုမိလို့ ကျမရဲ့ ကုန်တော့မယ် လူဖြစ်စေတဲ့ ကံကို ဆက်ပေး လိုက်တာလား။ သာမန်တိုက်ဆိုင်မှုလား။ မဟုတ်ဘူးလို့တော့ ကျမသိနေတယ်။ ဒါပေမဲ့ မသေချာဘူး။ သေချာအောင် လက်တွေ့  စမ်းမယ်လို့တော့ တေးထား လိုက် ပါ တယ်။

ဖြေဆေး သွေးထဲဝင်သွားတာနဲ့ ကျမရင်ပတ်ပေါ်ကကျောက်တုံးကြီးကိုတစ်ဖြည်းဖြည်း မ လိုက် သလို အသက်ရှုရတာပိုချောင်လာပါတယ်။ ကျမ အံလည်းအံ၊ ၀မ်းလည်းသွားပြီး အိပ်ပျော်သွားပါတယ်။ နောက်နေ့မနက်မှာတော့ ကျမ အကောင်းပတိဖြစ်နေပါပြီး။ ကျမရဲ့အမအကြီးဆုံး ကျမကို ရန်ကုန်ပြန် ခေါ် ဆေးကုဖို့ ရန်ကုန်က ရောက်မှာမို့ ဟဲဟိုးလေယဉ်ကွင်းကို ကျမသူငယ်ချင်းနဲ့ ဆင်းသွားပါတယ်။ အမကြီးနဲ့တွေ့တော့ အမကြီးက မနေ့ကငါဘာဖြစ်လဲမသိဘူး။ အောက်မျက်ခန်းတွေသိပ်လှုပ်တာပဲတဲ့။ ကျမက ကံကောင်းလို့ နို့မို့ဆို ငါ့အလောင်းနင်သယ်ပြန်ရမှာလို့ အစချီပြီး ဖြစ်ပျက်သမျှတွေပြောပြပါတယ်။ အမကြီး ရောက်ပြီးတစ်ပတ်အကြာမှာ ကျမတို့ညီအမ ရန်ကုန်ကိုဆေးကုဖို့ ဆေးခွင့်တစ်လယူပြီး ပြန် လာကြ ပါ တယ်။