လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Thursday, June 28, 2012
ပလပ်စတစ်နဲ့ကျန်းမာရေး။
ပလပ်စတစ်ပစ္စည်းတွေဟာ (petroleum) ရေနံကနေ ပြုလုပ်ထားတဲ့ ဓါတုပစ္စည်းများ ဖြစ်ပါတယ်။
ပလပ်စတစ် (၁၀) မျိုးရှိပါတယ်။
၁။ Polyvinyl chloride (PVC)။ များကို ရေချိုးခန်းသုံးပစ္စည်း၊ ရေကူးကန်သုံးပစ္စည်း၊ ရေပိုက်များ၊ ပန်းခြံသုံးပစ္စည်း၊ ခလေးကစားစရာ၊ အစားအစာထုပ်ပိုးပစ္စည်း၊ အလှကုန်ပစ္စည်းများ ပြုလုပ်ပါတယ်။ ဒီပလပ်စတစ်မျိုးက ကင်ဆာရောဂါဖြစ်နိုင်ခြင်း၊ မွေးရာပါရောဂါများ၊သန္ဓေသား ကိုယ်အင်္ဂါမစုံခြင်း၊ အဆုပ်လေပြွန်ရောင်ခြင်း၊ အရေပြားရောဂါ၊ နားထိုင်းခြင်း၊မျက်စိပျက်ခြင်း၊ အသဲနှင့်အူလမ်းကြောင်း ရောဂါများဖြစ်နိုင်တဲ့ အတွက်အစားအသောက်များ၊ဆေးများ၊အလှပြင် ပစ္စည်းနှင့်ခလေးကစားစရာများမှာ သုံးခွင့်မပြုပါဘူး။
ယခုလောလောဆယ်တွင် ပြင်သစ်နိုင်ငံမှ ထုတ်လုပ်သော ရင်သားကြီးအောင် ရင်သားတွင်ထဲ့သွင်းသည့် ပလပ်စတစ်ရင်သားတုများကို ဈေးပေါ်သည့် PVC ဖြင့် ပြုလုပ်ထား သဖြင့် ၎င်းပလပ်စတစ်ရင်သားတု ပေါက်ပြီး လူနာတစ်ဦးသေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် ၎င်း PVC ပလပ်စတစ်ရင်သားတု ထဲ့ထားသော အမျိုးသမီးများဆီမှ ပြန်လည်ထုတ်ယူပြီး PVC မပါ သည့်ပလပ်စတစ်ရင်သားတု များဖြင့် အစားထိုးရန် ပြင်သစ်ကျန်းမာရေးဌာနက စတင်ဆောင် ရွက်လျက်ရှိပါတယ်။
၂။ Phthalates (DEHP, DINP, and others)။ သူတို့ကို ဆေးရုံသုံးပစ္စည်းများနှင့် သုတ်ဆေး များမှာ အသုံးပြုပါတယ်။ ရင်ကြပ်ရောဂါ၊ ဟော်မုန်းများမှန်မှန်ကန်ကန် အလုပ်မလုပ် နိုင်ခြင်း၊ နှင့် မြုံခြင်း များ ဖြစ်နိုင်ပါတယ်။
၃။Polycarbonate, with Bisphenol A ။ ရေပုလင်းများပြုလုပ်ပါတယ်။ Bisphenol A က ကင်ဆာရောဂါ၊ ဟော်မုန်းများပျက်ဆီးခြင်း၊ စောစီးစွာအပျိုလူပျိုဖြစ်ခြင်း၊ အ၀လွန်ခြင်း၊ ဆီချို ရောဂါနှင့် စိတ်ကြွခြင်းများ ဖြစ်စေတဲ့အတွက် အစားအသောက်များမှာ အသုံးမပြုရန် ပိတ်ပင် ထားပါတယ်။
၎။ Polystyrene။ ၎င်းတို့သည် ပလပ်စတစ်အမာစားများနှင့် ပလပ်စတစ်အကြည်စားများ ဖြစ် ပြီး အစားအစာ ထုပ်ပိုးပစ္စည်း၊ ဖေါ့ဘူးများ၊ ကက်ဆက်၊ ဆီိဒီဘူးများ၊ အိမ် အပူကာကွယ် ပစ္စည်းများ၊ သုတ်ဆေး၊ ပလပ်စတစ် ပုဂံခွက်ယောက်များ ပြုလုပ်ပါတယ်။ မျက်စိ၊ နှာခေါင်း၊ လည်ချောင်းများ ကိုရောင်ရမ်းစေပါတယ်။ မူးခြင်း၊ မေ့မျောခြင်းများဖြစ်စေနိုင်ပြီး ၎င်းပစ္စည်းများ ထုတ်လုပ်သည့် အလုပ်သမားများမှာ အကျိတ်ကင်ဆာနှင့် သွေးကင်ဆာများအဖြစ်များပါတယ်။
၅။ Polyethelyne ( PET)။ ရေပုလင်း၊ဆိုဒါပုလင်း၊ကော်ဇော်၊ chewing gum၊ Ziploc brand အပါအ၀င် အစားအစာထဲ့သိမ်းသော ပလပ်စတစ်အိပ်များ၊နောက်ဖေးချောင်းသုံးပစ္စည်းများ၊ ခလေးကစားစရာများ ဖြစ်ပါတယ်။ ၎င်းတို့ကို ကင်ဆာဖြစ်စေနိုင်တယ်လို့ သံသယဖြစ်ကြ ပါ တယ်။
၆။ Polyester။ အ၀တ်အစား၊ အိပ်ယာသုံးပစ္စည်း၊ အစားအစာထုပ်ပိုးပစ္စည်း၊ ခလေးတစ်ခါသုံး disposable diapers များဖြစ်ပါတယ်။ ၎င်းတို့ ကြောင့် မျက်စိ၊ အရေပြားနှင့် အသက်ရှုလမ်း ကြောင်း ရောင်ရမ်းခြင်း များ ဖြစ်နိုင်ပါတယ်။
၇။ Urea-formaldehyde။ အိမ်အဆောက်အဦးပစ္စည်းများမှာတွေ့ရပါတယ်။ မွေးရာပါအင်္ဂါ မစုံ ခြင်း ဖြစ်နိုင်ပြီ ကင်ဆာရောဂါဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
၈။ polyurethane။ ကူရှင်များ၊ခေါင်းအုံးများ၊မှို့ယာများပြုလုပ်ကြပါတယ်။ အဆုပ်၊အရေပြားနဲ့ မျက်စိရောဂါ များဖြစ်စေနိုင်ပါတယ်။
၉။Acrylic ။ အ၀တ်အစားများ၊ဆောင်၊ကော်ဇော်၊သွားတု၊ မျက်ကပ်မှန်၊ အစားအစာပြုပြင် ချက်ပြုတ်သော စက်များ၊သုတ်ဆေးများမှာတွေ့ရပါတယ်။ အသက်ရှုကြပ်ခြင်း၊အံခြင်း၊ ၀မ်းသွား ခြင်း၊ အားပျော့ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းများဖြစ်နိုင်ပါတယ်။
၁၀။ Tetrefluoro-ethelyne။ အကြော်အိုးများနှင့် မီးပူများ မကပ်အောင် သုပ်လိမ်းပါတယ်။ မျက်စိ၊နှာခေါင်း၊ အဆုပ်လမ်းချောင်း နှင့်လည်ချောင်းများရောင်ရမ်းနိုင်ပါတယ်။
“အသစ်ဘယ်လိုကောင်းပေမဲ့ အဟောင်းတလည်လည် ” ဆိုတာလို ပလပ်စတစ်ပစ္စည်းတွေကပေါ့ပါးတယ်၊ အလွယ်တကူသုံးနိုင်တယ်၊ ဆိုပေမဲ့ ယခင်ကအသုံးပြုခဲ့တဲ့ သစ်ရွက်၊ စက္ကူ၊ ကြွေ ပစ္စည်း၊ မြေပစ္စည်း၊ ဒန်ပစ္စည်းတွေလို အန္တရာယ်မကင်းပါဘူး။
      ပြီးတော့ ပလပ်စတစ်ပစ္စည်း က (biodegradable) မြေသြဇာမဖြစ်နိုင်လို့နေ့စဉ်လူတွေ အသုံးပြုတဲ့ ပလပ်စတစ်ပစ္စည်းတွေ ကမ္ဘာပေါ်မှာစုပုံပြီး ကမ္ဘာကြီးညစ်ညမ်းမှုအပြင် အခြားသော အန္တရာယ်များကိုပါ ဖြစ်စေနိုင်ပါတယ်။ (နိုင်ငံပေါ်မူတည်ပြီး လူတစ်ယောက်ဟာ တစ်နှစ်ကို ပလပ်စတစ် ပစ္စည်း တစ်ကီလို ကနေ ၁၈ ကီလိုအထိ စွန့်ပစ်ပါတယ်။ တစ်နှစ်ကို တစ်ကမ္ဘာ လုံးအတိုင်းအတာအနေနဲ့ ပလပ်စတစ် တန်ပေါင်း သိန်း ၁၀၀ ကျော်စွန့်ပစ်ပါတယ်)။
ဒီအန္တရာယ်တွေကြောင့် ပလပ်စတစ်ပစ္စည်းကို လုံးဝအသုံးမပြုတော့ဘူး ဆိုရင်လည်း ပလပ်စတစ်ပစ္စည်းရဲ့ အဖိုးတန်တဲ့အကျိုးတွေကို ရရှိမှာ မဟုတ်ပါဘူး။ အရေးကြီးတာက ပလပ်စတစ်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ အသုံးဝင်ပုံကို သိရှိပြီး အကျိုးရှိရှိ အသုံးချဖို့လိုပါတယ်။
၁။ ကိုယ်အသုံးပြုမဲ့ ပလပ်စတစ်ပစ္စည်းက အသုံးမပြုဖို့ သတ်မှတ်ထားတဲ့ အန္တရာယ်ရှိတဲ့ ပလပ်စတစ်ပစ္စည်း ဟုတ် မဟုတ် သတိထားရပါမယ်။
၂။ ပလပ်စတစ်ပစ္စည်းအစား အသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းရှိရင် သဘာဝပစ္စည်းကို အသုံးပြုပါ။ ဥပမာ။ ဈေးဝယ်အိပ်ကို ပလပ်စတစ်အိပ်အစား ပိတ်အိပ်၊ ကြိမ်ချင်းစသည် အသုံးပြုပါ။
၃။ မလိုအပ်ပဲ ပလပ်စတစ်အိပ်တွေအများကြီးမသုံးဖို့။ ဥပမာ အမှိုက်ကို ပလပ်စတစ်အိပ်နဲ့ ပစ်တယ်ဆိုရင် တစ်အိပ်နဲ့လောက်ရင် တစ်အိပ်ထဲသုံးပါ။ ယခုအခါပြင်သစ်နိုင်ငံ supermarket များတွင် ဈေးဝယ်လျှင် ပလပ်စတစ်အိပ်များ အလကားမပေးပဲ ၀ယ်ယူစေသဖြင့် ပလပ်စတစ် အိပ်သုံးစွဲသူ သိသိသာသာနည်း သွားပါတယ်။
၃။ ခလေးကစားစရာများကို သစ်သားတို့ ပိတ်စတဲ့သဘာဝပစ္စည်းတွေနဲ့လုပ်ထားတာ တွေကို အသုံးပြုပါ။
၎။ အ၀တ်အစား၊အိမ်သုံးပစ္စည်းများကိုအသုံးပြုရင် သဘာဝပစ္စည်းများနဲ့ပြုလုပ်ထားတာတွေကို သုံးပါ။ ဥပမာ၊ ပိတ် (cotton)၊ သိုးမွှေး စသည်အသုံးပြုပါ။
၅။ ပလပ်စတစ်နဲ့လုပ်ထားတဲ့ တစ်ခါသုံး အိုးခွက်ပုဂံတွေအစား ဖန်ထည်ပစ္စည်း၊ကြွေပုဂံများ၊ ဒန်အိုး၊ သတ္ထုအိုး၊ စတီအိုး များအသုံးပြုပါ။
၆။ Microwave မှာအစားအစာတွေနွှေးမယ်ဆိုရင် ကြွေထည်ပစ္စည်းတွေသုံးပါ။ အစာပေါ် မှာ ပလပ်စတစ် film အစား ကြွေပုဂံဖြင့်အုပ်ပါ။
၇။ ပလပ်စတစ်ပစ္စည်း မသုံးမဖြစ် သုံးရမယ်ဆိုရင် နေ့စဥ့် အသုံးပြုမှုကြောင့် (wear and tear) ဆိုတဲ့ ဟောင်းနွမ်းမှုကြောင့်ဖြစ်စေ၊ တစ်ခုခုနဲ့ခြစ်မိ၊ပွတ်တိုက်မိရင်ဖြစ်စေ ပလပ်စတစ် ပစ္စည်းတွေက အဆိပ် တွေပိုထွက်ပါတယ်။ ဒါကြောင့် ဆေးကြောတဲ့အခါ သတိထားရပါမယ်။ ကြမ်းတမ်းသော အိုးတိုက်ပစ္စည်း များမသုံးသင့်ပါဘူး။ ပွန်းပဲ့နေသော၊ ဟောင်းနွမ်းနေသော ပလပ်စတစ်အိုးခွက်များ ဖြင့်ချက်ပြုတ်ခြင်း လည်းမပြုသင့်ပါဘူး။
၁။ http://food.sify.com/articles/Dangers_of_using_plastic.
၂။ http://www.ecologycenter.org/factsheets/plastichealtheffects.html/
၃။ Say No! - to Plastic Bags။ http://www.vigyanprasar.gov.in/
Monday, June 25, 2012
သံစူးတယ်
သံစူးတယ်။
တစ်နေ့နေ့လည် တောင်ကြီးမြို့ တောင်ဆေးရုံလို့ခေါ်တဲ့ခလေးအထူးကုဆေးခန်းမှာတာဝန်ကျ နေတုန်း ဒေသခံ အမျိုးသမီးတစ်ဦး ၃ နှစ်အရွယ် ခလေးငယ်ချီပြီးရောက်လာပါတယ်။
စာရေးသူ   ခလေးဘာဖြစ်လို့လဲ။
အမျိုးသမီး  သံစူးလို့။
စာရေးသူလဲ ခလေးရဲ့ ခြေနှစ်ချောင်းလုံးမှာသံစူးတဲ့ဒဏ်ရာရှာတာမတွေ့တာနဲ့ လက်နှစ်ဘက်မှာရှိလိုရှိငြား ရှာတော့လည်း လုံးဝ မတွေ့ပါဘူး။ ဒါနဲ့..
    သံက ဘယ်မှာစူးတာလဲ လို့ မေးလိုက်ပါ တယ်။ အမျိုးသမီးက ဗိုလ်မှာလို့ ဖြေပါတယ်။ ကျမ စိတ်ထဲမှ ဘုရားတမိပါတယ်။ ဒီအရွယ်ခလေးဗိုက်မှာ အဆီအသားမရှိလို့ သံစူးလို့ကတော့ ဗိုလ်ထဲက အူတွေ အသဲတွေ ထိမှာသေချာလို့ပါပဲ။ ခလေးဗိုလ်သံစူးလောက်အောင် နမော်နမဲ့ နိုင်ရန်ကောလို့ အပြစ်တင်တဲ့ အသံနဲ့ ဘယ်လိုလုပ်ဗိုက် သံစူးရတာလဲလို့ မေးလိုက်ပါတယ်။
ဒီအခါမှာတော့ကျမဘေးက ဒေသခံဆရာမလေးက ကျမတို့ရဲ့ပြဿနာကို ရိပ်စားမိပြီးဝင်ဖြေပါတယ်။ သံစူးတယ်ဆိုတာ ဗိုက်ထဲက သံကောင်တွေ ကြောင့် ဗိုလ်နာတာကိုပြောတာတဲ့။ (မြန်မာပြည်အောက်ပိုင်းမှာတော့ သံထိုးတယ်လို့ ပြောပါ တယ်)။ သြ တော်ပါသေးရဲ့။
ရက်ရက်ရောရော။
နေ့တစ်နေ့ရဲ့ နံနက်မှာ ဓါတ်ခွဲခန်းဆရာဝန်ကြီးရဲ့ ရုံးခန်းမှာ အသေအချာထုပ်ထားတဲ့ အထုပ် တစ်ထုပ် ရောက်နေ ပါတယ်။ ဖွင့်ကြည့်လိုက်တော့ မစင်တွေနဲ့ မစင်အိုးဖြစ်နေတာတွေ့ လိုက် ရပါတယ်။ ဝမ်းစစ်ဖို့ ပို့လိုက်တာပါတဲ့။ ဓါတ်ခွဲခန်းမှာဝမ်းစစ်ဖို့ ဆိုရင် ဝမ်း (ကန်တော့နော်) ထမင်းစားဇွန်း တစ်ဇွန်းခန့်ဆိုရင် လုံ လောက်ပါတယ်။
 ဝမ်းကိုဓါတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးခြင်းအားဖြင့် ရောဂါတော်တော်များများ အထူးသဖြင့် အစာလမ်းကြောင်း(အသဲ၊သဲခြေအိပ်၊ ပင်ကရိယာ၊ အစာအိမ်၊အူသိမ်၊အူမ) မှာဖြစ်တဲ့ ရောဂါတွေကို သိနိုင်ပါတယ်။ ရှိမှန်းသိပြီးသားရောဂါရဲ့ တိုးတက်မှုဆုတ်ယုတ်မှုကိုလည်း သိနိုင်ပါတယ်။
  ဝမ်းမှာရှိတဲ့ပိုးတွေက လူကိုယ်ခန္ဓာထဲမှာနေတာဆိုတော့ ကိုယ်ခန္ဓာ အပြင်ရောက် ရင်ကြာကြာ မနေနိုင်ပဲသေကြပါတယ်။ရောဂါဖြစ်စေတဲ့ ပိုးကောင်တွေကိုစစ်ဆေးတဲ့အချိန်မှာ မတွေ့ဘူးဆိုရင်၊ ရောဂါဘာကြောင့်ဖြစ်တယ်ဆိုတာမသိနိုင်တော့ပါဘူး။    ရောဂါရဲ့ဆုတ်ယုတ်မှုတိုးတက်မှုအတွက် လည်းအဖြေမှားတွေဖြစ်ကုန်မှာမို့ ၀မ်းကိုယ်ထဲက ထွက်တာနဲ့ ဓါတ်ခွဲခန်းကို ရောက်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့လက်တွေ့ မှာမဖြစ်နိုင်တာမို့ ၀မ်းထဲက ပိုးတွေ အသေနည်းအောင် ဝမ်းကို ယူပြီးရင် အေးတဲ့ နေရိပ်မှာထားရပါမယ်။ ၀မ်းအဖြေမရရင်၊ ဒါမှမဟုတ် အဖြေမှားရင် ကုသမှုပါ မှားမှာမို့ သတိထားရပါမယ်။ ၀မ်းကိုယူရာမှာလည်း အပြင်က ပိုးတွေမပါအောင် ဂရုစိုက်ရပါမယ်။ ဥပမာ ၀မ်းကို ညစ်ပတ်တဲ့ ဒုတ်စသည်နှင့် ယူတာမျိုး၊ ညစ်ပတ်တဲ့ပုလင်းထဲ  ထည့်တာမျိုးပေါ့။ ယခင်နေ့ကသွားထားတဲ့(၀ါ) ယူထားတဲ့ ၀မ်းမှာ ဘယ်ပိုးမှ အဲ့ဒီလောက်ကြာ ကြာကိုယ်ခန္ဓာအပြင်မှာ မရှင်နိုင်တာမို့ စစ်လဲ အလကား အချိန်ကုန်၊ အလုပ်ပို၊ ပိုက်ဆံကုန်ရုံ သာမက အဖြေမှားတွေ ရမှာမို့ မစစ်တာအကောင်းဆုံး ပါပဲ။
ဝမ်းစစ်ရတဲ့ရောဂါတစ်မျိုးကတော့ သံကောင်ရောဂါပါ။  များသောအားဖြင့် ခလေးတွေမှာ သံလုံးလို့ခေါ်တဲ့အဖြူရောင် လုံးလုံးကြီးကြီး သံကောင်(ခလေးများ      ၀မ်းသွားသည့်အခါပါလာတာကိုတွေ့နိုင် ပါတတ်)။ ဒီသံကောင်တွေဗိုလ်ထဲရောက်လာတာကတော့ သံဥတွေစားမိလို့ပါ။ သံဥတွေက သံကောင်ရှိတဲ့လူရဲ့ဝမ်းထဲမှာ ပါလာပါတယ်။ မြန်မာပြည် လို ရာသီဥတု ပူတဲ့ နေရာတွေမှာ သံဥတွေကဖုံမှုန့် တွေနဲ့ရော နေတတ်ပါတယ်။ ဒါကြောင့် ဖုံမှုန့်တွေနဲ့ကစားတတ်တဲ့ ခလေးတွေမှာအဖြစ်များတာပါ။ နောက်တစ်နည်းကတော့ မစင်ပေါ်မှာ နားတဲ့ရင်တွေရဲ့ခြေထောက်မှာ သံဥတွေကပ်ပါလာပြီး ဒီရင်တွေက အစာတွေပေါ်နားတဲ့အခါ အစာပေါ်မှာ သံဥတွေကျပြီး၊ အဲ့ဒီအစာကို စားမိတဲ့သူတွေရဲ့ကိုယ်ထဲသံရောက်တာပါ၊ ဒါကြောင့်ရင်နားစာတွေ မစားဖို့၊ အစာတွေကို ရင်မနား အောင် ဖုံးအုပ်ထားဖို့ ကျန်းမာရေး ပညာပေး နေကြတာပါ။ အစာတို့ ရေတို့ကို ချက်လိုက်မယ် ဆိုရင် အပူကြောင့် သံဥတွေသေသွားပါတယ်။ ဒါကြောင့်ရေကိုကြိုချက် သောက်ဖို့၊ အအေးစာဥပမာ လက်သုပ်တို့၊ ကျောက်ကျော တို့ကို ရင်မအုံအောင်ထားဖို့ အရေးကြီးပါတယ်။ ဒီလို ရောဂါရှိတဲ့ဝမ်းကတဆင့် ရောဂါပြန့်နှံ့ ခြင်းကို (Fecal oral route) ၀မ်းမှပါးစပ် သို့ရောက်သောနည်း လို့ခေါ်ပါတယ်။
  သံကောင်ရောဂါအပြင်၊အူရောင်ငန်းဖျားရောဂါ (Typhoid)၊ ၀မ်းလျော် ရောဂါ (Diarrhoea)၊ ၀မ်း ကိုက် ရောဂါ (Dysentry) ၊အီးအမျိုးအစား အသဲရောင်ရောဂါ (Hepatitis E ) ၁၉၇၆ ခုနှစ်က မန္တလေး မြို့ လုံးကျွတ်မျှဖြစ်ခဲ့ ပါတယ်၊ မြို့ရေပေးတဲ့နေရာထဲ၊ မစင်ပိုက်ပေါက်သွားလို့လို့ သိရပါတယ်) အကောင်းဆုံး ကတော့ မစင်တွေ ဘာနဲ့ မှမတွေ့ ရအောင် ရေလောင်းအိမ်သာ၊ ရေဆွဲအိမ်သာ၊ ရင်လုံအိမ်သာစသည်တို့ အသုံးပြုဖို့ပါပဲ၊ တိုးတက်တဲ့တိုင်းပြည်တွေမှာ ရင်လုံ အိမ်သာတွေကြောင့် ဒီလို ၀မ်းမှပါးစပ်နည်းနဲ့ ကူးစက်တဲ့ ရောဂါတွေ မဖြစ် သလောက်နည်း သွားပါတယ်။
လူအများကိုရောဂါမပြန့်ပေမဲ့ လူနည်းစုကိုပြန့်စေတဲ့ နောက်တစ်နည်းကတော့ ၀မ်းသွားပြီး သုတ်သင်တဲ့ လက်ကိုစပ်ပြာရေနဲ့ စင်ကြယ်အောင် မဆေးရင် လက်မှာကပ်ကျန်နေတဲ့သံဥ တွေနဲ့ အထက်က ဖေါ်ပြ ခဲ့တဲ့ရောဂါပိုးတွေ လက်နဲ့ထိရာ နေရာတွေမှာ ကျန်နေပြီး၊ လူနာ ကိုယ်တိုင် စားမိလို့ဖြစ်ဖြစ်၊သူတစ်ပါး စားမိလို့ဖြစ်ဖြစ်၊ရောဂါကူးစေပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ မိမိအတွက်ရော၊ မိမိ ပတ်ဝန်ကျင် အတွက်ရော အရေးကြီးပါတယ်။
တချို့လူများဟာ မိမိကိုယ်မှာပိုးရှိနေပေမဲ့ သူတို့ကိုယ်တိုင်ကရောဂါမဖြစ်ပါဘူး။ အဲ့ ဒီလိုလူမျိုးကို သယ်ဆောင်သူ (Carrier) လို့ခေါ်ပါ တယ်။ ဆေးပညာသမိုင်းမှာ (Typhoid Marry) ဆိုတာဆရာဝန် တိုင်းကြာဖူးတဲ့အကြောင်းအရာပါ။ Marry ဆိုတဲ့အမျိုးသမီးရဲ့အူထဲမှာ တိုက်ဖိုက် ပိုးတွေ ရှိနေပေမဲ့ တိုက်ဖိုက်မဖြစ်ပါဘူး။ ဒါပေမဲ့ သူ့လက်ကနေ တိုက်ဖိုက်ပိုးတွေကို သူကိုင်တွယ်တဲ့ အစာတွေက တစ်ဆင့်ဖြန့် နေတာကိုနောက်မှ သိကြရလို့ သူ့ကို တိုက်ဖိုက်မေရီ (Typhoid Marry) လို့ ၀ိသေသ တပ် လိုက်တာပါ။ဝမ်းကိုက်ပိုးသယ်ဆောင်သူတွေလည်း ရှိပါတယ်။
  တုတ်ကောင် လို့ခေါ်တဲ့အဖြူရောင်သေးငယ်တဲ့ သံကောင်၊ ညမှာ သံကောင်အမက စအိုကထွက်ပြီး စအိုအပြင်မှာဥ ဥတတ်လို့ ညဘက်ခလေးက စအိုဝ မှာ ယားတယ်ဆိုရင် ယားတဲ့နေရာ ကို ကြည့်ရင် ဖြူဖြူသေးသေး၊ အဖြူရောင် ချည်စတွေလို သံမတွေ ကိုတွေ့နိုင် ပါတယ်။ ခလေးက ယားတဲ့နေရာ ကုတ် လိုက်ရင်ခလေးရဲ့လက်သဲတွေကြားမှာဥထားတဲ့ သံဥတွေပါလာပြီး ပါးစပ်ထဲရောက်သွားနိုင်ပါတယ်။
   အဲဒီလိုကိုယ့်ဘာသာပြန် ကူးတာကို အော်တိုပြန်ကူးစက်ခြင်း (Auto reinfection) လို့ခေါ်ပါတယ်။သံမ တွေက အူမကြီး၊တခါတရံ အူအတက် ထဲမှာနေတတ်တာမို့ သံချဆေးကို ၃ ရက်ဆက်သောက်သင့်ပါတယ်။ ပြီးတော့ အော်တိုပြန်ကူးစက်ခြင်းမဖြစ်အောင်ညအိပ်တဲ့ အခါ ဘောင်ဘီး ၀တ်အိပ်ခြင်း နဲ့(ကုတ်တဲ့ အခါ လက်ထဲသံဥတွေပါမလာရန်)ညအိပ် အ၀တ်အစားတွေကိုရေနွေး နဲ့ပြုတ်လျော် ခြင်းများပြုလုပ် ပေးရ ပါမယ်။
 ဒီသံနှစ်မျိုးက ခလေးကို သိပ်ဒုက္ခ မပေးပါဘူး။ သံချဆေး ၆လ တစ်ခါချပေးရုံနဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အထူးသဖြင့် သံလုံးကြီးတွေ သိပ်များနေရင် သံတွေက အသဲလမ်း ကြောင်းကိုပိတ်လို့ အသဲပြည်တည်နာတို့၊ အစာအိမ်ကို ကလိလို့ အစာအိမ်အနာတို့၊ အူလမ်း ကြောင်းပိတ် တဲ့ရောဂါတို့၊ အူအတက်ရောင်ရောဂါတို့ ဖြစ်နိုင်ပါတယ်။
သံပြား။
နွားနဲ့ဝက်သံပြား။ရှမ်းပြည်လို သိပ်မကျက်တဲ့ အမဲသားနဲ့ ၀က်သား၊ ဥပမာ အမဲချဉ်နဲ့ ၀က်သချဉ်စားရင် သံပြား လို့ခေါ်တဲ့ ခေါင်းမှာစုပ်ခွက်နဲ့ ချိတ်တွေပါတဲ့သံတွေ အူထဲမှာရှိနိုင်ပါတယ်။ ဒီသံမျိုးက အသက် ရှည်ပါတယ်။ ကိုယ်ထဲမှာ ၂၅ နှစ်အထိနေနိုင်ပါတယ်။သူတို့ရဲ့ကိုယ်ထည်က အဖြူအပြားတွေပါ။ ရိုးရိုးသံချဆေးစားရင်၊ ကိုယ်ထည်ပဲပြုတ်ထွက်လာလို့ ၀မ်းမှာ အဖြူ ပြားတွေ တွေ့နိုင်ပါ တယ်။ သံကောင်ရဲ့ခေါင်းမှာရှိတဲ့ စုပ်ခွက်တွေ၊ ချိတ်တွေနဲ့ လူနာရဲ့အူနံရံမှာချိတ်ထားတဲ့ သံကောင်ရဲ့ ခေါင်းကမပြုတ်ပဲ ကျန်နေပါတယ်။ ခေါင်းမပြုတ်ရင် သံကောင်မသေပါဘူး၊ ကိုယ်ထည်တွေ ပြန်ရှည် လာပါတယ်။ ဒီသံအတွက် အထူး သံချဆေးသောက် ရပါတယ်။ ဒီသံရဲ့ သန္ဓေလောင်း ဘ၀ (Larval) မှာလူနာရဲ့ကိုယ်ခန္ဓာ ထဲတစ်ပတ် ပတ် ပါတယ်။ အဲ့ဒီ အချိန်မှာ လူနာရဲ့ ကိုယ် ခန္ဓာတစ်နေရာရာမှာ အကြိတ်အခဲဖြစ် တတ်ပါတယ်။  အရေးကြီးတဲ့ နေရာ ဥပမာ၊ ဥဏှောက် လိုနေရာမှာအကြိတ်ဖြစ်ရင် ခွေးရူးပြန်ရောဂါဖြစ် နိုင်ပါတယ်။ နှလုံးမှာဖြစ်ရင် နှလုံး ခုန်နှုန်းမြန် တဲ့ရောဂါစသည်ဖြစ်နိုင်ပါတယ်။
   တစ်ခါက ကျန်းမာရေးဝန်ကြီးဦးဖေသိန်း ရင်ပတ်မှာရုတ်တရက် အဖုပေါ်လာလို့ ကင်ဆာထင်ပြီး ခွဲလိုက်တာ၊ သံပြားသန္ဓေသား ကြောင့်ဖြစ်တဲ့ အလုံးဖြစ်နေပါတယ်။ ၀န်ကြီး တောင်ကြီးမြို့သွားစဉ်က အမဲချဉ်နဲ့ ၀က်သချဉ် စားခဲ့မိတယ် လို့ပြောပါတယ်။ တစ်ခါတရံ အမဲသား၊ ၀က်သားတွေ မှာ သံပြား သန္ဓေလောင်း တွေရဲ့ အကြိတ်အခဲလေး တွေ တွေ့နိုင်ပါတယ်။
ငါးသံပြား။
  ဒီသံက ကိုယ်ထည်ပြားပြီးသေးငယ်ပါတယ်၊ကိုယ်ထည်ပြားလို့ သံပြားစာရင်းထဲထဲ့ထားတာပါ။ သူ့မှာ သံသန္ဓေသားလောင်းဘ၀မရှိလို့ အမဲနှင့် ၀က်သားသံပြားကြောင့်ဖြစ်တဲ့အကြိတ်အခဲ လိုမျိုးမဖြစ်ပါဘူး။ ကျက်အောင်မချက်တဲ့ငါး စားရင်ဖြစ်ပါတယ်။ သူကအစာအိမ်မှာနေပြီး လူနာရဲ့ အစာတွေကို စားပါတယ်။ ကပ်ပါးရပ်ပါး ပိုးလို့ပြောရပါမယ်။ အစာအိမ်မှာနေတာမို့ ဗိုလ်အောင့် တဲ့ရောဂါလက္ခဏာဖြစ်စေပါ တယ်။ ဒါကြောင့် အစာအိမ်ရောဂါနဲ့မှား နိုင်ပါတယ်။
   ကျမအဖေက ငါးရံဆံပြုတ်အလွန်ကြိုက်ပါတယ်၊နံနက်တိုင်းလိုလို တရုပ်တန်းက ငါးရံဆံပြုတ် စားတာမို့ ငါးသံပြားတွေသူ့အစာအိမ်မှာရှိပါတယ်။ အိမ်မှာကျက်အောင် ချက်ပေးတဲ့ငါးဆံပြုတ်က အရသာမရှိဘူးတဲ့။ အဲ့ဒီတော့ အသက်ကြီးပြီးဖြစ်တဲ့ အဖေစိတ်ချမ်း သာပါစေဆိုပြီးသူ စား ချင်တာကျွေးပြီး ၆လ တစ်ခါ သံချ ဆေးပါကျွေးလိုက်ရပါတော့တယ်။
အပ်ချိတ်သံ။
    ဒီသံကတော့ သေးငယ်ပြီးခေါင်းမှာချိတ်ပါ ပါတယ်။ အဲ့ဒီချိတ်နဲ့ အူသိမ်နံရံမှာတွယ်ချိတ်နေပြီး အူနံရံက သွေးတွေကိုစုပ်ယူပါတယ်။ ဒီသံမျိုးက ဖိနပ်မပါပဲ သွားသူတွေမှာအဖြစ်များ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံကောင်လောင်းက အရေပြားကိုဖေါက်ပြီးဝင်လို့ပါ။ ဒီသံတွေအူထဲ မှာများ မယ်ဆိုရင် သွေးအားနည်း ရောဂါ ဖြစ်နိုင်ပါတယ်။
  တောင်ကြီးစပ်စံထွန်းဆေးရုံကြီး အပြင်လူနာဌာနကို ငယ်ငယ်ရွယ်ရွယ် ၁၆ နှစ်အရွယ် ပအို့လူနာ အမျိုးသမီးတစ်ဦးလာပြပါတယ်။ လူနာရဲ့ မျက်နှာ၊ နုတ်ခမ်း၊ မျက်ခွံတွေဟာ သွေးမရှိဘူး ထင်ရ လောက် အောင် ဖြူဖတ်နေလို့ ဆေးရုံတင်လိုက်ရပါတယ်။ လူနာကိုစမ်းသပ်ကြည့်တော့ လည်း သွေးအား အလွန် နည်းတာက လွဲရင်ဘာရောဂါ လက္ခဏာ မှမတွေ့လို့ သွေးမထွက်တဲ့ရောဂါများလား လို့စိုးရိမ်သွားမိပါ တယ်။ ဆေးရုံရောက်ပြီး သွေး၊ဆီး၊ ၀မ်းတွေ စစ်လိုက်တော့မှ အပ်ချိတ်သံကောင်တွေမြောက် များစွာ ရှိနေတာကို တွေ့လိုက်ရ ပါတယ်။ ဒီသံအတွက်လည်း အထူးသံချဆေးလိုပါတယ်။ ဒါပေမဲ့ အခုအခါ သံ ၃မျိုး၊ ၅မျိုးသတ်နိုင်တဲ့ဆေးတွေ ၀ယ်လို့ရပါတယ်။
    အထက်ကလူနာလို ကံမကောင်းတဲ့ ၅နှစ်အရွယ်ခလေးငယ်ကို လဲသတိရမိပါတယ်။ လူနာက သံတွေ ကြောင့် ပိန်ချုန်း၊ အားနည်းနေပါတယ်။ သူ့ကိုယ်ထဲမှာလည်း အထက်ကဖေါ်ပြထားတဲ့ သံတွေ အားလုံး ရှိနေပါတယ်။ သံလှောင်ရုံလို့တောင် ပြောရမလိုပါပဲ။ လူနာကသိပ်အားနည်း နေလို့ သံချဆေးဒဏ် မခံနိုင် တာမို့ သံချဆေးမပေးပဲ နှခေါင်းပိုက်ကနေ အောက်ဆီဂျင် ပေးထားရပါတယ်။ သံကောင်တွေက အောက်ဆီဂျင်နည်းတဲ့ အူထဲမှာနေတာမို့ အောက်ဆီဂျင် များရင်သေပါတယ်။ အောက်ဆီဂျင်ပေးထားပေမဲ့ အထဲကရှင်နေသေးတဲ့သံတွေကြောင့် ခလေးခမျာတချိန်လုံး အနာပျောက်ဆေးထိုး ပေးဖို့တောင်းဆိုပါ တယ်။
  ဆေးရုံရောက်ပြီးတစ်ရက်နှစ်ရက်မှာခလေးလည်းသေဆုံးသွားပါတယ်။ ခလေးအသေကိုဆေးရုံရဲ့ ရင်ခွဲရုံ ကိုပို့ လိုက်ရပါတယ်။ ရင်ခွဲရုံဆိုပေ မဲ့အမိုး အကာသာရှိတဲ့အခန်းပါ။ အထဲမှာအလောင်း တင်ဖို့ခုံတန်း တွေ ရှိပါတယ်။ ရင်ခွဲရုံက တောင်စောင်းလေးပေါ်မှာပါ။ ညနေတာဝန်ကျချိန်မှာ ရုပ်ရှင်ကပြန်လာတဲ့ လူတစ်စု ဆေးရုံကို ရောက်လာပါတယ်။ ရင်ခွဲရုံထဲမှာ မသေသေးတဲ့ ခလေးထဲ့ထားလို့ လာတိုင်တာ လို့ ပြောပါ တယ်။ ရင်ခွဲရုံ အမိုးနဲ့ အကာကြား ကနေ တွေ့တယ်လို့ပြောပါတယ်။ အရှင်မဟုတ်ပါဘူး သေဆုံး လို့ ပို့ထားတာ ပါလို့ရှင်းပြပေမဲ့ လက်မခံပါဘူး။ ခလေး လှုပ်နေတာ တွေ့ပါတယ်တဲ့။
  တကယ် က ခလေး သေတော့ သူ့ဗိုလ်ထဲ့က မသေသေးတဲ့ သံကောင်တွေက ခလေးကိုယ်ထဲက ထွက် ဖို့ကြိုးစားကြတာ မို့ ခလေးဗိုလ်လှုပ်နေ တာကို  ညနေ နေ၀င်ရီတရော အချိန်မှာ ခလေးလှုပ် တယ်ထင်ကြ တာပါ။ လာတိုင်တဲ့လူစု စိတ်ရှင်းသွားအောင် ရင်ခွဲရုံကခလေးအလောင်းကို လိုက်ပြ ခိုင်းလိုက်ပါတယ်။
Saturday, June 23, 2012
အသက်ကယ်မဲ့ ဗဟုသုတ။
A,B, C, D ဆိုတာ အင်္ဂလိပ်အက္ခရာပါ။ သွေးအမျိုး အစားက A,B,O ပါ။ လူအမျိုးမျိုး ရှိသလို၊ သွေးလဲ အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ အသက်သေတဲ့အထိ ဒုက္ခပေးနိုင်တဲ့ သွေးမျိုးက A,B,O system လို့ခေါ်တဲ့ A,B,O သွေးမျိုးအုပ်စုဖြစ်ပါတယ်။ အဲ့ဒီသွေးမျိုးအုပ်စုမှာ သွေး (၄) မျိုးရှိပါတယ်။ A,B,O နှင့် AB တို့ပါ။ လူတစ်ယောက်ဟာ A (၀ါ)၊ B (၀ါ)၊ O (၀ါ)၊ AB တစ်မျိုး မျိုးဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ မွေးတဲ့ အချိန်ကစပြီး သေဆုံးချိန် အထိ သွေးမျိုးတစ် မျိုးပဲဖြစ်ပါတယ်။ ဘယ်တော့မှ မပြောင်းပါဘူး။ သွေးမျိုးပြောင်း တယ်ဆိုရင် စစ်တဲ့အချိန်မှာ မှား တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် မှတ်တာ မှားတာဖြစ်ပါမယ်။
     သွေးအမျိုးအစား အကြောင်းနဲ့ ကင်ဆာရောဂါ အပါအ၀င် ရောဂါ တော်တော်များများကို နားလည် စေဖို့ အန်တီဂျင် (Antigen)နဲ့ အင်တီဘော်ဒီ  (Antibody) အကြောင်း သိဖို့ လိုအပ်ပါတယ်။ အန်တီဂျင် ဆိုတာ သူ့ကို သတ်နိုင်တဲ့ အင်တီဘော်ဒီတွေ ထွက်အောင်လုပ်နိုင်တဲ့ ပစ္စည်း ကိုခေါ်ပါတယ်။ များသော အားဖြင့် အန်တီဂျင်တွေဟာ ပရိုတင်းဓါတ် (Protein) တွေဖြစ်ပြီး၊ အချို့ ကဆီဓါတ် (Carbohydrate)  များကလည်း အန်တီဂျင် အနေနဲ့ ဆောင်ရွက် နိုင် ပါတယ်။ တစ်နည်း အားဖြင့် အန်တီဂျင်ကို  “ကိုယ့်ပြန်သတ်မဲ့ အဇာတသတ်ကိုမွေးခဲ့တဲ့ဗိမ္ဗိသာရမင်း”  လို့ပြောရ မယ်ထင် ပါတယ်။
       အင်တီဘော်ဒီတွေ ကတော့ အထူးလေ့ကျင့်ထားတဲ့ လက်ဖြောင့်တပ်သားတွေလိုပါပဲသူတို့ နဲ့ သက်ဆိုင်တဲ့ အန်တီဂျင်တွေ ကိုရှာဖွေပြီး သုတ်သင်ဖျက်ဆီးပါတယ်။
သွေးဥနီတွေ ပေါ်မှာ ရှိတဲ့ အေဘီအို ဆိုင်ရာ အန်တီဂျင် (ABO Antigen system) စစ်စတန်ကလွဲရင် အင်တီဘော်ဒီတွေဟာ ကိုယ်ခန္ဓာထဲမှာ အလိုအလျှောက် မရှိပါဘူး။ ကိုယ် ခန္ဓာမှာ မရှိတဲ့ အန်တီဂျင်တွေ (၀ါ) တစ်စိမ်း အန်တီဂျင်တွေ ကိုယ်ထဲ ၀င်လာတဲ့ အခါ (၀ါ) တခါတရံကိုယ်နဲ့ မကြာခဏထိတွေ့ မိတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ စစ်စတန် (Immune system) က ကိုယ်ခန္ဓာကို ကျူးကျော် ၀င် ရောက်လာတဲ့ရန်သူတွေကိုဖယ်ရှားဖို့ ထုတ်လုပ် တာပါ။ အန်တီဘော်ဒီ တွေကို အင်မြူနိုဂလိုဗူလင် (Immunoglobulin) လို့လဲ ခေါ် ပါတယ်။
သွေးအမျိုးအစား ဆိုတာ သွေးဥနီပေါ်မှာ ရှိတဲ့ သွေးဥနီ အန်တီဂျင် အမျိုးအစား တွေ ကို ပြောတာပါ။ သွေးဥနီ အန်တီဂျင် အမျိုးပေါင်း များစွာရှိပါတယ်။ အရေးကြီးတဲ့ သွေးဥနီ အန်တီဂျင် ကတော့ အေ၊ဘီ၊အို အန်တီဂျင် အဖွဲ့ ပါပဲ။
သွေးအမျိုးအစားအေ (A) ဆိုတာ သွေးဥနီအပေါ်မှာ အေအန်တီဂျင် (A Antigen) ရှိနေတာပါ၊ သွေးအမျိုးအစားဘီ (B) ဆိုရင် သွေးဥနီအပေါ်မှာ ဘီအန်တီဂျင် (B Antigen) ရှိနေပါတယ်၊ သွေးအမျိုးအစား အေဘီ (AB) မှာ သွေးဥနီအပေါ်မှာ အေအန်တီဂျင်ရော ဘီ အန်တီဂျင်ရော နှစ်မျိုးလုံး ရှိပါတယ်၊ သွေးအမျိုးအစားအို (O) ဆိုတာ ကတော့ သွေးဥနီ ပေါ် မှာ အေအန်တီဂျင်ရော ဘီအန်တီဂျင် ရော မရှိတာပါ။ တကယ်က ဇီအိုအန်တီဂျင် (Zero Antigen) လို့ပြော ရပါမယ်။
လူတစ်ယောက်ရဲ့ သွေးထဲမှာ သွေးဥနီပေါ်မှာရှိတဲ့ အေ၊ဘီ အန်တီဂျင် (AB Antigen) တွေသာမကပဲ သွေးမသွင်းဘူးပေမဲ့ သူ့ရဲ့သွေးရည်ကြည်ထဲမှာ သူ့မှာမရှိတဲ့ သွေးဥနီ အန်တီ ဂျင်တွေကိုသတ်နိုင်တဲ့ အေ၊ဘီ အန်တီဘော်ဒီ (AB Antibodies) တွေ အလိုအလျောက် ရှိ နေပါတယ်။ ငယ်ရွယ်စဉ်ကစား သောက်ခဲ့တဲ့အစား အစာတွေကြောင့်လို့ယူဆကြပါတယ်။
ဒါကြောင့် အေသွေးမျိုး ရှိတဲ့သူမှာ သူ့သွေးဥနီတွေမှာ အေအန်တီဂျင် ရှိပြီး၊ သွေးရည် ကြည်ထဲ မှာတော့ အန်တီဘော်ဒီ ဘီ (Anti-B antibodies) တွေရှိနေပါတယ်။ ထိုနည်းအတူ ဘီသွေးမျိုး ရှိတဲ့ သူမှာသွေးဥနီ ပေါ်က ဘီအန်တီဂျင်နဲ့ သွေးရည်ကြည်ထဲက အန်တီဘော်ဒီ အေ (Anti-A antibodies) တွေရှိနေပါတယ်။ အေဘီသွေးမျိုး ရှိတဲ့သူမှာအေနဲ့ဘီ အန်တီဂျင် နှစ်မျိုးလုံး သွေး ဥနီပေါ်မှာရှိပြီး၊သူ့သွေးရည်ကြည် မှာတော့ အန်တီဘော်ဒီ တစ်မျိုးမှမရှိပါဘူး။ အိုသွေးမျိုး ရှိတဲ့ သူရဲ့သွေးဥနီပေါ်မှာ ဘာအန်တီဂျင် မှမရှိပါ ဘူး။ ဒါပေမဲ့သူ့ သွေးရည်ကြည်ထဲ မှာတော့ အန်တီ ဘော်ဒီ အေရော ဘီရော ရှိပါတယ်။ (ပုံစံဇယား ၁ နဲ့ ၂ကိုကြည့်ပါ)။
ဇယား (၁) သွေးဥနီပေါ်ရှိ အန်တီဂျင်များ။
A antigen
B antigen
သွေးအမျိုးအစား
A
(+)
(-)
B
(-)
(+)
AB
(+)
(+)
O
(-)
(-)
ဇယား (၂) သွေးရည်ကြည်ထဲရှိ အန်တီဘော်ဒီများ။
Anti A antibodies
Anti B antibodies
သွေးအမျိုးအစား
A
(-)
(+)
B
(+)
(-)
AB
(-)
(-)
O
(+)
(+)
ဇယား (၃) ABO & Rh သွေးသွင်းခြင်း
သွေးလှူရှင်၏သွေးအမျိုးအစာ
                                      A(+)   B(+)   AB(+) O(+)  A(-)   B(-)    AB(-)  O(-)
လူနာ၏သွေးအမျိုးအစား
1.       A(+)                      ok      x        x        ok        ok    x        x        ok     
2.       B(+)                       x        ok      x        ok        x      ok      x        ok     
3.       AB(+)                    ok      ok      ok      ok        ok    ok      ok      ok     
4.       O(+)                      x        x        x        ok        x      x        x        ok     
5.       A(-)                       x        x        x        x        ok     x        x        ok     
6.       B(-)                       x        x        x        x          x      ok      x        ok     
7.       AB(-)                     x        x        x        x        ok     ok      ok      ok     
8.       O(-)                       x        x        x        x        x       x        x        ok     
သွေးသွင်းတဲ့အခါသွေးဥနီတွေအများကြီးကိုယ်ထဲကိုရောက်ပါတယ်။သွေးတစ်စက်မှာသွေးဥနီသန်းပေါင်းများ စွာပါ ပါတယ်။ ဒါကြောင့်သွေးဥနီတွေပေါ် မှာရှိတဲ့ အန်တီဂျင်တွေလဲ အများကြီး ကိုယ်ထဲကိုရောက်ပါ တယ်။ သွေးရည်ကြည်ထဲမှာရှိတဲ့ အန်တီဘော်ဒီတွေက သွေးဥနီတွေနဲ့ စာရင်အန်တီဂျင်ဓါတ် အများကြီး နည်း ပါတယ်။ဒါကြောင့်သွေးသွင်းတဲ့အခါမှာ သွေးလှူရှင်ရဲ့ အန်တီဘော်ဒီထက်သွေးဥနီအန်တီဂျင်က ပိုအရေးကြီးတာကြောင့် သွေးလှူရှင်ရဲ့သွေး အမျိုး အစားကိုဦးစားပေးစဉ်းစာရပါတယ်။
   အလိုအလျှောက် ရှိနေတဲ့ အန်တီဘော်ဒီက သွေးအမျိုးအစား မတူတဲ့ သွင်းလိုက်တဲ့ သွေးဥနီ တွေကို ဖျက်ဆီး တာကို (Incompatible blood transfusion) မတဲ့ သော သွေးသွင်း ခြင်းလို့ခေါ်ပါတယ်။ သေဆုံး ပျက်စီးသွားတဲ့ သွေးဥနီတွေ ထဲက ထွက်လာတဲ့ အဆိပ် အတောက်တွေ ကြောင့် သွေးသွင်းခံရတဲ့သူ ဟာ ချမ်းတုန်ခြင်း၊ ဖျားခြင်းနဲ့ သေဆုံး သည် အထိဖြစ်နိုင်ပါတယ်။ အဲ့ဒါကို မတဲ့သောသွေးသွင်းခြင်း ကြောင့်ဖြစ် သော ရီအက်ရှင် (Incompatible transfusion reaction)  လို့ခေါ်ပါတယ်။ ဥပမာ။အေအမျိုးအစားရှိတဲ့ လူ နာ ကို ဘီသွေးသွင်း မယ်ဆိုရင် လူနာရဲ့သွေးထဲမှာ ဘီအန်တီဂျင်ပါတဲ့သွေးဥနီကို သတ် နိုင်တဲ့ ဘီ အန်တီဘောဒီတွေက သွင်းလိုက်တဲ့ သွေးဥနီတွေ ကို ဖျက်စီးပြစ်ပါတယ်။ ဘီအမျိုးအစား ရှိတဲ့လူနာနဲ့ အေ သွေးလှူရှင်လည်း ဒီလိုပါပဲ။
အေဘီလူနာ ကျတော့သူ့မှာ အန်တီဘော်ဒီ နှစ်မျိုးလုံး မရှိတာမို့ သူ့ကို အေ၊ဘီ၊အေဘီ၊အို သွေးလေးမျိုးလုံး သွင်းနိုင်ပါ တယ်။ ဒါကြောင့် သူ့ကို အူနီဘာဆဲ လက်ခံသူ (Universal recipient) တစ်နည်း လှူသမျှ အကုန်စားတဲ့ စူစကာပုဏ္ဏား လို့ ပြောရ မယ်ထင်ပါတယ်။ အိုအမျိုးအစား လူနာမှာတော့ အေနဲ့ဘီ အန်တီ ဘော်ဒီ နှစ်မျိုးလုံးရှိတာ ကြောင့် အေအန်တီဂျင် နဲ့ ဘီအန်တီဂျင်တစ်မျိုးမျိုး ရှိတဲ့ အေ၊ဘီ၊ အေဘီ သွေး သုံးမျိုးလုံး သွင်းလို့မရပဲ။ အန်တီဂျင်လုံးဝ မရှိတဲ့ အိုသွေးတစ်မျိုးပဲ လက်ခံနိုင် ပါတယ်။ ဒါပေမဲ့ သူ့သွေးဥနီ မှာ ဘာအန်တီဂျင်မှ မရှိတာကြောင့် အေ၊ဘီ၊အေဘီ၊အို၊ အမျိုး အစားအားလုံးကို ပေးနိုင်တာမို့ (Universal donor) သွေးဝေဿန္တရာ လို့ ပြောရပါမယ်။
ဒီအန်တီဂျင်တွေ အကြောင်း မသိခင်က သွေးသွင်း ကုသကြတဲ့ အခါ တစ်ခါတရံ ကံကောင်း ထောက်မစွာ အမျိုးအစားတူတာ (၀ါ) တဲ့သောသွေး (Compatible) သွင်းမိလို့ အောင်မြင်ပြီး၊ တစ်ခါတရံ သွေးအမျိုးမတူ (၀ါ) မတဲ့ သောသွေး (Incompatible) သွင်းမိလို့ လူနာတွေ သေဆုံး ခဲ့ကြရပါတယ်။
နောက်အရေးကြီးတဲ့ သွေးအမျိုးအစားတစ်ခု ကတော့ အာအိပ် (Rh system) ပါ။ Rh  အန်တီဂျင်တွေ သွေးဥနီပေါ်မှာရှိရင် Rh (+) လို့ခေါ်ပြီး၊မရှိတဲ့သူကို Rh (-) လို့ ခေါ်ပါတယ်။ မြန်မာပြည်မှာ Rh (-) သွေးရှိ သူက  ၁% ထက်နည်း ပါတယ်။Anti-Rh တွေကလည်း သဘာဝ အလျှောက်ရှိ မနေပါဘူး။ဒါကြောင့် သွေးသွင်းတဲ့နေရာမှာ သိပ်ဒုက္ခမပေးပါဘူး။
အရေးကြီးတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အကြောင်းကတော့။Rh (-) အမျိုးသမီး ဟာ Rh (+) အမျိုးသားနဲ့ အိမ်ထောင်ကျရင် (Rh +) ခလေးတွေ မွေးပါတယ်။ Rh (-) အမျိုး သမီးကို ကိုယ်ဝန် မရှိ စဉ် က (Rh +)သွေး သွင်းထား ခဲ့မယ်ဆိုရင် သူမကိုယ်က Rh အန်တီဂျင်ကို သတ်မဲ့ အန်တီ အာအိပ်အန်တီ ဘော်ဒီတွေ (Anti-Rh antibody)ကို ထုတ်ထား ပါ  တယ်။အဲ့ဒီ အန်တီဘော်ဒီတွေက Rh (+) ဖြစ်တဲ့ ခလေးရဲ့ သွေးဥနီ တွေကို ဖျက်ဆီး တာ မို့ ခလေးပျက် ကျ နိုင်ပါတယ်။ Rh (-) အမျိုးသမီးမှာ ယခင်က Rh (+) သွေးသွင်းထားခြင်းမ ရှိရင်သူမဆီမှာ အန်တီအာအိပ်အန်တီဘော်ဒီတွေ မရှိတာမို့ ပထမ ခလေးကို ဒုက္ခမပေးပါဘူး။
       ဒါပေမဲ့ ခလေးမွေးစဉ်၊အထူးသဖြင့် ခက်ခဲသော မွေးဖွါးခြင်းများ မှာခလေးရဲ့သွေးဥနီများ မိခင် ကိုယ်ထဲ ရောက်သွားပြီး။အန်တီအာအိပ်အန်တီဘော်ဒီတွေ ထွက်စေတာမို့ ဒုတိယခလေး၊ တတိယ ခလေးများပျက်ကျနိုင်ပါတယ်။
Rh အန်တီဂျင်လို အခြားသော သွေးဥနီ အန်တီဂျင် မျိုးပေါင်း များစွာရှိပါတယ်။အဲ့ဒီ အန်တီဂျင် မတူတာတွေ သွင်းရင်လည်း၊ မတူတဲ့ အန်တီဂျင်နဲ့ သက်ဆိုင်တဲ့ အန်တီဘော်ဒီ တွေ ထုတ် တာ မို့ နောက်တစ်ခါ သွေးသွင်းရင်(Incompatible transfusion reaction) ဖြစ် နိုင်သလို။ Rh အန်တီဂျင်လို ခလေးပျက်ခြင်းများလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးပေါ် သေရေးရှင်ရေး ကိစ္စများမှ လွဲရင် သွေးအမျိုးအစား တူတာပဲ သွင်းသင့် ပါတယ်။အထူးသဖြင့် သွေးခဏခဏ သွင်း ရတဲ့ သွေးကင်ဆာ ရောဂါသည်များ၊ သွေးမထွက်တဲ့ရောဂါသည်များနဲ့ ကိုယ်ဝန်ဆောင်မည့်အမျိုးသမီးများဖြစ်ပါတယ်။
Thursday, June 21, 2012
သိပ္ပံနည်းဖြင့် ရေအိမ်တက်အသုဘဘာဝနာ။
ဝမ်းကိုက်ရောဂါ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက (Bacteria)ခေါ်တဲ့ ပိုးကြောင့်ဖြစ်ပြီး၊ ကျန်တစ်မျိုးက အမီးဘား(Amoeba)ခေါ်တဲ့ပိုးကြောင့် ဖြစ်တာပါ။ များသောအားဖြင့် ဒီနှစ်မျိုးကို ရောဂါလက္ခဏာနဲ့တင်အလွယ် တကူ ခွဲနိုင်ပါတယ်။ ဒါပေမဲ့...
           လူနာရဲ့ အူထဲမှာ အမီးဘားဝမ်းကိုက်ပိုးတွေများလာရင် အမီးဘားမျိုးဆက် ပြန့်ပွါးဖို့နောက် လူတစ်ယောက်ဆီ ကူးရအောင်၊ အမီးဘားဝမ်းကိုက်ပိုးတွေ လူနာရဲ့အူထဲက ထွက်ပါတယ်။ အဲ့ဒီအခါ၊ အပြင်လောကရဲ့ ရာသီဥတုဒဏ် ခံနိုင်အောင် သံချပ်ကာအကျီ င်္ နဲ့တူတဲ့ ဓါတ် တစ်မျိုးကို ထုတ်ပြီး သူ့ကိုယ်ကို ဖုံးအုပ်ပါတယ်။ပြီးမှ ၀မ်းနဲ့အတူ အပြင်ကို ထွက်ပါ တယ်။အဲ့ဒီလို သံချပ်ကာအကျီ င်္နဲ့ပုံကို အမီးဘားစစ်ပုံ (Amoeba cyst) လို့ ခေါ်ပါတယ်။ စစ်ပုံက အပြင်လောကမှာ တော်တော်ကြာကြာနေနိုင်ပါ တယ်။ နောက်လူတစ်ယောက်ရဲ့ အစာအိမ်ထဲရောက်မှ အစာခြေအက်စစ်ဓါတ်နဲ့ သူ့ရဲ့ သံချပ်ကာအကျီ င်္ အရည်ပျော် သွားပြီး အထဲက ဗယ်ဂျီတေတစ်ပုံ (vegetative form) ထွက်လာပါတယ်။
   ဗယ်ဂျီတေတစ်ပုံ ကသာ အူနံရံကို ဖေါက်စားပြီး ရောဂါ အမျိုးမျိုးကို ဖြစ်စေတာပါ။ စစ်ပုံက ရောဂါပြန့် စေဖို့ပါ သူရှိနေတဲ့လူကို ရောဂါ မရစေပါဘူး။
ဆရာတော်သံဃာတော်တွေ အထူးသဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေမှာ စား၊၀တ်၊ နေရေး၊လုပ်နေရုံနဲ့ လူမဟုတ်သေးဘူး။ တိရစ္ဆာန်တွေ တောင် သူတို့ရဲ့ စား၊၀တ်၊နေရေး၊ အတွက် လုပ်ကြ တာပဲလို ဆိုဆုံးမလေ့ရှိပါတယ်။ စား၊၀တ်၊ နေရေး၊ တောင် မဟုတ် မျိုးဆက်ပြန့်ပွါး အောင် တောင်လုပ်နိုင် တာကို အမီးဘားပိုးက ကောင်းကောင်းပြနေပါတယ်။
    ဆေးသိပ္ပံမှာတော့ အမီးဘားလို ဆဲ (Cell) တစ်ခုထဲ ပါတဲ့ ပိုးတွေကိုအနိမ့်ဆုံး တိရစ္ဆာန်စာရင်း (Animal Kingdom) ထဲမှာထဲ့ထားပါတယ်။
        မဟာစည်ဆရာတော်ဘုရားကြီးကို ဒေါက်တာဦးမြင့်ဆွေက မေးလျောက်တဲ့ ရောဂါ ပိုးတွေဟာ သတ္တ၀ါထဲမှာ ပါ ပါသလား၊ဆရာဝန်များအနေနဲ့ ပိုးသတ်ဆေး လူနာကိုပေးတာ ပါဏာတိပါတကံ ထိုက် ပါသလားဆိုတဲ့မေးခွန်နဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီး ဖြေကြားတာက အမီးဘားလိုပိုးတွေဟာ  ကံအကြောင်းကြောင့်ဖြစ်တဲ့ သတ္တ၀ါမဟုတ်ဘဲ၊ ရောဂါစွဲမည့်ပုဂ္ဂိုလ်၏ အကုသိုလ်ကံ အကြောင်းအား လျော်စွာ ဥတုကြောင့်ဖြစ်ပေါ်သော ကမ္မပစ္စယ ဥတုဇရုပ် များသာလို့ ဖြေကြားတာ ဖတ်ရဘူးပါတယ်။
      သတ္တ၀ါစာရင်း ထဲတောင် မပါဝင်တဲ့ အမီးဘားလို ပိုးတွေတောင် စား၊၀တ်၊နေရေး၊ မျိုးပွါးရေးတွေ လုပ်တတ် တယ်ဆိုတော့။ ကျမရဲ့ဆရာဝန်သက်တမ်းမှာကြုံတွေ့ခဲ့တဲ့ အမီးဘားပိုးရဲ့ ထူးခြားတဲ့ရောဂါ လက္ခဏာသုံးမျိုးကိုဖေါ်ပြလိုက်ပါတယ်။
တော်ပါသေးရဲ့။
     ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ၊ကျောင်းသားများ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဆေးရုံကြီးခွဲစိပ်ခန်း အပြင်မှာ စိတ်ပင်ပန်းစွာ စောင့်နေကြ ပါတယ်။ အကြောင်းကတော့၊ ခွဲစိပ်ဆရာဝန် ကြီး လည်းဖြစ်၊ ပရာဖက်ဆာလည်းဖြစ် တဲ့ဆရာကြီး ဦးကျော်မောင် အသဲကင်ဆာ ဖြစ်လို့ ခွဲစိပ်ထုတ်ဖို့ ခွဲခန်းထဲမှာ ခွဲစိပ် ဆရာဝန်ကြီးတွေ အလုပ်ရှုပ်နေကြတယ်တဲ့။
     ဆရာကအသင်အပြ လည်းကောင်း၊စိတ်သဘောထားလည်း ပြည့်ဝလို့ ကျောင်းသူ ကျောင်းသားများရဲ့ အချစ်တော်ပါ၊ နောက်တစ်ချက်က ဆရာကလူပျိုကြီးပါ၊ ဒါကြောင့် ဆရာ အားမငယ်အောင်၊ဆရာ့မိသားစု  ကိုယ်စား အားပေးဖို့ စောင့်နေကြတာပါ။
           ဆရာက ကျန်းမာရေးကောင်းတဲ့သူပါ၊ တစ်နေ့ဗိုလ်ထဲက အောင့်လို့ မိတ်ဆွေ ဆေးကုသရေး အထူးကုဆရာဝန်ကြီးကို စမ်းသပ်ခိုင်းတော့ ဘာရောဂါ လက္ခဏာမှ မတွေ့ဘူး။ သာမန် ဗိုလ်အောင့် သက်သာဆေးတွေ စားပေမဲ့လည်း မသက်သာတာနဲ့ (General Medical check up) အထွေထွေ ဆေးစစ် စမ်းသပ်တော့ အသဲမှာ အလုပ်မလုပ်တဲ့ အလုံး (Cold mass) တွေ့တယ်တဲ့။ အလုပ် မလုပ်တဲ့အလုံး ဆိုတော့ ဆရာ့လို ၅၀ ကျော် ၆၀ ပတ်ဝန်ကျင် မှာတော့ ကင်ဆာလုံးဖြစ် ဖို့များပါတယ်။
      ဆရာ့ကျန်းမာရေးက ခွဲစိပ်တဲ့ဒဏ်ကို ခံနိုင်တယ်၊ တခြား ကင်ဆာပြန့်တဲ့ လက္ခဏာ တွေလဲ မရှိတော့ ခွဲစိပ်လို့ အချိန်မှီသေးတယ် ဆိုပြီး အလျှင်အမြန် ခွဲဖို့ စီစဉ်ကြ တာပါ။
      အသဲမှာ ဖြစ်တဲ့ ကင်ဆာက အလွန်ပြန့်လွယ်ပါတယ်။ များသောအားဖြင့် အသဲ ကင်ဆာ ဖြစ်တယ်လို့ သိတဲ့ အချိန်မှာ  ၉၀% က ခွဲထုတ်လို့ မရတော့ပါဘူး။ နောက်တစ်ချက်က အသဲက ဒီပြင့်အင်္ဂါနဲ့ မတူပါဘူး၊ အသဲရဲ့ ၇ ပုံ ၈ ပုံအထိ ခွဲထုတ်လို့ ရပါတယ်။
    တစ်နာရီလောက်ကြာတော့ ခွဲစိတ်ခန်းထဲ့က ဆရာဝန်တွေ ပြုံးရွှင်စွာ ထွက်လာကြ ပါတယ်။ကင်ဆာလုံး မဟုတ်ဘူးတဲ့။ အမီးဘားဝမ်းကိုက်ပိုး ကြောင့်ဖြစ်တဲ့ ပြည်လုံးတဲ့။ ၀မ်းကိုက်ပိုးရဲ့ပြည်က တခြားပြည်တွေလို အဖြူ(၀ါ) အ၀ါရောင်ပြစ်ပြစ် မဟုတ်ပါဘူး။ နိုင်ငံခြားကရေးတဲ့ ဆေးစာအုပ်တွေမှာတော့ သူတို့စားတဲ့ အစာနဲ့ နိုင်းပြထားပါတယ်။ မြန်မာအစာနဲ့ ထင်လွယ်မြင်လွယ်အောင် ပြောရမယ်ဆိုရင် ပုံရည်ကြီးနဲ့ တူပါ တယ်။ ညိုညို ပြစ်ပြစ်ပါ။
      (ပုံရည်ကြီး ကြိုက်တဲ့ သူတွေ Sorry နော်၊ ကျမလည်း ကြိုက်ပါတယ်၊ ရန်ကုန်အပြန်မှာ ၀ယ် လာရတဲ့ အစားအစာထဲမှာ သူကလည်း မပါမဖြစ်တဲ့ အစာတစ်ခုပါ)။
စိတ်ရောဂါတဲ့
           မေမေရဲ့ငယ်သူငယ်ချင်း ဖါးအံ့က ရန်ကုန်ရောက်နေလို့ ရန်ကုန်မှာနေတဲ့ သူ့သမီးနဲ့ အိမ်ကို လာလည်ကြပါတယ်။ သူငယ်ချင်းနှစ်ယောက် မတွေ့တာ နှစ်ပေါင်း ၃၀-၄၀ လောက်တောင် ရှိနေပြီ ဆိုတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ မေမေက ကျမတို့ကို သူ့ သူငယ်ချင်းနဲ့ မိတ်ဆက် ပေးပါ တယ်။ ကျမ ဆရာဝန်ဖြစ်တယ် ဆိုတာ သိတော့ မေမေ့သူငယ်ချင်းရဲ့ သမီးက သူရောဂါများလို့ ဆေးပင်စင်  ယူလိုက်ရကြောင်း။ နှလုံးရောဂါလဲရှိ၊ သားအိမ်လဲမကောင်းလို့ လာမဲ့အပတ်မှာ သားအိမ် ခွဲထုတ်ရမဲ့ အကြောင်း ပြောပါတယ်။ သူ့ကိုခွဲမဲ့ မီးရပ်နဲ့သားဖွါး ဆရာဝန်က ကျမရဲ့ သူငယ်ချင်း ဖြစ် နေတာနဲ့ သူ့ရောဂါ အခြေအနေ သိရအောင် သူငယ်ချင်း ဆီ ချက်ချင်းဖုန်းဆက် လိုက်ပါတယ်။
     ကံကောင်းချင်တော့ သူငယ်ချင်းနဲ့ တိုက်ရိုက်တွေ့ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းက နင့်အမျိုးက (ကျမက လွယ်လွယ်ကူကူ အမျိုးလို့ ပြောလိုက်လို့ပါ) ပြောရမှာတော့ အားနာ တယ်။ (Psycho စိတ်သမားတဲ့ ဆေးလောကမှာ အနာမရှိအနာရှာပြီး ရောဂါထူတဲ့သူ တွေကို ပေးထား တဲ့နံမည်ပါ)။ အခုလည်း လိုအပ်လို့ ခွဲတာမဟုတ်ဘူး။ သူက တကျည်ကျည်နဲ့ ဟိုကနာတယ်၊ ဒီကနာတယ် ဖြစ်နေလို့ စိတ်ကိုကုတဲ့သဘောနဲ့ ခွဲမှာတဲ့။
        ဖုန်းဆက်ပြီးတော့ကျမလဲ တော်တော်ဒေါကန်သွားတယ်။အလကား ဆရာဝန်တွေကို အလုပ် လာရှုပ် တယ်ပေါ့။ ဒါပေမဲ့ စမ်းသပ်ကြည့် လိုက်ပါအုံး မယ်လေ။ကျမသေသေချာချာ စမ်းသပ်ပြီး ရောဂါမရှိဘူး ဆို တာ ယုံကြည်အောင် ပြောနိုင်ရင်တော့ အလကား ခွဲစရာ မလို တော့ဘူးပေါ့။ သူ့မှာ နှလုံးရောဂါလဲရှိ တယ် ဆိုတော့ မလိုအပ်ပဲ ကျန်းမာရေး ပိုထိခိုက်မဲ့ မေ့ဆေးဒဏ်တို့၊ ခွဲစိပ်တဲ့ဒဏ်တို့ မခံရတော့ဘူးပေါ့။
        ဒါပေမဲ့ ကျမ စမ်းသပ်ကြည့်တော့ သူ တကယ်ပဲ နာနေတာ တွေ့လိုက်ရပါတယ်။သူ့ရဲ့ ညာဘက် ဗိုလ် နေရာ (အသဲနေရာ) က နာနေ တာကိုတွေ့လိုက်ရ ပါ တယ်။ ဒီနေရာကနာရင် ၀မ်းကိုက်ပိုးကြောင့် အသဲရောင်တာ ဖြစ်နိုင် ပါတယ်။ ဒါနဲ့ သူ့ကိုခွဲစိပ်ဖို့ ခဏရပ်ဆိုင်းထားဖို့နဲ့ ၀မ်း၃ ရက်ဆက်တိုက်စစ် ဖို့ပြော ပါတယ်။ တဆက်ထဲမှာပဲ ဓါတ်ခွဲခန်းက ကျမတပည့် (Technician) ကို ၀မ်းကို ကွန်စင်ထရေရှင်း (Concentration) လုပ်ပြီး၊ ၀မ်းကိုက်ပိုး ကို သေသေချာချာရှာဖို့ ဖုန်းဆက် ပြောလိုက်ပါတယ်။
 Concentration လုပ်တယ် ဆိုတာ ၀မ်းထဲမှာ ၀မ်းကိုက်ပိုးနည်းနေရင် တွေ့ဖို့ အခွင့် အရေး များအောင် လုပ်တဲ့နည်းပါ။ ပထမ ၀မ်းကို ဆားရည်မှာ ဖျော်ရပါတယ်၊ ၀မ်းထဲမှာ ပါတဲ့ အဖတ်တွေ ဖယ်၊ အရည်ကြည်ကို ယူပြီး၊ ၀မ်းကိုက်ပိုးတွေ အနယ်ထိုင်စေတဲ့ စက်ထဲမှာ ထဲ့ လှည့်ရပါတယ်။ ပြီးမှ ရလာတဲ့ အနယ်ကို မှန်ဘီးလူးအောက်မှာ ပိုးရှာရတာပါ။
      အခုလို နှစ်ရှည်လများ ရောဂါ ဖြစ်နေသူရဲ့ ၀မ်းမှာ ၀မ်းကိုက်ပိုး သိပ် မပါတော့ပါဘူး။ လောလောဆယ် ၀မ်းကိုက်တဲ့ လူနာရဲ့ ၀မ်းမှာတော့ ၀မ်းကိုက်ပိုးတွေ တော်တော်များများ ပါ လို့ Concentration လုပ်စရာ မလိုပါဘူး။
      သာမန်အားဖြင့် ၀မ်းစစ်တယ်ဆိုတာ ၀မ်းတစ်စက်ကို ဆားရည်ထဲမှာ ဖျော်ပြီးအဆ ၅၀၀-၁၀၀၀ ချဲ့ပြီး ကြည့်တာပါ။ ၀မ်းတိုင်းကို Concentration လုပ်မယ်ဆိုရင် ကျန်တဲ့ ဓါတ်ခွဲခန်း အလုပ်တွေ ပြီးမှာ မဟုတ်တော့ ပါဘူး။ တကယ်လို လို့ တောင်းရင်တော့ လုပ်ပေး ပါတယ်။  ထင်တဲ့အတိုင်း သူ့ဝမ်းမှာ ၀မ်း ကိုက်ပိုး စစ်ပုံ ကိုတွေ့ရပါတယ်။ “အနာသိ ဆေးရှိ ” ဆိုတဲ့အတိုင်း အမီးဘာဆေးနဲ့ (နှလုံးမှာ အပေါက် ဖြစ်တဲ့ ရောဂါကလွဲရင်) လုံးဝကောင်း သွားပါ တယ်။ Psycho စိတ်သမားလို့ အခေါ်ခံရတဲ့ ဘ၀ကလဲ ကျွတ်လွတ်သွားပါတယ်။ သူ့သားတွေ ရှိရာ စင်္ကပူကိုတောင် သွားလည် နေပြီတဲ့။
ကိုယ့်ရောဂါကိုကျွမ်းကျင်စွာကုသနိုင်မဲ့ဆရာဝန်ရွေးတတ်ပါစေ
          ကျမနောက်ဆုံးနှစ် ဆေးကျောင်းသူဘ၀၊ ညကြီးမင်းကြီး တံခါးလာခေါက်လို့ ဖွင့်ကြည့် လိုက်တော့။ မအူပင်မြို့က ဆွေနီးမျိုးစပ် မိသားစု ဖြစ်နေပါတယ်။ သူတို့ရဲ့တစ်ဦးတည်းသောသားလေး အရေးပေါ် ဆေးရုံတင်ရတဲ့အကြောင်း။ အခြေအနေမကောင်းလို့ ညတွင်းချင်းခွဲမယ် ဆိုတဲ့အကြောင်း။ လိုက်ကြည့် ပေးဖို့ အားကိုးတစ်ကြီးနဲ့ ပြောကြပါတယ်။ကျမလဲ ကမမ်းကတမ်း အ၀တ်အစားလဲပြီး လူနာတင်ထားရာ ဆေးရုံကြီးကို လိုက်ခဲ့ပါတယ်။
     အဆင်သင့်ချင်တော့ ခွဲမဲ့ဆရာဝန်ကြီးက အသင်အပြရော၊ ခွဲစိပ်တဲ့နေရာမှာရော အလွန် တော်တဲ့ ကျမရဲ့ဆရာ ပရောဖက်ဆာ ဖြစ်နေပါတယ်။ ဆရာ့ထံမှာ အမျိုးကို ခွဲစိတ်တဲ့ အခါ ခွဲခန်းထဲဝင်ကြည့်ခွင့် ပေးဖို့ တောင်ပန်ပြီး၊အပြင်က စောင့်နေတဲ့ မိသားစုကိုလည်း စိတ်မပူဖို့၊ မြန်မာပြည်မှာ အတော်ဆုံး ခွဲစိတ်ဆရာဝန်ကြီး ကိုယ်တိုင် ခွဲမှာဖြစ်ကြောင်း အားပေးပြီး၊ ခွဲစိတ်ခန်းထဲဝင်ခဲ့ပါတယ်။
      လူနာက အသက်၂၅ နှစ်သာ ရှိသေးတဲ့ လူရွယ်တစ်ယောက်ပါ၊လာမဲ့အပတ် မှာလည်း သိပ္ပံပညာဘွဲ့ ယူမဲ့ ခေတ်ပညာတတ် တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရောဂါအခြေအနေက သေရေး ရှင်ရေး မခွဲရင် ပြစ်လိုက်ရမှာမို့ ရလိုရငြား စွန့်ပြီးအရေးပေါ်ခွဲရတာပါ။
       ဗိုလ်ဖွင့်လိုက်တာနဲ့ ဗိုလ်ထဲမှာ မြင်မကောင်းရှုမကောင်း အူအနာတွေက ပေါက်ထွက် နေပါတယ်။ များလှတဲ့ အူပေါက်တွေကို ဘယ်လိုမှ ပိတ်လို့မဖြစ်နိုင် (အူအသားတွေ ရိနေပါ တယ်) တာနဲ့ အနာတွေ ရှိတဲ့ အူမကြီးတစ်ခုလုံးဖြတ်ထုတ်ပြီး၊ ကျန်တဲ့အူနှစ်စကို ပြန်ဆက်၊ ဗိုလ်နံရံ ဘေးမှာ ၀မ်းထွက်ဖို့ အပေါက် ဖေါက်၊ ညစ်ပတ်နေတဲ့ ဗိုလ်ကို သန့်ရှင်းရေး လုပ်ပြီး ဗိုလ်ပြန်ပိတ် လိုက်ပါတယ်။ ဆရာက ပြောပါတယ်၊ မင်းလူနာ ၄၈ နာရီကျော်ရင်တော့ ငါတို့ ခွဲတာ အောင်မြင်ပါလိမ့်မယ်တဲ့။ ဒါပေမဲ့ နောက်တစ်နေ့ ၂၄ နာရီ အတွင်းပဲ လူနာသေဆုံး သွားပါတယ်။
     လူနာ့အူတွေကို ဖေါက်ပြစ်တဲ့ တရားခံကတော့ အမီးဘာပိုးပါပဲ။ ဒီလောက် အခြေ အနေ ဆိုးတဲ့အထိ ဖြစ်ရအောင် ဘယ်ဆရာဝန်နဲ့မှ မပြ ဘူးလား ဆိုတော့။ ပြပါတယ်တဲ့ ရန်ကုန်ကနံမည်ကြီး ခွဲစိပ်ဆရာဝန် တစ်ဦးနဲ့ ပြသကြောင်း။ အဲ့ဒီဆရာဝန်ကြီးဆီမှာ ပြထား တဲ့စာအုပ်ကို ပေးပါတယ်။ အပြင်ကိုယ်ပိုင် ဆေးခန်းမှာ ပြထားတဲ့ စာအုပ်ငယ်လေးထဲမှာ။
      ခွဲစိပ်ဆရာဝန်ကြီးက သူ့လူနာ သွေးထွက်မထွက်ကိုပဲ ဂရုစိုက်ပြီး၊ အမီးဘားပိုးစစ်ပုံက သူ့ လူနာကို ဒုက္ခမပေးနိုင်ဘူးဆိုပြီး သိပ်အရေးမထားခဲ့ဟန် တူပါတယ်။ ဒါပေမဲ့ အမီးဘားပိုး စစ်ပုံ က အမီးဘား ပိုးဗယ်ဂျီတေတစ်ပုံက ဖြစ်လာတယ် ဆိုတာ မေ့သွားဟန်တူပါတယ်။
     နံမည်ကြီးဆရာဝန် တော်တော်များများဟာ လောဘရဲ့ သားကောင်တွေ ဖြစ်ကုန်ကြပြီး၊ လာသမျှ လူနာတွေအကုန် ကြည့်ကြပါတယ်။ ဒါပေမဲ့ လူဟာ စက်မဟုတ်ပါဘူး။၂၄ နာရီ ခိုင်း လို့ မရပါဘူး။ အထူးသဖြင့် အေးအေးဆေးဆေး လေးလေးနက်နက် စဉ်းစားရမဲ့ ဆေးကုသမှု မျိုးတွေမှာ အချိန်ပေး သင့်ပါတယ်။ နိုင်ငံခြားမှာသာဆိုရင် လူနာက တရားစွဲလို့ သူတစ်သက် လုံး ရှာထားတဲ့စီးပွါးတွေ ကုန်ရမှာပါ။
      တစ်ခါက နားနှခေါင်းအထူးကုဆရာဝန်ကြီးဦးသိန်းမောင်ကပြောဘူးပါတယ်။ အထူးကု (Specialist) ဆိုလို့ သိပ်အထင်မကြီးနဲ့တဲ့ အများကြီး မသိတော့ပဲ နည်းနည်းလေး သိသွား တာကို ပြောတာတဲ့။ ဟုတ်ပါတယ်။ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခု (၀ါ) ပညာရပ်တစ်ခုကို အသေးစိပ် သိသွားပေမဲ့ လူကိုယ် ခန္ဓာတစ်ခုလုံး (General) ကို သိတာတော့ နည်းသွားပါတယ်။ ဒါကြောင့်လူနာ အနေနဲ့ အထူးကုဆီ တန်းပြီး သွားမပြပဲ၊ပထမဦးဆုံး အထွေထွေ ရောဂါကု (Generalist) ကိုအ ရင်ပြသင့်ပါ တယ်။
     ခက်တာကမြန်မာနိုင်ငံမှာ မကြွားသင့်တဲ့ နေရာ တွေမှာ ကြွားကြပါတယ်။ ရောဂါဖြစ်ရင် ဘယ် နံမည်ကြီး၊ ဘယ်နိုင်ငံ ပြန်ဆရာဝန်ကြီးနဲ့ပြတဲ့အကြောင်း၊ ဘယ်နိုင်ငံက ဆေးကို နိုင်ငံခြားကမှာ သောက်ကြောင်းဆိုတာတွေကို ၀မ်းသာအားရ ဂုဏ်ယူပြောနေကြတာကို အံ့သြ စွာတွေ့ရတာပါပဲ။
ပြင်သစ်နိုင်ငံမှာ အရေပြားရောဂါ၊ မီးရပ်နဲ့သားဖွါးရောဂါ၊ မျက်စိရောဂါ၊ တွေက လွဲရင် မိမိပြနေကျ အထွေထွေရောဂါကု ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အထူးကု ဆရာဝန်တွေကိုပြမှ ဆေးကုသမှု ကုန်ကျစရိတ်ကို အစိုးရက ပြန်ပေးပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်သွားပြရင် မပေးပါဘူး။
       အဆထောင်ပေါင်းများစွာချဲ့ထားတဲ့အီးလက်ထရွန်မှန်ဘီးလူး(Electron microscope)အောက် မှာတွေ့ရတဲ့ရောဂါအမျိုးမျိုးဖြစ်စေတဲ့ အမီးဘာ ၀မ်းကိုက်ပိုး ဗယ်ဂျီတေတစ်ပုံ (Amoeba vegetative form)။
အဆတစ်ထောင်ချဲ့မှန်ဘီးလူး(microscope) အောက်မှာတွေ့ရတဲ့ လူတစ်ဦးမှ တစ်ဦး သို့ရောဂါကူးဆက်စေတဲ့အမီးဘာဝမ်းကိုက်ပိုး စစ်ပုံ (Amoeba cyst form) ။
          နောက်အရေးကြီးတဲ့ ၀မ်းစစ်ရခြင်း အကြောင်းကတော့ အစာအိမ်အနာက သွေးထွက်မထွက် သိအောင်လို့ပါ။  ဒီရောဂါမှာလည်း သွေးဟောင်းတွေ့ဖို့ အခွင့်အရေးပိုများအောင် ၃ ရက် ဆက်စစ်တာ ကောင်းပါတယ်။သွေးဟောင်းဆိုတာ အစာအိမ်ထဲကထွက်လာတဲ့ သွေးကို ဆိုလိုတာပါ။ အစာအိမ်ထဲမှာ အက်စစ်ရည်တွေရှိတာမို့ သွေးဟာ နဂိုအနီရောင် မဟုတ်တော့ ပါဘူး။ ညိုပုပ်ပုပ်ဖြစ်သွားပါပြီ၊ သွေးဟောင်း သိပ်များရင်တော့ ကပ်တရာစီး လိုမည်းပြီး စီးကပ် နေပါတယ်။ အစာအိမ်အနာရှိနေသူများ  ၀မ်းကို သတိထားကြည့်သင့်ပါတယ်။ ကိုယ့်ဝမ်းက ကပ်တရာစီးလို မည်းပြီး စီးကပ်နေတယ်ဆိုရင် ဆရာဝန် နဲ့ အမြန်ပြ သင့်ပါ တယ်။ (မှတ်ချက် သံဓါတ်ပါသော ဆေးများစားနေလျှင်လည်း ၀မ်းမည်းမည်း တွေ သွားပါတယ်)
        အက်စစ်မထိတဲ့နေရာတွေက သွေးထွက်တယ်ဆိုရင် သွေးအရောင်အတိုင်း နီပါတယ်။ ဥပမာ၊ အူမကသွေးထွက်တာ၊ လိပ်ခေါင်း ကသွေးထွက်တာမျိုး။
        ကိုယ့်ဝမ်းကို စွန့်ပြီးရင် ပြန်ကြည့်ပြီး အသုဘကိုယ် ဆိုတာ သတိသံဝေဂ ယူဖို့ မြတ် ဘုရားက သားရဟန်းတို့အား မိန့်မှာတော်မူ တယ်လို့ မှတ်သားဖူးပါတယ်။ ကိုယ့်မစင်ကို ပြန် ကြည့်ရင် လောကီရော၊ လောကုတ္တရာရော အကျိုးများတာမို့ ဘုရားသားတော်များ သာမက လူဝတ် ကြောင်တွေလဲကြည့်သင့်ပါ တယ်။
အသုဘ ဘာဝနာ (ရေအိမ်တက်) ရဋ္ဌပါလ။
မနေ့ကအစာ၊မနက်မှာ၊ဖျစ်ညှစ်ထွက်လို့လာ၊
အဆင်းလဲပျက်၊အနံ့ပျက်၊အားလုံးပျက်သည်သာ၊
အညစ် အစို့၊နံဟောင်သလို၊အန်ပျို့ချင်စရာ၊
လက်ဖျားနှင့်ပင်မထိချင်၊ထိလျှင်၊ဆေးကြောကာ၊
ရွှံစရာဖုံ၊တစ်ကိုယ်လုံး၊မစင်တုံးကြီးမှာ၊
အကောင်းမရှိ၊ဗလာအတိ၊နတ္ထိချစ်စရာ၊
ဓါတ် ရုပ်လေးပါး၊ခွါ ၍ထား၊အသားအရိုးလေးပုံပါ၊
လေးပုံတစ်စု၊ဖယ် ၍ရှု၊တစ်ခုမကျန်ပါ၊
ဘာမှမကျန်၊ရုပ်နှင့်နာမ်၊စွန့်ရန်သင့်သည်သာ။
ကျမ်းကိုး။
၁။မဟာစည်ဆရာတော်ဘုရားကြီးဖြေကြားတော်မူသောဘ၀ပြဿနာ။
၂။မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားတော်များ။
၃။ရဋ္ဌပါလ။
Tuesday, June 19, 2012
ကော်ဇောအနီရောင်။
          အမေရိကန်နိုင်ငံ Alaska၊ Politician မိသားစုမှ အသက် ၃၆ နှစ်ရှိ Dudy တစ်ယောက် သူမ သွားနေကြ ဟော်တယ်ဘားသို့ ရောက်လာပါတယ်။ သူမမှာ ငွေတစ်ထပ်ကြီးပါတဲ့အပြင် Hawaii  ကို သွားဖို့လေယဉ်လက်မှတ်လည်းပါ ပါတယ်။ ဘားမှာ သောက်နေစဉ်။ ဟိုတယ်မှ ယောက်ျားတစ်ယောက် ဆင်းလာပြီး Dudy  နှင့်အတူတူသောက်ကြပါတယ်။ ထိုနောက် နှစ် ယောက်သား ထိုလူ၏ဟိုတယ်ခန်းသို့ တက်သွားကြပါတယ်။ ခဏအကြာမှာ Dudy တစ် ယောက်တည်း ဆင်းလာပြီး တက်စီဖြင့် ဟိုတယ်မှ ထွက် သွားပါတယ်။ ဒီနောက်ပိုင်း Dudy ပျောက်ဆုံးနေပါ တယ်။ Dudy အမေက Dudy မဆက်သွယ်တာ ၂ ပတ် အကြာမှာ Dudy ပျောက်ဆုံးကြောင်း ပုလိပ်ထံတိုင်တန်းပါတယ်။
          Dudy နှင့် ဘားမှာတွေ့ခဲ့သောသူအားစုံစမ်းရာ ထိုလူအနေနဲ့ နံမယ်အတုပေးထားပြီး လက်ငင်း ငွေ ခြေခဲ့သဖြင့် မည်သူမည်ဝါဖြစ်သည်ကိုစုံစမ်းမရဖြစ်နေပါတယ်။
          တက်စီသမားများအား စုံစမ်းရာ Dudy ကို မှတ်မိသူမရှိပါ။ လေယဉ်ဌာနတွင် စုံစမ်း သည့်အခါ Dudy လေယဉ်စီးခဲ့ခြင်းမရှိပါ။ Dudy မပျောက်ဆုံးခင်က Karl Brown နှင့် ၉ လ ကြာအတူနေထိုင်ခဲ့ကြ ပါတယ်။ Dudy က ၎င်း၏မိခင်အား Karl Brown သည်တစ်ခါတစ်ရံ အကြမ်းဖက်တတ်ကြောင်း။ ၎င်း အနေဖြင့် Hawaii သို့သွားရောက်၍ ဘ၀သစ်စ မည်ဟုပြော ဆိုခဲ့ပါတယ်။ ဘားသမားက Dudy က လေယဉ်မစီးခင် အိမ်ပြန် ပစ္စည်းများယူအုံးမယ်ဟု ပြောဆို ခဲ့တဲ့အတွက် စုံထောက်များ Karl Brown ၏အိမ်အားသွားရောက်စစ်ဆေးရာ Karl Brown က Dudy အနေနဲ့ ဒီမြို့မှာ မပျော်တော့သဖြင့် ထွက် သွားပြီး ဖြစ်ကြောင်း ပြောဆိုပါ တယ်။
ဒီလိုနဲ့ ၂လခန့်ကြာခဲ့ပါတယ်။ ဘာသတင်းမှ ထူးမလာပါဘူး။ တစ်နေ့မှာ Dudy နောက်ဆုံးသွားခဲ့တဲ့ ဘားရဲ့ ၃၀၀ km မှာ မိသားစု တစ်စု Pick nick ထွက်ရာက ခလေးများ တောစပ်တွင် အ၀တ်ဖြင့် ထုတ်ထား သော ပုပ်ပွနေသည့် မိန်းမ အလောင်း တစ်လောင်း တွေ့ ခဲ့ကြပါတယ်။
          ပုပ်ပွနေသည့် အလောင်းဖြစ်တာမို့ အလောင်းမှာထင်ကျန်နေတတ်တဲ့လက်ဗွေရာများ၊ DNA များလည်း ပျက်စီးကုန်ပါပြီ။ အလောင်းရဲ့ခေါင်းတစ်ခြမ်းမှာတော့ ပစ္စည်း တုံးတုံးတစ်ခုနဲ့ ပြင်းပြင်းထန်ထန် အရိုက်ခံထားရတဲ့ ဒါဏ်ရာရှိနေပါတယ်။ အလောင်းဟာ Dudy ကဲ့သို့ ၁.၅ မီတာရှည်ပြီး၊ နီညိုရောင်ဆံပင် အတို ရှိပါတယ်။
          ယခုအမှုမှာ၊ ဘာလက်နက်၊ဘာမျက်မြင်သက်သေ၊ လက်ဗွေရာ၊ DNA စတဲ့ သိပ္ပံ ဆိုင်ရာ သက်သေများလည်းမရှိပါဘူး။ အလောင်းကို အ၀တ်ဖြူနဲ့ထုပ်ထားပါတယ်။ အဲ့ဒီ အ၀တ်ဖြူက အိပ်ရာခင်း နဲ့တူပါတယ်။ အိပ်ရာခင်းတောင် ရိုးရိုး မဟုတ်ပါဘူး။ ဟိုတယ် တွေ မှာသုံးလေ့ရှိတဲ့ အနီ၊ အပြာ၊ အ၀ါ စတဲ့ အစင်းတွေပါတဲ့အိပ်ရာခင်းမျိုးပါ။ အိပ်ရာခင်း ချုပ်လုပ် ရာဌာနကိုသွားရောက်စုံစမ်းတဲ့အခါ ဟိုတယ်များ ဟာ သူတို့ရဲ့အိပ်ရာခင်းများကို အစင်းရဲ့ အရောင်များနဲ့သတ်မှတ်ထားတာကိုတွေ့ရပါတယ်။ အခုတွေ့ရတဲ့ အ၀ါရောင်အစင်း ရှိတဲ့ အိပ်ရာခင်းဟာ မြို့လည်က ဟော်တယ်တစ်ခုတည်းက သုံးတဲ့အိပ်ရာခင်းဖြစ်နေပါ တယ်။ ဒါပေမဲ့ ဟော်တယ်က ဘယ်သူကမှ Dudy ကိုသတိမထားမိကြပါဘူး။
အိပ်ရာခင်းကိုထပ်မံစစ်ဆေးတဲ့အခါ အနီရောင်ချည် တစ်ချို့ငြိနေတာ တွေ့ပါတယ်။ ဒီချည်တွေဟာ polyester လို့ခေါ်တဲ့ ချည်များဖြစ်ပါတယ်။ ကော်ဇောများရက်လုပ်ရာမှာ အသုံးပြုပါတယ်။ စုံထောက်များ သတိထားမိတာက Karl Brown ရဲ့အိမ်ကိုသွားရောက် စစ် ဆေးစဉ်က Karl Brown ရဲ့အိမ်ရှေ့ အမှိုက်ပုံမှာ ကော်ဇောအနီရောင်ပစ်ထားတာကို တွေ့ခဲ့ ပါတယ်။ ဒါကြောင့် Karl Brown ဆီကိုထပ်မံသွား ရောက်ခဲ့ ပါတယ်။ ပစ်ထားတဲ့ ကော်ဇော အနီရောင် မရှိတော့ပါ။ Karl Brown ရဲ့အိမ်မှာကော်ဇော လိမ်မော်ရောင် ခင်းထားပါတယ်။ Karl Brown ကိုမေးမြန်းတဲ့အခါမှာ အရင်ကော်ဇောကဟောင်းနွမ်းစုပ်ပြတ်နေလို့ အသစ် လဲလိုက် ကြောင်းပြောပါတယ်။ ဘယ်တုန်းကလဲခဲ့ သလဲလို့မေးတဲ့အခါ Dudy ထွက်မသွားခင်က Dudy မကြိုက်လို့ လဲခဲ့တယ်လို့အစစ်ခံပါတယ်။ Karl Brown ရဲ့အိမ်မှာ ကော်ဇောအသစ်ပြောင်းသွားတာက လွဲရင်၊ ဘာသွေးစွန်းတာ၊ ခိုက်ရန်ဖြစ်ထားတဲ့ လက္ခဏာများမရှိတဲ့အတွက် စုံထောက် များအနေနဲ့ Karl Brown ရဲ့အိမ်ကိုရှာဖွေခွင့် ၀ါရမ်းမရခဲ့ပါဘူး။ ဒါပေမဲ့ ဒီအမှုကို ကိုင်တဲ့ စုံထောက်က Karl Brown ကို မသင်္ကာပါဘူး။ ဒါကြောင့် ပတ်တရောင်းလှည့်တဲ့ ပုလိပ်များကို Karl Brown ရဲ့အိမ်ရှေ့ကိုအနည်းဆုံး တစ်လတစ်ခါ လောက်ဖြတ်ကြည့်ရန် မှာထားခဲ့ ပါ တယ်။ စောင့်ရကျိုးနပ်ပါပြီး။ ၆လ အကြာမှာ Karl Brown ရဲ့အိမ်ကို ရောင်းမဲ့စာတမ်း ကပ်ထား တာ တွေ့ရပါတယ်။ ရောင်းမဲ့အိမ်ဖြစ်တဲ့အတွက် ရှာဖွေ       ၀ါရမ်းမလိုပဲ ရှာနိုင်ပါတယ်။
စုံထောက်များအိမ်ကိုအသေးစိတ်ရှာဖွေတဲ့အခါမှာ လိမ်မော်ရောင် ကော်ဇော အောက် ကသံချောင်းမှာ ငြိကျန်နေတဲ့ အနီရောင်ကော်ဇောဟောင်းမှချည်စ အနည်းငယ်တွေ့ပါတယ်။ အဲ့ဒီချည်စတွေကို ယူပြီး polyester ကျွမ်းကျင်သူထံပို့လိုက်ပါတယ်။ polyester  ချည်မျှင် တိုင်းမှာ တိကျတဲ့ (Characteristic melting point) အရည်ပျော်မှတ်ရှိပါတယ်။ အရည်ပျော် မှတ်တူရင် ချည်တစ်မျိုးထဲလို့ ပြောနိုင်ပါတယ်။ တစ်နည်းအားဖြင့် လူတစ်ယောက်ထဲရဲ့ DNA လိုပါပဲ။ ထင်တဲ့အတိုင်း Karl Brown ရဲ့အိမ်က အနီရောင် polyester ချည်မျှင်နဲ့ Dudy အလောင်းကိုထုပ်ထားတဲ့ အိပ်ရာခင်းမှာ ကပ်နေတဲ့ အနီရောင် polyester ချည်မျှင်တို့ ဟာ တစ်မျိုးထဲပါ။
နောက်စုံစမ်းရရှိတာက Karl Brown ဟာ Dudy အလောင်းကိုထုပ်ထားတဲ့ အိပ်ရာခင်း သုံးတဲ့ ဟော်တယ်မှာအလုပ်လုပ်ပါတယ်။ Karl Brown အနေနဲ့ အိပ်ရာခင်းကို ဟော်တယ် က ခိုးယူခဲ့တယ်လို့ ယူဆပါတယ်။ ဒီအမှုမှာ မထင်မှတ်တဲ့ အသေးအမွှား အပေါ်စားကော်ဇောက ချည်မျှင်လေးက လူသတ်တရားခံကိုဖေါ်ထုတ်ခဲ့တာဖြစ်ပါတယ်။ Karl Brown ဟာ Dudy သူ့ကိုထားခဲ့တာ ကို လက်မခံ နိုင် လို့ Dudy အိမ်ပြန်ပြီး ပစ္စည်းတွေသိမ်းတဲ့အချိန်မှာ နောက်က  ရိုက်သတ်ခဲ့ပြီးနောက် အလောင်းကို သွားပစ်ထားခဲ့တယ်လို့ စုံထောက်များကယူဆပါတယ်။
NT1  မှ ၂၀၁၂ ခုနှစ် ဂျွန်လ ၁၆ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။
Friday, June 15, 2012
အစိမ်းရောင်ရွှေ (Golden Green)
စိမ်းရောင်ရွှေဆိုလို့ မြတွေ၊ ကျောက်စိမ်းတွေကိုဆိုလိုခြင်းမဟုတ်ပါ။ အံ့သြဖွယ်ရာ
ကွမ်းရွက်ရဲ့ ကျန်းမာရေးနဲ့အာဟာရတန်ဖိုးကိုခေတ်မှီနည်းများဖြင့်သုတေသနပြုတွေ့ရှိ
တဲ့အတွက် အိန္ဒိယနိုင်ငံအစားအသောက်နဲ့စိုက်ပျိုးရေးဌာနမှ အစိမ်းရောင်ရွှေ (Golden Green) လို့တင်စားမှဲ့ခေါ်လိုက်တာပါ။
ကွမ်းရွက်ရဲ့ဆေးဖက်ဝင်ပုံတွေကို မြန်မာတိုင်းရင်းဆေးတော်တော်များများမှာ တွေ့ရပါတယ်။ ကျမငယ်ငယ်က ချောင်းဆိုးတိုင်း ကွမ်းရွက်ပြုပ်ရည်သောက်ခဲ့ရပါတယ်။ ညီမလေးတွေ နေကောင်းခါစမှ ကွမ်းရွက်ပြုပ်ရည်နဲ့မေမေရေချိုးပေးတာတွေ့ခဲ့ပါတယ်။ တူလေးငယ်ငယ်ကလည်း ၀မ်းချုပ်လေ့ရှိတာမို့ ကွမ်းရိုးနဲ့ ချူပေးတာတွေ့ပါတယ်။
          စာရေးဆရာသာဂဒိုးရဲ့စူလာနဖာ စာအုပ်မှာမျက်စိအားနည်းတာ၊နားလေးတာတွေကို
ကွမ်းရွက်နဲ့ကုသနည်းတွေ၊ စာရေးဆရာ သာဂတိုးရဲ့ စူလာနဖါ၊ စာအုပ်မှာ မျက်စိအားနည်းတာ၊ နားလေးတာတွေ ကိုကွမ်းရွက်နဲ့ ကုသနည်းတွေ၊ ၎င်းကိုယ်တိုင် ဟတ်အတက် (heart attack) ရတဲ့အခါ အလွယ် တကူရှိနေတဲ့ ကွမ်းရွက်ကိုပဲ နှလုံးနေရာမှာ ကပ်ထားခြင်းဖြင့် သက်သာရာရ ခဲ့ ကြောင်းများ ရေးထား ပါတယ်။ ဒါပေမဲ့ ကွမ်းရွက်မှာဘာတွေရှိလို့ ဒီရောဂါတွေပျောက်ရတာလဲ။ တိုက်ဆိုင်မှုလား၊ ဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာပါတယ်။ဒီမေးခွန်းတွေကို ဖြေနိုင်မဲ့ ခေတ်မှီ သုတေသနပြု ချက်များ ကြောင့် သိပ္ပံနည်းကျကျဖြေနိုင်ပါပြီ။
လပ်ဆပ်သောကွမ်းရွက်တွင်ပါဝင်သောအာဟာရဓါတ်များ။
၁။ ရေ ၈၅-၉၀%။
၂။ အသားဓါတ် (Protein) ၃-၃.၅%။
၃။ အဆီ (Fat) ၀.၄ -၁.၀%။
၎။ သတ္ထုဓါတ် (Minerals) ၂.၃-၃.၃%။
၅။ အမျှင်ဓါတ် (Fibre) ၂.၃%။
၆။ အစိမ်းရောင်ဓါတ် (Chlorophyll) ၀.၀၁-၀.၂၅%။
၇။ ကဆီဓါတ် (Carbohydrate) ၀.၅-၆.၁%။
၈။ ဗီတာမင် အေ ၁.၉-၂.၉ mg/100g။
၉။ ဗီတာမင် စီ ၀.၀၀၅-၀.၀၁%။
၁၀။ ဗီတာမင် ဘီ ၁ (Thiamine) ၁၀-၇၀ mg/100g။
၁၁။ ဗီတာမင် ဘီ ၂ (Riboflavin) ၁.၉-၃.၀ mg/100g။
၁၂။ ဗီတာမင် ဘီ ၃ (Nicotinic acid) ၀.63-၀.၈၉ mg/100g။                                             
၁၃။ Astringent (Tannin) ၀.၁-၁.၃%။                                                                       
၁၄။ Nitrogen ၂-၇%။
၁၅။ Phosphorus ၀.၀၅-၀.၆%
၁၆။ Potassium ၁.၂-၄.၆%
၁၇။ Calcium ၀.၂-၀.၅%
၁၈။ Iron ၀.၀၀၅-၀.၀၀၈%
၁၉။ Iodine ၃.၄ mg/100g။                                             
၂၀။ Essential oil ၀.၀၈-၀.၂%
၂၁။ Energy  ၄.၄ Kcal/100gm၊
ကွမ်းရွက်ရဲ့အာဟာရတန်ဖိုးများ။
၁။ ကွမ်းရွက်မှာဗီတာမင်နဲ့ သတ္ထုဓါတ်များစွာပါဝင်ပါတယ်။ ကွမ်းရွက် ၆ ရွက်မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များဟာ နွားနို့ ၃၀၀ cc  မှာပါတာနဲ့ တူညီတယ်လို့ဆိုပါတယ်။
၂။ Diastase and catalase  ကဲ့သို့သော ကဆီဓါတ်ကို ခြေဖျက်သည့် enzyme အင်ဇိုင်းများပါဝင်ပါတယ်။အင်ဇိုင်းများ (enzymes) ပါဝင် ပါတယ်။                                                                                ၃။ လူတို့အတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်စစ် ၃။ လူတွေအတွက်မရှိမဖြစ်လိုအပ်သော (essential amino acids) အားလုံး နီးပါး ပါဝင် ပါတယ်။ Lysine.Histidine နဲ့ Arginine ကတော့ အနည်းငယ်မျှသာပါဝင် ပါတယ်။                                                                                         ၄။ Bacteria ပိုးများကိုသေစေသည့် (anti-bacterial property) သတ္တိရှိပါတယ်။                              ၅။ သံကောင်များကိုသေစေသည့် (anti-protozoan property) သတ္တိရှိပါတယ်။                               ၆။.ရောဂါဖြစ်စေသောမှိုများကိုသေစေသည့် (anti-fungal property) သတ္တိရှိပါတယ်။
၇။ ငြင်သာသော လှုံဆော်သော (၀ါ) အားပေးသောသတ္တိ (mild stimulant effect) ရှိပါတယ်။
၈။ Aspirin သတ္တိရှိပါတယ်။
၉။ Cooling  property အေးမြသောသတ္တိရှိပါတယ်။
၁၀။ အရောင်သက်သာစေသောသတ္တိ (Anti-inflammatory) ရှိပါတယ်။
၁၁။ ကိုယ်မှာရှိတဲ့ အသက်ရှင်ဖို့လိုအပ်တဲ့ အလုပ်များ ဥပမာ နှလုံးခုန်ခြင်း၊ အသက်ရှုခြင်း စသည်တို့ကို လိုအပ်သလိုထိမ်းချုပ်သောအာရုံကြောများကိုလှုံဆော်သောသတ္တိရှိပါတယ်
(stimulation of sympathetic autoimmune system)။
၁၂။ ဆီးသွားစေခြင်းသတ္တိ (Diuretic effect) ရှိပါတယ်။
ကွမ်းရွက်ရဲ့ကျန်းမာရေးဆိုင်ရာအသုံးဝင်ပုံများ။                                                                        ၁။.ခံတွင်းနံ့ကောင်းခြင်း။ (bad breath) ခံတွင်းနံဆိုးရတာဟာ ပါးစပ်မှာ ရှိတဲ့ စားကျွင်း စာကျန်တွေမှာပေါက်ဖွါးတဲ့ပိုးတွေကြောင့်ပါ။ ကွမ်းရွက်ရဲ့ mild stimulant effect ကြောင့်
တံတွေးများထွက်စေပါတယ်။ တံတွေးကပိုးတွေကိုသတ်ပါတယ်။ ထိုအပြင်ကွမ်းရွက်ရဲ့ anti-bacteria effect ကြောင့်လည်းပါးစပ်ထဲကပိုမွှားတွေသေပါတယ်။ mild stimulant effect ကြောင့် ကွမ်းရွက် ၀ါး ခြင်းဖြင့် တံတွေးများ ပိုထွက်စေပါတယ်။ တံတွေးက ပါးစပ် တွင်းက ပိုးတွေ ကိုသေစေပါတယ်။ ဒီ့အပြင်ကွမ်းရွက်မှာပါတဲ့ anti-bacterial သတ္တိကြောင့် လည်းပိုးတွေ သေပါတယ်။                           
၂။.အနာများ၊ပြည်တည်နာများ (boils and abscesses ) ဖြစ်ရတာ bacteria ပိုးတွေကြောင့် ပါ။ ဒါကြောင့် anti-bacteria & astringent သတ္တိရှိတဲ့ ကွမ်းရွက်ကို ပျော့သွားအောင်အနည်း ငယ်အပူပေးပြီး ကြက်ဆူဆီနှင့်သုတ်၍ အနာပေါ်ကပ်ပေးပါ။ ကွမ်းရွက်ကို နာရီအနည်းငယ် ခြား၍ လဲလှဲပေးပါ။ ညအိပ်သည့်အခါကပ်ထားပြီး မနက်တွင်လဲလှဲပေးပါ။ အနာပြည် ပေါက် သွားပါ လိမ့်မယ်။                   
၃။ သွားဖုံရောင်ခြင်း (swelling of gum & conjunctivitis) ဟာ ဗီတာမင်စီဓါတ်ချို့တဲ့ ရာက စပြီး နောက်ပိုင်း ပါးစပ်မှာရှိတဲ့ပိုးမွှားတွေကြောင့်အနာတွေဖြစ်တာပါ။ ဒါကြောင့်ကွမ်းရွက် ၀ါး ခြင်းဖြင့် ကွမ်းရွက်မှာပါတဲ့ ဗီတာမင်စီနဲ့ ပိုးသတ်နိုင်တဲ့သတ္တိတွေကြောင့် ရောဂါပျောက်ကင်း စေတာဖြစ်ပါတယ်။  
၎။ ရင်သာရောင်ခြင်း (mastitis) ဟာ နို့တိုက်သောမိခင်များမှာ ရင်သားမှာနို့တွေ အကြောင်း အမျိုးမျိုးကြောင့်စုမိပြီး bacteria ခေါ်တဲ့ ပိုးတွေ ပွါးများတာ ကြောင့်ဖြစ်ရတာပါ။ ကွမ်းရွက်ကို ဆီသုတ်ပြီး ရင်သားပေါ်ကပ်ပေးပါက နို့ထွက်ကောင်းစေခြင်းနှင့် ကွမ်းရွက်ရဲ့ ပိုးသတ် သတ္တိ ကြောင့် ရင်သာရောင်ခြင်းနှင့် ရင်သားပြည်တည်ခြင်းကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်။                               
၅။ နားရိုးရောင်ခြင်း (mastoiditis) ဟာလည်း bacteria ခေါ်တဲ့ ပိုးကြောင့်ဖြစ်ရတာပါ။                       
၆။ အဖြူဆင်းခြင်း( leucorrhoea) ဟာ bacteria ခေါ်တဲ့ ပိုးများ fungus ခေါ်တဲ့ ပိုးများ protozoa ခေါ်တဲ့ ပိုးများကြောင့်ဖြစ်ရတာပါ။ ကွမ်းရွက်မှာ ဒီပိုးသုံးမျိုးလုံးကိုသတ်နိုင်တဲ့ အာနိသင်တွေရှိပါတယ်။              
၇။ ပွေးရောဂါ (ringworm) ဆိုတာ ရောဂါဖြစ်စေတဲ့ မှိုကြောင့်ဖြစ်တာပါ။ ကွမ်းရွက်မှာ ရောဂါမှိုကိုသတ်နိုင်တဲ့ သတ္တိတွေပါ ပါတယ်။                                                                         
၈။ ထိခိုက်၊ရှနာခြင်း (abrasion၊ cuts and injuries etc) များဟာ သဘာဝအရ အနာ ကျက်ပါတယ်။ ဒါပေမဲ့ အနာကိုပိုးတွေဝင်ရင်တော့ အနာမကျက်ပဲ ပြည်တည်နာ ဖြစ် သွား ပါတယ်။ ကွမ်းရွက်ရဲ့ ပိုးသတ်တဲ့သတ္တိနဲ့ သွေးတိတ်စေတဲ့ astringent ကြောင့် ထိခိုက်၊ ရှနာတဲ့နေရာမှာ ကွမ်းရွက်ကပ် ထားရင်အနာပျောက်စေနိုင်ခြင်းဖြစ်ပါတယ်။ အနာပေါ်မှာ ကွမ်းရွက်နေ့တိုင်းကပ်ပေးရင် ၂ရက် အတွင်း ပျောက်ကင်း စေတယ်လို့သိရပါတယ်။ ကွမ်းရွက်ကပ် လို့မရတဲ့နေရာများမှာ ကွမ်းရွက်ရည်ထဲ့ပေး နိုင်ပါတယ်။                                                                                                                  
၉။ ခေါင်းကိုက်ခြင်း (Headache)။ ကွမ်းရွက်ရဲ့ aspirin သတ္တိနဲ့ အေးမြသော သတ္တိများကြောင့် ခေါင်းကိုက်တဲ့အခါ ကွမ်းရွက်ကို နားထင်မှာကပ်ထားခြင်းဖြင့် ခေါင်းကိုက်သက်သာ စေပါ တယ်။         
၁၀။ အဆစ်အမြစ်ကိုက်ရောဂါ (Rheumatism) များတွင်လည်း နာကျင်ကိုက်ခဲသော အဆစ် အမြစ်များပေါ်တွင် ကပ်ထားခြင်းဖြင့် anti-inflammatory effect and aspire effect များ ကြောင့် အရောင်သက်သာစေပြီး အနာသက်သာစေပါတယ်။                                                               
၁၁။ ခါးနာခြင်း (lumbago)။ အပူပေး၍ပျော့နေသောကွမ်းရွက်ကို အဆီတစ်မျိုးမျိုး ဥပမာ အုံးဆီသုတ်၍ နာသောနေရာတွင်ကပ်ထားခြင်းဖြင့်သက်သာစေပါတယ်။                                                        
၁၂။ ၀မ်းချုပ်ခြင်း (Constipation)။ ကွမ်းရွက်မှာပါတဲ့ အမျှင်ဓါတ်များနှင့် Astringent ဓါတ်ကြောင့် ၀မ်း ချုပ်ခြင်းကိုပျောက်စေနိုင်ပါတယ်။ ခလေးငယ်များတွင် ကွမ်းရိုးကို ကြက်ဆူဆီ (castor oil) တွင်နှစ်ပြီး၊ စအိုတွင်းထိုးသွင်းနိုင်ပါသည်။ တုတ်ကောင်များရှိပါက ကွမ်းရွက်၏ သံကောင်များကို သေစေသည့် (anti-protozoan property) သတ္တိ ကြောင့် တုတ်ကောင်များ ပါထွက် ကျလာ ပါတယ်။                          
၁၃။ ယားခြင်း (itches) သည် မတည့်သောပစ္စည်း (allergens) များကြောင့်ဖြစ်ပြီး ကွမ်းရွက်ရဲ့ Astringent astringent သတ္တိကြောင့် ပျောက်စေပါတယ်။                                                                       
၁၄။ နားရည်ယိုခြင်း (otorrhoea = drainage of CSF through the ear) ကိုပျောက် စေတာကလည်း Astringent astringent သတ္တိကြောင့်ပါ။                                                                             
၁၅။ အာရုံကြောအားနည်းခြင်း (weakness of nerves)၊ အာရုံကြောများနာခြင်း (nervous pains)၊ များတွင် ကွမ်းရွက်ရည်အနည်းငယ်နှင့် ပျားရည်ရောပြီး တစ်နေ့နှစ်ကြိမ် လက်ဖက် ရည်တစ်ဇွန်းခန့်သောက်ခြင်းဖြင့်ပျောက်ကင်းစေသည်ဟုဆိုပါသည်။ သာဂဒိုးရဲ့စာအုပ်ထဲမှာ မျက်စိအားနည်းသူများ မျက်လုံး၏အပေါ်၊နှာခေါင်းဘက်ဒေါင့်တွင်ကွမ်းရွက်ကပ်ခြင်း၊ နားလေး သူများကွမ်းရွက်ကိုနားထဲထဲ့ထားခြင်းများဟာ မျက်လုံးနှင့်နားတို့ရဲ့ အာရုံကြောများကိုအားပေး သော၊လှုံ့ဆော်သောသတ္တိကြောင့်ဖြစ်မယ်ထင်ပါတယ်။ နှလုံးရောဂါကိုပျောက်စေတာကတော့ နှလုံးခုန်နှုန်းကိုထိမ်းချုပ်သောနှလုံးတွင်းရှိအာရုံကြောကိုနှလုံးခုန်နှုန်းမှန်ကန်စေခြင်းကြောင့်လို့ထင်ပါတယ်။ ထိုပြင် ကွမ်းရွက်ဟာသွေးကြောတွေကို ဖြေလျော့စေ (Relaxation of blood vessels) တာကြောင့်နှလုံးအားစိုက်ရမှုကိုလျော့စေပါတယ်။                                                                 
၁၆။ စိတ်ချောက်ချားရောဂါ(စိတ်ကစဥ့်ကလျားရောဂါ) (Hysteria) များတွင်လည်း ကွမ်းရွက် နှင့် ပျားရည်ရော၍သောက်ခြင်းဖြင့်ပျောက်ကင်းစေသည်ဟုဆိုပါတယ်။
၁၇။ အသက်ရှုလမ်းကြောင်းရောဂါများ (Respiratory Disorders) အထူးသဖြင့်နိုင်ငံခြား ဆေးပြင်းများကိုမခံနိုင်သော ခလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများတွင် ကွမ်းရွက်ကို မုံညင်းဆီဆွတ်ပြီး အနည်းငယ်အပူပေး၍ရင်ပတ်ပေါ်တွင်အုပ်ပေးခြင်းဖြင့် ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်းကိုပျောက်ကင်းစေပါတယ်။
၁၈။ လည်ချောင်းနာခြင်း (Sore throat) နှင့် ချောင်းခြောက်ဆိုးခြင်း(irritating cough) များတွင်လည်း ကွမ်းရွက်ရည်၊ပျားရည်ရောကိုသောက်ခြင်းဖြင့်ပျောက်ကင်းစေပါတယ်။
၁၉။ ကွမ်းရွက်မှာ (diuretic property) ဆီးသွားစေတဲ့သတ္တိလည်းရှိတာမို့ဆီချုပ်၊ဆီနည်း တဲ့အခါ မျိုးမှာကွမ်းရွက်ရည်နဲ့နွားနို့ရောပြီးသကြား (၀ါ) ပျားရည်ထဲ့သောက်နိုင်ပါတယ်။
၂၀။ အစာစားပြီးနောက် ကွမ်းရွက်စားခြင်းအားဖြင့် ခံတွင်းကောင်းခြင်း၊ အစာကြေခြင်း စတဲ့အကျိုး  များကိုရစေပါတယ်။ ကွမ်းရွက်မှာပါတဲ့ အစာခြေတဲ့ အင်ဇိုင်းများ၊ တံတွေး ထွက်စေခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှုကို လှုံဆော်ခြင်း၊ တို့ကြောင့်ဖြစ်ပါတယ်။
၂၁။ ကွမ်းရွက်မှာကင်ဆာရောဂါကိုပျောက်စေနိုင်တဲ့ (anti –carcinogens များဖြစ်တဲ့ hydroxy chavicol  and chlorogenic acid) တွေလည်းပါတာမို့ သွေးကင်ဆာရောဂါ အတွက်ဆေး ထုတ်လုပ်နိုင်မယ်လို့ဆိုပါ တယ်။
 ၂၂။ ကွမ်းရွက် ၅ ရွက်ကိုရေနှစ်ဖန်ခွက်ဖြင့် တစ်ခွက်ကျန်အောင်ကြိုပြီး သောက်ခြင်းဖြင့် ကိုယ်နံ့နံခြင်းနှင့် မီးရပ်သွေးနံ့များကိုပျောက်စေပါတယ်။ သွားဖုံနှင့်သွားတွေကိုလည်း သန့်ရှင်း ကြံ့ခိုင်စေပါတယ်။
၂၃။ ယိုးဒယားနိုင်ငံ တွင်ကွမ်းရွက်အစိမ်း(၀ါ)ချက်ထားသောကွမ်းရွက်ကို သရေစာ (snack) အဖြစ် စားသုံးလေ့ရှိပါတယ်။ အသား၊ပုဇွန်၊ပဲပင်ပေါက်၊မြေပဲ စသည်တို့ကိုကွမ်းရွက်ဖြင့်လိပ်၍ တစ်လုပ်စာ ပြုလုပ်စား သုံးကြတယ်လို့ဆိုပါတယ်။
၂၄။ မလေးရှားနိုင်ငံတွင် ကွမ်းရွက်ကိုခေါင်းကိုက်ခြင်း၊အဆစ်အမြစ်နာခြင်း၊ကိုက်ခြင်းများတွင်အသုံးပြုကြပါတယ်။
၂၅။ တရုပ်ပြည်နဲ့ယိုးဒယားမှာ ကွမ်းရိုးကိုခြေပြီးဆားနှင့်ရော၍သွားကိုက်ရောဂါကိုကုသကြပါတယ်။
၂၆။ အင်ဒိုနီးရှားမှာ ကွမ်းရွက်နဲ့ကွမ်းသီးကိုဝါး၍ရသောအရည်ကို ရင်ကျပ်နာနှင့် ချောင်းဆိုးရောဂါ များကိုကုသပါတယ်။ ထိုအပြင် ကွမ်းရွက် ၁၀ ရွက်ကိုပါးပါးလှီးပြီး ရေဆူဆူတစ်ဖန်ခွက်တွင် ၅-၁၀ မိနစ်ထား၍သောက်ခြင်းဖြင့် ကိုယ်နံ့ကောင်းအောင်၊ သွားနှင့်သွားဖုံးများ ကျန်းမာအောင် သောက်ကြ ပါတယ်။
၂၇။ မြန်မာ့ဆေးကျမ်း များအလိုအရ ကွမ်းရွက်ဟာ ဖန်၊ ခါး၊ ပူ၊ စပ်သော အရသာရှိပြီး နှုတ်ကို မြိန် စေတယ်။ သလိပ်ကို ကြေစေပြီးလေ ကိုနိုင်တယ်။ ထက်မြက်တယ်။ အားကို တိုးစေ တယ်။ အဆိပ်ကို ပယ်တတ်တယ်။ ၀မ်းမီးကို တောက်စေတယ်။ ကာမကို အားပေး တယ်။ နှလုံးကို အကျိုးပြုတယ်။ နှလုံး၊ ချောင်းဆိုးစတဲ့ ရောဂါတွေကို ပျောက်ကင်းစေတယ် လို့ ဆိုပါတယ်။
(၁) ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နဲတိုက်ပေးပါက ကလေးများ လေပွခြင်း၊ အစာမကြေခြင်း၊              ၀မ်းသွားခြင်း၊ ဖျားနာ ခြင်းများ ပျောက်ပါတယ်။
(၂) ကွမ်းရွက်ညှစ်ရည်ကိုနွားနို့နဲ့ သောက်ပါက၊ မီးယပ်ကြောင့်ဖြစ်သော စိတ္တဇရောဂါ ပျောက် ကင်း ပါတယ်။
(၃)ကွမ်းရက်ညှစ်ရည်ကို ဂျင်း ပြုတ် ရည်နှင့်သိန္ဓောဆားအနည်းငယ်ထည့် သောက်က ပန်းနာ ရင်ကြပ် ရင်အောင့် ရင်ကယ်၊ ကြက်ညှာချောင်းဆိုး ရောဂါများ ပျောက်ကင်းပါတယ်။
(၄)ကွမ်းရွက်ညှစ်ရည်အားမျက်စဉ်း ခတ်ပေးခြင်းဖြင့်ကြက်မျက်သင့်နာ (မျက်စိအား နည်းပြီး အနီးမမြင်ခြင်း)၊ မျက်စိနာ၊ မျက်စိ ရောင်ခြင်း၊ ကိုက်ခြင်း စတဲ့ မျက်စိနဲ့ ဆိုင်တဲ့ ရောဂါများ ပျောက်ကင်း ပါတယ်။
(အထက်ပါနည်းထက် အောက်ပါနည်းကပိုပြီးအန္တရာယ်ကင်းပါတယ်။ ယခုအခါ ကွမ်းရွက်ကို ရေဖြင့် စင်ကြယ်စွာ အထပ်ထပ်ဆေးသော်လည်း ပိုးသတ် ဓာတ်ဆေးများ ကျန်နေတတ်၍ ဖြစ်ပါတယ်။)
(ကွမ်းရွက်ရိုးကို ထုခြေ၍ မျက်ခမ်းတလျှောက် အပေါ်အောက် သုတ်လိမ်းခြင်း၊(၀ါ) ကွမ်း ရွက်စိမ်းဖြင့် မျက်စိအပေါ် အုပ်ပေးခြင်း၊ ပြုလုပ်ပေးပါက မျက်စိနာသက်သာ၍ ပျောက်ကင်း စေပါသည်။)
(၅) ကွမ်းရွက်ကို နနွင်းနဲ့ကျိုးပြီး ဆားအနည်းငယ် ခတ်သောက်ပါက ဖျားနာ ရောဂါ ပျောက် ကင်းပါတယ်။
(၆)ကွမ်းရွက်ကို မီးကင်ပြီး ကလေးများ ငယ်ထိပ်တွင် အုန်းဆီနှင့် ဆွတ်ကာကပ်ပေးထား ပါက နှာစေး ရောဂါ ပျောက်ကင်းပါတယ်။
(၇) ကွမ်းရွက်ကို ထန်းလျက်၊ ဂျင်း၊ ဆားထည်ပြီး ပြုတ်သောက်သော် အပူလွန် ပြီးဖျားသော အဖျားရောဂါ ပျောက်ကင်းပါ တယ်။
သတိပြုရမှာက
၁။ ကွမ်းရွက်ကိုအသုံးမပြုခင်ရေနဲ့စင်အောင်ဆေးဖို့လိုပါတယ်။ ယခုခေတ်မှာ ကွမ်းစိုက်သူများ ပိုးသတ်ဆေးများဖြန်းကြသောကြောင့်ဖြစ်ပါတယ်။
၂။ ကွမ်းရွက်ကို ပါးစပ်တွင်ဖြစ်သော အနာပေါက်များ (ulcers)၊ ကင်ဆာအနာများ (cancer)၊ သွားပိုးပေါက် (dental caries) များ တွင်အသုံးမပြုရပါ။
၃။ ကွမ်းရွက်ကို ကွမ်းသီး၊ tobacco ဥပမာ ဆေးရွက်ကြီး၊ ဆေးလိပ်၊ cigarettes စတာ တွေနဲ့ ရောစားရင် ဥပမာ ကွမ်းရာများဟာ ပါးစပ်၊နှခမ်း၊သဖုံး၊လျှာ စသည်တို့တွင် ကင်ဆာရောဂါများ ဖြစ်စေပါတယ်။ ကွမ်းသီးနဲ့ tobacco တို့ဟာကင်ဆာဖြစ်စေတဲ့ပစ္စည်းများဖြစ်ပါတယ်။ လေးညှင်းပွင့် (clove) ၊ ဖာလာ (cardamom)၊ သစ်ကြံပိုးခေါက် (cinnamon)၊ တို့နှင့်မူ စား သုံးနိုင်ပါတယ်။ ဒါပေမဲ့ ကွမ်းရာ အစားများရင် ကွမ်းရာမှာပါတဲ့ ထုံးဓါတ်ရဲ့ တိုက်စားမှု ကြောင့် ထုံးဓါတ်တိုက်စားသည့်နေရာများမှာ ကင်ဆာဖြစ်စေ နိုင်ပါ တယ်။
၎။ ကွမ်းရာစားသုံးခြင်းဟာ ဆေးဆွဲသကဲ့သို့ ကွမ်းရာကိုဆွဲလမ်းခြင်းများဖြစ်တတ်ပါတယ်။ များသော အားဖြင့်ကွမ်းရာတွင်ပါဝင်သောဆေးရွက်ကြီးစသည်တို့ကြောင့်ဖြစ်သော်လည်း၊ ကွမ်းရွက် ကိုအများ အပြားအသုံးပြုပါက (addition) ဆွဲလမ်းနိုင်သည်ဟုဆိုပါသည်။
ကျမ်းကိုး။                                                                                                           
၁။ စူလာနဖါ၊သာဂဒိုး။၂၀၀၅                                                                                                  
၂။ Medicinal values of Betel Leaf http://www.ayurvedictalk.com/medicinal-values-of-betel-leaf/1511/                                                                                        
၃။ Health effects. http://en.wikipedia.org/wiki/Betel
၎။ J Biomed Sci. 2001 May-Jun;8(3):229 36.                                                                                                                                  
၈။http://kwzn186.multiply.com/journal/item/70/70?&show_interstitial=1&u=%2Fjournal%2Fitem                                                                                                                
၉။ http://www.mawluu.com/2011/11/blog-post_11.html                                 
၁၀။ကွမ်းစားခြင်းနှင့် ကျန်းမာရေးဆိုင်ရာ http://luthuorthan.blogspot.fr/2012/06/blog-post_9510.html